ရွှေရောင်အလင်းတန်းများ ကွယ်ပျောက်သွားသောအခါ လူတစ်ဖက်စာမက ကြီးမားထွားကျိုင်းလှသော သစ်လုံးကြီးပေါင်း ဒါဇင်များစွာသည် လေ့ကျင့်ရေးကွင်းပြင်ထက်တွင် ငြိမ်သက်စွာ လှဲလျောင်းနေကြသည်။
သစ်သားအကြောများကြားတွင် ဝိညာဉ်စွမ်းအင်များသည် ရေကဲ့သို့ စီးဆင်းနေပြီး အသက်ရှူလိုက်တိုင်း လန်းဆန်းစေသော စွမ်းအင်များ မိမိတို့ထံ တိုးဝှေ့လာသည်ကို ခံစားရစေသည်။
ဆရာကြီးလုသည် တုန်ရင်နေသော လက်များဖြင့် သစ်သားကို ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။
"ဝိညာဉ်စုဆောင်း ရွှေမျှင်နန်းမုသစ်သား... ဒါ တကယ့်ကို ဝိညာဉ်စုဆောင်း ရွှေမျှင်နန်းမုသစ်သားပဲ"
ရတနာအမြောက်အမြားကို မြင်ဖူးခဲ့သော လက်သမားဆရာကြီး၏ အသံမှာ ယခုအချိန်တွင် အနည်းငယ် တုန်ရင်နေချေပြီ။
"ဒီသစ်သားက ရင့်ကျက်ဖို့ နှစ်ပေါင်းရာချီ ကြာမြင့်သလို ဝိညာဉ်စွမ်းအင်တွေ စုဆောင်းဖို့လည်း နှစ်ပေါင်းထောင်ချီ ကြာမြင့်တာ… ပုံမှန်ဆိုရင် 'ရွှေအမြုတေ' အဆင့် ကျင့်ကြံသူတွေကပဲ သီးသန့်ကျင့်ကြံတဲ့ အခန်းဆောက်ဖို့ သစ်လုံးအနည်းငယ်ကို သုံးကြတာ။l… ဂိုဏ်းချုပ်ဖန်ကတော့... ဒါတွေကို ထုတ်တန်းတွေနဲ့ အဓိက တိုင်မကြီးတွေအဖြစ် သုံးဖို့ လုပ်နေတယ် ဟုတ်လား"
"ဘာ... ရွှေအမြုတေအဆင့် ဆရာကြီးတွေ သုံးတဲ့ ပစ္စည်း ဟုတ်လား"
လူအုပ်ကြီးထဲတွင် ဟုန်အာနျိုသည် ထိုသစ်ပုံကြီးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး သူ၏ မျက်ဝန်းအစုံမှာ ကျုံ့သွားခဲ့ရသည်။ သူသည် ယခင်ဂိုဏ်းတွင် ဆယ်နှစ်ကြာ နေထိုင်ခဲ့ဖူးပြီး သူမြင်ဖူးသမျှ အကောင်းဆုံးသစ်သားမှာ နှစ်ရာချီ သက်တမ်းရှိသော သံသစ်သားသာ ဖြစ်ပြီး ထိုသံသစ်သားကို အတွင်းစည်းအကြီးအကဲများ သူတို့၏ ဂူဗိမာန်များကို ပြုပြင်ရန်အတွက်သာ သုံးစွဲကြခြင်း ဖြစ်သည်။
ဒါဆို အပြင်စည်းတပည့်များနှင့် အလုပ်ကြမ်းတပည့်များကကော။
သူတို့သည် လေတိုက်လျှင် လွင့်မတတ် သက်ငယ်မိုး အိမ်အိုလေးများတွင် နေထိုင်ကြရပြီး မှိုတက်နေသော သစ်သားပျဉ်ပြားဟောင်းများပေါ်တွင် အိပ်စက်ကြရခြင်း ဖြစ်သည်။
သို့သော်လည်း ဂိုဏ်းချုပ်ဖန်ကမူ သူတို့အတွက် အိပ်ဆောင်များ ဆောက်လုပ်ရန် ဒီလို ရတနာများကို သုံးစွဲနေခြင်း ဖြစ်သည်။
"ဂိုဏ်းချုပ်... ဂိုဏ်းချုပ်ရဲ့ သဘောထားက တကယ့်ကို ကြီးမြတ်လွန်းပါတယ်"
ချန်ကျင်းတောက်သည် စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံး တုန်ရင်နေခဲ့ပြီး သူ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲလာခဲ့တော့သည်။ "ဂိုဏ်းချုပ်က ငါတို့ရဲ့ လမ်းစဉ်နှလုံးသားကို ပျိုးထောင်ပေးဖို့ အကောင်းဆုံး ပတ်ဝန်းကျင်ကို ဖန်တီးပေးနေတာပဲ"
ဆရာကြီးလုသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး တောင်လမ်းမအဆုံးတွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော အဖြူရောင် ဝတ်ရုံပိုင်ရှင်၏ နောက်ကျောကို လှမ်းကြည့်လျက် ရိုသေစွာ ဦးညွှတ်လိုက်သည်။
"ငါ အသက်နှစ်ရာကျော် နေထိုင်လာခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ တပည့်တွေအပေါ် ဒီလောက်အထိ သဘောထားကြီးတဲ့ ဂိုဏ်းချုပ်မျိုး တစ်ခါမှ မမြင်ဖူးဘူး…မောင်ရင်တို့... ဂိုဏ်းချုပ်ဖန်မှာ ဒီလို စေတနာမျိုး ရှိနေမှတော့ ငါတို့ ထျန်ကုန်းဂိုဏ်းကလည်း အစွမ်းကုန် ကြိုးစားပေးမှာ ဖြစ်ပြီး ဒီပစ္စည်းတွေကို တစ်စက်ကလေးမှ အလဟဿ မဖြစ်စေရဘူး"
"အလုပ်စကြစို့"
ဆရာကြီးလု၏ အမိန့်ပေးမှုနှင့်အတူ သက်ကြီး လက်သမားဆရာ အယောက်နှစ်ဆယ်သည် တပြိုင်နက်တည်း အလုပ်စတင်ကြတော့သည်။
တပည့်သစ်များသည်လည်း စိတ်ဓာတ်များ အဆမတန် တက်ကြွလာခဲ့ကြသည်။
"မြန်မြန်လုပ်ကြစို့… ဆရာကြီးတွေကို မပင်ပန်းစေနဲ့... ကျောက်တုံးတွေ သယ်တဲ့ အလုပ်ကြမ်းတွေကို ငါတို့ပဲ တာဝန်ယူမယ်"
"ဒါက ငါတို့ နေရမယ့် အိမ်တွေကို ဆောက်နေတာလေ…အားလုံးပဲ အားစိုက်ထုတ်ကြစမ်း"
ဟုန်အာနျို သည် ပိဿာရာချီ လေးလံသော ဝိညာဉ်သံကျောက်တုံးကြီးကို မလျက် မျက်နှာတစ်ခုလုံး နီမြန်းနေသော်လည်း သူ၏ ခြေလှမ်းများမှာမူ လေကဲ့သို့ မြန်ဆန်နေခဲ့သည်။
လင်းမြောင်မြောင်သည်လည်း သူမ၏ သေးငယ်သော ခန္ဓာကိုယ်လေးဖြင့် ဝိညာဉ်မြေဆီလွှာ ခြင်းတောင်းကို သယ်ပိုးနေရှာသည်။ ချွေးမြေကျမတတ် ပင်ပန်းနေသော်လည်း သူမ၏ မျက်နှာထက်တွင်မူ ချိုသာသော အပြုံးလေးတစ်ခု ရှိနေခဲ့သည်။
ချုံးရှင်းဂိုဏ်းတစ်ခုလုံးသည် တက်ကြွလှုပ်ရှားမှုများဖြင့် ပြည့်နှက်နေတော့သည်။
ဆရာကြီးလုသည် ဒီမြင်ကွင်းကို ကြည့်ကာ သူ၏ မုတ်ဆိတ်မွေးကို သပ်ရင်း သက်ပြင်းချလိုက်မိသည်။
"ငါ လောကအနှံ့ နှစ်ပေါင်းရာချီ ကျင်လည်ခဲ့ပေမဲ့ ဒီလောက်အထိ စည်းလုံးညီညွတ်မှု ရှိတဲ့ဂိုဏ်းမျိုး တစ်ခါမှ မမြင်ဖူးဘူး…ဒီဂိုဏ်းကတော့ နောင်တစ်ချိန်မှာ သေချာပေါက် အထွတ်အထိပ် ရောက်မှာပဲ"
သေချာတာပေါ့... တကယ်လို့ ဖန်ယွမ်သာ ဒီနေရာမှာ ရှိနေရင် "ဒီအဖိုးကြီး... ငါ့ကို သေအောင် ကျိန်ဆဲနေတာလား" ဟု ဒေါသတကြီး ဆဲဆိုမိပေလိမ့်မည်။
တစ်လအကြာတွင်...
ချုံးရှင်းဂိုဏ်းသည် အသွင်အပြင်သစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။
မူလက ပျက်စီးယိုယွင်းနေသော ဂိုဏ်း၏ တောင်ပံတံခါးဝတွင် ယခုအခါ ကြီးမားလှသော ကျောက်စိမ်းဖြူတိုင်ကြီး နှစ်တိုင်ဖြင့် ထောက်ကန်ထားပြီး... အပေါ်ထက်ရှိ "ချုံးရှင်းဂိုဏ်း" ဟူသော စာလုံးကြီး သုံးလုံးပါ ဆိုင်းဘုတ်မှာလည်း နဂါးတစ်ကောင် ဝဲပျံနေသကဲ့သို့ ခန့်ညားလှပြီး လမ်းစဉ်၏ အရှိန်အဝါများ မှိန်ပျော့စွာ ထွက်ပေါ်နေသည်။
အဓိက ခန်းမဆောင်ကြီးများသည် သူတို့၏ ရှေးဟောင်းအလှတရားကို ထိန်းသိမ်းထားဆဲ ဖြစ်သော်လည်း ပြိုပျက်နေသော နံရံဟောင်းများ လုံးဝမရှိတော့ဘဲ ခိုင်ခံ့လှသော ကျောက်ပြားများနှင့် ဖန်စီအုတ်ကြွပ်မိုးအသစ်များဖြင့် အစားထိုးထားပြီး ဖြစ်သည်။
နောက်တောင်ကုန်း၏ ကုန်းစောင်းထက်တွင်မူ ခမ်းနားထည်ဝါလှသော သုံးထပ်အဆောက်အအုံ အချို့သည် မြေပြင်မှ ထိုးထွက်လျက် တည်ရှိနေကြသည်။
ထိုအဆောက်အအုံများသည် အသစ်စက်စက် တည်ဆောက်ပြီးစီးသွားခဲ့သော ချုံးရှင်းဂိုဏ်း၏ တပည့်အဆောင်များ ဖြစ်ကြသည်။
အဆောက်အအုံ တစ်ခုလုံးကို 'ဝိညာဉ်စုဆောင်း ရွှေမျှင်နန်းမုသစ်သား' ဖြင့် တည်ဆောက်ထားပြီး ကြမ်းပြင်များကိုမူ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိ နွေးထွေးသော ကျောက်စိမ်းများ ခင်းကျင်းထားကာ အမိုးများကိုလည်း ရောင်စုံဖန်စီအုတ်ကြွပ်များ မိုးထားခြင်း ဖြစ်သည်။ ဝေးကွာသော နေရာမှ လှမ်းကြည့်လျှင် ဝိညာဉ်စွမ်းအင်များသည် နတ်ဘုရားနန်းတော်တစ်ခုကဲ့သို့ အဆောက်အအုံကို ဝေ့ဝဲရစ်ခွေနေကြသည်။
"ဒါ... ဒါက ငါတို့ နေရမယ့်နေရာ တကယ်ပဲလား"
တပည့်တစ်ဦးသည် တံခါးဝတွင် ရပ်လျက် ခေတ္တမျှ ကြောင်အမ်းအမ်း ဖြစ်နေမိသည်။
ဒါကြီးက အလွန်အမင်း ထည်ဝါလွန်းလှသည်။ ထိုအရာသည် အိပ်ဆောင်တစ်ခု မဟုတ်ဘဲ သာမန်လူသားကမ္ဘာ၏ နန်းတော်များထက်ပင် အဆပေါင်း ရာချီ၍ ပိုမို သားနားနေချေပြီ။ အခန်းတစ်ခန်းတွင် လူခြောက်ယောက် အတူတူ နေထိုင်ရသည် ဆိုသော်လည်း အလွန်ပင် ကောင်းမွန်လှပေသည်။
"ဘာတွေ ကြောင်နေတာလဲ... ဝင်ခဲ့လေ" အခန်းဖော်တစ်ဦးက သူ့ကို အတွင်းသို့ ဆွဲခေါ်သွားခဲ့သည်။
သူတို့ အခန်းအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် တပြိုင်နက် သိပ်သည်းလှသော ဝိညာဉ်စွမ်းအင် လှိုင်းဂယက်ကြီးသည် သူတို့ကို ချက်ချင်း လွှမ်းခြုံသွားခဲ့တော့သည်။ ထိုတပည့်သည် သူ၏ တစ်ကိုယ်လုံး တုန်ရင်သွားသကဲ့သို့ ခံစားလိုက်ရပြီး ချွေးပေါက်များ ပွင့်ထွက်သွားကာ ခန္ဓာကိုယ်ထဲတွင် မကျင့်ကြံရသေးသော စွမ်းအင်များပင် လည်ပတ်ချင်သလို ဖြစ်လာခဲ့ရသည်။
အခြားသော အိပ်ဆောင်တစ်ခုတွင်မူ ချန်ကျင်းတောက်သည် နံရံထက်ရှိ ဆန်းကြယ်သော အစီအရင် အင်းကွက်များကို ပွတ်သပ်ရင်း မျက်ဝန်းများ နီမြန်းလာခဲ့ရသည်။
"ဝိညာဉ်စုဆောင်းအစီအရင်... အိပ်ဆောင်တိုင်းမှာ သီးသန့် ဝိညာဉ်စုဆောင်းအစီအရင်တွေ ထုဆစ်ပေးထားတာပဲ ဒါက တကယ့်ကို အလွန်အမင်း ဖြုန်းတီးလွန်းရာ ရောက်နေပြီ..."
သူနှင့် တစ်ခန်းတည်း နေထိုင်သော ဟုန်အာနျို၏ တည်ကြည်လှသော မျက်နှာထက်တွင်လည်း စိတ်လှုပ်ရှားမှုများ ထင်ဟပ်နေသည်။
"အခြားဂိုဏ်းတွေမှာဆိုရင် အမာခံ တပည့်တွေပဲ ကျင့်ကြံဖို့အတွက် ဝိညာဉ်စုဆောင်းအစီအရင်ကို သုံးခွင့်ရှိတာ... ဒါပေမဲ့ ငါတို့ကတော့ ဝိညာဉ်စုဆောင်းအစီအရင်ထဲမှာ အိပ်စက်ခွင့် ရနေကြပြီ..."
အမျိုးသမီး အိပ်ဆောင်ဘက်တွင်မူ တစ်လအတွင်း ဝိညာဉ်သားရဲအသားကို အဓိက စားသောက်ခဲ့ရသဖြင့် ပိန်လှီခြင်း မရှိတော့ဘဲ ကျန်းမာစပြုလာသော လင်းမြောင်မြောင်သည် အိပ်ဆောင်တံခါးဝတွင် ရပ်လျက် သူမ၏ ဝတ်စုံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကာ အတွင်းသို့ မဝင်ရဲဘဲ ဖြစ်နေရှာသည်။
ယွဲ့လင် လာရောက် စစ်ဆေးသည့်အချိန်ကျမှသာ သူမကို အိပ်ဆောင်အတွင်းသို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
"ဝင်ပါ... ငါတို့အားလုံးက မိသားစုတွေပဲဟာကို ဘာလို့ အားနာနေရတာလဲ"
စီနီယာအမ ယွဲ့လင်၏ စကားကို ကြားလိုက်ရသောအခါ လင်းမြောင်မြောင်၏ မျက်ရည်များ ချက်ချင်း စီးကျလာခဲ့တော့သည်။
ဟုတ်ပေသည်... သူမသည် အဖေမရှိ အမေမရှိသော မိဘမဲ့ကလေးတစ်ဦး သို့မဟုတ် စားစရာမရှိသော ဒုက္ခသည်တစ်ဦး မဟုတ်တော့ပေ။ ယခုအခါ သူမတွင် နေထိုင်ရာ နေရာတစ်ခုနှင့် အိမ်အသစ်တစ်ခု ရှိခဲ့ပြီဖြစ်ကာ ဒါကတော့ ချုံးရှင်းဂိုဏ်း ဖြစ်ပေသည်။
ယွဲ့လင်သည် ရှုပ်ထွေးလှသော မျက်နှာအမူအရာဖြင့် ဘေးတွင် မတ်တပ်ရပ်နေခဲ့သည်။
လွန်ခဲ့သော တစ်လအတွင်း သူမသည် ဝိညာဉ်ကျောက်တုံး သိန်းပေါင်းများစွာကို ရေကဲ့သို့ ထွက်ခွာသွားသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။
နှမြောသလား ဆိုတော့…သူမ၏ နှလုံးသားတစ်ခုလုံး သွေးထွက်မတတ် နှမြောလှပေသည်…သို့သော်လည်း ထိုတပည့်များ၏ တန်ဖိုးထားပြီး ဂရုတစိုက် ရှိလှသော မျက်နှာအမူအရာများကို မြင်တွေ့ရသောအခါ သူမ၏ ရင်ထဲရှိ ဒေါသတရားများသည် မည်သို့မျှ ထွက်ပေါ်မလာနိုင်ခဲ့တော့ပေ။
သူမသည် ဖြည်းညှင်းစွာ လမ်းလျှောက်လျက် အသစ်တည်ဆောက်ထားသော အိပ်ဆောင်များကို ထပ်မံ စစ်ဆေးလိုက်သည်။ တပည့်သစ် ရာပေါင်းများစွာ သူတို့၏ အခန်းများကို သန့်ရှင်းရေး လုပ်ဆောင်ပြီးစီးသွားသောအခါ ယွဲ့လင်သည် တပည့်အားလုံးကို အပြင်သို့ ခေါ်ယူလိုက်သည်။
မကြာမီ... လူတိုင်းသည် ချုံးရှင်းဂိုဏ်း၏ တပည့်ဝတ်စုံများကို ဝတ်ဆင်လျက် သူမ၏ ရှေ့တွင် သပ်ရပ်စွာ တန်းစီ မတ်တပ်ရပ်လိုက်ကြသည်။
ယွဲ့လင်သည် သူမ၏ သိုလှောင်လက်စွပ်အတွင်းမှ ထူထဲလှသော စာရင်းစာအုပ်တစ်အုပ်ကို ထုတ်ယူကာ လူတိုင်း၏ ရှေ့သို့ လျှောက်လှမ်းလာခဲ့သည်။ တပည့်များသည် အေးစက်ပြီး အလှမ်းဝေးလှသော စီနီယာအမကို ရိုသေစွာ ကြည့်လိုက်ကြသည်။
သူမ ဆက်လက် လုပ်ဆောင်ရမည့် အရာကို တွေးမိသောအခါ ယွဲ့လင် ရင်ထဲတွင် နာကျင်မှုကို ခံစားလိုက်ရသည်။ သူမသည် စိတ်ရှုပ်ထွေးနေသော မျက်ဝန်းများကို ပွတ်သပ်လိုက်ပြီး စာရင်းစာအုပ်ကို ဖွင့်ကာ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
"ဂိုဏ်းရဲ့ ပြုပြင်မှုတွေ ပြီးစီးသွားပြီ ဖြစ်သလို တပည့်ဆောင်တွေလည်း ဆောက်လုပ်ပြီးစီးသွားပြီ ဂိုဏ်းချုပ်ရဲ့ ယခင် ညွှန်ကြားချက်အရ ဒီနေ့မှာ တပည့်တွေရဲ့ ခံစားခွင့်တွေကို ထုတ်ပေးမှာ ဖြစ်တယ်"
"ငါတို့ ချုံးရှင်းဂိုဏ်းရဲ့ တပည့်အားလုံးဟာ အလုပ်ကြမ်းတပည့်ပဲဖြစ်ဖြစ်... အပြင်စည်းတပည့်ပဲဖြစ်ဖြစ် လစဉ်ကြေးအဖြစ် အနိမ့်စား ဝိညာဉ်ကျောက်တုံး တစ်တုံးစီ ရရှိမှာ ဖြစ်တယ်"
ဝိုး...
လူအုပ်ကြီး ချက်ချင်းပင် ဆူညံသွားခဲ့ရတော့သည်။
မည်သည့်တာဝန်မှ ထမ်းဆောင်စရာမလိုဘဲ... မည်သည့်အမှတ်မှ ရှာစရာမလိုဘဲ ဝိညာဉ်ကျောက်တုံးတွေကို အလကား ရရှိတာ ဟုတ်လား။
"ဒါတင်မကသေးဘူး..." လူတိုင်း စိတ်လှုပ်ရှားမဆုံးသေးခင်မှာပင် ယွဲ့လင်သည် စာရင်းစာအုပ်ကို ဆက်လက် ဖွင့်လိုက်ပြီး ရှုပ်ထွေးလှသော လေသံဖြင့် ပြောလိုက်သည်။
"အိမ်မှာ အကြွေးရှိတဲ့သူတွေ ဒါမှမဟုတ် မိသားစုဝင်တွေ ပြင်းထန်စွာ ဖျားနာနေတဲ့သူတွေ အတည်ပြုဖို့အတွက် ရှေ့ကို ထွက်ခဲ့ကြ"
"ဝမ်အာကော်... မင်း လီရွာက မြေရှင်ကို ငွေပြား အပြားသုံးဆယ် အကြွေးတင်နေတာ ဟုတ်တယ်မလား…ဒါက ငွေပြား ငါးဆယ် ဖြစ်တယ်... သွားပြီး အကြွေးဆပ်လိုက်... ပြီးတော့ ကျန်တဲ့ ပိုက်ဆံနဲ့ မင်းအမေအတွက် အာဟာရဖြစ်မယ့် အရာတွေ ဝယ်ပေးလိုက်"
"လျိုဆန်း... မင်းအဖေက အိမ်မှာ လေဖြတ်နေတာ ဟုတ်တယ်မလား ဂိုဏ်းက မြို့ထဲက အတော်ဆုံး သမားတော်ကြီးကို ကုသပေးဖို့ စီစဉ်ထားပြီးပြီ ဆေးဖိုးဝါးခ အားလုံးကို ဂိုဏ်းက တာဝန်ယူမှာ ဖြစ်တယ်... ဒါက ဆေးကုသခွင့် စာရွက်ပဲ"
"ကျန်းရှောင်ဟွာ..."
နာမည်တစ်ခုပြီးတစ်ခု ခေါ်ဆိုသွားသည်နှင့်အမျှ လေးလံလှသော ပိုက်ဆံအိတ်များနှင့် ခွင့်ပြုစာရွက်များသည် တပည့်များ၏ လက်ထဲသို့ ရောက်ရှိသွားခဲ့တော့သည်။
ဝုန်း...
ပိုက်ဆံကို လက်ခံရရှိလိုက်သော ဝမ်အာကော်သည် ဝမ်းသာဝမ်းနည်း ခံစားချက်များ လွန်ကဲလာခဲ့ရသည်။ သူသည် စိတ်ကို မထိန်းနိုင်တော့ဘဲ ဒူးများ နူးညံ့သွားခဲ့ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဒူးထောက်ချလိုက်တော့သည်။
"အမေ... အမေ့ရဲ့ ရောဂါကို ကုသလို့ ရတော့မယ် ကျွန်တော်တို့ မိသားစုရဲ့ အကြွေးတွေလည်း... မရှိတော့ဘူး"
သူသည် ကျယ်လောင်စွာ ငိုကြွေးလျက် ယွဲ့လင်ရှိရာ ဘက်သို့လည်းကောင်း... ထို့ထက်မက နောက်တောင်ကုန်းရှိ ဂိုဏ်းချုပ်၏ ဂူဗိမာန်ရှိရာ ဘက်သို့လည်းကောင်း အသည်းအသန် ဦးညွှတ်တော့သည်။
"ဂိုဏ်းချုပ်ရဲ့ ကြီးမားလှတဲ့ ကျေးဇူးတရားကို ကျွန်တော် ဝမ်အာကော်... ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံးမှာ ဂိုဏ်းချုပ်အတွက် ကျွဲလို နွားလို အလုပ်အကျွေးပြုပြီး ကျေးဇူးဆပ်ပါ့မယ်"
ဝုန်း... ဝုန်း... ဝုန်း...
ရာပေါင်းများစွာသော တပည့်များသည် တပြိုင်နက်တည်း ဒူးထောက်ချလိုက်ကြသည်။ မည်သည့် ဟန်ဆောင်မှုမျှမရှိဘဲ သူတို့၏ ဝိညာဉ်နက်နဲရာမှ ထွက်ပေါ်လာသော ကျေးဇူးတင်ရှိမှု အစစ်အမှန်သာ ဖြစ်ပေသည်။
ဒီလိုရက်စက်လှသော ကျင့်ကြံခြင်း ကမ္ဘာကြီးထဲတွင် သူတို့သည် ပထမဆုံးအကြိမ်အဖြစ် သိက္ခာဆိုတာ ဘာလဲ... မိသားစုဆိုတာ ဘာလဲဆိုတာကို အမှန်တကယ် ခံစားလိုက်ရခြင်း ဖြစ်သည်။
ယွဲ့လင် ဒီမြင်ကွင်းကို ကြည့်ကာ သူမ ပြင်ဆင်ထားခဲ့သော ဆူပူကြိမ်းမောင်းမှု စကားလုံးများသည် လည်ချောင်းဝတွင် တစ်ဆို့သွားခဲ့ပြီး မပြောနိုင်တော့ပေ။ ယခုအချိန်တွင် သူမ၏ ရင်ထဲ၌ ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်နေသည်။
ဂိုဏ်းချုပ်က ကပ်စေးမနည်းရုံတင်မကဘဲ အလွန်အမင်း ဖြုန်းတီးတတ်တဲ့ လူတစ်ယောက် ဖြစ်လာခဲ့ပြီ။ သို့သော်လည်း ဒီလို အရှိန်အဟုန်ဖြင့် သုံးစွဲနေမည်ဆိုပါက ကျန်ရှိနေသော ဝိညာဉ်ကျောက်တုံးများသည် နောက်ထပ် တစ်လပင် ခံလိမ့်မည်မဟုတ်ပေ။
ဂိုဏ်းသာ ဘဏ္ဍာတိုက် ပြောင်သလင်းခါသွားခဲ့လျှင် မျှော်လင့်ချက် အလင်းရောင်ကို မြင်တွေ့ခါစ ရှိသေးသော ဒီတပည့်များသည် မည်သည့်နေရာသို့ ဆက်လက် သွားကြရမည်နည်း။
ယွဲ့လင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"ငါ မျှော်လင့်တာကတော့... ဂိုဏ်း ဘဏ္ဍာတိုက် ပြောင်မယ့်ရက်က နည်းနည်းလေး နောက်ကျပါစေလို့ပဲ"