အခန်း (၁) — ဒန်တေး
【အကောင့်လက်ကျန်ငွေ −$2,345.44】
တိုက်ခန်းအသစ်အတွက် စရံငွေချေပြီးနောက် အကောင့်လက်ကျန်ငွေကို မြင်လိုက်ရချိန်မှာ ဒန်တေးရဲ့မျက်နှာက တောင့်ခဲသွားသည်။
အခုလေးတင် အိမ်ခြံမြေအဆောက်အအုံထဲကနေ ထွက်လာခဲ့တာဖြစ်ပြီး အစောပိုင်းတုန်းကတော့ အရာရာအဆင်ပြေမယ်လို့ တွေးကာ စိတ်ကြည်နေခဲ့သေးသည်။
ဒန်တေးက သက်ပြင်းချရင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ဘယ်အချိန်က စလာမှန်းမသိပေမဲ့ မိုးစက်တွေ တဖြည်းဖြည်း ကျလာနေပြီ။ လက်ရှိသူ့ရဲ့ငွေကြေးအခြေအနေနဲ့ တိုက်ဆိုင်လွန်းလို့ ထူးထူးခြားခြား ဟာသတစ်ခုလိုပင်။
ကောင်းကင်က သူ့အခြေအနေကို ကိုယ်ချင်းစာပြီး ဝမ်းနည်းလို့ မျက်ရည်ကျနေတာလား၊ ဒါမှမဟုတ် သူ့ကို လှောင်ပြောင်ရယ်မောနေတာလား။
ဒန်တေးက နောက်တစ်ကြိမ် သက်ပြင်းချလိုက်သည်။
ဆင်းရဲလာပြီဆိုရင် လူတစ်ယောက်ရဲ့အတွေးတွေတောင် ကဗျာဆန်ပြီး နက်နဲလာတတ်တာပဲ။
ဒါပေမဲ့ အကြွေးတင်နေတယ်ဆိုရုံနဲ့ ဒန်တေးကို တကယ်ဆင်းရဲတယ်လို့တော့ ပြောလို့မရသေး။
သူက မိဘနှစ်ပါးရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကြီးပြင်းလာခဲ့သူဖြစ်ပြီး မိသားစုကလည်း လူလတ်တန်းစားအထက်အဆင့်မှာ ရပ်တည်နိုင်တဲ့ မိသားစုတစ်ခုဖြစ်သည်။ ဆွေမျိုးရင်းချာတွေအပါအဝင် မိသားစုဝင်အများစုကလည်း သူ့အပေါ် အမြဲအားပေးကူညီပေးခဲ့ကြသည်။
ဒန်တေးက မျက်နှာကို လက်နဲ့ရိုက်လိုက်ပြီး အတွေးတွေကို ဖြတ်လိုက်သည်။
“မင်းလုပ်နိုင်တယ်။ ဒီဆုံးဖြတ်ချက်ကို မင်းကိုယ်တိုင် ချခဲ့တာပဲ။ အခုတော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ဆက်သွားရမယ်”
ကိုယ့်ဘဝမှာ ချခဲ့မိတဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်အတွက် ကိုယ့်ကိုယ်ကို ပြန်သတိပေးပြီး ဒန်တေးက အငှားယာဥ် တစ်စီး ခေါ်လိုက်သည်။ ပြီးတော့ အိမ်ကို သွားမဲ့နေရာအဖြစ် သတ်မှတ်ပေးလိုက်ပြီး နောက်ခုံတွင် ပျင်းပျင်းရိရိထိုင်ကာ နံဘေးကို မှီလိုက်သည်။
နားကြပ်တပ်ပြီးတော့ ခပ်ကြမ်းကြမ်း Rap သီချင်းကို ဖွင့်လိုက်သည်။
“~~Motherfucker, I killed three guys, and with three bitches—”
အဓိပ္ပာယ်မရှိသလောက် ဖြစ်နေတဲ့ သီချင်းစာသားတွေကို နားထောင်ရင်း ဒန်တေးရဲ့အတွေးတွေက တဖြည်းဖြည်း လွင့်မျောသွားသည်။
သူက ကားပြတင်းပေါက်အပြင်ကို လှည့်ကြည့်လိုက်သည်။
နေဝင်ချိန်ကို မြင်လိုက်ရတော့ သူ့ဘဝရဲ့ တံခါးဟောင်းတစ်ချပ် ပိတ်သွားပြီး တံခါးအသစ်တစ်ချပ် ဖွင့်လာပြီလို့ အစပိုင်းမှာ တွေးမိသည်။
သို့သော် အကောင့်လက်ကျန်ငွေက သူ့ကို လက်တွေ့ဘဝထဲ ပြန်ဆွဲချလိုက်သည်။
တံခါးအသစ်တစ်ချပ် ဖွင့်လာတာတော့ ဟုတ်သည်။
သို့သော် ထိုတံခါးနောက်တွင် စောင့်နေမှာက အပျော်ပါတီတစ်ခု မဟုတ်ဘဲ ရပ်ကွက်ထဲတွင် သေနတ်ပစ်ခတ်မှု ဖြစ်နေတဲ့အခြေအနေမျိုး ဖြစ်နေနိုင်သည်။
ဒန်တေးက သူ့အိတ်ထဲရှိ ပစ္စည်းဘူးကို ငုံ့ကြည့်လိုက်ပြီး မျက်လုံးတွေ တောက်ပလာသည်။
ထိုပစ္စည်းကလည်း သူ အခုလို အကြွေးထဲ မြန်မြန်ကျသွားရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်သည်။
နောက်ဆုံးပေါ် Huawei G20။
အပြင်ထွက်ပြီး အလုပ်လုပ်ရတာကို နှစ်သက်တဲ့ ကျွမ်းကျင်သူပညာရှင် တွေနဲ့ နည်းပညာဝါသနာရှင်တွေအတွက် ထုတ်လုပ်ထားတဲ့ အလွန်ကောင်းမွန်တဲ့ ဖုန်းတစ်လုံးဖြစ်သည်။
ဈေးနှုန်းက ဒေါ်လာ 1,500 ကျော်သည်။
ထိုစဥ်က နောက်ဆုံးပေါ် iPhone XV တောင် ဒေါ်လာ 300 လောက် ပိုသက်သာပြီး နည်းပညာအရဆို ဒီဖုန်းနောက်ကို နှစ်ပေါင်း 20 လောက်တောင် နောက်ကျနေသေးသည်။
ဘာတတ်နိုင်မှာလဲ။
တရုတ်နိုင်ငံရဲ့ နည်းပညာက အရှိန်အဟုန်နဲ့ တိုးတက်လာနေခဲ့သည်။ အမေရိကန်ရဲ့ စီးပွားရေးအင်ပါယာကတော့ ဖေ့စ် ငွေကြေး စနစ် ပျက်ယွင်းလာမှုနဲ့ ဆော်ဒီအာရေဗျက ရေနံဒေါ်လာ စနစ်ကို ဖယ်ရှားလိုက်တာကြောင့် အင်အားကျဆင်းလာခဲ့သည်။
တရုတ်ကတော့ ထိုအခွင့်အရေးကို လက်လွှတ်မခံခဲ့ပေ။
ထိုင်ဝမ်ကို သိမ်းပိုက်ပြီးနောက် တစ်ပိုင်းလျှပ်ကူး နည်းပညာကိုပါ လက်ဝယ်ရရှိသွားတာနဲ့အမျှ သူတို့ရဲ့ နည်းပညာအင်အားက ပိုမိုမြန်ဆန်စွာ တိုးတက်လာခဲ့သည်။
အမေရိကန်ပြည်ထောင်စုလို အင်အားကြီးနိုင်ငံတွင် ဒုတိယမျိုးဆက် ရွှေ့ပြောင်းနေထိုင်သူ တစ်ယောက်အဖြစ် ကြီးပြင်းလာတဲ့ ဒန်တေးအတွက်တော့ ဒီအပြောင်းအလဲတွေကို ဘယ်လိုခံစားရမလဲဆိုတာ ရှုပ်ထွေးနေခဲ့သည်။
တစ်ဖက်မှာ သူ့အသားအရောင်က အနည်းငယ်ညိုတာကြောင့် အာရှသားအများစုဆီက အထူးအကျိုးခံစားခွင့် ရဖို့မလွယ်ပေ။
နောက်တစ်ဖက်မှာတော့ သူ့ဘဝရပ်တည်မှုက အမေရိကန်ရဲ့ ဆက်လက်လွှမ်းမိုးနိုင်မှုနဲ့ ချိတ်ဆက်နေသည်။
ကျားတစ်ကောင်ရဲ့ ကျောပေါ်တက်စီးနေရသလိုပင်။
ဒန်တေးရဲ့မျက်လုံးတွေ လှုပ်ရှားသွားသည်။
သူ့အတွေးတွေက ဟိုဟိုဒီဒီ အများကြီး ရောက်နေခဲ့ပေမဲ့ အခုအချိန်မှာ အရေးကြီးဆုံးက နောက်ထပ်ဘာလုပ်မလဲဆိုတာပင်။
သူ့အနာဂတ်။
အသက် 21 နှစ်သာရှိသေးတဲ့ လူငယ်တစ်ယောက်အနေနဲ့ သူ့ရှေ့မှာ အခွင့်အလမ်းတွေ အဆုံးမရှိသေးပေ။
ဆော့ဖ်ဝဲအင်ဂျင်နီယာ ဘာသာရပ်နဲ့ BSc ဘွဲ့ကို Upper Second-Class အဆင့်နဲ့ ရရှိထားသည်။
ရုပ်ရည်ကလည်း မဆိုး။
မိဘတွေက ငွေကြေးပိုင်းဆိုင်ရာကို ငယ်ငယ်ကတည်းက ဂရုစိုက်ပေးခဲ့တာကြောင့် ခရက်ဒစ်အမှတ် ကလည်း ကောင်းနေသည်။
စတင်ဖို့အတွက် သူ့မှာ အခြေခံကောင်းကောင်း ရှိနေခဲ့သည်။
အကြွေးရှိနေတာတောင် ဒီလိုအရည်အချင်းတွေကို ရဖို့ လူတော်တော်များများက ဘာမဆိုလုပ်ကြလိမ့်မည်။
အမေရိကန်မှာလည်း အကြွေးလုံးဝမရှိတဲ့လူက ဘယ်လောက်များပါ့မလဲ။
ဒါပေမဲ့ ဒန်တေးရဲ့ပြဿနာ အရင်းမြစ်က အပြင်မှာ မဟုတ်ပေ။
သူ့အတွင်းထဲမှာ ရှိနေသည်။
ငယ်ငယ်တုန်းက စာဖတ်ရတာ၊ လေ့ကျင့်ခန်းလုပ်ရတာနဲ့ အသစ်အဆန်းတွေကို စူးစမ်းရှာဖွေရတာ နှစ်သက်တဲ့ ကလေးတစ်ယောက် ဖြစ်ခဲ့ဖူးတာမျိုးကို သင်သိနိုင်သည်။
သို့သော် တီထွင်ဖန်တီးနိုင်စွမ်းထက် အထပ်ထပ်မှတ်သားကျက်မှတ်တာကို ပိုဦးစားပေးတဲ့ အဓိပ္ပာယ်မဲ့ ပညာရေးစနစ်ကြောင့် အဲဒီစိတ်ဓာတ်တွေ တဖြည်းဖြည်း ပျောက်ကွယ်သွားတာမျိုး။
ကျောင်းတက်စဉ်က မိသားစုအခြေအနေကောင်းပြီး နောက်ဆုံးပေါ် ဂိမ်း တွေ၊ ကွန်ပျုတာ တွေကို အမြဲရခဲ့တာမျိုးလည်း ဖြစ်နိုင်သည်။
အဲဒီပစ္စည်းတွေကို ဖြုတ်ဖွင့်ပြီး စမ်းသပ်ရင်း ပျက်စီးသွားတဲ့အရေအတွက် များလွန်းလို့ မိဘဆီက မကြာခဏ ဆူခံရတာမျိုး။
အတန်းဖော်တွေ စာကြိုးစားနေရပေမဲ့ သူ့အတွက်တော့ သင်ခန်းစာတွေက အလွယ်တကူ နားလည်နေခဲ့တာမျိုးလည်း ဖြစ်နိုင်သည်။
နောက်ဆုံးမှာ ကြိုးစားအားထုတ်မှုကို လျှော့ချလိုက်ပြီး C အဆင့်လောက်နဲ့ပဲ ကျောင်းကို ဖြတ်သန်းလိုက်တာမျိုး။
ကိုယ်ချစ်တဲ့ ညီအစ်ကိုမောင်နှမဝမ်းကွဲတွေနဲ့ ရင်းနှီးခဲ့ပေမဲ့ အရွယ်ရောက်လာတဲ့အခါ အမြဲတမ်း တခြားသူတွေနဲ့ နှိုင်းယှဉ်ခံနေရမှုက လူတိုင်းကြား အကွာအဝေးတစ်ခု ဖြစ်လာစေတာမျိုးလည်း ရှိနိုင်သည်။
ဒီအရာတွေထဲက တစ်ခုခုကို သိတယ်ဆိုရင်၊ အများအားဖြင့် အားလုံးနီးပါးကို သိတယ်ဆိုရင် ဒန်တေးရဲ့ အခြေအနေကို နားလည်နိုင်လိမ့်မည်။
ဉာဏ်ကောင်းပေမဲ့ လှုံ့ဆော်မှုမရှိ။
ယှဉ်ပြိုင်လိုစိတ်ရှိပေမဲ့ လွယ်လွယ်နဲ့ လက်လျှော့တတ်သည်။
အာရုံစူးစိုက်မှုက တစ်နေရာတည်းမှာ ပိတ်မိနေပြီး အလုပ်အများကြီးကို တစ်ပြိုင်နက် မကိုင်တွယ်နိုင်။
အရေးအကြီးဆုံးကတော့—
ထူးခြားတဲ့နည်းလမ်းတွေနဲ့ အောင်မြင်ချင်ပေမဲ့ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်တိုင်လုပ်ချင်တဲ့စိတ်က ပိုပြင်းထန်နေခြင်းပင်။
ထိုစိတ်ဓာတ်တွေကြောင့်ပဲ တစ်နှစ်ကို ဒေါ်လာ 250,000 ကျော် ဝင်ငွေရှိတဲ့ မိသားစုက လူငယ်တစ်ယောက်ဟာ အခုတော့ ဒေါ်လာ 2,000 ကျော် အကြွေးတင်နေခဲ့သည်။
ရုတ်တရက် လွတ်လပ်ချင်လာပြီး မိဘတွေရဲ့ အကူအညီကို မယူချင်တော့တဲ့ သားဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို မိဘနှစ်ယောက်စလုံး နားမလည်နိုင်ခဲ့ကြပေ။
သူတို့က သားဖြစ်သူ ဒီအရွယ်မှာ ခဏတာရူးသွပ်နေခြင်းလား၊ ဒါမှမဟုတ် တစ်ယောက်ယောက်က မကောင်းတဲ့အတွေးတွေ ထည့်ပေးလိုက်တာလား ဆိုတာတောင် တွေးနေခဲ့ကြသည်။
ဒန်တေးရဲ့အဖေက သူ့သားကို သူ့လမ်းအတိုင်း လိုက်စေချင်သည်။
သူကိုယ်တိုင် လုပ်ခဲ့တဲ့အတိုင်း အဆင့်မြင့် ဗိသုကာပညာရှင် တစ်ယောက် ဖြစ်လာပြီး အထက်တန်းစား ဆောက်လုပ်ရေး လုပ်ငန်းရှင် တွေအတွက် အဓိကလုပ်ကိုင်ပေးနေတဲ့ သူ့ရဲ့ အလတ်စားကုမ္ပဏီကို အမွေဆက်ခံစေချင်ခဲ့သည်။
ထိုသို့ဆိုလျှင် သားဖြစ်သူကို လုပ်ငန်းရဲ့ထိပ်ဆုံးအထိ တွန်းပို့ပေးနိုင်မယ်။ အစကနေ အရာအားလုံးကို သင်ယူရမယ့် အချိန်လည်း လျှော့ချနိုင်မယ်။ သူ့ရဲ့ လုပ်ငန်းခွင်အတွင်း အဆက်အသွယ်တွေကိုပါ လက်ဆင့်ကမ်းပေးနိုင်မည်။
ဒန်တေးရဲ့အမေကတော့ ဓာတုအင်ဂျင်နီယာ တစ်ယောက်ဖြစ်ပြီး အဲဒီအချိန်က အခြေအနေဆိုးနေတဲ့ ပိဖ်စ်ဇာ ကုမ္ပဏီမှာ အလုပ်လုပ်နေသည်။
သူမကတော့ သားဖြစ်သူကို အသုံးချ သိပ္ပံဘာသာရပ် ဘက်ကို သင်ယူစေချင်သည်။
ဒါကြောင့် IT ဘက်ကို ဝင်ဖို့ ဒန်တေးဆုံးဖြတ်တာကို အမေက ထောက်ခံပေးခဲ့သည်။
ဒါပေမဲ့ သူ့အဖေကတော့ မပျော်နိုင်ခဲ့ပေ။
သူ နှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်ထားတဲ့ လုပ်ငန်းငယ်လေးက သူနဲ့အတူ အဆုံးသတ်သွားမှာကို စိုးရိမ်နေခဲ့သည်။
နောက်ဆုံးတော့ ကုဒ်ရေးသူ တစ်ယောက်က ဗိသုကာပညာရှင် တွေနဲ့ ဘာများချိတ်ဆက်လုပ်ကိုင်နိုင်မှာလဲ။
3D ဒီဇိုင်း နဲ့ ရုပ်ပုံဖန်တီးမူ ကို သင်ထားရင်တော့ တစ်မျိုးပေါ့။
ဒန်တေးက မိနစ် 30 မပြည့်ခင် သုံးကြိမ်မြောက် သက်ပြင်းချလိုက်သည်။
ကိုယ်လုပ်ချင်တာကို ကိုယ်တိုင်လုပ်မယ်ဆိုပြီး မိဘတွေကို ဆန့်ကျင်ခဲ့တဲ့ သူ့ရဲ့ အလျင်စလိုဆုံးဖြတ်ချက်က မိသားစုအတွင်း အနည်းငယ်တင်းမာမှု ဖြစ်လာစေခဲ့သည်။
အထူးသဖြင့် နောက်ဆုံး အတွေးခေါ်ဆွေးနွေးပွဲမှာ သူ့ဝမ်းကွဲတွေက ဆရာဝန်၊ ဆေးဝါးပညာရှင်နဲ့ ရှေ့နေ တွေ ဖြစ်နေကြတာ သိလာရပြီးနောက် ဒန်တေးကလည်း ပါးစပ်ထဲရှိရာ ထုတ်ပြောမိခဲ့သည်။
“ငါက အက်ပ် ဖန်တီးသူ ပါ”
ကံကောင်းတာက 2030 ခုနှစ်ဖြစ်နေပြီ။
အသက်ကြီးပိုင်းက လူတွေတောင် IT က အနာဂတ်ဖြစ်တယ်ဆိုတာ နားလည်လာကြပြီဖြစ်သည်။
လွန်ခဲ့တဲ့ 10 နှစ်၊ 20 နှစ်လောက်ကသာဆိုရင်တော့ သူ့ကို အစကတည်းက အောင်မြင်မှုမရှိတဲ့ လူငယ်တစ်ယောက်လို့ သတ်မှတ်ခံရနိုင်သည်။
တကယ်နာကျင်စရာက သူဘာကြောင့် အက်ပ် ဖန်တီးသူ ဖြစ်ချင်တာလဲဆိုတာ မဟုတ်ပေ။
အဓိကမေးခွန်းက—
“မင်း ဘာ အက်ပ် တွေ ဖန်တီးထားလဲ”
အဖြေကတော့ မရှိ။
လုံးဝမရှိ။
အနည်းဆုံး သူကိုယ်တိုင် လူတွေကိုပြချင်တဲ့ အက်ပ် မရှိသေးပေ။
လေ့ကျင့်ရင်း၊ စမ်းသပ်ရင်း၊ ပရောဂျက် လုပ်ရင်း ရေးထားတဲ့ အက်ပ် တချို့တော့ ရှိသည်။
ဒါပေမဲ့ အဲဒီ အက်ပ် တွေထဲက ဘယ်တစ်ခုမှ အခုထိ တကယ်အသုံးဝင်လာမယ့်ပုံ မပေါ်သေးပေ။
ဒန်တေးက လက်ထဲမှာ ကိုင်ထားတဲ့ ဖုန်းဘူးကို ငုံ့ကြည့်လိုက်သည်။
ဒါပေမဲ့ ဒီဖုန်းအသစ်နဲ့တော့ အခြေအနေပြောင်းသွားနိုင်သည်။
ဒီစက်က သူလိုလူတွေအတွက် အထူးထုတ်လုပ်ထားတာဖြစ်ပြီး ကုဒ်ရေးသူ တွေ ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်အောင် ကိရိယာတွေ နဲ့ ဆော့ဖ်ဝဲအစုလေးတွေ အမျိုးမျိုး ပါဝင်သည်။
သူ့ လက်ပ်တော့ ထဲမှာတော့ ကုဒ် က ရေးပြီးသားဖြစ်သည်။
သုံးပတ်ကျော် အချိန်ပေး၊ ရေးခဲ့ရတာဖြစ်ပြီး ဖွဲ့စည်းပုံချို့ယွင်းချက် တွေကြောင့်လည်း အကြိမ် 400 ကျော် စိတ်ပျက်တကြီး အော်ဟစ်ခဲ့ရသည်။
အခုတော့ ကုဒ် ကို ပတ်ကေ့စ် လုပ်ပြီး ဖုန်းထဲမှာ စမ်းသပ်ဗားရှင်း လုပ်လိုက်ရုံပဲ ကျန်တော့သည်။
အဲဒီနောက် တွေ့လာမယ့် ချို့ယွင်းချက် တွေကို ဖုန်းပေါ်ကနေ တိုက်ရိုက်ဖြေရှင်းနိုင်မည်။
သေချာစိစစ်ပြီး အားလုံးအဆင်ပြေသွားရင် သူ့မိတ်ဆွေတွေနဲ့ အသိအကျွမ်းတွေကြားမှာ အရင်ဆုံး အစမ်း ဖြန့်ဖို့လုပ်မည်။
အဲဒါကို စိတ်ကူးယဉ်လိုက်ရုံနဲ့ ဒန်တေးရဲ့စိတ်ထဲမှာတောင် မနေနိုင်လောက်အောင် စိတ်လှုပ်ရှားလာသည်။
အငှား ယာဉ်မောင်းရဲ့ ခေါင်းနောက်ကိုပင် ပုတ်ပြီး မြန်မြန်မောင်းဖို့ ပြောချင်လာသည်။
ဒါပေမဲ့ ရှေ့မှာ ယာဉ်ကြောပိတ်နေတာကို မြင်လိုက်ရတာကြောင့် ဘာမှမပြောနိုင်တော့ပေ။
ရပ်နေတဲ့ကားတွေကြားက လမ်းဘေးလျှောက်လမ်းကို လက်ညှိုးထိုးပြီး “လမ်းဘေးက လွတ်တယ်၊ အဲဒီကနေ သွား” လို့ ပြောလို့လည်း မဖြစ်နိုင်။
အချိန်ရပ်တန့်နေအောင် လုပ်ပီး ဓားတွေထုတ်၊ ဟန်ထုတ်ရတာကြိုက်တဲ့ အသက် 100 အရွယ် အင်္ဂလိပ် Vampire(သွေးစုတ်ဖုတ်ကောင်) တစ်ယောက်မှ မဟုတ်တာပဲ။
ဒါကြောင့် ဒန်တေးက ထိုင်ခုံကို ပြန်မှီပြီး စောင့်နေရုံပဲ တတ်နိုင်တော့သည်။
သူ့အတွေးတွေကတော့ လွတ်လွတ်လပ်လပ် ပြေးလွှားနေသည်။
တစ်ခါတလေ အလားအလာကောင်းနေတဲ့ အနာဂတ်အတွက် စိတ်လှုပ်ရှားနေသလို၊ တစ်ခါတလေ ကျရှုံးသွားနိုင်ခြေနဲ့ အရှက်ကွဲရနိုင်တာကို စိုးရိမ်နေသည်။
နောက်ဆုံးတော့ အငှားယာဥ် က သူ့အိမ်ရှေ့တွင် ရပ်လိုက်သည်။
ဒန်တေးက ခရက်ဒစ် ကဒ် နဲ့ ကားခရှင်းလိုက်ပြီး သူ့အကြွေးကို ထပ်တိုးလိုက်ပြန်သည်။
သိုသော် သူ့ ခရက်ဒစ် အမှတ် က 750 အထိ ကောင်းနေတဲ့အတွက် ခရက်ဒစ် အကန့်အသန့်က ဒေါ်လာ 15,000 လောက်အထိ ရှိသည်။
သူ့လုပ်ငန်းကနေ ပထမဆုံးအမြတ်ငွေ မရမချင်း နေထိုင်ဖို့အတွက်တော့ အဲဒီပမာဏက လုံလောက်သည်။
အီလွန် မတ်စ် ဖြစ်ဖြစ် ၊ ဘီလ် ဂိတ်စ် ဖြစ်ဖြစ် ၊ မာ့က် ဇူကာဘတ် ဖြစ်ဖြစ်—
သူတို့အားလုံးလည်း အောက်ခြေကနေ စခဲ့ကြပြီး သာမန်လူငယ်တွေကို စွန့်စားချင်လာအောင် လှုံ့ဆော်ပေးနိုင်တဲ့ ထူးခြားတဲ့အစပြုဇာတ်လမ်းတွေ ရှိခဲ့ကြသည်။
ဒန်တေးလို အတွေ့အကြုံနည်းတဲ့ လူငယ်တစ်ယောက်အတွက်တော့ ထိုဇာတ်လမ်းတွေက အင်အားတစ်ခု ဖြစ်နေခဲ့သည်။
ဒီလောက်အထိ ငွေကြေးအခွင့်အလမ်း ရှိနေပြီဆိုတော့ သူ့ရဲ့ ကြီးမားတဲ့ဘဝအစီအစဉ်ကို စတင်နိုင်ပြီ။
အရာအားလုံးက ပထမဆုံးကြိုးစားတာနဲ့ အံ့ဖွယ်ကောင်းလောက်အောင် အဆင်ပြေသွားမယ်ဆိုရင်ပေါ့။
မဟုတ်ရင်တော့ ထပ်ခါထပ်ခါ ကျရှုံးရင်း အကြွေးတွေ ပိုတက်လာနိုင်သည်။
သူဖန်တီးမယ့်အရာကနေ အကြွေးတွေကို ပြန်ဆပ်နိုင်ရုံမက ၊ မိဘတွေကို လုံးဝမမှီခိုဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့အထိ အမြတ်ရဖို့လည်း လိုသည်။
ဒါက ဒန်တေးရဲ့ ဇာတ်လမ်းအစပဲ။
စစချင်းမှာတင် တော်တော်စိတ်ဝင်စားစရာကောင်းနေပြီ။
ဒါပေမဲ့ နောက်တစ်နာရီအတွင်း ဖြစ်ပျက်သွားမယ့်အရာတွေကတော့ မာဖီ ရဲ့ ဥပဒေ ဆိုတာ လက်တွေ့ဘဝမှာ အနိုင်မခံ အရှုံးမပေးတဲ့ G.O.A.T တစ်ကောင်ဆိုတာ သက်သေပြသွားတော့မည်။
(မာဖီ ရဲ့ Law ဆိုတာက မဖြစ်ချင်ပါဘူးဆိုမှ ဖြစ်လာတတ်တာမျိုး၊ ဥပမာ–မိုးမရွာဘူးဆိုပီး ထီးမယူသွားမှ မိုးရွာချလာတာမျိုးပါ)