ဟုန်ဝူမြို့... ထျန်ပေါင်အဆောက်အအုံ၏ သတ္တမထပ်ရှိ သီးသန့်အခန်းတစ်ခုအတွင်း...
လျိုထောင်အာသည် မိမိလက်ထဲမှ နွေးထွေးလှသော အသံလွှင့်ကျောက်တုံးကို အသာချလိုက်ပြီး သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်မိရာ သူမ၏ တင်းမာနေသော ပုခုံးနှစ်ဖက်မှာ နောက်ဆုံးတွင် ပြေလျော့သွားခဲ့ရသည်။
နောက်ထပ် အော်ဒါအကြီးကြီးတစ်ခု ရရှိခဲ့ပြန်ပြီ။
ဂိုဏ်းချုပ်ဖန်၏ အပြုအမူများက ထူးဆန်းလွန်းလှသော်လည်း ငွေသုံးစွဲသည့်နေရာတွင် ပြတ်သားမှုရှိခြင်းကမူ ဒီလောကတွင် တကယ့်ကို ရှားပါးလှပေသည်။ သို့သော်လည်း အသစ်စက်စက် ဆောက်လုပ်ထားသော တပည့်အိပ်ဆောင်များကို ဖျက်ဆီးပြီး အသစ်ပြန်ဆောက်သည် ဟုတ်လား။ သူ၏လက်ထဲတွင် ဝိညာဉ်ကျောက်တုံးများက နေရာမဆံ့အောင် ပေါများလွန်း၍ သက်သက်မဲ့ ငွေလိုက်ကြဲနေခြင်းလား။
သူမသည် စိတ်လှုပ်ရှားနေသော စိတ်ခံစားချက်ကို တည်ငြိမ်အောင် သက်ပြင်းအသာချလိုက်သည်။
ဖန်ယွမ်က မည်သည့်အကြောင်းကြောင့် ဤသို့လုပ်သည်ဖြစ်စေ... သူမအတွက်မူ ဒီငွေများသည် ဂိုဏ်း၏အလုပ်တာဝန်ကို ပြီးမြောက်စေပြီး ဒုတိယတာ၀န်ခံ ရာထူးကို မြဲမြံစေမည့် အသက်ကယ်ကောက်ရိုးတစ်မျှင် ဖြစ်ပေသည်။ သူမ သေချာပေါက် မိမိရရ ဆုပ်ကိုင်ရမည်။
လျိုထောင်အာသည် သူမ၏ ၀တ်ရုံကို သေသပ်အောင် ပြုပြင်လိုက်ပြီး လူအင်အားနှင့် ပစ္စည်းများကို စီစဉ်ရန် သိုလှောင်ရုံဆီသို့ လှည့်အထွက်တွင်... လှေကားထစ်များဆီမှနေ၍ မချိုမချဉ် ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"အို... တစ်နေ့ခင်းကုန်နေပြီ ငါတို့ ထျန်ပေါင်ဂိုဏ်းရဲ့ သန့်စင်မွန်မြတ်တဲ့ သမီးတော်ဟောင်းက ဒီမှာ ရှိနေတုန်းပဲလား"
လျိုထောင်အာသည် မော့ကြည့်စရာပင်မလိုဘဲ မည်သူဖြစ်သည်ကို သိရှိလိုက်သည်။ ထျန်ပေါင်အဆောက်အအုံ၏ တာ၀န်ခံချုပ် ခုန်ရှင်းရှန်း ပင် ဖြစ်သည်။
သူမ မော့ကြည့်လိုက်သောအခါ ပွင့်လင်းလှသော အနီရောင် ပါးလျဝတ်စုံကို ဆင်မြန်းထားပြီး ရေမြွေတစ်ကောင်ကဲ့သို့ ခါးကို တွန့်လိမ်လျက် ဘေးနားရှိ ဝတ်ရုံနက်ဝတ် အဖိုးအိုတစ်ဦး၏ ကိုယ်ပေါ်သို့ မှီတွယ်ထားသော ခုန်ရှင်းရှန်းကို တွေ့မြင်လိုက်ရသည်။
ထိုအဖိုးအိုက ဟေးမူဂိုဏ်း ၏ အကြီးအကဲဝတ်ရုံကို ဆင်မြန်းထားပြီး သူ၏ မှုန်ဝါးလှသော မျက်ဝန်းအစုံသည် လျိုထောင်အာကို မြင်လိုက်ရသည့် ခဏ၌ အရောင်များ လက်ခနဲ တောက်ပသွားကာ သူမ၏ ခန္ဓာကိုယ်အနှံ့သို့ ရိုးသားမှုမရှိဘဲ ဝေ့ဝဲကြည့်ရှုနေခဲ့သည်။
လျိုထောင်အာသည် တည်ငြိမ်စွာ ဦးညွှတ်လိုက်သည်။
"တာ၀န်ခံချုပ်ကို နှုတ်ခွန်းဆက်ပါတယ်"
ခုန်ရှင်းရှန်းသည် လျိုထောင်အာ၏ လက်ထဲရှိ စာရင်းစာအုပ်ကို မြင်လိုက်ရသောအခါ နှာခေါင်းရှုံ့လျက် ရယ်မောလိုက်သော်လည်း သူမ၏ မျက်ဝန်းများတွင်မူ လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
"ကြားရသလောက်တော့ ပြီးခဲ့တဲ့လက နင် ကံကောင်းပြီး လူအတစ်ယောက်နဲ့ တိုးလို့ ဝိညာဉ်ကျောက်တုံး ရှစ်သိန်းဖိုး အော်ဒါရလိုက်တယ်ဆို"
သူမသည် ဘေးနားရှိ အကြီးအကဲလင်းကို လှည့်ကြည့်လျက် ချွဲနွဲ့စွာ ပြောလိုက်သည်။
"အကြီးအကဲလင်း... တချို့လူတွေက တစ်ကြိမ်တစ်ခါ ကံကောင်းတာနဲ့ပဲ အရာအားလုံး အဆင်ပြေသွားပြီ ထင်ပြီး အေးအေးဆေးဆေး နေနေကြတာလေ… ဒီနှစ်အတွက် ဂိုဏ်းက ပေးထားတဲ့ ဝိညာဉ်ကျောက်တုံး တစ်သန်းပြည့်ဖို့ အလုပ်တာဝန် မပြီးသေးတာတောင် ဒီလောက်အထိ ပျင်းနေကြတုန်းပဲ။ နောက်နှစ်ကျရင် ဒုတိယတာ၀န်ခံ ရာထူးပြုတ်မှာကို မကြောက်ကြဘူးလားမသိဘူး"
အကြီးအကဲလင်းက တဟားဟား ရယ်မောလိုက်ပြီး သူ၏ မျက်လုံးများက လျိုထောင်အာ၏ အေးစက်လှသော မျက်နှာထံသို့ စိုက်ကြည့်လျက် အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
"တကယ်လို့ ဒုတိယတာ၀န်ခံလျိုအနေနဲ့ ဂိုဏ်းရဲ့ အလုပ်တာဝန်အတွက် အခက်အခဲ ရှိနေတယ်ဆိုရင်... ဒီအကြီးအကဲက ကူညီပေးဖို့ အဆင်သင့်ပါပဲ… ဒုတိယတာ၀န်ခံလျိုသာ သဘောတူမယ်ဆိုရင် ဒီည ငါ့ရဲ့ စံအိမ်ကို လာပြီး အသေးစိတ် ဆွေးနွေးကြမလား"
ထိုသို့ ဗြောင်ကျကျ စကားဆိုလာမှုကြောင့် လျိုထောင်အာ ရင်ထဲတွင် ရွံရှာမအီမသာ ဖြစ်သွားခဲ့ရသည်။ သူမသည် တစ်ချိန်က မြင့်မြတ် သမီးတော်တစ်ဦး ဖြစ်ခဲ့ဖူးပြီး ဒီလို လူမျိုးများသည် သူမ၏ ဖိနပ်ကို သယ်ရန်ပင် မထိုက်တန်ခဲ့ပေ…ယခုအခါ သူမ ရာထူးကျသွားချိန်တွင်မူ ဒီလို အမှိုက်များကပင် သူမကို လာရောက် စော်ကားဝံ့ကြချေပြီ။
ခုန်ရှင်းရှန်းသည် လျိုထောင်အာ အရှက်ရပြီး အသနားခံလာမည့် ပုံစံကို ကြည့်ရန် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့သည်။
သို့သော်လည်း...
လျိုထောင်အာသည် အသံလွှင့်ကျောက်တုံးကို အသာသိမ်းလိုက်ပြီး စာရင်းစာအုပ်ထဲမှ ပစ္စည်းဝယ်ယူမည့် စာရင်းကို စားပွဲပေါ်သို့ ဖြန်း ခနဲ ရိုက်ချလိုက်သည်။
"အကြီးအကဲလင်း စိတ်ပူပေးစရာမလိုပါဘူး"
သူမသည် ခုန်ရှင်းရှန်း၏ မျက်လုံးများကို စိုက်ကြည့်လျက် တည်ငြိမ်စွာ ပြောလိုက်သည်။
"ခုနတင်ပဲ အဲဒီဖောက်သည်ဟောင်းက ဝိညာဉ်ကျောက်တုံး နှစ်သိန်းဖိုး ထပ်ပြီး အော်ဒါမှာလိုက်တယ်…အရင် ရှစ်သိန်းနဲ့ ပေါင်းလိုက်ရင်... ငါ ဒီနှစ်အတွက် ဂိုဏ်းက သတ်မှတ်ထားတဲ့ ဝိညာဉ်ကျောက်တုံး တစ်သန်းပြည့် အလုပ်တာဝန်ကို ပြီးမြောက်သွားပြီ ဖြစ်ပါတယ်"
ခုန်ရှင်းရှန်း၏ မျက်နှာထက်ရှိ အပြုံးများမှာ ချက်ချင်း တောင့်တင်းသွားခဲ့ရသည်။
"ဘာ... ဘာပြောတယ်... နောက်ထပ် နှစ်သိန်း ဟုတ်လား"
ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဟုန်ဝူမြို့အနီးတစ်ဝိုက်မှာ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ဝိညာဉ်ကျောက်တုံး တစ်သန်းဖိုးအထိ အရင်းအမြစ်တွေကို အဆက်မပြတ် ဝယ်ယူနိုင်မယ့် ဂိုဏ်းမျိုး ဘယ်မှာ ရှိလို့လဲ…မိုင်တစ်ထောင်အတွင်းမှာ ရှိတဲ့ အကြီးမားဆုံး ဂိုဏ်းကြီးတွေတောင်မှ ဒီလောက်အထိ လက်ဖွာမှာ မဟုတ်ပေ။
လျိုထောင်အာသည် သူတို့၏ ပျက်ယွင်းသွားသော မျက်နှာပေးများကို ဂရုမစိုက်တော့ဘဲ ကျောပြင်ကို ဆန့်လျက် ဆောက်လုပ်ရေး ပစ္စည်းများ သိုလှောင်ရာ အရပ်ဆီသို့ လှည့်ထွက်လာခဲ့တော့သည်။
"ခွင့်ပြုပါဦး… ငါ့ရဲ့ ဖောက်သည်က အလောတကြီး အလိုရှိနေလို့ ပစ္စည်းတွေ သွားပြင်ရပါဦးမယ်"
အကြီးအကဲလင်းသည် လျိုထောင်အာ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ကာ သူမ၏ အေးစက်မှုကြားထဲရှိ ခေါင်းမာသော ပုံစံလေးကြောင့် စိတ်ထဲတွင် ပိုမို သိမ်းပိုက်လိုစိတ် ပြင်းထန်လာခဲ့ရသည်။
"ဟူး... ဒီမိန်းကလေးက တကယ့်ကို ဆွဲဆောင်မှု ရှိတာပဲ..."
ခုန်ရှင်းရှန်းသည် ဒေါသထွက်လွန်းသဖြင့် သူမ၏ သွားများကို ကြိတ်လိုက်မိသည်။ သူမသည် အကြီးအကဲလင်း၏ မျက်နှာကို အတင်းအကျပ် လှည့်ယူလိုက်ပြီး ချွဲနွဲ့စွာ ပြောလိုက်သည်။ "အကြီးအကဲလင်း... ကျွန်မ ရှင်နဲ့အတူ ဆေးလုံးတွေ သွားကြည့်ပေးမယ်လေ… ရှင် သေချာပေါက် အများကြီး ဝယ်ရမယ်နော်"
အကြီးအကဲလင်း သတိပြန်ဝင်လာပြီး တဟားဟား ရယ်မောလျက် သူ၏လက်ကို သူမ၏ ခါးအောက်ဆီသို့ ထပ်မံ ပွတ်သပ်လိုက်ပြန်သည်။ "ဝယ်ရမှာပေါ့... အကုန်လုံး ဝယ်ပေးမယ်"
သုံးရက်အကြာ... ချုံးရှင်းဂိုဏ်း၌...
ဝုန်း... ဂျိန်း...
ဖုန်မှုန့်များနှင့် ကျောက်ခဲများ လွင့်စင်သွားခဲ့ရသည်။
နောက်ဆုံး နံရံတစ်ခု ပြိုကျသွားချိန်တွင်မူ... ဝိညာဉ်စွမ်းအင်များ ထူထပ်စွာ လွှမ်းမိုးနေပြီး အလွန်အမင်း သားနားလှသော တပည့်အိပ်ဆောင် ခြောက်ယောက်ခန်း အဆောက်အအုံများမှာ အပိုင်းပိုင်းအပြတ်ပြတ် ပြိုကျ ပျက်စီးသွားခဲ့ရချေပြီ။
တပည့်လူအုပ်ကြီးသည် အဝေးမှရပ်ကြည့်လျက် ထိုပျက်စီးခြင်း အစုအပုံကြီးကို ကြည့်ကာ ရင်ကျိုးမတတ် စိတ်မကောင်း ဖြစ်နေကြရှာသည်။
ဂိုဏ်းချုပ်ဖန်က သူတို့ကို ပိုမို သက်တောင့်သက်သာရှိသော တစ်ယောက်ခန်းများဖြင့် လဲလှယ်ပေးမည်ဟု ဆိုသော်လည်း... ဒါက သူတို့ ချုံးရှင်းဂိုဏ်းတွင် ပထမဆုံး ပိုင်ဆိုင်ခဲ့ရသော အိမ်ကလေး မဟုတ်ပါသလော။ သံယောဇဉ်တော့ အနည်းငယ် ရှိနေကြဆဲ ဖြစ်သည်။
ဖန်ယွမ်သည် လေထဲတွင် ရပ်ကာ လက်နှစ်ဖက်ကို နောက်ပစ်ပြီး အောက်ခြေရှိ ဖုန်မှုန့်များ လွင့်စင်နေမှုကို ကြည့်ပြီး အလွန်အမင်း ကျေနပ် အားရနေမိသည်။
‘ကောင်းကောင်း ဖြိုချလိုက်နိုင်ပြီ’
ဒီနေရာမှာ ဖြိုချလိုက်တာက ဘာလဲ။ ဒါက သူ ထာဝရအင်မော်တယ် ဖြစ်မည့် လမ်းစဉ်ပေါ်က ခလုတ်ကန်သင်းကြီးကို ဖြိုချပစ်လိုက်ခြင်းပင် ဖြစ်သည်။
"ပြန်ဆောက်ကြစမ်း… အခုချက်ချင်း ပြန်ဆောက်ကြ" ဖန်ယွမ်က ရည်မှန်းချက် အပြည့်ဖြင့် လက်ကို ခါယမ်းလိုက်သည်။
သူသည် ဤတစ်ကြိမ်တွင် ပိုမို လိမ္မာပါးနပ်စွာ လုပ်ဆောင်ခဲ့သည်။ သူသည် ထျန်ကုန်းဂိုဏ်း မှ ဆရာကြီးလုကို အထူး မှာကြားခဲ့သည်။ အိပ်ဆောင်အသစ်များသည် ကျယ်ဝန်းရမည်... အသံလုံရမည်... လျှို့ဝှက်ချက် ရှိရမည် ဖြစ်သော်လည်း... ဝိညာဉ်စွမ်းအင်ကို တိုးတက်စေမည့် မည်သည့် အဖိုးတန်ပစ္စည်းကိုမျှ လုံးဝ အသုံးမပြုရပါ။
ဝိညာဉ်စုဆောင်းအစီအရင် လား။ ဖျက်ဆီးပစ်လိုက်။
ဝိညာဉ်စုဆောင်း သစ်သား လား။
သာမန် နှစ်တစ်ထောင် သံသစ်သားတွေနဲ့ လဲလှယ်ပစ်လိုက်။
ကျောက်စိမ်းနွေး ကြမ်းပြင် လား။
သာမန် အဆင့်မြင့် ကျောက်စိမ်းပြားတွေနဲ့ပဲ အစားထိုးလိုက်။
အဓိက ရည်ရွယ်ချက်မှာ... သားနားထည်ဝါသော်လည်း အသုံးမဝင်သောအရာ ဖြစ်စေရန် ဖြစ်သည်။ တပည့်များ နေ့ညမပြတ် အိပ်ဆောင်ထဲတွင် အပျော်အပါးမက်ပြီး သူတို့၏ စိတ်ဓာတ်များ ပျက်ပြားသွားစေရန် သူ လိုလားသည်။
ဤကဲ့သို့ဖြင့် ချုံးရှင်းဂိုဏ်းတစ်ခုလုံးသည် တစ်ကျော့ပြန်၍ အကြီးစား ဆောက်လုပ်ရေး လုပ်ငန်းခွင်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြန်သည်။
လူတိုင်းသည် အုတ်သယ်သူကသယ်... သစ်သားသယ်သူကသယ်ဖြင့် အလုပ်ရှုပ်နေကြပြီး ဂိုဏ်းတစ်ခုလုံးတွင် ဖုန်မှုန့်များဖြင့် ဝေမှိုင်းနေခဲ့တော့သည်။
...
ရက်ပေါင်း ဆယ်ရက်အတွင်းမှာပင်... ထပ်ဆင့် မြင့်မားလှသော အသစ်စက်စက် တစ်ယောက်ခန်း တပည့်အိပ်ဆောင်ကြီးများ မြေပြင်မှ ထွက်ပေါ်လာခဲ့သည်။
အခန်းတွင်း၌ ဧည့်ခန်းတစ်ခု... အိပ်ခန်းတစ်ခုနှင့် လိုအပ်သောအရာအားလုံး ပါဝင်ပြီး ဘလူးစတားကမ္ဘာရှိ တိုက်ခန်းအသေးစားလေးတစ်ခုနှင့် ဆင်တူလှပေသည်။
အတွင်းပိုင်း ပြင်ဆင်မှုများမှာ အလွန်အမင်း သားနားထည်ဝါလှသော်လည်း... ဝိညာဉ်စွမ်းအင် လှုပ်ခတ်မှုများမူ လုံးဝ မရှိတော့ချေ။
ဖန်ယွမ်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် လှည့်လည်ကြည့်ရှုပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ အလွန်ကောင်းသည်။ ဒါက သူ လိုချင်သော အကျိုးသက်ရောက်မှုပင် ဖြစ်သည်။
သို့သော်လည်း... ဆရာကြီးလုက စာရင်းစာအုပ်ကို လာရောက် အပ်နှံချိန်တွင်မူ ဖန်ယွမ်၏ မျက်နှာထက်ရှိ အပြုံးများမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့ရသည်။
"ဘယ်လောက် ဟုတ်လား" ဖန်ယွမ်သည် စာရင်းစာအုပ်ပေါ်ရှိ ကိန်းဂဏန်းကို စိုက်ကြည့်လျက် သူ၏ အသံမှာ အဆမတန် မြင့်တက်သွားခဲ့ရသည်။
"ဂိုဏ်းချုပ်ကို တင်ပြရရင်... စုစုပေါင်း ဝိညာဉ်ကျောက်တုံး တစ်သိန်း ကိုးသောင်း ရှစ်ထောင် ပါ"
ဆရာကြီးလုသည် နဖူးမှ ချွေးများကို သုတ်လိုက်ပြီး "ဒီဆောက်လုပ်ရေး ပစ္စည်းတွေက သားနားတယ်လို့ ထင်ရပေမယ့်လည်း သာမန် လူသားကမ္ဘာက ပစ္စည်းတွေ ဖြစ်လို့ စျေးမကြီးပါဘူး…ပြီးတော့ ဘာအစီအရင်မှလည်း ထည့်သွင်းထားခြင်း မရှိတာကြောင့် ဒီလို တစ်ယောက်ခန်း ရာပေါင်းများစွာအတွက် ကုန်ကျစရိတ်က ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော်ပဲ ရှိပါတယ်..."
"ပြီးတော့ ကျွန်တော်တို့က အရင် အဆောက်အအုံဟောင်းက ပစ္စည်းအချို့ကို ပြန်လည် သိမ်းဆည်းလိုက်တာ ဝိညာဉ်ကျောက်တုံး နှစ်သိန်းဖိုးခန့် ပြန်ရတာကြောင့်... တကယ်တမ်းကျရင် ဂိုဏ်းချုပ်ဖန်အနေနဲ့ ပိုက်ဆံ တစ်ပြားမှ ကုန်မသွားပါဘူး"
ဖန်ယွမ်သည် မျက်စိများ ပြာဝေသွားခဲ့ရပြီး လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။
‘တောက်... ငါ အိပ်ဆောင်တွေကို ဖြိုချပြီး အသစ်ပြန်ဆောက်တာ... ပိုက်ဆံ တစ်ပြားမှ ကုန်မသွားဘူး ဟုတ်လား’
‘ဒါဆို ငါ အလကား အပင်ပန်းခံလိုက်ရတာပေါ့’
စနစ်၏ လက်ရှိ အလုပ်တာဝန်က ဝိညာဉ်ကျောက်တုံး နှစ်သန်းကို ကုန်အောင် သုံးစွဲရန် တောင်းဆိုထားခြင်း ဖြစ်သည်။ ထိုဝိညာဉ်ကျောက်တုံးများကို သူ ဘယ်လို ကုန်အောင် သုံးစွဲရမလဲ။ သက်သက်မဲ့ လွှင့်ပစ်လိုက်ရမလား စနစ်က ထိုသို့ ပြုလုပ်ခွင့် ပေးမည်မဟုတ်ပေ။
"မဖြစ်ဘူး…ဒါက အရမ်း စျေးပေါလွန်းတယ်" ဖန်ယွမ်သည် မျက်နှာပျက်ပျက်ဖြင့် ဟိုဟိုဒီဒီ လျှောက်လှမ်းနေမိသည်။ "တပည့်အိပ်ဆောင် ဆောက်တာ ပိုက်ဆံ မကုန်ဘူးဆိုရင်... ငါတို့ ချုံးရှင်းဂိုဏ်းရဲ့ ဂုဏ်သိက္ခာက ဘယ်နား သွားထားရမှာလဲ"
ဆရာကြီးလု တစ်ကိုယ်လုံး လုံးဝ ကြောင်အသွားခဲ့ရသည်။ ‘ပိုက်ဆံမကုန်လို့ စိတ်မကောင်းဖြစ်နေတာ ဟုတ်လား ပြီးတော့ ဂုဏ်သိက္ခာကို ဘယ်နား သွားထားရမှာလဲတဲ့... မင်းတို့ ချုံးရှင်းဂိုဏ်းရဲ့ မဟာရင်ပြင်ကြီးက အခုထိ ဝိညာဉ်စွမ်းအင်တွေနဲ့ ခမ်းနားထည်ဝါနေတုန်းပဲလေ။ ပြီးတော့ ဒီအိပ်ဆောင်အသစ်တွေကလည်း မဆိုးပါဘူး... လူသားကမ္ဘာက အကောင်းဆုံး ပစ္စည်းတွေကို သုံးထားတာပဲ’
"ဂိုဏ်းချုပ်ဖန်... ဒါက တောင်းဆိုချက်အတိုင်း ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့ အင်မော်တယ် ပစ္စည်းတွေကို မသုံးဘဲ စျေးအကြီးဆုံး ပစ္စည်းတွေကိုပဲ ရွေးချယ်ပြီး ဆောက်လုပ်ထားတာပါ..."
ဝိညာဉ်စွမ်းအင် မရှိစေရဘဲ စျေးကြီးသောအရာ ဖြစ်ရမည်ဟူသော အချက်မှာ ကျင့်ကြံခြင်းလောကတွင် ဆန့်ကျင်ဘက် ဖြစ်နေသည်။ ကျင့်ကြံခြင်းလောက၌ စျေးကြီးသောအရာများတွင် ဝိညာဉ်စွမ်းအင်များ အမြဲတမ်း ပါဝင်နေတတ်ပြီး ဝိညာဉ်စွမ်းအင် မရှိသောအရာများမှာ စျေးမကြီးနိုင်ပေ။
"မရှိဘူး... မဟုတ်သေးဘူး..." ဖန်ယွမ်သည် စိတ်တိုတိုဖြင့် ဟိုဟိုဒီဒီ လျှောက်လှမ်းနေမိသည်။
သူ နည်းလမ်းတစ်ခုခု စဉ်းစားရမည်။ ထိုအရာသည် ငွေအမြောက်အမြား ကုန်ကျရမည်... ကျင့်ကြံခြင်းကို လုံးဝ အထောက်အကူ မပြုရဘဲ သက်သက်မဲ့ အပျော်အပါးမက်ပြီး ဖြုန်းတီးမည့်အရာ ဖြစ်ရမည်။ ထို့ပြင် ဂိုဏ်း၏ အဆောက်အအုံ အဆင်အပြင်နှင့်လည်း ကိုင်ညီမှု ရှိရမည် ဖြစ်သည်။
သူ၏ မျက်ဝန်းများသည် ဂိုဏ်းအတွင်းသို့ ဝေ့ဝဲကြည့်ရှုလိုက်သည်။
ရုတ်တရက်... အဝေးတစ်နေရာတွင် အမျိုးသားတပည့် အချို့သည် အင်္ကျီဗလာဖြင့် သစ်သားပုံးများနှင့် မျက်နှာသုတ်ပုဝါများကို ကိုင်ဆောင်လျက် တောင်အောက်ရှိ ရေကန်ဆီသို့ အပြေးအလွှား သွားနေကြသည်ကို မြင်တွေ့လိုက်ရသည်။
သူတို့က... ရေသွားချိုးကြမလို့လား။
ဖန်ယွမ်၏ ဥာဏ်အလင်းထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာခဲ့သည်။
‘ဒါပဲ’
‘အကြီးစား ရေချိုးဆောင်ကြီး ဆောက်ရမယ်’
ဖန်ယွမ်သည် ဆရာကြီးလုကို ချီသန့်စင်ခြင်းစွာ ကြည့်လိုက်ပြီး တိုးညှိုးသော အသံဖြင့် မေးလိုက်သည်။
"ဆရာကြီးလု... ငါ့ကို ပြောစမ်း အခု အသစ်ဆောက်ထားတဲ့ တပည့်အိပ်ဆောင်တွေထဲမှာ ရေချိုးသန့်စင်ဖို့ နေရာတွေ ပါလား"
ဆရာကြီးလု ခဏမျှ ကြောင်သွားခဲ့ရပြီး ဖန်ယွမ်ကို ဝေခွဲမရစွာဖြင့် ပြန်လည် ကြည့်ရှုလိုက်သည်။
"ဂိုဏ်းရဲ့ သာမန်တပည့်တွေကတော့ ပုံမှန်အားဖြင့် မြစ်ကမ်းဘေး ဒါမှမဟုတ် ရေကန်တွေမှာပဲ ရေချိုးကြတာပါ။ ရာသီဥတု အေးရင်တော့ ရေချိုးတာ နည်းတာပေါ့။ အမျိုးသမီးတပည့်တွေ ဆိုရင်တော့ သီးသန့် ရေချိုးခန်းတွေထဲမှာ သစ်သားပုံးတွေနဲ့ ရေခပ်ချိုးကြပါတယ်"
"တကယ်လို့ အတွင်းစည်းတပည့် ဒါမှမဟုတ် အကြီးအကဲတွေ ဆိုရင်တော့ ရေနွေးအိုးနဲ့ ရေပိုက်တွေ ချိတ်ဆက်ထားတဲ့ သီးသန့် ပြင်ဆင်ထားတဲ့ ရေချိုးကန်ကြီးတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ အဲဒါက ရေချိုးရုံတင် မကတော့ဘဲ စည်းစိမ်ခံစားတာမျိုး ဖြစ်သွားပါပြီ"
"အော်..." ဖန်ယွမ်သည် အတွေးပါပါဖြင့် ခေါင်းညိတ်လိုက်သည်။
စည်းစိမ်ခံစားတာ ဟုတ်လား... သူ လိုချင်တာကလည်း ဒီတပည့်လူအုပ်ကြီးကို စည်းစိမ်ခံစားစေချင်တာ ဖြစ်သည်။ တကယ်လို့ သူသည် ငွေအမြောက်အမြား အကုန်အကျခံပြီး သားနားထည်ဝါလှသော အကြီးစား ရေချိုးဆောင်ကြီးကို ဆောက်လုပ်လိုက်မည်ဆိုလျှင်... ဒါက မြှားတစ်စင်းတည်းနဲ့ ငှက်နှစ်ကောင်ပစ်ခြင်း ဖြစ်မသွားပေဘူးလား။
သူ ငွေကုန်အောင် သုံးစွဲနိုင်မည့်အပြင် ဤကြိုးစားလွန်းလှသော တပည့်များကိုလည်း အပျော်အပါးမက်အောင် ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။
"ဆရာကြီးလု" ဖန်ယွမ်သည် ရုတ်တရက် ရပ်တန့်လိုက်ပြီး ထိုလက်သမားအိုကြီးကို မျက်ဝန်းများ တောက်ပစွာဖြင့် စိုက်ကြည့်လိုက်သည်။
"ငါက အကြီးစား ရေချိုးဆောင်ကြီး... မဟုတ်ဘူး... ရေချိုးကန်ကြီး တစ်ခု ဆောက်ချင်တယ်"
"ဒီရေချိုးကန်ကြီးက ကြီးမားရမယ်။ ဂိုဏ်းထဲမှာရှိတဲ့ အမျိုးသား... အမျိုးသမီး တပည့်အားလုံးကို ဆန့်ရမယ် ပြီးတော့ အလွန်အမင်း သားနားထည်ဝါရမယ် လူတစ်ယောက် ဝင်လိုက်တာနဲ့ အမြင့်ဆုံး စည်းစိမ်ကို ခံစားရစေမယ့် အမျိုးအစား ဖြစ်ရမယ်"
ဆရာကြီးလု ကြောင်အသွားခဲ့ရသည်။
ရေချိုးကန်ကြီး ဆောက်မယ် ဟုတ်လား။ ပြီးတော့ သားနားထည်ဝါလှတဲ့ အများသုံး ရေချိုးကန်ကြီးတဲ့လား ရှေးခေတ်ကတည်းက အခုထက်ထိ မည်သည့်ဂိုဏ်းကများ ဒီလိုအရာကို ဆောက်လုပ်ရန် ငွေအကုန်အကျခံခဲ့ဖူးလို့လဲ။
ကျင့်ကြံသူတစ်ဦးသည် အဆင့်တစ်ခုသို့ ရောက်ရှိသွားပါက ရေချိုးခြင်းမှာ စည်းစိမ်ခံစားမှု သက်သက်သာ ဖြစ်ပြီး မရှိမဖြစ် လိုအပ်သောအရာ မဟုတ်တော့ပေ။ သို့သော်လည်း ဒီချမ်းသာလွန်းသော ဖောက်သည်၏ တောင်းဆိုချက် ဖြစ်သဖြင့် ဆရာကြီးလုအနေဖြင့် သေချာပေါက် ဖြည့်ဆည်းပေးရပေမည်။
"ဂိုဏ်းချုပ်ဖန်... အများသုံး ရေချိုးကန်တစ်ခုက ဘယ်လောက် ကုန်မှာမလို့လဲ ကျွန်တော် တွက်ချက်ပေးရရင်... အများဆုံးရှိလှ ဝိညာဉ်ကျောက်တုံး သောင်းဂဏန်းလောက်ပဲ ကုန်မှာပါ..."
"သောင်းဂဏန်း ဟုတ်လား" ဖန်ယွမ်က လှောင်ပြောင်လျက် လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်သည်။ "တစ်သန်း"
"ငါက မင်းကို အနည်းဆုံး ဝိညာဉ်ကျောက်တုံး တစ်သန်း ကုန်အောင် သုံးစေချင်တာ"
ဖတ်…
ဆရာကြီးလု၏ လက်ထဲမှ စာရင်းစာအုပ်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး ဖုန်မှုန့်များ လွင့်စင်သွားခဲ့ရသည်။
ဝိညာဉ်ကျောက်တုံး တစ်သန်း ဟုတ်လား။ ရေချိုးကန်တစ်ခု ဆောက်ဖို့အတွက် အဲဒီလောက်အထိ သုံးမယ် ဟုတ်လား။
သန့်စင်နယ်မြေကဂိုဏ်း တွေမှာရှိတဲ့ ရေချိုးကန်တွေတောင်မှ ဒီလောက်အထိ ဆန်းပြားအောင် ဆောက်လုပ်မှာ မဟုတ်ပေ။
"ဂိုဏ်းချုပ်ဖန်... ဒါ... ဒါက ဆောက်လို့ မရနိုင်ပါဘူး" ဆရာကြီးလုမှာ ငိုချင်လျက်လက်တို့ ဖြစ်လာခဲ့ရသည်။
"တကယ်လို့ ကျွန်တော်တို့က အဆင့်မြင့် ကောင်းကင်နဲ့မြေပြင် ရတနာတွေကို မသုံးဘူးဆိုရင် မကုန်ပါဘူး... ဂိုဏ်းချုပ်ကလည်း ဝိညာဉ်စွမ်းအင် အာနိသင်တွေ လုံး၀မရှိစေရဘူးလို့ လဲမှာထားတယ်လေ..."
"အဲဒါက မင်းရဲ့ သောက်ကြောင်းလေ" ဖန်ယွမ်က သူ၏ စကားကို ရိုင်းစိုင်းစွာ ဖြတ်တောက်ပစ်လိုက်ပြီး ပြတ်သားသော မျက်နှာပေးဖြင့် ပြောလိုက်သည်။
"မှတ်ထားစမ်း... ငါ့မှာ တောင်းဆိုချက် တစ်ခုပဲ ရှိတယ်….အလွန်အမင်း သားနားထည်ဝါရမယ်… ငွေကို ရေလို သုံးစွဲရမယ်…ဒါပေမဲ့... ဝိညာဉ်စွမ်းအင်ကို စုဆောင်းတဲ့ အာနိသင် လုံးဝ မရှိစေရဘူး"
"တကယ်လို့ မင်းတို့ မလုပ်နိုင်ဘူးဆိုရင်... နောက်နောင် ထျန်ကုန်းဂိုဏ်းအနေနဲ့ ငါတို့ ချုံးရှင်းဂိုဏ်းရဲ့ စီးပွားရေးလုပ်ငန်းတွေကို လုံးဝ မျှော်လင့်မနေနဲ့တော့"
စကားပြောပြီးနောက် ဖန်ယွမ်သည် ဝတ်ရုံလက်ကို ခါယမ်းကာ ထွက်ခွာသွားခဲ့တော့ရာ ဆရာကြီးလုနှင့် အခြားလက်သမားများသည် လေထဲတွင် ကြောင်အစွာ ကျန်ရစ်ခဲ့ကြတော့သည်။