ဟုန်အာနျိုသည် သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်မိပြီး တင်းမာနေသော ကြွက်သားများကို ဖြည်းညှင်းစွာ လျှော့ချလိုက်သည်။ တကယ့်ကို သီသီလေး လွတ်မြောက်သွားခဲ့ခြင်း ဖြစ်ပေသည်။
ဖန်ယွမ်သည် ဖြူစင်ရိုးသားလှသော ပုံစံဖမ်းထားကြသည့် တပည့်မြေခွေးအုပ်ကြီးကို ကြည့်ကာ ရင်ထဲတွင် အလွန်အမင်း စိတ်ပျက်လက်ပျက် ဖြစ်နေမိသည်။
သူသည် ကျောခိုင်းလိုက်ပြီး အသစ်စက်စက် ပြုပြင်မွမ်းမံထားသော ခမ်းနားထည်ဝါလှသည့် ဂိုဏ်းမဟာရင်ပြင်ကြီးကို ကြည့်ကာ သေချာစွာ ပြန်လည် သုံးသပ်နေမိတော့သည်။
ပထမအချက်အနေဖြင့် ဒီတပည့်များတွင် တုနှိုင်းမဲ့ပါရမီ လုံးဝမရှိနိုင်သည်မှာ သေချာသည်။ တကယ်လို့ သူတို့၌သာ ထူးခြားသော ပါရမီ ရှိနေပါက ဂိုဏ်းမဟာရင်ပြင်ကြီးပင် ပြိုကျလုနီးပါး ဖြစ်နေသော ချုံးရှင်းဂိုဏ်းတွင် စိတ်အေးလက်အေး နေထိုင်နေကြမည် မဟုတ်ပေ။ အခြားအင်အားကြီး ဂိုဏ်းများဆီသို့ စောစီးစွာ ထွက်ပြေးသွားကြပြီး ဖြစ်လိမ့်မည်။
ဒုတိယအချက်အနေဖြင့် တစ်စုံတစ်ယောက်တွင် ပါရမီ ရှိနေသည့်တိုင်အောင် ဂိုဏ်းတစ်ခုလုံးတွင်ရှိသော လူရာပေါင်းများစွာကို တပြိုင်နက်တည်း သန်မာလာအောင် ဆွဲခေါ်နိုင်ပါ့မလား။ ဒါက မဖြစ်နိုင်သလောက် ခက်ခဲလှသည်။
သူသည် ယဉ်ကျေးစွာ ရပ်နေကြသော တပည့်များကို လှည့်ကြည့်ရင်း အခြားအတွေးတစ်ခု ဝင်လာခဲ့ပြန်သည်။
‘ပါရမီမှာ ပြဿနာမရှိဘူးဆိုရင်... တစ်ယောက်ယောက်က သူတို့ကို ကွယ်ရာမှာ ခိုးပြီး သင်ကြားပေးနေတာပဲ ဖြစ်ရမယ်’
"ယွဲ့လင် ဘယ်မှာလဲ" ဖန်ယွမ်က လှည့်မေးလိုက်သည်။
ဝေ့ဝဲကြည့်လိုက်သော်လည်း သူ့ကို အမြဲတမ်း ဆန့်ကျင်တတ်သည့် ထိုအကြီးဆုံးတပည့်မကြီးကို ယနေ့ လုံးဝ မတွေ့ရချေ။ သေချာပေါက် သူမပဲ ဖြစ်ရမည်။ သူမက ကွယ်ရာတွင် ဒီလူများကို ကျင့်ကြံခြင်းဆိုင်ရာ အတွေ့အကြုံများ ခိုးပြီး သင်ပေးနေခြင်း ဖြစ်ပေလိမ့်မည်။
လင်းမြောင်မြောင်က ရှက်ရွံ့စွာဖြင့် လက်ကလေးကို အသာမြှောက်လိုက်ပြီး "ဂိုဏ်းချုပ်... စီနီယာအမက သူမရဲ့ ဒဏ်ရာဟောင်း ပြန်ထလာလို့ လွန်ခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်ကတည်းက နောက်တောင်ကုန်းမှာ သီးသန့် ဒဏ်ရာကုသနေပါတယ် ..သူမကို လာပြီး မနှောင့်ယှက်ဖို့လည်း မှာထားပါတယ်..." ဟု ပြောလိုက်သည်။
‘ဒဏ်ရာဟောင်း ပြန်ထလာလို့ နှစ်ပတ်တောင် တရားပိတ် ကျင့်ကြံနေတယ် ဟုတ်လား’
ဖန်ယွမ် ကြောင်သွားခဲ့ရသည်။ ဂိုဏ်းချုပ်ဟောင်း၏ မှတ်တမ်းများထဲတွင် ဂိုဏ်းချုပ်ဟောင်း ကတ်စေးနှဲခဲ့မှုကြောင့် ယွဲ့လင်သည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျရှုံးခဲ့ရပြီး လမ်းစဉ်ဒဏ်ရာ ရရှိခဲ့သည်ဟု ရေးသားထားသည်ကို သူ ရိပ်မိလိုက်သည်။
ထို့ကြောင့် သူမ ယခုအချိန်တွင် ဒဏ်ရာကုသရန် သီးသန့် တရားကျင့်နေခြင်းမှာ ယုတ္တိရှိပေသည်။
ဒါဆိုရင်... ဒီလူတွေက ဘယ်လိုလုပ်ပြီး သန်မာလာကြတာလဲ။
‘ထာဝရစိမ်းလန်း ဝိညာဉ်လမ်းညွှန်ကျင့်စဉ်’ က တကယ်ပဲ တုနှိုင်းမဲ့ နတ်ဘုရားကျင့်စဉ်ကြီး ဖြစ်နေလို့လား။
‘မဖြစ်နိုင်တာ… ဂိုဏ်းချုပ်ဟောင်းရဲ့ မှတ်တမ်းမှာ ဒါက သာမန် ကျန်းမာရေးလေ့ကျင့်ခန်း အမှိုက်စာအုပ်စုတ်ပဲလို့ အသေအချာ ရေးထားတာလေ’
ဖန်ယွမ် တစ်ကိုယ်လုံး လုံးဝ ဝေခွဲမရ ဖြစ်သွားခဲ့ရသည်။ သူ၏ လက်ရှိ ခံစားချက်မှာ ကုမ္ပဏီတစ်ခုကို ဒေဝါလီခံရန် သေချာစွာ ဇာတ်ညွှန်းရေးထားသော်လည်း သရုပ်ဆောင်များက ဇာတ်ညွှန်းအတိုင်း မကပြသည့်အပြင် ဝင်ငွေပါ စံချိန်တင် အောင်မြင်သွားသကဲ့သို့ ခံစားနေရခြင်း ဖြစ်သည်။
‘မဟုတ်သေးဘူး... ငါ အကြောင်းအရင်းကို ဆက်ပြီး ရှာဖွေရမယ်’
"ဟူး..."
ဖန်ယွမ်၏ မျက်ဝန်းများသည် ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်ရှုလိုက်ရာမှ နောက်တောင်ကုန်းရှိ ဝိညာဉ်စွမ်းအင်များ ထူထပ်စွာ လွှမ်းမိုးနေသော သားနားထည်ဝါလှသည့် အဆောက်အအုံများဆီသို့ ရောက်ရှိသွားခဲ့သည်။
ထိုအရာများက... တပည့်အိပ်ဆောင်များ မဟုတ်ပါသလော။
ယခင်က သူသည် သာမန်လူသားတစ်ဦး ဖြစ်သဖြင့် အာရုံခံစားမှု မရှိခဲ့ပေ။ ယခုအခါ နတ်ဝိညာဉ်အဆင့် အင်အားကြီးကျင့်ကြံသူတစ်ဦး ဖြစ်လာချိန်တွင်မူ ထိုအိပ်ဆောင်များကို တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် သူ၏ မျက်လုံးများ ပြာဝေသွားခဲ့ရသည်။
ထိုအိပ်ဆောင်များက ဘယ်လိုဖြစ်နေလို့လဲ။ ထိုအရာများသည် ကြီးမားလှသော ဝိညာဉ်စွမ်းအင် ဝဲဂယက်ကြီးများ ဖြစ်နေကြသည် မဟုတ်ပါသလော။
ဝိညာဉ်စုဆောင်း သစ်သားတိုင်များ... နှစ်တစ်ထောင် ကျောက်စိမ်းနွေး ကြမ်းပြင်များ... အလင်းဖြာ တောက်ပနေသော အမိုးအကာများ... ထူထပ်လှသော ဝိညာဉ်စွမ်းအင်များသည် အဖြူရောင် မြူခိုးများအသွင် ပြောင်းလဲလျက် အိပ်ဆောင်ဝန်းတစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့ကြချေပြီ။
‘အမှုမှန် ပေါ်ပေါက်သွားပြီ’
ဖန်ယွမ်၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာခဲ့ပြီး နောင်တတရားများကြောင့် သူ၏ ရင်ထဲတွင် ဗြောင်းဆန်သွားခဲ့ရသည်။
ယခင်က သူသည် စျေးကြီးသောအရာများကိုသာ အာရုံစိုက်ပြီး ငွေကုန်အောင် သုံးစွဲခဲ့သော်လည်း ကျင့်ကြံခြင်းလောက၏ အခြေခံ သဘောတရားတစ်ခုကိုမူ မေ့လျော့ခဲ့သည်။ စျေးကြီးသောအရာများတွင် အထူးအာနိသင်များ ရှိနေတတ်သည် မဟုတ်ပါသလော။
ဒီတပည့်များသည် နေ့တိုင်း ဝိညာဉ်စွမ်းအင် ပင်လယ်ပြင်ကြီးထဲတွင် အိပ်စက်လျက် သိပ်သည်းလွန်းလှသော ဝိညာဉ်စွမ်းအင်များကို ရှူရှိုက်နေကြခြင်း ဖြစ်သည်။ ဒီလောက်အထိ ထူထပ်လှသော ဝိညာဉ်စွမ်းအင် ပတ်ဝန်းကျင်မျိုးတွင်ဆိုလျှင် ဝက်တစ်ကောင်တောင်မှ နတ်ဝက်အဖြစ် ပြောင်းလဲသွားနိုင်ချေ ရှိပေသည်။
ဖန်ယွမ်သည် သက်ပြင်းကို ပြင်းထန်စွာ ချလိုက်ပြီး သူ၏ ပုံရိပ်မှာ ဝေဝါးသွားခဲ့ကာ တပည့်အိပ်ဆောင်များ၏ ရှေ့တွင် ချက်ချင်း ပေါ်လာခဲ့ပြီး အိပ်ဆောင်တံခါးတစ်ခုကို တိုက်ရိုက် တွန်းဖွင့်လိုက်တော့သည်။
ဝုန်း…
စင်ကြယ်လွန်းလှသော ဝိညာဉ်စွမ်းအင်လှိုင်းတစ်ခုသည် သူ့ထံသို့ တိုးဝှေ့ဝင်ရောက်လာခဲ့သည်။
အခန်းတွင်း၌ ခုတင်ခြောက်ခုကို သေသပ်စွာ ခင်းကျင်းထားပြီး နံရံပေါ်ရှိ ‘ဝိညာဉ်စုဆောင်းအစီအရင်’ မှာလည်း ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များကို အဆက်မပြတ် ဆွဲယူလျက် ဖြည်းညှင်းစွာ လည်ပတ်နေခဲ့သည်။
‘မဖြစ်ဘူး…ဒါက လုံးဝကို မဖြစ်နိုင်ဘူး’
ဖန်ယွမ်၏ မျက်ဝန်းအစုံတွင် ပြတ်သားသော အရောင်အဝါများ ဖြတ်ပြေးသွားခဲ့သည်။
ပြုပြင်ပြောင်းလဲမှု…သေချာပေါက် ပြုပြင်ပြောင်းလဲမှု လုပ်ရမည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် စနစ်က သုံးလအတွင်း ဝိညာဉ်ကျောက်တုံး နှစ်သန်းကို ကုန်အောင် သုံးစွဲရန် အလုပ်အသစ်တစ်ခု ပေးထားသည် မဟုတ်ပါသလော။
ထိုအိပ်ဆောင်များကို ဖျက်ဆီးပစ်ပြီး အသစ်ပြန်လည် တည်ဆောက်ခြင်းက ငွေကုန်စေမည့်အပြင် ဒီကျင့်ကြံခြင်း ပတ်ဝန်းကျင်ဆိုးကြီးကို ဖျက်ဆီးပစ်ရန်အတွက် အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။
အိပ်ဆောင်အသစ်များ ဆောက်လုပ်သည့်အခါ ကျင့်ကြံခြင်းကို အထောက်အကူပြုမည့် မည်သည့် အစီအရင်နှင့် မည်သည့် အဖိုးတန်ပစ္စည်းကိုမျှ လုံးဝ အသုံးမပြုစေရပါ။ မြှားတစ်စင်းတည်းနဲ့ ငှက်နှစ်ကောင်ပစ်ခြင်းပင် ဖြစ်သည်။
ထိုအချိန်တွင် ချန်ကျင်းတောက်... ဟုန်အာနျိုနှင့် အခြားတပည့်များသည်လည်း ကွင်းပြင်မှနေ၍ အလောတကြီး လိုက်ပါလာခဲ့ကြသည်။ ဂိုဏ်းချုပ်က တည်တင်းသော မျက်နှာပေးဖြင့် အိပ်ဆောင်များကို စိုက်ကြည့်နေသည်ကို မြင်တွေ့ရသောအခါ သူတို့အားလုံး ရင်တထိတ်ထိတ် ဖြစ်လာခဲ့ကြရသည်။
"ဂိုဏ်းချုပ်... အိပ်ဆောင်တွေမှာ တစ်ခုခု ပြဿနာရှိလို့လား" ချန်ကျင်းတောက်က သတိထားကာ မေးလိုက်သည်။
ဖန်ယွမ် လှည့်ကြည့်လိုက်ပြီး ထိုသားနားလှသော ခြောက်ယောက်ခန်းကို လက်ညှိုးထိုးပြလျက် အလွန်အမင်း စိတ်ပျက်အားလျော့နေသော မျက်နှာပေးဖြင့် ပြောလိုက်သည်။
"ဒါက တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ"
"လူခြောက်ယောက်က အခန်းတစ်ခန်းထဲမှာ စုပြုံနေကြတာ ဘယ်လိုလုပ်ပြီး စနစ်တကျ ရှိမှာလဲ"
"ကျင့်ကြံသူတွေဆိုတာ တိတ်ဆိတ်ခြင်း... ဆိတ်ငြိမ်ခြင်းနဲ့ မိမိဘာသာ လွတ်လပ်စွာ တွေးတောဆင်ခြင်ခြင်းကို အဓိကထားရတာ"
"မင်းတို့ ခြောက်ယောက်က အတူတူ စုပြုံအိပ်ပြီး ညဘက်ကျရင် ဟောက်တဲ့သူကဟောက်... သွားကြိတ်တဲ့သူကကြိတ်... လေလည်တဲ့သူကလည်နဲ့... ဒီလိုပတ်ဝန်းကျင်မှာ မင်းတို့က ဘယ်လိုလုပ် စိတ်အေးချမ်းမှုကို ရှာဖွေနိုင်မှာလဲ။ မဟာလမ်းစဉ်ကို ဘယ်လိုလုပ်ပြီး ဆင်ခြင်နိုင်မှာလဲ"
"..." တပည့်အားလုံး ခေတ္တမျှ ဆွံ့အသွားခဲ့ကြရသည်။ စင်စစ်အားဖြင့် သူတို့သည် အတူတူ နေထိုင်ရခြင်းကို အလွန် သဘောကျနေကြခြင်း ဖြစ်သည်။
တပည့်များထဲမှ လယ်သမားဘဝမှ လာသော ဝမ်အာကော်က ခေါင်းကို ကုတ်လျက် ရိုးသားစွာဖြင့် "ဂိုဏ်းချုပ်... မကျဉ်းပါဘူး" ဟု ပြောလိုက်သည်။
"ကျွန်တော်တို့အားလုံးက တော်တော်လေး ကျယ်ဝန်းတယ်လို့ ထင်ကြပါတယ် အတူတူ နေထိုင်ရတော့ ကျင့်ကြံခြင်း အတွေ့အကြုံတွေကို ဆွေးနွေးလို့ရတာပေါ့။ တကယ်လို့ တစ်ယောက်ယောက်က နားမလည်တာရှိရင် အစ်ကိုအာနျိုနဲ့ အစ်ကိုကျင်းတောက်တို့က အချိန်မရွေး လမ်းညွှန်ပေးလို့ရတယ် ဒါကြောင့်လည်း ကျွန်တော်တို့ အရှိန်အဟုန်နဲ့ တိုးတက်လာကြတာပါ"
ဒီစကားကို ကြားလိုက်ရသောအခါ ဖန်ယွမ်၏ သွေးတိုးနှုန်းမှာ ချက်ချင်း မြင့်တက်သွားခဲ့ရသည်။
‘မင်းတို့ အချင်းချင်း ဆွေးနွေးကြမှာကိုပဲ ငါက အကြောက်ဆုံး’
‘မင်းတို့ အချင်းချင်း ကူညီကြမှာကိုပဲ ငါက အကြောက်ဆုံး’
‘မင်းတို့ တိုးတက်လာမှာကိုပဲ ငါက အကြောက်ဆုံး။
တကယ်လို့ မင်းတို့အားလုံးသာ အပျော်အပါးမက်ပြီး ပျင်းရိနေကြမယ်ဆိုရင် ငါက လေဟာနယ်အဆင့်ကို ဖောက်ထွက်ပြီး ဘလူးစတားကမ္ဘာကို စောစီးစွာ ပြန်သွားနိုင်ခဲ့ပြီ ဖြစ်သည်။8
ဖန်ယွမ်သည် ဝမ်အာကော်ကို စူးစိုက်ကြည့်လိုက်ပြီး လေးနက်သော မျက်နှာပေးဖြင့် “အချင်းချင်း ဆွေးနွေးတာ ဟုတ်လား…အဲဒါက မှီခိုအားထားမှုပဲ…အဲဒါက အားနည်းချက်ပဲ" ဟု ပြောလိုက်သည်။
"စစ်မှန်တဲ့ အင်အားကြီး ပုဂ္ဂိုလ်တွေဟာ အမြဲတမ်း တစ်ကိုယ်တည်း ဆိတ်ငြိမ်စွာ နေထိုင်ကြတာ"
"ငါ့ကို ကြည့်စမ်း ငါက ပုံမှန်အချိန်မှာ ငါ့ရဲ့ ဂူထဲမှာ တစ်ကိုယ်တည်း နေထိုင်တာ မဟုတ်ဘူးလား တကယ်လို့ ငါက နေ့တိုင်း လူတွေနဲ့ စုပြုံနေထိုင်ခဲ့ရင်... ယနေ့မှာ ဒီလိုကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိနိုင်ပါ့မလား"
နတ်ဝိညာဉ်အဆင့်သို့ ဖောက်ထွက်အောင်မြင်ထားပြီး လောကကြီးကို တုန်ခါစေနိုင်သော ဖိအားများကို ထုတ်လွှတ်နေသည့် ဖန်ယွမ်ကို ကြည့်ကာ လူတိုင်း ထပ်မံ၍ ဆွံ့အသွားခဲ့ကြရပြန်သည်။
ဂိုဏ်းချုပ်ပြောတာ... တော်တော်လေးကို ယုတ္တိရှိနေသလိုပဲ ဟုတ်လား။
အခြေအနေကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း မြင်တွေ့ရသောအခါ ဖန်ယွမ်သည် အခွင့်ကောင်းကို အရယူလျက် ဝတ်ရုံလက်စွပ်ကို ခါယမ်းကာ ဆုံးဖြတ်ချက်အသစ်ကို ကြေညာလိုက်တော့သည်။
"ဒီနေ့ကစပြီး... အားလုံး ကျင့်ကြံခြင်းကို ခဏ ရပ်ဆိုင်းလိုက်ကြ"
"ဒီတပည့်အိပ်ဆောင်တွေကို ငါ့အတွက် ဖျက်ဆီးပစ်ကြစမ်း"
"အကုန်လုံးကို ဖြိုချပစ်လိုက် အသစ်ပြန်ဆောက်မယ်"
"လူတိုင်းက သီးသန့် တစ်ယောက်ခန်းတွေမှာပဲ နေထိုင်ရမယ်… ကြီးမားရမယ်…ကျယ်ဝန်းရမယ်…ပြီးတော့... အသံလုံရမယ်"
မင်းတို့ကို တစ်ယောက်ချင်းစီ ခွဲထုတ်ပစ်ပြီး အုပ်စုဖွဲ့လို့ မရအောင် ပြုလုပ်ကာ ‘ဝိညာဉ်စုဆောင်းအစီအရင်’ ရဲ့ အာနိသင်လည်း မရှိတော့တဲ့အခါ... မင်းတို့တွေ ဘယ်လို ဆက်ပြီး ကျင့်ကြံကြမလဲဆိုတာ ငါ စောင့်ကြည့်ရသေးတာပေါ့။
ထိုစကား ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ကွင်းပြင်တစ်ခုလုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ရသည်။
"ဖြို... ဖြိုချပစ်မယ် ဟုတ်လား"
လင်းမြောင်မြောင်သည် သူမ တစ်လခရီးမျှသာ နေထိုင်ခဲ့ရသေးသော သူမ၏ သန့်ရှင်းနွေးထွေးလှသည့် အသိုက်အမြုံလေးကို ကြည့်ကာ မျက်ဝန်းအစုံ နီမြန်းလာခဲ့ရရှာသည်။ ဒီလောက် ကောင်းမွန်လှသောအိမ်ကို အဘယ်ကြောင့် ဖြိုချပစ်ရမှာလဲ။ ဒါက သူမ၏ အိမ်အသစ်လေးလေ...
အခြားသော တပည့်များသည်လည်း ဝေခွဲမရ ဖြစ်လျက် နှမြောတသ ဖြစ်နေကြသည်။
ဒီအရာများသည် ဝိညာဉ်စုဆောင်း သစ်သားများ ဖြစ်ကြသည် ဒီလို ဖြိုချဖျက်ဆီးပြီး အသစ်ပြန်လည် တည်ဆောက်ခြင်းကြောင့် လူအင်အားနှင့် ပစ္စည်းအင်အား မည်မျှအထိ လေလွင့်ဆုံးရှုံးသွားလိမ့်မည်နည်း။
"ဂိုဏ်းချုပ်... ဒါက အရမ်း ဖြုန်းတီးမှု ရောက်လွန်းရာ မကျဘူးလား"
"ဟုတ်ပါတယ်... ကျွန်တော်တို့က ကျဉ်းတာကို စိတ်မရှိပါဘူး..."
ဖန်ယွမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လူတိုင်း၏ ဆွေးနွေးမှုများကို ဖြတ်တောက်ပစ်လိုက်သည်။
"ဖြုန်းတီးတာ ဟုတ်လား ငါတို့ ချုံးရှင်းဂိုဏ်းက အဲဒီငွေအနည်းငယ်ကို နှမြောနေမှာတဲ့လား"
"ငါက မင်းတို့ကို အကောင်းဆုံးအရာတွေပဲ ပေးချင်တာ တစ်ယောက်ခန်း သေချာပေါက် တစ်ယောက်ခန်းပဲ ဖြစ်ရမယ်"
"ဒါက အမိန့်ပဲ"
စကားပြောပြီးနောက် ဖန်ယွမ်သည် လူတိုင်း၏ တုံ့ပြန်မှုများကို ဂရုမစိုက်ဘဲ ပြတ်သားသော ကျောပြင်ကိုသာ ချန်ရစ်လျက် တိုက်ရိုက် လှည့်ထွက်သွားခဲ့တော့သည်။
လေ့ကျင့်ရေး ကွင်းပြင်ထက်ရှိ အခြေအနေမှာ အနည်းငယ် တိတ်ဆိတ်အုံ့မှိုင်းသွားခဲ့ရသည်။ လူတိုင်းသည် ဖြိုချဖျက်ဆီးခြင်း ခံရတော့မည့် လှပလှသော အဆောက်အအုံများကို ကြည့်ကာ စိတ်မကောင်း ဖြစ်နေကြရှာသည်။
ထိုအချိန်တွင်... တိတ်ဆိတ်နေခဲ့သော ချန်ကျင်းတောက်သည် ရုတ်တရက် ခေါင်းကို မော့လိုက်ပြီး သူ၏ မျက်ဝန်းအစုံတွင် မကြုံစဖူး ထူးခြားသော အလင်းရောင်များ တောက်ပလာခဲ့သည်။ သူ၏ လက်များ တုန်ရင်လျက် ဖန်ယွမ် ထွက်ခွာသွားရာ အရပ်ဆီသို့ လက်ညှိုးထိုးကာ စိတ်လှုပ်ရှားမှုကြောင့် အသံများပင် တုန်ရင်လျက် အော်ပြောလိုက်သည်။
"ကျွန်တော် နားလည်သွားပြီ..."
"ကျွန်တော် ထပ်ပြီး နားလည်သွားပြီ"
လူတိုင်း၏ မျက်ဝန်းများသည် သူ့ထံသို့ ချက်ချင်း ရောက်ရှိသွားခဲ့ကြသည်။
"အစ်ကိုကျင်းတောက်... ဒီတစ်ကြိမ်မှာ ရော ဘာကို နားလည်သွားတာလဲ" ဝမ်အာကော်က အလောတကြီး မေးလိုက်သည်။
ချန်ကျင်းတောက်သည် သက်ပြင်းကို ပြင်းထန်စွာ ချလိုက်ပြီး သူ၏ မျက်နှာတွင် ကြည်ညိုလေးစားမှု အပြည့်ဖြင့် ပြောလိုက်သည်။
"အားလုံးပဲ... မင်းတို့က အပြင်ပန်းကိုပဲ မြင်ပြီး ဂိုဏ်းချုပ်ရဲ့ ကြီးမားလှတဲ့ စေတနာနဲ့ ကြိုးပမ်းမှုတွေကို မမြင်ကြဘူး"
"ဂိုဏ်းချုပ်က ‘ဝိညာဉ်စုဆောင်းအစီအရင်’ တွေ လွှမ်းမိုးနေတဲ့ ဒီခြောက်ယောက်ခန်းတွေကို ဘာလို့ ဖြိုချခိုင်းတာလဲ"
"သူက ငါတို့ကို ဘာလို့ တစ်ယောက်ခန်းတွေမှာပဲ နေခိုင်းတာလဲ"
"ဒါက တကယ်ပဲ ပိုက်ဆံဖြုန်းချင်ရုံ သက်သက်လား"
ချန်ကျင်းတောက်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး အားရပါးရ ဆက်ပြောလိုက်သည်။ "မှားတယ်... လုံးဝကို မှားယွင်းနေတာ"
"ဂိုဏ်းချုပ်က ငါတို့ရဲ့ မှီခိုအားထားတတ်တဲ့ စိတ်ဓာတ်တွေကို ဖြတ်တောက်ခိုင်းနေတာဗျ"
"အရင်က ခြောက်ယောက်ခန်းတွေထဲမှာ ဝိညာဉ်စွမ်းအင်တွေ ထူထပ်နေပေမယ့်လည်း... အဲဒါက ငါတို့ကို ပျင်းရိစေတယ် ပြင်ပအရာတွေနဲ့ အခန်းဖော် တပည့်တွေအပေါ် မှီခိုအားထားတဲ့ အကျင့်ကို ဖြစ်ပေါ်စေတယ်"
"ပြီးတော့ တစ်ယောက်ခန်း ဆိုတာက ဆိတ်ငြိမ်မှုရဲ့ သံလှောင်အိမ် ဖြစ်သလို... လမ်းစဉ်နှလုံးသားကို သန့်စင်ပေးမယ့် မီးဖိုကြီးတစ်ခုလည်း ဖြစ်တယ်"
"ဂိုဏ်းချုပ်က ငါတို့ကို ဆိတ်ငြိမ်မှုတွေကြားထဲမှာ မိမိရဲ့ စစ်မှန်တဲ့ နှလုံးသားကို ရင်ဆိုင်စေချင်တာ တခြားသူတွေရဲ့ နှောင့်ယှက်မှု မရှိတဲ့ တိတ်ဆိတ်ခြင်းကြားထဲမှာ... မိမိနဲ့ စစ်မှန်စွာ ကိုက်ညီမယ့် မဟာလမ်းစဉ်ကို ဆင်ခြင်စေချင်တာပဲ"
"ဒါက အိမ်ဆောက်တာ မဟုတ်ဘူး... ဒါက ငါတို့တစ်ယောက်ချင်းစီအတွက် သီးသန့် ကျင့်နိုင်မယ့် 'လမ်းစဉ်ကျင့်ကြံရာနေရာ' တွေကို ဖန်တီးပေးနေတာ"
ဝုန်း…
ချန်ကျင်းတောက်၏ စကားများသည် လူတိုင်း၏ ဦးနှောက်အတွင်း၌ မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသွားခဲ့ရသည်။
ယခင်က ရှိနေခဲ့သော သံသယများ... နှမြောတသမှုများနှင့် စိတ်မကောင်းဖြစ်မှုများသည် ယခုအချိန်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။ ထိုအရာများ၏ အစားထွက်ပေါ်လာသည်မှာ... အရူးအမူး သိရှိနားလည်သွားခြင်းပင် ဖြစ်ပေတော့သည်။
ဟုန်အာနျိုသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ၏ မျက်ဝန်းအစုံတွင် မီးတောက်များကဲ့သို့ တောက်ပလှသော အလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။
"ဒါကြောင့်ကိုး... အင်အားကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်ဖို့ဆိုရင် အရင်ဆုံး ဆိတ်ငြိမ်မှုကို ခံစားတတ်ရမယ် ဂိုဏ်းချုပ်ရဲ့ ရည်ရွယ်ချက်က တကယ့်ကို နက်နဲလွန်းလှပါတယ်"
လင်းမြောင်မြောင်သည် မျက်ရည်များကို သုတ်လိုက်ပြီး ခေါင်းကို ပြင်းထန်စွာ ညိတ်လိုက်သည်။ "ဂိုဏ်းချုပ်ရဲ့ စေတနာကို အပျက်စီးမခံဖို့အတွက်... ကျွန်မ... ကျွန်မ တစ်ယောက်ခန်းမှာ နေဖို့ သဘောတူပါတယ်"
"ဖြိုချကြ…အခုချက်ချင်း ဖြိုချကြစမ်း"
"ဂိုဏ်းချုပ်ရဲ့ အမိန့်ကို နာခံပြီး... လမ်းစဉ်ကျင့်ကြံရာ နေရာတွေကို အသစ်ပြန်ဆောက်ကြစို့"
ခဏမျှအတွင်းမှာပင် ချုံးရှင်းဂိုဏ်းတစ်ခုလုံးသည် တစ်ကျော့ပြန်၍ အလွန်အမင်း စည်ကားသိုက်မြိုက်လာခဲ့ပြန်သည်။
တပည့်အားလုံးသည် စိတ်အားထက်သန်မှု အပြည့်ဖြင့် လွန်ခဲ့သော တစ်လကမှ ဆောက်လုပ်ထားခဲ့သော အိပ်ဆောင်များဆီသို့ အလောတကြီး ပြေးလွှားသွားခဲ့ကြတော့သည်။
သူ၏ သီးသန့်ဂူသို့ ပြန်လည်ရောက်ရှိလာသောအခါ ဖန်ယွမ်သည် ခုတင်ထက်တွင် လှဲလျောင်းလိုက်ပြီး သူ၏ ဝတ်ရုံအတွင်းမှ နွေးထွေးလှသော ‘အသံလွှင့်ကျောက်တုံး’ ကို ထုတ်ယူလိုက်သည်။ သူသည် ဝိညာဉ်စွမ်းအင်များကို ထည့်သွင်းလိုက်ရာ အသံလွှင့်ကျောက်တုံးမှ မှိန်ပျော့သော အလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။
"ဟယ်လို... ဆိုင်တာ၀န်ခံလျို လား"
ဟယ်လို…ကဘာလဲ…ခဏ ကြောင်သွားပြီးမှ အခြားတစ်ဖက်မှ လျိုထောင်အာ၏ အရိုးပျော်လုမတတ် ချိုသာလှသောအသံလေး ထွက်ပေါ်လာခဲ့ပြီး အံ့ဩခြင်းများ ပါဝင်နေသည်။
"ဂိုဏ်းချုပ်ဖန်... ရှင်က နောက်ဆုံးတော့ ထောင်အာကို သတိရလာခဲ့ပြီပေါ့နော်…တစ်ခုခု လိုအပ်လို့လားရှင်"
ဖန်ယွမ်သည် သူမ၏ နွဲ့နှောင်းလှသော အသံကို စိတ်ထဲမှ အလိုအလျောက် ပယ်ဖျက်လိုက်ပြီး အဓိက အကြောင်းအရာသို့ တိုက်ရိုက် ဝင်ရောက်လိုက်သည်။
"စကားမရှည်နဲ့တော့... မင်းအတွက် ကြီးမားတဲ့ စီးပွားရေးတစ်ခု ရှိတယ်"
"ငါ တပည့်အိပ်ဆောင်တွေကို အသစ်ပြန်ပြီး တည်ဆောက်ချင်လို့"
ဟုန်ဝူမြို့ရှိ ထျန်ပေါင်အဆောက်အအုံ အတွင်း၌မူ... လျိုထောင်အာ၏ မျက်နှာတွင် မေးခွန်းထုတ်စရာ အမှတ်အသားများဖြင့် ပြည့်နှက်သွားခဲ့ရသည်။
‘ဒါက မဟုတ်သေးပါဘူး.. ဒီသူဌေးကြီး ဂိုဏ်းချုပ်ဖန်က လွန်ခဲ့တဲ့ တစ်လကတင် ဂိုဏ်းတစ်ခုလုံးကို အသစ်ပြင်ဆင်ပြီး တပည့်အိပ်ဆောင်တွေကို ဆောက်လုပ်ခဲ့တာ မဟုတ်ဘူးလား ဘာလို့ ရုတ်တရက်ကြီး အသစ်ပြန်ဆောက်ချင်ရတာလဲ’
‘ဒါမှမဟုတ်... သူက အရင်ပစ္စည်းတွေက မကောင်းဘူးလို့ ခံစားရလို့လား…ဒါပေမဲ့ အဲဒါတွေက ဟုန်ဝူမြို့မှာ ရနိုင်သမျှ အကောင်းဆုံး အဖိုးတန်ပစ္စည်းတွေလေ...’