လျိုထောင်အာ၏ ဆွဲဆောင်မှုရှိလှသော မျက်ဝန်းအစုံသည် ယခုအချိန်တွင် ရေကြည်များ စိမ့်ထွက်လုနီးပါး ဖြစ်နေချေပြီ။ သို့သော်လည်း ဖန်ယွမ်မှာမူ သူမ၏ တပ်မက်စွဲလမ်းနေသော အကြည့်များကို မျက်နှာတစ်ချက်မပျက်ဘဲ တည်ငြိမ်စွာ ကြည့်နေခဲ့သည်။
’ဖယ်စမ်း… မိန်းကလေး.. ငါ့ကို လာပြီး မမြှူဆွယ်နဲ့’
’ငါက ချုံးရှင်းဂိုဏ်းကို ဖျက်ဆီးပြီး အင်မော်တယ်လမ်းစဉ်ကိုပဲ အောင်မြင်ချင်တာ’
"ဂိုဏ်းချုပ်က တကယ့်ကို သဘောထားကြီးတာပဲ… ထျန်းပေါင်အဆောင်မှာက ပေးရတဲ့ တန်ဖိုးနဲ့ တန်တဲ့ အရည်အသွေးကို ရမှာပါ... ဈေးကြီးတယ်ဆိုတာ ကောင်းလို့ပေါ့ရှင့်"
လျိုထောင်အာသည် မည်သည့်ခံစားချက်မျှမရှိသော ဖန်ယွမ်ကို ကြည့်ကာ မိမိကိုယ်မိမိ အနည်းငယ် အမူအရာ ပျက်သွားသည်ကို သတိပြုမိသဖြင့် စိတ်ကို အမြန်ဆုံး ပြန်လည် ထိန်းချုပ်လိုက်ပြီး ပြောလိုက်သည်။
"ဂိုဏ်းချုပ်အနေနဲ့ ဘယ်လိုအဆင့်အတန်းမျိုးကို လိုချင်တာလဲမသိဘူးရှင့်။ ကျွန်မတို့ ဟုန်ဝူမြို့က ထျန်းပေါင်အဆောင်မှာ အမြင့်ဆုံးအဆင့် ပစ္စည်းတွေမရှိပေမဲ့ နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့ 'ထောင်စုနှစ်သံသစ်သား' တွေ ရှိသလို... အစီအရင်တစ်ခုရဲ့ အောက်ခြေအဖြစ် သုံးနိုင်တဲ့ 'ဝိညာဉ်သံကျောက်တုံး' တွေလည်း ရှိပါတယ်… ဘာများ ဝယ်ယူချင်ပါသလဲ..."
"မိတ်ဆက်ပေးမနေနဲ့တော့" ဖန်ယွမ်သည် လက်ကို မြှောက်ကာ သူမ၏ စကားကို ဖြတ်ပြောလိုက်သည်။
သူသည် နံရံထက်တွင် ချိတ်ဆွဲထားပြီး အင်မော်တယ်နန်းတော်များကို သရုပ်ဖော်ထားသည့် ခမ်းနားလှသော ပန်းချီကားချပ်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။
ထိုပန်းချီကားပေါ်တွင် ဆောက်လုပ်ရေး ပစ္စည်းအမျိုးမျိုး၏ အမည်များနှင့် ဈေးနှုန်းများကို စာလုံးအသေးလေးများဖြင့် မှတ်သားထားသည်။
"ဒါ... 'ထောင်စုနှစ်နွေးထွေးကျောက်စိမ်း'ကို ခုနစ်သောင်း ပေးစမ်း"
"ပြီးတော့ ဟိုဟာ... 'လွင့်ပျံအလင်း ဖန်စီအုတ်ကြွပ်' ကို အခုလောလောဆယ် တစ်သိန်း အရင်ပေး"
"ဒါက ဘာခေါ်လဲ…'ဝိညာဉ်စုဆောင်း ရွှေမျှင်နန်းမုသစ်သား' ဟုတ်လား… နာမည်က ကြွားဝါလွန်းပြီး လက်တွေ့မကျသလိုပဲ... မဆိုးပါဘူး... ဒါကိုလည်း တစ်ရာလောက် ပေးစမ်း"
ဖန်ယွမ် လက်ညှိုးထိုးပြလိုက်သည့် အကြိမ်တိုင်းတွင် လျိုထောင်အာ၏ ရင်ခုန်သံများ ပြင်းထန်လာခဲ့ရပြီး ဘေးနားရှိ ယွဲ့လင်၏ မျက်နှာမှာမူ ပိုမို ညိုမှောင်လာခဲ့တော့သည်။
'ထောင်စုနှစ်နွေးထွေးကျောက်စိမ်း' တစ်ပြားတည်းတင် အနိမ့်စား ဝိညာဉ်ကျောက်တုံး ဆယ်တုံး ခန့် တန်ကြေးရှိသည်။ ၎င်းသည် ဆောင်းရာသီတွင် နွေးထွေးပြီး နွေရာသီတွင် အေးမြစေသည့်အပြင် စိတ်ကို တည်ငြိမ်စေသော အာနိသင် အနည်းငယ် ရှိသဖြင့် ပုံမှန်အားဖြင့် 'ရွှေအမြုတေ' အဆင့် ကျင့်ကြံသူများ၏ အခန်း ကြမ်းပြင်များ ခင်းကျင်းရန် သုံးစွဲကြခြင်း ဖြစ်သည်။
'လွင့်ပျံအလင်း ဖန်စီအုတ်ကြွပ်' များတွင်မူ နုပျိုသော ဝိညာဉ်စွမ်းအင်များ ကိန်းအောင်းနေပြီး နေနှင့် လ၏ အဆီအနှစ်ကို စုပ်ယူနိုင်ကာ ညဘက်တွင် အလိုအလျောက် အလင်းဖြာထွက်နိုင်သဖြင့် ကျင့်ကြံခြင်းအတွက်လည်း အလွန်အကျိုးရှိသည်။
ထို့အပြင် 'ဝိညာဉ်စုဆောင်း ရွှေမျှင်နန်းမုသစ်သား' ပေါ်တွင် 'ဝိညာဉ်စုဆောင်းအစီအရင်' တစ်ခုကို တည်ဆောက်လိုက်ပါက အစီအရင်၏ စွမ်းဆောင်ရည်ကို အဆမတန် မြင့်မားစေပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို ပိုမိုသိပ်သည်း ကြွယ်ဝလာစေနိုင်သည်။
ထိုအရာများသည် အဆင့်မြင့်ကျင့်ကြံသူများ သို့မဟုတ် ထိပ်တန်းဂိုဏ်းကြီးများက သူတို့၏ အင်မော်တယ်ဂူနန်းတော်များကို တည်ဆောက်ရန် သုံးစွဲကြသည့် အလွန်ကောင်းမွန်လှသော ပစ္စည်းများ ဖြစ်ကြသည်။
သေချာတာပေါ့... ဖန်ယွမ်က ဒါတွေအကုန်လုံးကို ဘာတစ်ခုမှ မသိပါဘူး။
ယွဲ့လင် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ဖန်ယွမ်၏ ရှေ့သို့ ဒေါသကို ထိန်းချုပ်လျက် အတင်းဝင်ရပ်လိုက်သည်။
"ဂိုဏ်းချုပ်... ဂိုဏ်းရဲ့ အဆောက်အအုံတွေက ခိုင်ခံ့ပြီး ရေရှည်ခံရင် ပြီးတာပဲလေ... ဘာဖြစ်လို့ ဒီလောက်အထိ ဖြုန်းတီးနေရတာလဲ။ အခု ဂိုဏ်းက ပျက်စီးနေပြီး ပြန်လည် တည်ဆောက်ဖို့ လိုအပ်နေတာ ဟုတ်ပေမဲ့ ဝိညာဉ်ကျောက်တုံးတွေကို ဆေးလုံးတွေနဲ့ ကျင့်စဉ်ကျမ်းစာတွေ ဝယ်ဖို့ ချွေတာသင့်တာပေါ့ တကယ်လို့ ရှင်က ဒီနေ့ ပိုက်ဆံတွေ အကုန်ဖြုန်းပစ်လိုက်ရင် နောင်ကျရင် တပည့်တွေ ကျင့်ကြံဖို့ ဘာကို သုံးရတော့မှာလဲ"
သူမသည် စကားကို အော်ဟစ်လုနီးပါး ပြောလိုက်ခြင်း ဖြစ်သည်။
သူမ၏ အမြင်တွင် ဖန်ယွမ်၏ လုပ်ရပ်မှာ သာမန် ပိုက်ဆံဖြုန်းတီးခြင်းမျှသာ မဟုတ်တော့ဘဲ ဂိုဏ်းတစ်ခုလုံး၏ အနာဂတ်ကို ပြောင်လှောင်ပြက်ရယ် ပြုလုပ်နေခြင်းသာ ဖြစ်သည်။
ဖန်ယွမ်သည် သူမ၏ အော်ဟစ်သံကြောင့် ခေတ္တမျှ ကြောင်သွားခဲ့သော်လည်း ချက်ချင်းပင် သူမ၏ ဒေါသတကြီး ကြည့်နေသော မျက်ဝန်းများကို တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။
သူ ဘာပြောရမလဲ။
သူက 'မင်းတို့ ကျင့်ကြံဖို့ ပိုက်ဆံမရှိမှ အားနည်းနေပြီး ဂိုဏ်းရဲ့ အင်အားကို လျှော့ချနိုင်မှာမို့လို့' ဟု သွားပြောရမည်လော။
ဖန်ယွမ်သည် သူ၏ ဝတ်ရုံလက်စကို ခါလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ အဆောင်၏ အပေါ်ထက်ရှိ ဖန်စီကျောက် ဆွဲသီးကြီးကို မော့ကြည့်လိုက်သည်။
"ငါ လုပ်ဆောင်တဲ့ အရာတိုင်းမှာ ကိုယ်ပိုင် အစီအစဉ် ရှိပြီးသားပဲ"
"ဒါ့အပြင် လမ်းစဉ်ကို ကျင့်ကြံဖို့ဆိုရင် အရင်ဆုံး စိတ်ဓာတ်ကို အရင် ကျင့်ကြံရမယ်"
"နေထိုင်ရာ နေရာ ခိုင်ခံ့မှသာ စိတ်က အေးချမ်းနိုင်မှာ ဖြစ်တယ်။ အကယ်၍ တပည့်တွေက သူတို့ရဲ့ နေအိမ်တွေက စုတ်ပြတ်သတ်နေပြီး နေ့တိုင်း လေဒဏ်မိုးဒဏ်ကို စိုးရိမ်နေရရင် လမ်းစဉ်ကို ရှာဖွေဖို့ စိတ်ကို ဘယ်လို တည်ငြိမ်အောင် လုပ်နိုင်မှာလဲ…အဲဒါက မြင်းရှေ့မှာ ရထားထား သလို အဓိပ္ပာယ်မရှိတဲ့ အရာပဲ"
"ရှင်..." ယွဲ့လင် ဒေါသကြောင့် စကားဆို့သွားခဲ့ရပြီး သူမ၏ ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေတော့သည်။
‘ဆင်ခြေတွေ ဒါတွေ အကုန်လုံးက အဓိပ္ပာယ်မရှိတဲ့ ဆင်ခြေတွေပဲ’
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လျိုထောင်အာသည် အခြေအနေကို ထိန်းသိမ်းရန်အတွက် သူတို့နှစ်ဦးကြားသို့ ကျွမ်းကျင်စွာ ဝင်ရောက်လိုက်ပြီး ဖန်ယွမ်ကို ဆွဲဆောင်မှုရှိသော အပြုံးလေးဖြင့် ပြောလိုက်သည်။
"ဂိုဏ်းချုပ်က ဂိုဏ်းရဲ့ တပည့်တွေအပေါ် တကယ့်ကို ကရုဏာကြီးမားတာပဲ... ကျွန်မ တကယ့်ကို အထင်ကြီးမိပါတယ်…ဒါပေမဲ့ ဒီပစ္စည်းတွေကို ကိုင်တွယ်ဖို့အတွက် အကောင်းဆုံး လက်သမားပညာရှင်တွေ လိုအပ်ပါတယ်။ ထျန်းပေါင်အဆောင်ကနေ တာဝန်ယူပြီး ဟုန်ဝူမြို့မှာရှိတဲ့ 'ထျန်းကုန်းဂိုဏ်း' က အတော်ဆုံး လက်သမား ဆရာကြီးတွေကို ဖိတ်ခေါ်ပေးရင် ဘယ်လိုလဲ"
ဖန်ယွမ်သည် ဒီအမျိုးသမီးက အလွန်အကွက်မြင်ပြီး သူ့အတွက် ဒုက္ခအများကြီး သက်သာစေသည်ဟု ခံစားလိုက်ရသည်။
"အရမ်းကောင်းတာပေါ့"
"လုပ်အားခ ကိစ္စကတော့..."
"ဈေးအကြီးဆုံး လူတွေကိုပဲ ငှားလိုက်စမ်း" ဖန်ယွမ်က လက်ကို စိတ်မရှည်စွာ ဝေ့ယမ်းလိုက်သည်။
ယွဲ့လင်မှာမူ ဆက်သွယ်ပြောဆိုရန် လုံးဝ လက်လျှော့လိုက်ပြီ ဖြစ်သည်။ သူမသည် မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ပြီး မမြင်ရလျှင် စိတ်မညစ်ရတော့ဟု တွေးလိုက်တော့သည်။
နောက်ထပ် နာရီဝက်ခန့်မှာ ယွဲ့လင်အတွက် တကယ့်ကို နှိပ်စက်ညှဉ်းပန်းမှုတစ်ခု ကဲ့သို့ပင်။ ဖန်ယွမ်က သူ၏ လိုအပ်ချက်များကို ပြောပြီး... လျိုထောင်အာက လှပသော အပြုံးဖြင့် အော်ဒါများကို မှတ်သားနေခဲ့သည်။ တစ်ယောက်က ဝယ်ရဲပြီး တစ်ယောက်က ရောင်းရဲသဖြင့် သူတို့နှစ်ဦး၏ အတွဲအဖက်မှာ လုံးဝကို အံကိုက် ဖြစ်နေတော့သည်။
နောက်ဆုံးတွင် လျိုထောင်အာက တုန်ရင်နေသော လေသံဖြင့် စုစုပေါင်း ကျသင့်ငွေကို ကြေညာလိုက်သောအခါ ယွဲ့လင်တစ်ကိုယ်လုံး တုန်ရင်သွားခဲ့ရတော့သည်။
"အားပေးမှုကို ကျေးဇူးတင်ပါတယ်... စားသောက်ကုန်တွေနဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေ အားလုံးအတွက် စုစုပေါင်း အနိမ့်စား ဝိညာဉ်ကျောက်တုံး ၇၉၁,၀၀၀ ကျသင့်ပါတယ်"
ထျန်းပေါင်အဆောင်၏ ပထမထပ်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားခဲ့ရသည်။
ပစ္စည်းများ ကြည့်ရှုနေကြသော ကျင့်ကြံသူ အားလုံးသည် သူတို့၏ အလုပ်များကို ရပ်တန့်လိုက်ကြပြီး ဖန်ယွမ်ကို တကယ့် မကောင်းဆိုးဝါးတစ်ကောင်ကို ကြည့်သကဲ့သို့ စိုက်ကြည့်နေကြတော့သည်။
ခုနစ်သိန်းကိုးသောင်းတစ်ထောင်။
ဒီပိုက်ဆံပမာဏက ဂိုဏ်းငယ်လေးတစ်ခုကို တည်ဆောက်ဖို့တောင် လုံလောက်နေပြီ မဟုတ်ပါသလော။
သို့သော်လည်း ဖန်ယွမ်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြီး နောက်ထပ် သိုလှောင်အိတ်တစ်လုံးကို ပေါ့ပေါ့ပါးပါး ထုတ်ပေးလိုက်ပြန်သည်။ သူ၏ အမူအရာမှာ အလွန်အေးဆေးလှသည့်အပြင် မျက်နှာထက်တွင် ကျေနပ်မှု အရသာပင် ထင်ဟပ်နေသေးသည်။ သူက ပိုက်ဆံဖြုန်းနေခြင်း မဟုတ်ဘဲ ပိုက်ဆံရရှိနေသကဲ့သို့ပင်။
လျိုထောင်အာသည် တုန်ရင်နေသော လက်များဖြင့် သိုလှောင်အိတ်ကို လှမ်းယူလိုက်သည်။ သူမ၏ စိတ်အာရုံဖြင့် စစ်ဆေးပြီး ပမာဏ မှန်ကန်ကြောင်း အတည်ပြုလိုက်ပြီးနောက် သူမ၏ ရင်ခုန်သံများလည်း အဆမတန် မြန်ဆန်လာခဲ့ရတော့သည်။
သိုလှောင်အိတ် နှစ်လုံး... စုစုပေါင်း အနိမ့်စား ဝိညာဉ်ကျောက်တုံး ၇၉၁,၀၀၀ ကျော်။
သူမအနေဖြင့် ဝိညာဉ်ကျောက်တုံး အမြောက်အမြားနှင့် ပိုက်ဆံအမြောက်အမြားကို မြင်ဖူးသည်ဆိုသော်လည်း ဟုန်ဝူမြို့ကဲ့သို့ ဝေးလံသော နေရာတစ်ခုတွင် နာရီဝက်မျှ စကားပြောရုံဖြင့် ဤမျှကြီးမားသော အရောင်းအဝယ်မျိုး ကြုံတွေ့ဖူးခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပေသည်။
ရင်ထဲမှ တုန်လှုပ်မှုကို ထိန်းချုပ်လျက် လျိုထောင်အာသည် သူမ၏ ရင်ဘတ်အလယ်မှ နွေးထွေးလှသော 'အသံလွှင့်ကျောက်စိမ်းတုံး' တစ်ခုကို ထုတ်ယူကာ လက်နှစ်ဖက်ဖြင့် ဆက်သလိုက်သည်။
သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ် ရှေ့သို့ ကိုင်းညွှတ်လိုက်သဖြင့် လှပသော အလှတရားများ ထွက်ပေါ်လာခဲ့သည်။
"ဂိုဏ်းချုပ်ဖန်... ဒါက ကျွန်မရဲ့ အသံလွှင့်ကျောက်ပါ…နောင်ကျရင် ကျွန်မကို ရှာချင်တယ်ဆိုရင် စာတစ်စောင် ပို့လိုက်ရုံပါပဲ... ကျွန်မ သေချာပေါက် ချက်ချင်း ပြန်လည် တုံ့ပြန်ပါ့မယ်"
လျိုထောင်အာသည် အသက် ၂၆ နှစ်သာ ရှိသေးသော်လည်း ထျန်းပေါင်အဆောင်တွင် ကြာမြင့်စွာ ကျင်လည်ခဲ့ရသဖြင့် လောကဓံတရားများနှင့် ဂိုဏ်းတွင်း အားပြိုင်မှုများကို ကြုံတွေ့ဖူးပြီး ဖြစ်ရာ အမျိုးသားများ ဘာကို လိုချင်သည်ကို ကောင်းစွာ သဘောပေါက်ထားသည်။
"အော်..." ဖန်ယွမ် မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ၎င်းကို လှမ်းယူလိုက်သည်။
သူ ဘာမှ အများကြီး မတွေးမိပေ။
သူက ဒီပစ္စည်းလေးက တကယ့်ကို အသုံးဝင်သည်ဟုသာ တွေးလိုက်ခြင်း ဖြစ်သည်။ နောင်ကျရင် ပစ္စည်းတွေ ဝယ်ချင်တဲ့အခါ စာတစ်စောင် ပို့လိုက်ရုံပဲ မဟုတ်ပါသလော…တောင်အောက်ဆင်းစရာတောင် မလိုတော့ဘူး…ပြင်ပကမ္ဘာက အရမ်းအန္တရာယ်များတာ... လမ်းမှာ ဓားပြနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ။
သူသည် ကျေနပ်အားရစွာဖြင့် အသံလွှင့်ကျောက်စိမ်းကို သူ၏ အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး လျိုထောင်အာ၏ ဆွဲဆောင်မှုရှိသော အကြည့် သို့မဟုတ် ဘေးနားရှိ ယွဲ့လင်၏ နှာခေါင်းရှုံ့နေသော အကြည့်ကို လုံးဝ သတိမပြုမိခဲ့ပေ။
ဤမြင်ကွင်းသည် ယွဲ့လင်၏ မျက်ဝန်းထဲတွင်မူ အခြားသော အဓိပ္ပာယ်တစ်ခု ဖြစ်သွားခဲ့ချေပြီ။
’ဂိုဏ်းချုပ်ဖန်... ရှင်က တကယ့်ကို 'ကောင်းမွန်တဲ့' ဂိုဏ်းချုပ်တစ်ယောက်ပဲ’
ဂိုဏ်းရဲ့ အခြေခံဘဏ္ဍာတွေကို ဖြုန်းတီးပစ်ရုံတင်မကဘဲ အခုတော့ ဒီလို မြှူဆွယ်တတ်တဲ့ ဒုတိယ တာ၀န်ခံ
အမျိုးသမီးနဲ့ပါ ပတ်သက်နေပြီပေါ့။ ဖြုန်းလည်းဖြုန်းတယ်... နှာလည်းကြီးတယ်။ ဒီချုံးရှင်းဂိုဏ်းကတော့ ရှင့်လိုလူမျိုးလက်ထဲမှာ မကြာခင် ပျက်စီးတော့မှာပဲ။
ယွဲ့လင်သည် ဝတ်ရုံစကို ခါလိုက်ပြီး ဘာမှမပြောဘဲ ထျန်းပေါင်အဆောင်အတွင်းမှ လှည့်ထွက်သွားခဲ့တော့သည်။
ဖန်ယွမ်သည် ဒေါသတကြီး ထွက်ခွာသွားသော ယွဲ့လင်ကို တစ်ချက်ကြည့်ကာ ပခုံးတွန့်လိုက်ပြီး လျိုထောင်အာကို အနည်းငယ် မှာကြားခဲ့ကာ ဖြည်းညှင်းစွာ လိုက်ပါသွားခဲ့တော့သည်။
ဖန်ယွမ်သည် ယွဲ့လင်နှင့်အတူ ချုံးရှင်းဂိုဏ်း၏ တောင်ပံတံခါးဝသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး သူတို့၏နောက်တွင်မူ ထူးခြားဆန်းပြားသော အရှိန်အဝါရှိသည့် သက်ကြီး လက်သမားဆရာကြီး အယောက်နှစ်ဆယ် ပါဝင်လာခဲ့ရာ တပည့်များသည် အလွန်ဝမ်းသာသွားကြသည်။
ဂိုဏ်းချုပ် ပြန်ရောက်လာပြီ... အကြီးဆုံးတပည့်လည်း ပြန်ရောက်လာပြီဖြစ်ရာ ဂိုဏ်း၏ အမာခံတိုင်ကြီးများ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။
"ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်… ဂိုဏ်းချုပ် ပင်ပန်းသွားပါပြီ"
ချန်ကျင်းတောက်က ပထမဆုံးအဖြစ် ရှေ့သို့ ထွက်၍ နှုတ်ဆက်လိုက်သည်။ တည်ငြိမ်လှသော သက်ကြီးရွယ်အို အုပ်စုကို မြင်လိုက်ရသောအခါ သူသည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီမြန်းလာခဲ့ရသည်။
"ဂိုဏ်းချုပ်... ဒီစီနီယာကြီးတွေက ကျွန်တော်တို့ကို ကျင့်ကြံခြင်းပညာ သင်ပေးဖို့ ဖိတ်ခေါ်လာတဲ့ ဆရာကြီးတွေလား"
"ဟုတ်တယ်... သူတို့ရဲ့ အရှိန်အဝါကို ကြည့်ရတာ တကယ့် ဆရာကြီးတွေ ဖြစ်ရမယ်"
တပည့်များသည် စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြပြီး လက်သမားဆရာကြီးများကို ကြည့်ရသည့် မျက်ဝန်းများမှာ လေးစားခြင်းနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
ဖန်ယွမ်ကတော့ ရှင်းပြမနေချင်တော့ပေ။ သူက သူ၏ ဂူနန်းတော်သို့ ပြန်ပြီး လှဲလျောင်းချင်နေပြီ ဖြစ်သည်။
သူသည် လက်ကို ဝေ့ယမ်းလိုက်ပြီး ခေါင်းဆောင် လက်သမားဆရာကြီးကို ပေါ့ပေါ့ပါးပါး မှာကြားလိုက်သည်။ "သေချာလေး ဆောက်ပေးပါ"
ထို့နောက်တွင် သူသည် အဆင့်မြင့် သိုလှောင်အိတ်အချို့ကို ယွဲ့လင်နှင့် တပည့်များထံသို့ ပစ်ပေးလိုက်သည်။
"ဒါက မင်းတို့အားလုံးအတွက် ဒီနှစ်လစာ စားစရာတွေပဲ... ဖြည်းဖြည်းချင်း စားကြ"
နောက်ထပ် နှစ်လအကြာတွင် စနစ်၏ စာရင်းရှင်းရမည့်နေ့ ရောက်ရှိလာမည် ဖြစ်သည်။
ယခုအဆင့်တွင် တပည့်သစ် အမြောက်အမြားကို စုဆောင်းထားသဖြင့် ဂိုဏ်း၏ ပျမ်းမျှအင်အားမှာ ကျဆင်းသွားခဲ့ပြီး စနစ်၏ အဆင့်သတ်မှတ်ချက်မှာ အမှတ် တစ်ရာခန့် ကျဆင်းသွားခဲ့ပြီး ဖြစ်သည်။
နောက်ထပ် နှစ်လအကြာတွင် သူသည် အင်မော်တယ်လမ်းစဉ်ကို တိုက်ရိုက် အောင်မြင်တော့မည် ဖြစ်ရာ ဒီလူအုပ်ကြီးကို ဆက်လက် စိတ်ပူနေရန် မလိုအပ်တော့ပေ။
ပြောပြီးနောက် သူသည် လှည့်မကြည့်ဘဲ သူ၏ ဂူနန်းတော်ဆီသို့ လှမ်းလျှောက်သွားခဲ့တော့သည်။
ယွဲ့လင် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဖန်ယွမ်သည် ထျန်းပေါင်အဆောင်မှ မန်နေဂျာအမျိုးသမီးနှင့် အဝေးမှ အသံလွှင့် ဆက်သွယ်ရန်အတွက် ဂူနန်းတော်သို့ အပြေးအလွှား သွားခြင်းဖြစ်မည်ဟု တွေးမိကာ ဆွံ့အသွားခဲ့ရသည်။
ကျန်ရှိနေသော တပည့်များနှင့် လက်သမားဆရာကြီးများမှာမူ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်ကျန်ရစ်ခဲ့သည်။
ထျန်းကုန်းဂိုဏ်း၏ အကြီးအကဲ လက်သမားဆရာကြီးဖြစ်သူ ဆရာကြီးလုသည် အနည်းငယ် အရှက်ရစွာဖြင့် ချောင်းဆိုးလိုက်သည်။ သူသည် အသက် သုံးရာကျော် နေထိုင်ခဲ့ပြီး ဖြစ်သော်လည်း ဤမျှ... ပေါ့ပေါ့ပါးပါး ရှိလှသော အလုပ်ရှင်မျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
သူသည် လူအုပ်ကြီးကို နှိမ့်ချသော အမူအရာဖြင့် လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
"မောင်ရင်တို့... ငါတို့က ထျန်းကုန်းဂိုဏ်းက လက်သမားတွေပါ ဂိုဏ်းချုပ်ဖန်ရဲ့ တောင်းဆိုမှုကြောင့် မောင်ရင်တို့ ဂိုဏ်းအတွက် ခန်းမဆောင်တွေနဲ့ အဆောင်တွေကို ဆောက်လုပ်ပေးဖို့ လာခဲ့တာ ဖြစ်ပါတယ်"
ထိုစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် တပည့်များ၏ မျက်နှာထက်ရှိ စိတ်လှုပ်ရှားမှုများ ချက်ချင်း အေးခဲသွားခဲ့ရတော့သည်။
‘ကျင့်ကြံခြင်း ပညာရပ်တွေကို သင်ကြားပေးမယ့် ဆရာတွေ မဟုတ်ဘူး ဟုတ်လား..အိမ်ဆောက်မယ့်... လက်သမားတွေလား’
ကြီးမားလှသော စိတ်ပျက်မှုတစ်ခု သူတို့၏ နှလုံးသားထဲတွင် လှိုက်တက်လာခဲ့ရသည်။
ချန်ကျင်းတောက်လည်း ဆွံ့အသွားခဲ့ရသော်လည်း သူသည် စိတ်ကို အမြန်ဆုံး ပြန်လည် ပြင်ဆင်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ထပ်မံ ပြောကြားလိုက်ပြန်သည်။
"ဘာပဲဖြစ်ဖြစ် ငါတို့အားလုံးက ကျင့်ကြံခြင်း မပြုလုပ်ခင်မှာ စိတ်ဓာတ်ကို လေ့ကျင့်ဖို့ ဂိုဏ်းကို ပြုပြင်ကြရမှာပဲလေ…အခု ကူညီမယ့်သူတွေ ရှိနေပြီဆိုတော့ ပိုပြီးတော့တောင် မကောင်းဘူးလား"
လူအုပ်ကြီး ဤစကားကို ကြားလိုက်ရသောအခါ ဒါက ယုတ္တိတန်သည်ဟု ခံစားလိုက်ရပြန်သည်။
ဆရာကြီးလုသည် စိတ်ဓာတ်တက်ကြွနေသော ထိုလူငယ်အုပ်စုကို ကြည့်ကာ စိတ်ထဲမှ ချီးကျူးမိသည်
‘ချုံးရှင်းဂိုဏ်းရဲ့ တပည့်တွေက တကယ့်ကို စိတ်ဓာတ်ကြံ့ခိုင်ကြတာပဲ’
သူ ဘာမှထပ်မပြောတော့ဘဲ ဖန်ယွမ် ပေးထားခဲ့သော အဆင့်မြင့် သိုလှောင်အိတ် တစ်ဒါဇင်ခန့်ကို အိတ်ကပ်ထဲမှ ထုတ်ယူလိုက်သည်။ ထိုအိတ်များသည် အဆင့်မြင့် ဆောက်လုပ်ရေး ပစ္စည်းများကို သိုလှောင်ထားသည့် အိတ်များ ဖြစ်ကြသည်။
"စကြစို့" ဆရာကြီးလုသည် သူ၏နောက်မှ လက်သမားများကို အချက်ပြလိုက်သည်။
သူသည် သိုလှောင်အိတ်ပေါ်ရှိ တားမြစ်ချက်ကို ဖွင့်လိုက်ပြီး အိတ်ဝကို အောက်သို့ လှည့်ကာ အနည်းငယ် ခါလိုက်သည်။
နောက်တစ်စက္ကန့်တွင် လူတိုင်း အသက်ရှူရပ်လုနီးပါး ဖြစ်သွားခဲ့ရတော့သည်။
မျှော်လင့်ထားသကဲ့သို့ အုတ်ခဲများနှင့် ကျောက်တုံးများ ပြိုကျလာသည့် အသံမျိုး ထွက်ပေါ်မလာခဲ့ပေ။ အိတ်ဝအသေးလေးအတွင်းမှ ကန်းလုနီးပါး တောက်ပလှသော ရွှေရောင်အလင်းတန်းများ ဖြာထွက်လာခဲ့ခြင်း ဖြစ်သည်။
ဝူး...
ရုပ်ဝတ္ထုတစ်ခုကဲ့သို့ သိပ်သည်းလွန်းလှသော ဝိညာဉ်စွမ်းအင် လှိုင်းဂယက်ကြီးတစ်ခုသည် ရွှေရောင်အလင်းတန်းများနှင့်အတူ ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး ချုံးရှင်းဂိုဏ်း၏ တောင်ကုန်းတစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့တော့သည်။
ချက်ချင်းဆိုသလိုပင် တစ်ကိုယ်လုံး ရွှေရောင်တောက်နေပြီး မျက်နှာပြင်ထက်တွင် ဆန်းကြယ်သော လမ်းစဉ်အင်းကွက်များ စီးဆင်းနေကာ နွေးထွေးသော အရှိန်အဝါများ ထွက်ပေါ်နေသည့် ကြီးမားလှသော သစ်လုံးကြီးများသည် သိုလှောင်အိတ်အတွင်းမှ လျှောကျလာခဲ့သည်။
ဝုန်း... ဝုန်း... ဝုန်း...
ထို 'ဝိညာဉ်စုဆောင်း ရွှေမျှင်နန်းမုသစ်သား' များသည် လေ့ကျင့်ရေး ကွင်းပြင်ထက်သို့ ပြင်းထန်စွာ ကျရောက်လာခဲ့သဖြင့် မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့ရတော့သည်။