မူရင်းအမှာ…(ဒီဇာတ်လမ်းသည် စိတ်ကူးယဉ်သက်သက်သာဖြစ်ပြီး မည်သည့်အရာနှင့်မျှ သက်ဆိုင်ခြင်းမရှိပါ)
(အတွေးအခေါ်များ ခေတ္တဖယ်ခွာပြီး ဖတ်ရှုပေးပါရန်)
(ကတိကဝတ် - ဒီစာအုပ်သည် အလွန်ဖတ်ကောင်းပါသည်)
ယန်ရှန့်တိုက်ကြီး၏ ချုံးရှင်းဂိုဏ်း။
တောင်ပတ်လမ်းနောက်ကွယ်မှ ကမ်းပါးစွန်းတွင် ဖန်ယွမ်သည် ရိုးရှင်းသော ဝတ်ရုံဖြူကို ဆင်မြန်းလျက် လေညင်းခံကာ မတ်တတ်ရပ်နေသည်။ သူ၏ပုံစံမှာ လောကီအပူအပင်ကင်းဝေးသော ကိုယ်တော်တစ်ပါးကဲ့သို့ ပင်။
"ဂိုဏ်းချုပ် ခုခေတ်မှာ ကောင်းကင်ဘုံတာအိုတွေ ဆုတ်ယုတ်ကုန်ပြီး ဝိညာဉ်စွမ်းအင်တွေ ရှားပါးလာနေပြီ။ တခြားဂိုဏ်းတွေဆိုရင် တပည့်အသစ်လက်ခံတာကို ပိတ်လိုက်ကြပြီ… တကယ်ပဲ တပည့်တို့ရဲ့ ပျက်စီးယိုယွင်းနေတဲ့ ချုံးရှင်းဂိုဏ်းက တပည့်သစ်လက်ခံပွဲကို ကျင်းပဖို့ လိုအပ်လို့လားဟင်"
မွှေးပျံ့သော လေညင်းတစ်ခု ဖြတ်သန်းသွားပြီးနောက် ဖန်ယွမ်၏နောက်ကျောဘက်မှ ကြည်လင်သော အသံတစ်သံ ထွက်ပေါ်လာသည်။
သူမကား ချုံးရှင်းဂိုဏ်း၏ အကြီးဆုံးတပည့်ဖြစ်ပြီး လက်ရှိအချိန်တွင် ဂိုဏ်း၌ ကျန်ရှိနေသော တစ်ဦးတည်းသော တပည့်မလေး ယွဲ့လင် ပင်ဖြစ်သည်။
သူမသည် ကျောက်စိမ်းနုရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး နတ်သမီးတစ်ပါးကဲ့သို့ ကျော့ရှင်းလှပလွန်းသည်။ သူမသည် ဖန်ယွမ်၏နောက်တွင် မတ်တတ်ရပ်ရင်း မျက်မှောင်ကြုတ်လျက် မျက်ဝန်းထဲတွင် ဝေခွဲမရခြင်းများဖြင့် ပြည့်နှက်နေသည်။
"တခြားသူတွေ ကြောက်ရွံ့နေတဲ့အချိန်က ငါတို့ ရဲရင့်ရမယ့်အချိန်ပဲ တပည့်လက်ခံပွဲကို ကျင်းပရုံတင်မကဘူး… အကြီးအကျယ် ခမ်းခမ်းနားနား ကျင်းပရမယ်"
ဖန်ယွမ်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် အနောက်သို့ လှည့်မကြည့်ဘဲ မြူခိုးဝေဆာနေသော တောင်တန်းကြီးကိုသာ စိုက်ကြည့်ရင်း အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
ထိုအချိန်တွင် သူ၏ခန့်ညားသော မျက်နှာထက်၌ အလုံးစုံပုံအောပစ်ရန် စိတ်လှုပ်ရှား နေသဖြင့် သွေးရောင်လွှမ်းနေသည်။
လွန်ခဲ့သော သုံးရက်က ဖန်ယွမ်သည် ဤကျင့်ကြံခြင်းလောကရှိ ချုံးရှင်းဂိုဏ်းသို့ ကူးပြောင်းရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ယခင်ဂိုဏ်းချုပ်မှာ သူနှင့် ရုပ်ချင်းဆင်တူပြီး နာမည်တူသော်လည်း ဘလူးစတားက ကပ်စေးနည်းလှသော အလုပ်ရှင်များကဲ့သို့ အလွန်ပင် ကပ်စေးနည်းပြီး စက်ဆုပ်ဖွယ်ကောင်းလှသည်။
နောက်ဆုံးတွင် ထိုဂိုဏ်းချုပ်သည် သူ၏ကျင့်ကြံရာဂူအတွင်း ရုတ်တရက် သေဆုံးသွားခဲ့ပြီး ဖန်ယွမ်က ထိုနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ထိုသို့ဖြင့် ဖန်ယွမ်သည် ယခင်ဂိုဏ်းချုပ်၏ အထောက်အထားကို ရှုပ်ထွေးစွာ ဆက်ခံရရှိခဲ့ပြီး ဂိုဏ်းချုပ်ဖြစ်လာကာ
【ဂိုဏ်းကို ဖျက်ဆီးပြီး သန်မာလာစေမည့်စနစ်】 ကို ရရှိခဲ့သည်။
ဂိုဏ်း၏ အလုံးစုံအင်အား ကျဆင်းသွားသည်နှင့်အမျှ သူ၏ကျင့်ကြံခြင်းအဆင့်သည် အဆပေါင်း တစ်သောင်း ပြန်လည်မြင့်တက်လာမည်ဖြစ်သည်။
အကယ်၍ သူသာ ဂိုဏ်းကို လုံးဝပျက်စီးအောင် လုပ်နိုင်ခဲ့လျှင် အင်မော်တယ်အဆင့်သို့ တိုက်ရိုက်ရောက်ရှိပြီး စကြာ၀ဠာဖြတ်ကျော်ကာ ဘလူးစတားသို့ ပြန်ကာ အေးအေးလူလူ ပြန်နေနိုင်မည်ဖြစ်သည်။
သို့သော်လည်း ဂိုဏ်းကို တိုက်ရိုက်ဖျက်သိမ်းခြင်း သို့မဟုတ် အကျင့်ပျက်ခြစားခြင်းကဲ့သို့သော နည်းလမ်းများကို အသုံးပြုပြီး တမင်သက်သက် ပျက်စီးအောင် လုပ်ဆောင်၍မရပေ။
သူသည် စနစ်၏အကြောင်းကို မည်သူမျှ မသိစေဘဲ ကျိုးကြောင်းဆီလျော်သော စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ချုံးရှင်းဂိုဏ်းကို တဖြည်းဖြည်း ချောက်ထဲသို့ တွန်းပို့ရမည်ဖြစ်သည်။
သုံးရက်ကြာပြီးနောက် ဖန်ယွမ်သည် ချုံးရှင်းဂိုဏ်း၏ လက်ရှိအခြေအနေကို သဘောပေါက်သွားခဲ့သည်။
ဂိုဏ်း၏တည်နေရာမှာ ငှက်တောင်မစင်မစွန့်ချင်သော နေရာပျက်ကြီးတစ်ခုဖြစ်ပြီး ဂိုဏ်းတံခါးမှာလည်း ပျက်စီးယိုယွင်းနေသည်။
သူနှင့် အကြီးဆုံးတပည့် ယွဲ့လင် အပါအဝင် တစ်ဂိုဏ်းလုံးတွင် ခြောက်ယောက်သာ ရှိသည်။ ကျန်ရှိသော တပည့်လေးယောက်ကိုမူ ကပ်စေးနည်းလှသော ဂိုဏ်းချုပ်ဟောင်းက အပြင်သို့လွှတ်ကာ အလုပ်ကြမ်းလုပ်ခိုင်းပြီး ပိုက်ဆံရှာခိုင်းထားသည်။
အလွန်ကောင်းမွန်သော အစပျိုးခြင်းပင်…လူမွဲဖြစ်ဖို့အတွက် အကောင်းဆုံး ပုံစံခွက်ကြီးဖြစ်နေသည်။
ဖန်ယွမ်က ဒီပျက်စီးနေသောဂိုဏ်းသည် အချိန်အနည်းငယ်ကြာလျှင် အလိုအလျောက် ပျက်စီးသွားလိမ့်မည်ဟု တွေးထားခဲ့သည်။
သို့သော်လည်း ‘အ’မင်္ဂလာရှိလှသော စနစ်က သူ့ကို ဂိုဏ်း၏ရန်ပုံငွေထဲမှ ဝိညာဉ်ကျောက်တုံး တစ်သန်း သုံးစွဲရမည်ဟူသော တာဝန်ကို ပေးအပ်လာလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
ယန်ရှန့်တိုက်ကြီးတွင် သုံးယောက်ရှိသော မိသားစုတစ်စုသည် တစ်နှစ်လျှင် ဝိညာဉ်ကျောက်တုံး အနိမ့်စား တစ်ဝက်ခန့်သာ သုံးစွဲကြသည်ကို သိထားရမည်ဖြစ်သည်။
ဝိညာဉ်ကျောက်တုံး တစ်သန်းဆိုသည်မှာ ပျက်စီးလုနီးပါးဖြစ်နေသော ဂိုဏ်းငယ်လေးတစ်ခုကို ချက်ချင်း ပြန်လည်ရှင်သန်လာစေရန် လုံလောက်သော ပမာဏ ဖြစ်သည်။
ထို့ကြောင့် သူ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
တပည့်ခေါ်မည်… တပည့်သစ်တွေ လက်ခံမည်။
အလုပ်မလုပ်ဘဲ အလကားထိုင်စားမည့် အသုံးမကျသော အမှိုက်များကို ခေါ်ယူပြီး ဝိညာဉ်ကျောက်တုံးများကို အရူးအမူး သုံးစွဲပစ်မည်။ ထိုသို့ဖြင့် ဂိုဏ်း၏အင်အားကို ကျဆင်းစေကာ ဂိုဏ်းပျက်စီးမည့်နေ့မှာ လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာလိမ့်မည်။
"ဂိုဏ်းချုပ် တပည့်သစ်လက်ခံပွဲ လုပ်ဖို့က ပိုက်ဆံကုန်မှာလေ အဲဒါကိုတောင် ခမ်းခမ်းနားနား ကျင်းပချင်တာလား"
ယွဲ့လင် ဇဝေဇဝါ ဖြစ်သွားသည်။
ဖန်ယွမ်ကဲ့သို့ ကပ်စေးနည်းလှသော ဂိုဏ်းချုပ်တစ်ယောက်က ပိုက်ဆံသုံးဖို့အတွက် ဘာကြောင့် အစပျိုးနေရသနည်း။
အမှန်တော့ သူမသည် ကပ်စေးနည်းလှသော ဒီဂိုဏ်းချုပ်ကို ရင်ထဲမှ အထင်သေးမိသည်။
သူမသည် ထင်ရှားကျော်ကြားသော မိသားစုမှ ဆင်းသက်လာပြီး ထူးခြားသော ပါရမီအရည်အချင်း ရှိသူဖြစ်ရာ လွန်ခဲ့သော သုံးရက်ကပင် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိသင့်နေပြီ ဖြစ်သည်။
သို့သော် ဖန်ယွမ်က ကပ်စေးနည်းလွန်းသဖြင့် သူမအတွက် အခြေခံအုတ်မြစ် တည်ဆောက်မှု ဆေးလုံးကို မဝယ်ပေးခဲ့သောကြောင့် သူမ၏ကျင့်ကြံခြင်း ခရီးလမ်း နှောင့်နှေးခဲ့ရသည်။
ဝိညာဉ်စွမ်းအင်များ ရှားပါးလာပြီး တခြားဂိုဏ်းများက တပည့်သစ် လက်မခံသောကြောင့်သာ မဟုတ်လျှင် သူမသည် အခြားဂိုဏ်းကို ရွေးချယ်သွားသည်မှာ ကြာပြီဖြစ်သည်။
"မှန်တယ်... ငါက ခမ်းခမ်းနားနား ကျင်းပပြီး လူသစ်တွေ ခေါ်ချင်တာ"
ဖန်ယွမ်က လှည့်လာပြီး ယွဲ့လင်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒီသိုလှောင်လက်စွပ်ထဲမှာ ဝိညာဉ်ကျောက်တုံး တစ်သန်း ရှိတယ်…မင်းသွားပြီး သုံးစွဲလိုက်ပါ… ငါတို့ ချုံးရှင်းဂိုဏ်းက တံခါးကို အကျယ်ကြီး ဖွင့်လှစ်ထားပြီး ဘယ်လို စည်းကမ်းချက်မှ မရှိဘူးလို့သတင်းလွှင့်လိုက်ပါ…လာတဲ့သူမှန်သမျှ အခွင့်အရေး ရှိစေရမယ်"
ဝိညာဉ်ကျောက်တုံး တစ်သန်း….
ယွဲ့လင်သည် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ဆွံ့အသွားသည်။
သူမသည် ဖန်ယွမ်ကို စိုက်ကြည့်နေမိပြီး မျက်ဝန်းထဲတွင် တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
ဂိုဏ်းမှာ ဝိညာဉ်ကျောက်တုံး တစ်သန်းတောင် ရှိနေတာကို... ကျွန်မက ရှင်ရဲ့ အကြီးဆုံးတပည့် ဖြစ်နေတာတောင် အခြေခံအုတ်မြစ် အဆင့်ကို တက်လှမ်းနိုင်ဖို့ ဆေးလုံးတစ်လုံးတောင် မဝယ်ပေးချင်ခဲ့ဘူးပေါ့လေ။
လောကကြီးက ဘယ်လောက်ပဲ ရက်စက်ပြီး ဂိုဏ်းတိုင်းက တပည့်တွေအပေါ် ခေါင်းပုံဖြတ်နေပါစေ... ပုံမှန်ဂိုဏ်းချုပ်ဆိုရင် တပည့်တွေ အနာဂတ်မှာ ပိုပြီး အကျိုးပြုနိုင်အောင် မက်လုံးလေးတွေ ပေးရမှာ မဟုတ်ဘူးလား။
တစိမ့်စိမ့်တွေးမိလာရင်း ယွဲ့လင်သည် မကျေမနပ်ဖြစ်ကာ မကျေနပ်သောအသံဖြင့် ပြောလိုက်သည်။
"ဂိုဏ်းမှာ ဒီလောက် ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိနေမှတော့ တပည့်သစ်ခေါ်ယူရေး ကိစ္စတွေကို ကျွန်မပဲ သွားလုပ်ပါ့မယ်…အဲဒီအချိန်ကျရင် စရိတ်စက အများကြီး ကုန်ကျတယ်ဆိုပြီးတော့တော့ ကျွန်မကို လာမပြစ်တင်ပါနဲ့ ဂိုဏ်းချုပ်"
ယွဲ့လင် သွားကြိတ်လျက် ပြောနေသည်ကို ကြည့်ပြီး ဖန်ယွမ်သည် ရင်ထဲတွင် အလွန် ဝမ်းမြောက်နေမိသည်။
ဟုတ်တယ်... အဲဒါမျိုးပဲ…အဲဒီအတိုင်း အကုန်ပုံအောပစ်လိုက်။
သုံးပစ်လိုက်စမ်း…တတ်နိုင်သမျှ အကုန်သုံးပစ်…တစ်ရက်တည်းနဲ့ အကုန်ကုန်သွားရင် ပိုတောင် ကောင်းသေးတယ်။
ယွဲ့လင် ဒေါသတကြီး ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ဖန်ယွမ်သည် ပါရမီညံ့ဖျင်းလှသော တပည့်ပေါင်းများစွာ ဂိုဏ်းထဲသို့ တိုးဝှေ့ဝင်ရောက်လာပြီး စနစ်၏ ဝိညာဉ်ကျောက်တုံး တစ်သန်းကို စားသောက်ဖျက်ဆီးကာ နောက်ဆုံးတွင် လူစုခွဲသွားကြမည့် မြင်ကွင်းကို ကြိုတင်မြင်ယောင်နေမိသည်။
ထိုအချိန်တွင် သူသည် အင်မော်တယ်အဆင့်သို့ ရောက်ရှိ နိုင်တော့မည်ဖြစ်သည်။
အင်မော်တယ်အဆင့်သို့ ရောက်ရှိရန် လက်တစ်ကမ်းသာ လိုတော့သည်။ ဟား…ဟား…ဟား….
ချုံးရှင်းဂိုဏ်းက တပည့်သစ်လက်ခံပွဲ ကျင်းပမည့်သတင်းသည် မိုင်တစ်ရာအတွင်းရှိ မြို့ရွာများသို့ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့သည်။
ထိုအချိန်တွင် မိုင်တစ်ရာခန့် ဝေးကွာသော ကျန်းရှမြို့၌ ဖြစ်သည်။
အဓိက လမ်းမကြီးထက်တွင် လူများ ကြိတ်ကြိတ်တိုး စည်ကားနေပြီး ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်နေသော နံရံပေါ်ရှိ ကြေညာချက်ကို စိုက်ကြည့်ကာ အပြင်းအထန် ဆွေးနွေးနေကြသည်။
{ချုံးရှင်းဂိုဏ်းသည် အတွင်းစည်းတပည့်... အပြင်စည်းတပည့်နှင့် အလုပ်ကြမ်းတပည့် အမြောက်အမြားကို ခေါ်ယူနေပါသည်...... မည်သည့် ကန့်သတ်ချက်မှ မရှိပါ... လာရောက်သူတိုင်း အခွင့်အရေး ရှိပါမည်}
"ချုံးရှင်းဂိုဏ်း ဟုတ်လား…ဟိုတောင်တံခါး ပျက်စီးနေတဲ့ ဂိုဏ်းငယ်လေးလား…အခုလို လောကကြီး ကျပ်တည်းနေတဲ့ အချိန်မှာ တပည့်သစ် ခေါ်နေတာလား…ပိုက်ဆံလိမ်ဖို့ လုပ်နေတာတော့ မဟုတ်ပါဘူးနော်"
"ငါကြားတာတော့ ဒီတစ်ခေါက် တပည့်သစ်လက်ခံပွဲက အကြီးအကျယ်ပဲတဲ့…ချုံးရှင်းဂိုဏ်းက ဂိုဏ်းတံခါးရှေ့မှာ တပည့်သစ်တွေကို လက်ခံဖို့ ရင်ပြင်အသစ်တစ်ခုတောင် ဆောက်ထားတယ်လို့ ကြားတယ်"
"ဒါဆိုရင်တော့ ရိုးသားမှု ရှိတယ်လို့ ပြောလို့ရတာပေါ့…ငါတို့ သွားပြီး စမ်းကြည့်သင့်လား"
လူအုပ်ကြီးထဲတွင် မျက်နှာညိုဖျော့ဖျော့... ပိန်လှီသော ကိုယ်လုံးနှင့် တစ်ကိုယ်လုံး ရွှံ့များ ပေကျံနေကာ စာအုပ်ခြင်းတောင်းကို လွယ်ထားသော စာပေသမားတစ်ယောက်သည်လည်း ထိုကြေညာချက်ကို ကြည့်ပြီး ငေးမောနေမိသည်။
"ချုံးရှင်းဂိုဏ်းက တပည့်တွေ အများကြီး ခေါ်နေတယ်... ဘာကန့်သတ်ချက်မှ မရှိဘူး..."
ဆင်းရဲနွမ်းပါးလှသော စာပေသမားသည် တိုးတိုးလေး ရေရွတ်ရင်း မယုံကြည်နိုင် ဖြစ်နေမိသည်။
ယန်ရှန့်တိုက်ကြီးရှိ ကျင့်ကြံခြင်းဂိုဏ်းများတွင် တပည့်တစ်နေရာ ရရှိရန်အတွက် လူပေါင်း ရာနှင့်ချီ... ထောင်နှင့်ချီ၍ တိုက်ခိုက်လုယူရသည်မဟုတ်ပါလား။
သာမန်ကျင့်ကြံခြင်းဂိုဏ်းများ၏ ကြေညာချက်များတွင် အပြင်စည်းတပည့် တစ်ယောက်နှင့် အလုပ်ကြမ်းတပည့် နှစ်ယောက်ခန့်သာ ခေါ်ယူလေ့ရှိပြီး ပြိုင်ဆိုင်မှုမှာ အလွန် ပြင်းထန်လှသည်။
သို့သော်လည်း ချုံးရှင်းဂိုဏ်းကမူ အတွင်းစည်းတပည့်မှစ၍ အလုပ်ကြမ်းတပည့်အထိ ခေါ်ယူနေခြင်း ဖြစ်သည်။
ဒါ့အပြင် အရေအတွက် အမြောက်အမြား ခေါ်ယူနေခြင်းပင်။
ဒါက ဂိုဏ်းထဲဝင်ပြီး ကျင့်ကြံခွင့်ရဖို့ အခွင့်အရေးကို အများကြီး မြင့်တက်စေသည်။
ထို့အပြင် တခြားကျင့်ကြံခြင်းဂိုဏ်းများသည် တပည့်သစ်ခေါ်ယူရာတွင် ပါရမီ... နောက်ခံ သို့မဟုတ် ကျင့်ကြံခြင်း အတွေ့အကြုံများကို တောင်းဆိုလေ့ရှိသည်။ ချုံးရှင်းဂိုဏ်းက မည်သည့်ကန့်သတ်ချက်မျှ ရှိလိမ့်မည်မဟုတ်ဟု မည်သူက ထင်ထားပါမည်နည်း။
"တကယ်ပဲ ဒီလို အခွင့်အရေးကောင်း ရှိတာလား..."
စာပေသမားသည် သူ၏ခြောက်သွေ့နေသော နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး စိတ်လှုပ်ရှားနေသော်လည်း ဝေခွဲမရ ဖြစ်နေဆဲပင်။
"ဖတ်"
သူ့ပခုံးကို လမ်းသွားလမ်းလာတစ်ယောက်က ပုတ်လိုက်သဖြင့် သူသည် သတိမထားမိဘဲ ခေါင်းငုံ့ကာ ပခုံးကို တွန့်လိုက်ပြီး လမ်းဖယ်ပေးရန် ပြင်လိုက်သော်လည်း ထိုသူက သူ့ကို လှမ်းခေါ်လိုက်သည်။
"အစ်ကို ကျိန်းသောက်…တကယ်ပဲ အစ်ကို ဖြစ်နေတာပဲ…အစ်ကိုက မိုင်တစ်ထောင်ဝေးတဲ့ သိုင်းအင်ပါယာမြို့က အင်မော်တယ်ဂိုဏ်းထဲ ဝင်ဖို့ သွားခဲ့တာ မဟုတ်ဘူးလား"
မိန်းကလေးတစ်ယောက်၏ ကြည်လင်သောအသံ ထွက်ပေါ်လာသည်။ ချန်ကျင်းတောက် ခေတ္တမျှ ဆွံ့အသွားပြီး ခေါင်းမော့ကြည့်လိုက်ရာ နှလုံးသားတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။
သူ့ရှေ့တွင် ရှိနေသော မိန်းကလေးသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာထက်တွင် ငယ်ရွယ်နုပျိုမှုများ ရှိနေသည်။ သူမက သူ့ကို မြင်လိုက်ရသည့် ခဏ၌ မျက်ဝန်းထဲတွင် ကြယ်တာရာများ ပုန်းကွယ်နေသကဲ့သို့ ချက်ချင်း တောက်ပသွားခဲ့သည်။
သူ့ခရီးစဉ်အတွင်း အကြိမ်ပေါင်း ရာနှင့်ချီ၍ အောက်မေ့ခဲ့ရသော နာမည်တစ်ခုသည် နှုတ်မှ လွတ်ခနဲ ထွက်ကျလာသည်။
"ညီမလေး ရှောင်ယီ..."
ရှောင်ယီက ပျော်ရွှင်စွာ ပြုံးပြလိုက်ပြီး "ကျွန်မ အစ်ကို့ကို နောက်ထပ် မတွေ့ရတော့ဘူးလို့ ထင်နေတာ... အစ်ကို ကျိန်းသောက်…အစ်ကိုက ဂိုဏ်းကနေ အပြင်ထွက်ပြီး တာဝန်တစ်ခု လုပ်နေတာလား..."
သူမ စကားတစ်ဝက်ခန့် ပြောပြီးမှ ရှေ့တွင်ရှိသော စာပေသမား၏ ဆင်းရဲနွမ်းပါးလှသော ပုံစံကို မြင်လိုက်ရသဖြင့် နောက်ဆက်တွဲ စကားလုံးများသည် လည်ချောင်းဝတွင် တစ်ဆို့သွားပြီး ထွက်မလာတော့ပေ။
သူတို့နှစ်ဦး ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရှောင်ယီက မျက်နှာနီမြန်းကာ ပြန်လည်ပြုံးပြလိုက်သည်။
"အစ်ကို ကျိန်းသောက်... အင်မော်တယ်လမ်းစဉ်ကို ရှာဖွေတာကို ရပ်လိုက်ရင် ကော မကောင်းဘူးလား အစ်ကိုက စာဖတ်တာ အရမ်းတော်တာပဲ... မြို့ထဲမှာ စာပြဆရာ လုပ်ရင် မကောင်းဘူးလား"
ချန်ကျင်းတောက်၏ ခန္ဓာကိုယ် တောင့်တင်းသွားသည်။
လွန်ခဲ့သော သုံးနှစ်က အင်မော်တယ်ဂိုဏ်းကြီးများသို့ ဝင်ရောက်ရန် အိမ်မှ ထွက်ခွာခဲ့သည့် မြင်ကွင်းကို ပြန်လည်အောက်မေ့မိသည်။
ထိုနေ့က သူသည် စိတ်ဓာတ်တက်ကြွနေပြီး သူ့ရှေ့တွင်ရှိသော မိန်းကလေးကို တစ်နေ့တွင် သူသည် ပျံသန်းနိုင်သော ဓားကိုစီးကာ အိမ်ပြန်လာမည်ဖြစ်ပြီး သူမကို အင်မော်တယ်ဂိုဏ်းထဲသို့ ခေါ်ဆောင်ကာ ကောင်းကင်နှင့် ပင်လယ်ပြင်တွင် လှည့်လည်သွားလာမည်ဟု ပြောခဲ့သည်။
သို့သော်လည်း သူ့တွင် နောက်ခံမရှိ... ပါရမီမရှိ... တခြားသူများကို ဖားနိုင်သော အရည်အချင်းလည်း မရှိပေ။
သာမန်လူသားတစ်ယောက်အတွက် ဂိုဏ်းထဲ ဝင်ရောက်ပြီး အင်မော်တယ်အဆင့်သို့ တက်လှမ်းရန်မှာ အလွန် ခက်ခဲလှသည်။
’စာပြဆရာ ဟုတ်လား… ငါတို့လိုလူတွေက သာမန်လူတွေလို ဘယ်လို နေနိုင်မှာလဲ… ငါတို့က ပြာလဲ့တဲ့ တိမ်တိုက်တွေကို နင်းပြီး စစ်မှန်တဲ့ လမ်းစဉ်ကို ရှာဖွေရမှာ’
ချန်ကျင်းတောက်သည် ရင်ဘတ်ကို မတ်မတ်ထားရန် ကြိုးစားရင်း အသက်ကို အတင်းအကျပ် အောင့်ထားကာ လိမ်ညာလိုက်သည်။
"ညီမလေး ရှောင်ယီ... ဟိုအင်မော်တယ်ဂိုဏ်းက အလုပ်ကြမ်းတပည့် နေရာပဲ ပေးလို့ ငါ့စိတ်နဲ့မတွေ့တာနဲ့ ပြန်လာခဲ့တာ ငါ ဒီချုံးရှင်းဂိုဏ်းမှာ ငါ့ကံတရားကို ထပ်ပြီး စမ်းကြည့်ဖို့ ရည်ရွယ်ထားတယ်"
ရှောင်ယီသည် ရှေ့တွင် အတင်းဟန်ဆောင်နေသော စာပေသမားကို ကြည့်ပြီး မျက်ဝန်းထဲတွင် အထီးကျန်ရိပ်တစ်ခု ဖြတ်သန်းသွားခဲ့သည်။
သို့သော်လည်း မကြာမီမှာပင် သူမသည် စိတ်ဓာတ်ပြန်လည် တက်ကြွအောင် ကြိုးစားရင်း မျက်နှာထက်တွင် အပြုံးတစ်ခုကို ပြန်လည် ဆင်မြန်းလိုက်သည်။
"အင်း... ဒါဆိုရင် ရှောင်ယီက ဆက်ပြီး စောင့်နေပါ့မယ်"
သူမ၏ အသံမှာ ခြင်လေးတစ်ကောင်၏ အသံကဲ့သို့ တိုးညင်းလှသော်လည်း စာပေသမား၏ နှလုံးသားကို ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။
သူ့လည်ချောင်းသည် နှစ်ကြိမ်ခန့် တုန်ခါသွားပြီး ချန်ကျင်းတောက်သည် ရင်ထဲတွင် ခါးသီးမှုကိုသာ ခံစားလိုက်ရကာ စကားတစ်ခွန်းမျှ မဆိုနိုင်တော့ပေ။
သူသည် လှည့်ထွက်လာခဲ့ပြီး သူမကို ထပ်မကြည့်ရဲတော့ဘဲ အရှုံးသမားခွေးတစ်ကောင်ကဲ့သို့ ဝေးရာသို့ ထွက်ခွာလာခဲ့သည်။
မျက်ဝန်းများ တဖြည်းဖြည်း နီမြန်းလာသော မိန်းကလေးသာ ကျန်ရစ်ခဲ့ပြီး သူမသည် သူ၏ကျောပြင်ကို ကြည့်ရင်း အချိန်အတော်ကြာအောင် မထွက်ခွာဘဲ ရပ်နေမိတော့သည်။