တပည့်ဖြစ်သူ ကျန်းရှောင်ရှန်း လမ်းပြရာနောက်သို့ လိုက်ပါရင်း ဖန်ယွမ်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ဝိညာဉ်ကျောက်တုံး တစ်သန်းအကုန်အကျခံကာ ဆောက်လုပ်ထားသော ခမ်းနားထည်ဝါလှသည့် တင်းယွမ်အဆောင် ရေချိုးဆောင်ကြီးဆီသို့ စိတ်လက်ပေါ့ပါးစွာဖြင့် လျှောက်လှမ်းလာခဲ့သည်။
လေပြေညင်းလေးက အသာအယာ တိုက်ခတ်နေပြီး ဝါးတောလေးမှာ တရှဲရှဲ မြည်ဟည်းနေကာ သစ်ရွက်ပြတ်များကြားမှ ဖြာကျလာသော နေရောင်ခြည်က မြေပြင်ပေါ်တွင် အရိပ်မည်းလေးများ ဖြစ်ပေါ်စေသည်။ အရာအားလုံးက တကယ့်ကို အေးချမ်းသာယာလွန်းလှသည်။
ခမ်းနားကြီးကျယ်လှသော ကျောက်စစ်မ်းဖြူ တံခါးကြီးရှေ့သို့ ရောက်ရှိလာသောအခါ သူသည် မထိန်းနိုင်မသိမ်းနိုင်ဘဲ နှုတ်ခမ်းထောင့်များ ကွေးတက်ကာ ပြုံးလိုက်မိတော့သည်။
"ရှောင်ရှန်း... အခြားသူတွေက အထဲမှာ ရေစိမ်ရင်း ဘာတွေပြောကြလဲ…ဥပမာ... ရေက အရမ်းနေလို့ကောင်းလွန်းလို့ အပြင်တောင် မထွက်ချင်တော့ဘူးလို့ ပြောကြလား…ဒါမှမဟုတ် ဒီနေရာက စည်းစိမ်ခံလို့ အရမ်းကောင်းလွန်းလို့ ကျင့်ကြံခြင်းကိုတောင် မလုပ်ချင်တော့ဘူးလို့ရော ပြောကြလား"
ကျန်းရှောင်ရှန်းသည် ကျောက်စစ်မ်းဖြူတံခါးကြီးရှေ့တွင် ရပ်တန့်လိုက်ပြီး မိမိ၏ခေါင်းကို ကုတ်ကာ ရိုးအေးစွာဖြင့် ပြုံး၍ ဖြေကြားလိုက်သည်။
"ဂိုဏ်းချုပ်ကို တင်ပြရရင်... ဂိုဏ်းတူအစ်ကိုတွေက တင်းယွမ်အဆောင်ကနေ တစ်စက္ကန့်လေးတောင် မခွဲခွာချင်ဘူးလို့ တကယ်ပဲ ပြောကြပါတယ်။ ကျင့်ကြံခြင်းနဲ့ ပတ်သက်လို့ကတော့... လူတိုင်းက ရေချိုးရင်း ကျင့်ကြံတာကမှ အစစ်အမှန် ကျင့်ကြံခြင်းဖြစ်ပြီး အရင်က လုပ်ခဲ့တာတွေက ကလေးကစားစရာ ကစားနေသလိုပဲလို့ ပြောကြပါတယ်"
ထိုစကားကို ကြားလိုက်ရသောအခါ ဖန်ယွမ်သည် ခြေလှမ်းပင် ချော်လဲလုနီးပါး ဖြစ်သွားခဲ့ရသည်။
‘အခုမှ အစစ်အမှန် ကျင့်ကြံခြင်း ဟုတ်လား'
‘ရေချိုးဆောင်ကြီးထဲမှာ ဘာတွေကို ကျင့်ကြံလို့ ရမှာလဲ'
‘အဟက်… ဒီကောင်တွေ အကြောင်းပြချက် ပေးတာပဲ’
သူတို့တွေ တကယ့်ကို စည်းစိမ်နောက်ကို ပါသွားကြတာပဲ ဖြစ်ရမည်။ တင်းယွမ်အဆောင်ထဲမှာ ဇိမ်ခံနေကြတာကို ကျင့်ကြံခြင်းကို ဆင်ခြေပေးပြီး အပျော်အပါးမက်နေကြတာ ဖြစ်ရမယ်။
ဖန်ယွမ်သည် သူ၏ခန္ဓာကိုယ်ကို ပြန်လည်ထိန်းမတ်လိုက်ပြီး အရာအားလုံးကို ထိုးထွင်းသိမြင်သွားသည့်အလား နှုတ်ခမ်းထောင့်ကို အနည်းငယ် မြှင့်တင်ကာ ပြုံးလိုက်သည်။
"ဟွန့်...လိမ်တက်လိုက်ကြတာ"
သူသည် ဒီလို စိတ်ပညာကို အလွန် ကောင်းမွန်စွာ နားလည်သည်။ ဒါက ကွန်ပျူတာဂိမ်း စွဲလမ်းနေတဲ့ ကောင်လေးတွေက မိခင်ဖြစ်သူ လာကြည့်တဲ့အခါ ‘သား စာသင်ဖို့အတွက် အချက်အလက် ရှာနေတာပါ’ ဟု လိမ်ညာပြောဆိုတတ်သည့် ပုံစံမျိုးနှင့် တထေရာတည်းပင် ဖြစ်သည်။
ဒီတပည့်များသည် အထဲတွင် ရေကူးဆော့ကစားရင်း... နှိပ်နယ်ရင်းနှင့် အိမ်ပြန်ဖို့ပင် မေ့လျော့နေကြကာ... သူ ပေးထားသည့် အဆင့်နိမ့် ထာ၀ရစိမ်းလန်း ဝိညာဉ်လမ်းညွန်ကျင့်စဉ် ကိုတောင် ခေါင်းထဲက ထုတ်ပစ်ထားကြပြီ ဖြစ်ရမည်။
"ဂိုဏ်းချုပ်... ကျွန်တော် တံခါးဖွင့်ပေးပါ့မယ်"
ကျန်းရှောင်ရှန်းသည် ရေပုံးကို ချထားလိုက်ပြီး အမြင့် သုံးလံ ခန့်ရှိသော ကျောက်စစ်မ်းဖြူတံခါးကြီးကို ရိုသေစွာဖြင့် တွန်းဖွင့်ပေးလိုက်သည်။
ကျိီ...
လေးလံလှသော တံခါးကြီးက ဖြည်းညှင်းစွာ ပွင့်ဟသွားခဲ့သည်။
ဖန်ယွမ်သည် သူ၏ဝတ်ရုံကို ပြန်လည်ပြင်ဆင်လိုက်ပြီး ရင်ဘတ်ကို မတ်လျက် တည်ကြည်ခန့်ညားသော အပြုံးတစ်ခုကို ဖန်တီးကာ အထဲသို့ ရဲရဲဝံ့ဝံ့ လှမ်းဝင်လိုက်တော့သည်။
သို့သော်လည်း...
သူ တံခါးခုံကို ဖြတ်ကျော်ပြီး ဝင်လိုက်သည့် ခဏတွင်...
သူ မျှော်လင့်ထားသကဲ့သို့ ဆူညံသံများ ထွက်ပေါ်မလာခဲ့ပေ။
တင်းယွမ်အဆောင်တစ်ခုလုံးအတွင်း၌ မီးသေလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
ဟင်းလင်းပြင် ခန်းမကြီးအတွင်း၌ ရေစီးဆင်းသံ တဖျန်းဖျန်းကသာ ပဲ့တင်ထပ်နေခဲ့ပြီး တကယ့်ကို ရင်ထိတ်စရာကောင်းလှသည့် တည်ကြည်လေးနက်မှုကို ပေးစွမ်းနေခဲ့သည်။
"ဟင်"
ဖန်ယွမ် မျက်မှောင် အနည်းငယ် ကြုတ်မိသွားပြီး မျက်နှာပေါ်က အပြုံးမှာလည်း ခဲသွားခဲ့ရသည်။
ငါ့တပည့်တွေ ရေစိမ်ရတာ နေလို့ကောင်းလွန်းလို့ အိပ်ပျော်ကုန်ကြတာလား။
"ဟဲဟဲ... ဒီပျင်းရိတဲ့ ကောင်တွေ"
ဖန်ယွမ် ရင်ထဲတွင် ပိုမို ဝမ်းသာသွားခဲ့ရသည်။
အိပ်ပျော်ကုန်တာ ပိုကောင်းတာပေါ့။ အိပ်ပျော်နေရင် ကျင့်ကြံခြင်း မလုပ်နိုင်တော့ဘူးလေ။
သူသည် ခြေလှမ်းကို အရှိန်မြှင့်လိုက်ပြီး ကျောက်စစ်မ်းနွေးများဖြင့် ခင်းကျင်းထားသော စင်္ကြံလမ်းကို ကျော်ဖြတ်ကာ ရေချိုးကန်ဝရှိ ပုလဲကုလားကာကို အသာအယာ ဖယ်ရှားလိုက်သည်။
ထပ်...ထပ်…
ပုလဲလုံးလေးများ တစ်ခုနှင့်တစ်ခု ထိခိုက်မိပြီး သာယာသော အသံလေး ထွက်ပေါ်လာခဲ့သည်။
နောက်တစ်စက္ကန့်တွင်မူ...
မိမိမျက်စိရှေ့ရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါ ဖန်ယွမ်၏ မျက်ဝန်းများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားခဲ့ရပြီး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး ကြောင်အကာ မှင်တက်သွားခဲ့ရတော့သည်။
‘ဘာကြီးလဲဟ'
လူပေါင်း ရာချီ ဆံ့ဝင်နိုင်သော ကြီးမားလှသည့် ကျောက်စစ်မ်းဖြူ ရေချိုးကန်ကြီးထဲတွင် ရေနွေးငွေ့များက တရိပ်ရိပ် ထွက်ပေါ်နေပြီး မြူခိုးများက ဝဲပျံနေခဲ့သည်။ အမျိုးသားတပည့် ရာပေါင်းများစွာမှာ အပေါ်ပိုင်းဗလာဖြင့် စည်းစနစ်ကျနစွာ ရေထဲတွင် တရားထိုင်သကဲ့သို့ ထိုင်နေကြချေပြီ။
ဘယ်သူမှ ကျောကုန်း ဂျီးတွန်းမနေကြဘူး။ ဘယ်သူမှ အိပ်မပျော်နေကြဘူး။
သူတို့သည် တာအိုနှလုံးသားကို တည်ဆောက်နေသော သံမဏိမျှော်စင်ကြီးများကဲ့သို့ တည်ငြိမ်စွာဖြင့်... စျေးကြီးလှသော ဝိညာဉ်စမ်းရေများ မိမိတို့၏ ခန္ဓာကိုယ်ပေါ်သို့ စီးဆင်းကျရောက်နေမှုကို ငြိမ်းချမ်းစွာ ခံယူနေကြသည်။
အဆိုးရွားဆုံးအရာက သူတို့၏ ခေါင်းအထက်တွင် ရှိနေခဲ့သည်။
လေထဲတွင် ပျယ်လွင့်သွားသင့်သော ဝိညာဉ်စွမ်းအင်များသည်... လူပေါင်း ရာချီ၏ ကျင့်စဉ်များကို တစ်ပြိုင်နက်တည်း လည်ပတ်စေမှုကြောင့် အတင်းအကျပ် ထိန်းချုပ်ခြင်းကို ခံလိုက်ရပြီး မျက်စိဖြင့် မြင်တွေ့နိုင်သော ကြီးမားလှသည့် ဝိညာဉ်စွမ်းအင် ဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်နေခဲ့ချေပြီ။
ထိုကန်တော့ပုံစံ ဝဲဂယက်ကြီးက တပည့်တိုင်း၏ ဦးခေါင်းထိပ်မှတစ်ဆင့် ဝိညာဉ်စွမ်းအင်များကို ရူးသွပ်စွာ သွန်းလောင်းပေးနေခဲ့သည်။
"ဒါ... ဒါက..."
ဖန်ယွမ် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရပြီး လည်ချောင်းထဲမှ အသံများ ထွက်ပေါ်နေသော်လည်း စကားလုံးတစ်လုံးကိုမျှ အဖတ်တင်အောင် မပြောနိုင်ခဲ့ပေ။
သူတို့ ဘာလုပ်နေကြတာလဲ။
စုပေါင်းပြီး ကျင့်ကြံနေကြတာလား။
ရေချိုးဆောင်ကြီးထဲမှာ တောင်လား။
ထိုခဏတွင်... ရေချိုးကန်၏ ဗဟိုအကျဆုံးနေရာနှင့် ရေထွက်ပေါက်၏ အကောင်းဆုံးနေရာကို ယူထားသော ချန်ကျင်းတောက် တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရသည်။ သူသည် ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်ရာ မျက်ဝန်းအစုံမှ ထက်မြက်လှသော အလင်းတန်းနှစ်ခုက မိုးကြိုးကဲ့သို့ ဖြာထွက်လာခဲ့သည်။
"ဂိုဏ်းချုပ်... ရောက်လာပြီပဲ"
သူ၏ ပါးစပ်မှ အတိုင်းအဆမရှိ ဝမ်းသာပီတိဖြစ်ရသောအသံ ထွက်ပေါ်လာခဲ့သည်။
ဗြုန်း...
ထိုအော်ဟစ်သံနှင့်အတူ... တပည့် ရာပေါင်းများစွာမှာ တစ်ပြိုင်နက်တည်း မျက်လုံးများကို ဖွင့်လိုက်ကြပြီး ညီညာလှသော လှုပ်ရှားမှုများဖြင့် ရေထဲမှ မတ်တပ်ရပ်လိုက်ကြသည်။ ထိုခဏ၌ ထွက်ပေါ်လာသော အရှိန်အဝါများကြောင့် တင်းယွမ်အဆောင်အတွင်းရှိ အပူချိန်မှာပင် အဆပေါင်းများစွာ မြင့်တက်သွားခဲ့ရသည်။
"ဂိုဏ်းချုပ်ကို ကြိုဆိုပါတယ်"
ထိုလှိုင်းလုံးကဲ့သို့သော အသံကြီးက ပဲ့တင်ထပ်သွားခဲ့ရာ အမိုးပေါ်ရှိ ကြွေပြားများပင် တုန်ခါသွားခဲ့ရသည်။
ဖန်ယွမ်သည် ထိုတိုးဝှေ့လာသော အပူလှိုင်းကြောင့် ခြေလှမ်းဝက်ခန့် နောက်သို့ ဆုတ်လိုက်ရပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့ရသည်။
သူ ဘာကို မြင်တွေ့လိုက်ရတာလဲ။
သူ့တပည့်များ၏ အရေပြားမှာ မွေးကင်းစကလေးငယ်ကဲ့သို့ ဝင်းပစိုပြေနေခဲ့ပြီ ဖြစ်သည်။ အရင်က သာမန်အစေခံများကဲ့သို့ ကြမ်းတမ်းပြီး ညစ်နွမ်းနေသော အသွင်အပြင်မျိုး လုံးဝ မရှိတော့ချေ။
အထူးသဖြင့် ချန်ကျင်းတောက် ဖြစ်သည်။ အရင်က အားနွဲ့လှသော ပညာရှိတစ်ဦးကဲ့သို့ ခန္ဓာကိုယ်အချိုးအစားမှာ... ယခုအခါတွင်မူ ကြွက်သားလိုင်းများ ထင်ရှားစွာ ပေါ်ထွက်နေပြီး အရေပြားအောက်တွင်လည်း အားနည်းသော အလင်းတန်းများ တောက်ပနေသည်။ သူသည် မည်သို့မျှ သာမန်လူတစ်ဦးနှင့် မတူတော့ချေ။
"မင်းတို့... မင်းတို့အားလုံး ဘာဖြစ်နေကြတာလဲ"
ဖန်ယွမ်၏ အသံမှာ အနည်းငယ် တုန်ရင်နေခဲ့သည်။
"ဂိုဏ်းချုပ်"
ချန်ကျင်းတောက်သည် ရေချိုးကန်ထဲမှ လှမ်းထွက်လာခဲ့ပြီး ခန္ဓာကိုယ်ပေါ်မှ ရေစက်များကို အသာအယာ ခါချလိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် ကျေးဇူးတင်မှုနှင့် ကြည်ညိုမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
"တပည့်က ဂိုဏ်းချုပ်ရဲ့ မျှော်လင့်ချက်ကို မပျက်စေရဲပါဘူး… တင်းယွမ်အဆောင်မှာ နေ့ရောညပါ ကျင့်ကြံအားထုတ်ရင်း... နောက်ဆုံးတော့ ဂိုဏ်းချုပ်ရဲ့ ကြီးမားလှတဲ့ စေတနာနဲ့ ကြိုးပမ်းအားထုတ်မှုတွေကို နားလည်သဘောပေါက်သွားခဲ့ပါပြီ"
ဖန်ယွမ်၏ မျက်ခုံးများမှာ ရူးသွပ်စွာ လှုပ်ခတ်သွားခဲ့ရပြီး သူသည် ရေကန်ထဲရှိ အပေါ်ပိုင်းဗလာနှင့် တပည့်များကို တုန်ရင်နေသော လက်ချောင်းဖြင့် ညွှန်ပြလိုက်မိသည်။
"ကြိုးပမ်းအားထုတ်မှု ဟုတ်လား ငါ... ငါ့မှာ ဘာကြိုးပမ်းအားထုတ်မှု ရှိလို့လဲ"
သူသည် သူတို့ကို ရေချိုးစေချင်ရုံ သက်သက်ပဲလေ။ ကျောဂျီးတွန်း စေရုံ စကားစမြည်ပြောပြီး အိပ်စက်စေချင်ရုံသက်သက်ပဲလေ။
ဘယ်သူက သူတို့ကို ကျင့်ကြံခိုင်းလို့လဲ။
"ဂိုဏ်းချုပ်... ကျေးဇူးပြုပြီး နှိမ့်ချမနေပါနဲ့တော့"
ချန်ကျင်းတောက် စိတ်လှုပ်ရှားစွာဖြင့် ဆက်လက်စီးဆင်းနေသော ဝိညာဉ်စမ်းရေထွက်ပေါက်ကို ကျေးဇူးတင်စွာဖြင့် ညွှန်ပြလျက် ပြောလိုက်သည်။
"သာမန်ဂိုဏ်းတွေက ဝိညာဉ်ကျောက်တုံးတွေကို သူတို့ရဲ့ အသက်သခင်လို တန်ဖိုးထားကြတာပါ။ ဒါပေမဲ့ ဂိုဏ်းချုပ်ကတော့... ဝိညာဉ်ကျောက်တုံး တစ်သန်းအကုန်ခံပြီး ဒီအများသုံးရေချိုးဆောင်ကြီးကို ဆောက်ပေးခဲ့တယ်... ကျွန်တော်တို့လို သာမန်လူတွေရဲ့ ခန္ဓာကိုယ်ပေါ်ကို ဝိညာဉ်စွမ်းအင် အမြောက်အမြား စီးဆင်းကျရောက်စေခဲ့ပါတယ်"
"ဂိုဏ်းချုပ်က အတိုင်းအဆမရှိတဲ့ ဝိညာဉ်ကျောက်တုံးတွေကို သုံးပြီး ကျွန်တော်တို့အတွက် မသေမျိး လမ်းစဉ်ကြီးကို အတင်းအကျပ် ဖွင့်လှစ်ပေးခဲ့တာ မဟုတ်လား"
မိမိကိုယ်တိုင် ပြောဆိုသော စကားလုံးများကြောင့် စိတ်လှုပ်ရှားသွားခဲ့ရပြီး ချန်ကျင်းတောက်သည် မျက်ဝန်းများ ရဲတက်လျက် ဒူးတစ်ဖက် ထောက်ကာ ဂါရဝပြုလိုက်တော့သည်။
"ဒီလိုမျိုး ကြီးမားလှတဲ့ ဂရုဏာတော်အတွက်... တပည့် ခန္ဓာကိုယ် မြေခသွားပါစေဦးတော့... ဆယ်ပုံတစ်ပုံကိုတောင် ပြန်လည်မပေးဆပ်နိုင်ပါဘူး… ပိုမို ကြိုးစားအားထုတ်ပြီး ကျင့်ကြံခြင်းနဲ့ ချုံးရှင်းဂိုဏ်းကို အကျိုးပြုခြင်းအားဖြင့်သာ... တပည့် ရင်ထဲက အကြွေးကို ဆပ်နိုင်ပါလိမ့်မယ်"
"ဘာတွေလဲဟ" ဖန်ယွမ်၏ ဦးခေါင်းတစ်ခုလုံး တုန်သွားခဲ့ရသည်။
ချန်ကျင်းတောက်၏ စိတ်ခံစားချက်နောက်သို့ လိုက်ပါလျက်... ရေကန်ထဲရှိ အသစ်စက်စက် တပည့် ရာပေါင်းများစွာမှာလည်း ရေစက်များကို စင်ထွက်စေလျက် ဒူးထောက်လိုက်ကြတော့သည်။
"ကျွန်တော်တို့တွေ... ဂိုဏ်းချုပ်နဲ့ ချုံးရှင်းဂိုဏ်းအတွက် အသက်ပေးဝံ့ပါတယ်"
ဖန်ယွမ် မျက်စိများ ပြာဝေသွားခဲ့ရသည်။
သူ တင်းယွမ်အဆောင်ကို ဆောက်ခဲ့တာက ပိုက်ဆံဖြုန်းဖို့ သက်သက်ပဲလေ... သူတို့ကို အပျော်အပါးမက်စေချင်ရုံ သက်သက်ပဲလေ။
ဘယ်လိုလုပ်ပြီး အင်မော်တယ်လမ်းစဉ်ကို ဖွင့်လှစ်ပေးလိုက်တာ ဖြစ်သွားရတာလဲ။
သူသည် မယုံကြည်နိုင်ဘဲ ချန်ကျင်းတောက်၏ အနားသို့ အပြေးအလွှား သွားရောက်ကာ သူ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်မိသည်။
သူ၏ နတ်ဝိညာဉ်အဆင့် နတ်ဘုရားအာရုံနဲ့ စစ်ဆေးကြည့်ရှုလိုက်မိရာ...
ချီသန့်စင်ခြင်း အဆင့် (၈) …
ဖန်ယွမ်၏ မျက်ဝန်းများ ပြူးကျယ်သွားခဲ့ပြီး သရဲသရဲမြင်လိုက်ရသလို ချန်ကျင်းတောက်က်ို စိုက်ကြည့်နေမိသည်။
လွန်ခဲ့တဲ့ နှစ်လက ဒီကောင်လေးက ချီသန့်စင်ခြင်း အဆင့် (၆) ပဲ ရှိသေးတာ မဟုတ်ဘူးလား။
အချိန် ဘယ်လောက်တောင် ရှိသေးလို့လဲ။ အဆင့်နှစ်ဆင့်တောင် ဆက်တိုက် တက်သွားတယ် ဟုတ်လား။
ဖန်ယွမ်သည် အခြားတစ်ဖက်ရှိ ဟုန်အာနျိုကို ထပ်မံ ကြည့်ရှုလျက် သူ၏ နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြန်သည်။
ချီသန့်စင်ခြင်း အဆင့် (၉) အထွတ်အထိပ်။
သူသည် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် သို့ ရောက်ရှိရန် ခြေတစ်ဖက်ပင် လှမ်းထားချေပြီ။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်နှင့် အော်ရာများမှာ သာမန် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အစောပိုင်း ကျင့်ကြံသူတစ်ဦးထက်ပင် ပိုမို အားကောင်းနေခဲ့သည်။
သူ ခေါင်းကို ထပ်မံ လှည့်ကြည့်လိုက်မိရာ... ပါရမီ အညံ့ဆုံးဖြစ်သည့် လယ်သမား ဝမ်အာကောတောင်မှ ယခုအခါတွင်မူ ချီသန့်စင်ခြင်း အဆင့် (၃) သို့မဟုတ် အဆင့် (၄) နီးပါးသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
‘တောက်... သွားပါပြီ'
ဖန်ယွမ်၏ နတ်ဘုရားအာရုံက ကွင်းပြင်တစ်ခုလုံးကို ဝေ့ဝဲ စစ်ဆေးကြည့်ရှုလိုက်မိရာ သူ၏ နှလုံးသားတစ်ခုလုံး လုံးဝ အေးစက်သွားခဲ့ရတော့သည်။
ဒီနေရာမှာ ရှိနေတဲ့ တပည့် ရာပေါင်းများစွာထဲမှာ... ကျင့်ကြံခြင်း အနိမ့်ဆုံးလူတောင်မှ ချီသန့်စင်ခြင်း အဆင့် (၃) ကို ရောက်နေချေပြီ။
ဒါ့အပြင် ဝိညာဉ်စမ်းရေ၏ နေ့ရောညပါ သန့်စင်ပေးမှုအောက်တွင်... လူတိုင်း၏ အခြေခံအုတ်မြစ်မှာ အလွန်အမင်း ခိုင်မာနေပြီး ခန္ဓာကိုယ်ထဲက အညစ်အကြေးများမှာလည်း လုံးဝ ဖယ်ရှားခြင်း ခံထားရကာ... မည်သူမဆို၏ သွေးစွမ်းအင်မှာ နဂါးတစ်ကောင်ကဲ့သို့ အားကောင်းမောင်းသန် ဖြစ်နေသဖြင့် တူညီသောအဆင့်ရှိ ကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်နေခဲ့သည်။
‘မဖြစ်ဘူး... ဒါတွေအားလုံး မှားကုန်ပြီ'
‘တင်းယွမ်အဆောင်က ရေချိုးဆောင်ကြီးလေ'
‘ငါ မင်းတို့ကို အပျော်အပါးမက်စေချင်တာ... ဒီလောက်အထိ ကြိုးစားအားထုတ်ပြီး တိုးတက်အောင် လုပ်ခိုင်းတာ မဟုတ်ဘူး'
ဖန်ယွမ်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ရင်နေပြီး အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေသည်ကို မြင်သောအခါ... ချန်ကျင်းတောက်၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားခဲ့ရသည်။
‘ဂိုဏ်းချုပ်က မကျေနပ်ဘူးပဲ'‘မှန်တာပေါ့... ဝိညာဉ်ကျောက်တုံး တစ်သန်းတောင် အကုန်ခံထားရတာကို ငါတို့က ဒီလောက်ပဲ တိုးတက်နိုင်သေးတယ်... ငါတို့တွေ တကယ့်ကို အမှိုက်တွေပဲ'
ဤသို့ တွေးမိသည်နှင့် ချန်ကျင်းတောက်သည် အလွန်အမင်း အရှက်ရသွားခဲ့ရပြီး အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်တော့သည်။
"ဂိုဏ်းတူညီအစ်ကိုတို့... ဂိုဏ်းချုပ်က ငါတို့ရဲ့ အဆင့်အတန်းအပေါ် အလွန် စိတ်ပျက်နေပြီ ဒီနေ့ကစပြီး... ငါက စံပြအနေနဲ့ ဒီတင်းယွမ်အဆောင်မှာပဲ စားသောက် နေထိုင်သွားဖို့ ဆုံးဖြတ်လိုက်တယ်"
"ရေမခမ်းမချင်း... ငါမထွက်ခွာဘူး"
"တစ်လအတွင်းမှာ ချီသန့်စင်ခြင်း အဆင့် (၉) ကို မပေါက်မြောက်နိုင်ဘူးဆိုရင်... ကျွန်တော့်ရဲ့ ဦးခေါင်းကို ဂိုဏ်းချုပ်ထံ အပ်နှံပါ့မယ်"
"ရေမခမ်းမချင်း... မခွဲခွာကြေး... ကြိုးစားကျင့်ကြံကြ... ဂိုဏ်းချုပ်ရဲ့ မျှော်လင့်ချက်ကို အပျက်မခံကြနဲ့"
အပေါ်ပိုင်းဗလာနှင့် လူသား ရာပေါင်းများစွာမှာ လက်မောင်းများကို မြှင့်တင်လျက် အော်ဟစ်ကြွေးကြော်လိုက်ကြရာ ထိုအသံကြီးက ကောင်းကင်ယံကို တုန်ဟည်းစေခဲ့ပြီး တင်းယွမ်အဆောင်၏ အမိုးကိုပင် ပွင့်ထွက်သွားစေမတတ် ဖြစ်ပေါ်စေခဲ့သည်။
တိုက်ပွဲဝင်စိတ်ဓာတ်များဖြင့် ပြည့်နှက်နေသော မျက်နှာများကို ကြည့်ရင်း... ဖန်ယွမ်သည် မျက်စိများ ပြာဝေသွားခဲ့ပြီး ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရသည်။
‘မကျင့်ကြနဲ့တော့...’
‘ကျေးဇူးပြုပြီး... ထပ်ပြီး မကျင့်ကြပါနဲ့တော့'
‘မင်းတို့တွေ ဆက်ပြီး ကျင့်နေကြရင်... ငါ ဘယ်လိုလုပ်ပြီး အင်မော်တယ်လမ်းစဉ်ကို ပေါက်မြောက်နိုင်မှာလဲ'
ဖန်ယွမ် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ပျက်စီးလုနီးပါး ဖြစ်နေသော စိတ်အာရုံထဲမှ သတိတရားလေးတစ်ခုကို အတင်းအကျပ် ပြန်လည် ဆွဲယူလိုက်သည်။
ဝိညာဉ်ကျောက်တုံး တစ်သန်းကျော် အကုန်ခံထားရပြီး လစဉ်လတိုင်း ဝိညာဉ်ကျောက်တုံး ရာချီ ကုန်ကျနေတဲ့ ဒီတင်းယွမ်အဆောင်ကြီးက... အမှန်တကယ်ပင် ဝိညာဉ်စုဆောင်းအစီအရင်ထက် ပိုမို ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံခြင်း နယ်မြေတစ်ခု ဖြစ်သွားခဲ့ရသည်။
‘စိတ်အေးအေးထားစမ်း... ဖန်ယွမ်'
‘သူတို့တွေ သန်မာလာတယ်ဆိုရင်တောင်မှ ပိုက်ဆံကတော့ တကယ် ကုန်သွားတာပဲ'
‘ပိုက်ဆံတွေ အကုန်လုံး ကုန်သွားပြီး တင်းယွမ်အဆောင်ရဲ့ ရေတွေ ရပ်တန့်သွားတဲ့နေ့ကျရင်... သူတို့တွေ ထပ်ပြီး မကျင့်နိုင်တော့ဘူး'
‘မှန်တယ်... ဒါပဲ'
ဖန်ယွမ်သည် ငိုရမလို ပြုံးရမလို မျက်နှာပေးတစ်ခုကို ဖန်တီးလိုက်ပြီး လူတိုင်းကို လက်ဝှေ့ယမ်းပြလိုက်သည်။
"ကောင်းတယ်... အထူး ကောင်းမွန်တယ်..."
"မင်းတို့တွေ... လောလောဆယ် ဆက်ပြီး လုပ်ကြပေါ့..."
ပြောပြီးသည်နှင့် ဖန်ယွမ်သည် သူ၏ခေါင်းကို အသာအယာ မော့လိုက်ပြီး တင်းယွမ်အဆောင်၏ ခမ်းနားလှသော အမိုးမျက်နှာကြက်ကြီးကို စိုက်ကြည့်နေမိရာ... သူ၏ မျက်ဝန်းများထဲတွင် အသက်ရှင်လိုစိတ် လုံးဝ ကင်းမဲ့နေခဲ့ချေပြီ။
‘အမြန် ပျက်စီးပေးကြပါတော့'
‘မြန်မြန်လေး လုပ်ပေးကြပါ'
‘ငါ တကယ့်ကို အိမ်ပြန်ချင်နေပါပြီ'
သူ လုံးဝ စိတ်ဓာတ်ကျနေပြီး ဂူဗိမာန်ထဲ ပြန်ကာ အိပ်ပျော်ပစ်လိုက်ရန် ပြင်ဆင်နေစဉ်မှာပင်... သူ၏ စိတ်ထဲ၌ ဒင်…ကနဲ မြည်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
【ဒင်...】
【စက်၀န်းတစ်ခု ပြီးဆုံးသွားခဲ့ပါပြီ။ ဂိုဏ်း၏ ဘက်စုံအင်အားကို စတင်တွက်ချက်နေပါပြီ】