အခန်း (၈၃) လူသတ် အရိုးပြာလွင့် တစ်နေရာတည်းအပြီး ဝန်ဆောင်မှု
“ရဲ့ဖန်၊ မင်းမှာ သွားစရာ နေရာ မရှိတော့ဘူး။ ရှေ့မှာ ချောက်ကမ်းပါးပဲ ရှိတော့တယ်။ မင်းက မင်းလမ်းမင်း ဆက်လျှောက်မယ် ဆိုရင် မင်းရဲ့ အလောင်းတောင် အစအန ရှာမရအောင် သွေးအိုင်ထဲမှာ ကြေမွသွားလိမ့်မယ်။ အညံ့ခံလိုက်တာက ပိုကောင်းပါတယ်၊ အနည်းဆုံးတော့ ခေါင်းမပါတဲ့ အလောင်းလောက်တော့ ချန်ထားခဲ့နိုင်သေးတာပေါ့”
ကူမူဖုန်းချွန် (နွေဦးသစ်ပင်ခြောက်)က အေးစက်စွာ ဖိအားပေးလိုက်လေသည်။
သူ့နောက်ကပ်လျက်မှာတော့ လူပုလေးခုနစ် နှင့် သွေးနီရောင် မန်ဒါလာ တို့ လိုက်ပါလာကြလေသည်။
သူတို့ သုံးဦးသည် မသိစိတ်က လှုံ့ဆော်မှုဖြင့် အတူတူ စုရပ်နေကြပြီး၊ ချောက်ကမ်းပါး အစွန်းသို့ ရောက်နေသော ရဲ့ဖန် ကို သတ်ဖြတ်လိုစိတ်ဖြင့် စိုက်ကြည့်နေကြလေသည်။
“ဟားဟားဟား... မင်းတို့က ငါ့ကို သတ်ချင်တာလား မင်းတို့ သုံးကောင်၊ စောင့်နေလိုက် ဒီတစ်ခါ ငါသာ မသေရင် မင်းတို့ ဘယ်ကောင်မှ လွတ်မှာ မဟုတ်ဘူး ဒီနေ့ အရှက်ခွဲခံရတာကို နောင်ကျရင် အဆတစ်ရာ ပြန်ပေးဆပ်ခိုင်းမယ်”
ရဲ့ဖန် ခေါင်းမော့ပြီး အသံကျယ်ကြီး ရယ်မောလိုက်ကာ ရှေ့တစ်လှမ်းတိုးပြီး ချောက်ကမ်းပါးပေါ်ကနေ ခုန်ချလိုက်လေသည်။
ကူမူဖုန်းချွန် က ချောက်ကမ်းပါး အစွန်းအထိ လိုက်သွားပြီး မြူခိုးတွေ ဝေနေတဲ့ အောက်ခြေကို ငုံ့ကြည့်ကာ သွားကြိတ်လိုက်လေသည်။
“ဒီအရူးကောင်က ငါတို့နဲ့ တိုက်မယ့်အစား အစအနမကျန် ကြေမွသွားဖို့ ရွေးချယ်လိုက်တယ်ပေါ့”
“ဆင်းကြည့်ကြရအောင် သွေးအမြှုပ်လောက်ပဲ ကျန်ရင်တောင်မှ သူ့ရဲ့ တကယ့် အထောက်အထားကို သက်သေပြနိုင်သရွေ့ ငါတို့ တာဝန်ပြီးမြောက်တယ်လို့ ယူဆလို့ ရတယ်”
လူပုလေးခုနစ် က လမ်းကျဉ်းလေးအတိုင်း ချောက်ကမ်းပါး အောက်ခြေဆီ အလျင်အမြန် ဆင်းသွားလေသည်။
သူတို့က အရှင်ဖြစ်ဖြစ် အသေဖြစ်ဖြစ် တွေ့ချင်ကြလေသည်။
အခြားတစ်ဖက်တွင် အောက်သို့ ပြုတ်ကျနေစဉ် ရဲ့ဖန် ကိုယ်တိုင်တောင်မှ ဒီတစ်ခါတော့ သေလမ်းပဲ ရှိတော့တယ်လို့ ခံစားလိုက်ရလေသည်။
ဒါပေမဲ့ ချောက်ကမ်းပါး အောက်ခြေကို ကျရောက်လုနီးပါး အချိန်မှာ သစ်ပင်တွေ ရုတ်တရက် ထိုးထွက်လာလေသည်။
သစ်ပင်ခြောက်တွေ တစ်ပင်ပြီး တစ်ပင် ရဲ့ဖန် ရဲ့ ကျောပြင်ကို ရိုက်ခတ်ပြီး ကျိုးပဲ့သွားကြသော်လည်း သူ့ရဲ့ ပြုတ်ကျနှုန်းကို လျှော့ချပေးလိုက်လေသည်။
စက္ကန့် အနည်းငယ် ကြာပြီးနောက် သူ ခြုံပုတ်တောထဲသို့ ကျရောက်သွားလေသည်။
ဘုန်း.....
မရေမတွက်နိုင်သော သစ်ရွက်များ လှုပ်ရှားသွားပြီး
ဘုန်း ခနဲ အသံနှင့်အတူ ရဲ့ဖန် မြေကြီးပေါ် ကျရောက်သွားလေသည်။
တစ်ကိုယ်လုံးက အရိုးတွေ ကျိုးကုန်သလို နာကျင်မှုကြောင့် မျက်နှာ ရှုံ့မဲ့သွားသော်လည်း ရဲ့ဖန် လုံးဝ နောင်တမရခဲ့ပေ။
အစားထိုး အနေနဲ့အပေါ်က ချောက်ကမ်းပါးကို မော့ကြည့်ပြီး အံ့ဩဝမ်းသာ ဖြစ်သွားလေသည်။
ဒီလောက်မြင့်တဲ့ ချောက်ကမ်းပါးက ပြုတ်ကျတာတောင် သူ မသေခဲ့ဘူး။
ကြီးမားတဲ့ ဘေးဒုက္ခကနေ လွတ်မြောက်လာသူတွေက အနာဂတ်မှာ ကံကောင်းခြင်းတွေ ရရှိမှာ သေချာတယ်။
သူနဲ့ မလှမ်းမကမ်းမှာ မြစ်တစ်စင်း ရှိနေလေသည်။
သူသာ မြစ်ထဲကို ရောက်အောင် သွားနိုင်ပြီး ရေစီးနဲ့ မျောပါသွားနိုင်ရင် အသက်ရှင်ဖို့ အခွင့်အလမ်း အများကြီး ရှိပေလိမ့်မည်။
ရှူး...
ရုတ်တရက် ခန္ဓာကိုယ် လှုပ်ရှားလိုက်တာနဲ့ ရဲ့ဖန် သည် အသက်ရှူမှားသွားပြီး တစ်ကိုယ်လုံး တုန်ယင်လာလေသည်။ထို့နောက် သူ့ခန္ဓာကိုယ် အတွင်းက ပြောင်းလဲမှုတွေကို ခံစားလိုက်ရပြီး အလွန်အမင်း ဝမ်းသာသွားလေသည်။
“ဟားဟားဟား သေနာ ခွေးအိုကြီးနဲ့ အဲ့ဒီ သုံးကောင် ဒီတစ်ခါ မင်းတို့ ငါ့ကို သေမင်းလက်ကနေ လွတ်မြောက်ခွင့် ပေးလိုက်ပြီ မင်းတို့ရဲ့ နိဂုံးက မဝေးတော့ဘူး”
ရဲ့ဖန် အတိုင်းထက်အလွန် ဝမ်းသာနေလေသည်။
မမျှော်လင့်ဘဲ ဒီ သေရေးရှင်ရေး တိုက်ပွဲ ပြီးတဲ့နောက်မှာ သူ့ရဲ့ကျင့်ကြံခြင်း နည်းစနစ် က ဒုတိယ အဆင့်ကို ချိုးဖျက်ရောက်ရှိသွားပြီး၊ သူ့ရဲ့ အလုံးစုံ ခွန်အားကလည်း အများကြီး တိုးတက်လာခဲ့လေသည်။
ဒဏ်ရာတွေတောင်မှ သူတို့ဘာသာ ပြန်ကောင်းလာမယ့် အလားအလာ ရှိနေသည်။ အချိန်ပေးလိုက်ရင် သေချာပေါက် အပြည့်အဝ ပြန်ကောင်းလာပြီး ပိုမို သန်မာတဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်တော့မည်။
လက်စားချေလိုစိတ်က နှလုံးသားရဲ့ နက်ရှိုင်းတဲ့ နေရာမှာ စိုက်ပျိုးထားတဲ့ မျိုးစေ့တစ်စေ့လို ဖြစ်နေပြီး၊ အခု အမြစ်တွယ် အညှောင့်ပေါက်စ ပြုနေပြီ ဖြစ်လေသည်။
ဒိုင်း-ဒိုင်း-ဒိုင်း.....
အဲ့ဒီအချိန်မှာပဲ ကျည်ဆန်တွေ ဆက်တိုက်ပစ်ခတ်ခံလိုက်ရပြီး အားလုံးက ရဲ့ဖန် ရဲ့ ခြေထောက်တွေကို တိတိကျကျ ထိမှန်သွားလေသည်။
ခြေထောက်နှစ်ဖက်စလုံး ပေါက်ကွဲထွက်သွားတာ ထင်ရှားနေပြီး၊ သွေးမှုန်တွေ နေရာအနှံ့ လွင့်စဉ်ကာ အရိုးတွေတောင် ပေါ်ထွက်လာလေသည်။
ချက်ချင်းဆိုသလိုပဲ သစ်တောထူထပ်တဲ့ နေရာကနေ စစ်မှန်တဲ့ သေနတ်တွေ ကိုင်ဆောင်ထားတဲ့ စစ်သားတစ်တန်းနဲ့ အခြားသူတွေ ထွက်ပေါ်လာကြလေသည်။
“သေစမ်း၊ သခင်လေး ပြောတာ မှန်တာပဲ ဒီလောက်မြင့်တဲ့ ချောက်ကမ်းပါးကနေ ပြုတ်ကျတာတောင် အသက်ရှင်နေသေးတယ်၊ ကြောက်စရာ ကောင်းလိုက်တာ”
“သခင်လေးက တကယ့်ကို ကျူးကော့လျန် ဝင်စားတာပဲ၊ လုံးဝ နတ်ဘုရားလိုပဲလို့ ငါ ပြောရလိမ့်မယ်”
“ကျူးကော့လျန် ဟုတ်လား သခင်လေး မရှိတဲ့အချိန်တောင် မင်းက ဖားနေတုန်းပဲလား ငါတို့နေရာကလွဲရင် မန်တန် တောင်တန်း ထဲက ဂူတွေ အားလုံး၊ ဟို ရေကန်ကြီး အပါအဝင် နေရာတိုင်းမှာ မိုင်းတွေ ထောင်ထားပြီးသား။ ဒီကောင် အတောင်ပံ ပေါက်လာရင်တောင် ပျံထွက်သွားလို့ မရဘူး။ သူက ငါတို့ ရှိတဲ့ နေရာကို တိုက်ဆိုင်စွာ ရောက်လာရုံပါပဲ။”
ကျွင်းဇီ က အိုဟွမ် ကို ဘာမှ အားမနာဘဲ ပြန်ပြောလိုက်ပြီး၊ ခြေထောက် ပြတ်ထွက်သွားတဲ့ ရဲ့ဖန် ကို ကြည့်ကာ မကျေမနပ် ပြောလိုက်လေသည်။
“ဘယ်သူက မင်းကို ပစ်ခိုင်းလို့လဲ ခြေထောက်နှစ်ဖက်စလုံး ပြတ်သွားပြီ၊ သေစမ်း သခင်လေးက သူ့ကို ထိန်းချုပ်ထားရုံပဲ လုပ်ခိုင်းထားတာလေ။ သူ သေသွားရင် ဘယ်လိုလုပ်မလဲ”
အိုဟွမ် က ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်ပြီး ပြောလိုက်လေသည်။
“ငါ ကြောက်သွားလို့ပါ သွေးဝံပုလွေ ကြေးစားစစ်သား အဖွဲ့ က ဘီလူးကောင်တွေက အရမ်း ကြောက်စရာ ကောင်းတာကိုး။ တစ်ယောက်တည်းနဲ့ လူဘယ်နှစ်ယောက် သတ်ခဲ့လဲ ငါတို့သာ အဆင်ပြေတဲ့ AK47 တွေ၊ ပစ္စတို သေနတ်တွေ မပါရင် သူ့ကို နိုင်မှာ မဟုတ်ဘူး။”
ဒီနေရာမှာ ကျွင်းဇီ အပါအဝင် လူ ၁၀ ယောက်ပဲ ရှိလေသည်။ တခြား နည်းလမ်း မရှိပေ မန်တန် တောင်တန်း က အရမ်း ကြီးလွန်းတယ်၊ ပြီးတော့ ပုန်းစရာ နေရာတွေကလည်း အရမ်း များတယ်။
သခင်လေး အနေနဲ့ အတတ်နိုင်ဆုံး ဟန်ချက်ညီအောင် ဖြန့်ထားပေမယ့် ဒီချောက်ကမ်းပါး အောက်ခြေမှာ စောင့်နေတဲ့သူက ဒီလူနည်းစုလေးပဲ ရှိတာ။
လက်ထဲက သေနတ်တွေကို ကျွင်းဇီ က ယာယီ ထုတ်ပေးထားတာ ဖြစ်ပြီး မစ်ရှင် ပြီးတာနဲ့ ပြန်အပ်ရမည် ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဒီပစ္စည်းက တစ်ရက် နှစ်ရက်လောက် ကစားလို့ ကောင်းပေမယ့်၊ မကြာခဏ လုပ်ရင် ပြဿနာ တက်လွယ်တယ်လေ။
“ဘယ်သူ လုပ်တာလဲ”
သစ်တောအုပ်ထဲကနေ အေးစက်တဲ့ နှာမှုတ်သံ တစ်သံ ထွက်ပေါ်လာပြီး ချင်းလန် က မည်းမှောင်နေတဲ့ မျက်နှာထားနဲ့ ထွက်လာလေသည်။ သူက မြေကြီးပေါ်မှာ လဲလျောင်းနေပြီး ခြေထောက်တွေ ပြတ်ထွက်ကာ နာကျင်မှုကြောင့် မျက်လုံးထဲက မီးထွက်မတတ် ဖြစ်နေတဲ့ ရဲ့ဖန် ကို ကြည့်ပြီး ဒေါသထွက်သွားလေသည်။
အိုဟွမ် တုန်ယင်သွားလေသည်။
“သခင်လေး၊ အဲ့ဒါ... အဲ့ဒါ ကျွန်တော်ပါ။ ကျွန်တော် မှားမှန်း သိပါပြီ။ အဲ့ဒီ ဘီလူးကောင် လူတွေကို ရန်မူမှာ စိုးလို့ သူ့ရဲ့ လှုပ်ရှားနိုင်စွမ်းကို ဖျက်ဆီးလိုက်တာပါ။”
ချင်းလန် က ရဲ့ဖန် ကို စိုက်ကြည့်ပြီး မျက်နှာထား အေးစက်နေလေသည်။
“ဘယ်သူက မင်းကို ပစ်ခိုင်းလို့လဲ ငါ မင်းကို ပစ်ခိုင်းလို့လား ရဲ့ဖန် က ဘယ်သူလဲ ဆိုတာ မင်း မသိဘူးလား သူက သွေးဝံပုလွေ ကြေးစားစစ်သား အဖွဲ့ ရဲ့ ခေါင်းဆောင်၊ နိုင်ငံခြား ကြေးစားလောကက အရေးပါတဲ့ ပုဂ္ဂိုလ်လေ။ မင်း လုပ်လိုက်တာက သူ့ရဲ့ ဂုဏ်သိက္ခာကို စော်ကားလိုက်တာပဲ”
အိုဟွမ် ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်လေသည်။
ငါ တကယ် စိတ်တိုတာပဲ။ ပထမဆုံး စမ်းသပ်မှု လုပ်တုန်းကလည်း ကိုယ့်ကိုယ်ကို အရှက်ခွဲခဲ့ရတယ်၊ အခု တကယ်တမ်း ပြဿနာ ဖြေရှင်းဖို့ ကြိုးစားပြန်တော့လည်း နောက်ထပ် အမှားတစ်ခု ထပ်လုပ်မိပြန်ပြီ။
သူ အလုပ်ထုတ်ခံရနိုင်မလား ကျွင်းဇီ ပေးတဲ့ နှစ်ကုန် ဘောနပ်စ်နဲ့ အမြတ်ဝေစု မပါရင်တောင်၊ သူ့လစာက တစ်လ ၃၀,၀၀၀ လောက် ရှိသေးတာ။ အရေးအကြီးဆုံးက သူကြာပန်းကလပ်မှာ ရည်းစားတောင် ရနေပြီလေ။
ချင်းလန် က အိုဟွမ် ပခုံးပေါ် လက်တင်ပြီး ပြင်းပြင်းထန်ထန် ပုတ်လိုက်လေသည်။
“အိုဟွမ်၊ ငါ ပြောသင့် မပြောသင့် မသိတဲ့ စကားတစ်ခွန်း ရှိတယ်၊ အဲ့ဒါကတော့ကောင်းတယ်ကွာ”
အွတ်....
မြေကြီးပေါ် လဲလျောင်းနေတဲ့ ရဲ့ဖန် က သွေးတစ်လုပ် အန်ထုတ်လိုက်ပြီး ဒေါသကြောင့် မူးမေ့လဲလုနီးပါး ဖြစ်သွားလေသည်။
မသိစိတ်က လှုံ့ဆော်မှုကြောင့် သူ ရှိသမျှ အားအင် အကုန်ထုတ်လိုက်ပြီး ကျိုးပဲ့နေတဲ့ လက်တွေနဲ့ ထောက်ကာ ကြီးမားတဲ့ နာကျင်မှုကို ကြိတ်မှိတ်ခံစားရင်း ချင်းလန် ဆီ ခုန်အုပ်လိုက်လေသည်။
ခြေထောက်တွေ ပြတ်ထွက်သွားကတည်းက ငါ့ရဲ့ စိတ်ကူးယဉ် အိပ်မက်တွေ အကုန်လုံး ပျက်စီးသွားပြီ။
သူ သေရင်တောင် ချင်းလန် ကိုပါ ဆွဲခေါ်သွားမယ်။
“သခင်လေး”
“သတိထား”
“…”
ကျွင်းဇီ နဲ့ တခြားသူတွေ ဒေါသထွက်သွားကြပေမယ့် ရဲ့ဖန် ပြေးဝင်လာတာကို မတားနိုင်လိုက်ကြပေ။
ချင်းလန် အနည်းငယ် အံ့ဩသွားလေသည်။
သူ လှည့်ကြည့်လိုက်ပြီး ရက်စက်တဲ့ ဝံပုလွေတစ်ကောင်လို မျက်လုံးတွေ တောက်ပနေတဲ့ ရဲ့ဖန် ကို ကြည့်လိုက်ကာ လက်တစ်ဖက် ဆန့်ထုတ်လိုက်ပြီး ရဲ့ဖန် ရဲ့ ခေါင်းပေါ် လွယ်လွယ်ကူကူ ဖိချလိုက်ကာ ရုတ်တရက် လိမ်ချိုးလိုက်လေသည်။
ကလစ်....
ရဲ့ဖန် လည်ပင်းက ၉၀ ဒီဂရီ ထောင့်ချိုးနဲ့ ကျိုးသွားကာ သူ ၏ သွေးရောင်လွှမ်းနေသော မျက်လုံးများ တဖြည်းဖြည်း မှေးမှိန်သွားပြီး အသက်ရှူသံ ပျောက်ကွယ်သွားလေသည်။
သူ့ခန္ဓာကိုယ်က မြေကြီးပေါ် ပြုတ်ကျသွားပြီး ပြတ်ထွက်နေတဲ့ ခြေထောက် အစွန်းတွေကနေ သွေးတွေ စီးကျနေဆဲပင်။
“အလုပ်စကြ”
ချင်းလန် တိုက်တွန်းလိုက်ရာ သူ လှုပ်ရှားလိုက်တာကို မြင်ပြီး အနည်းငယ် မှင်တက်နေသော ကိုယ်ရံတော် တစ်ယောက် သတိဝင်လာပြီး မီးမှုတ်စက် ကို သယ်ဆောင်ကာ ရှေ့တိုးလာပြီး ရဲ့ဖန် ၏ အလောင်းကို မီးဖြင့် မှုတ်လိုက်လေသည်။
ပြင်းထန်သော အပူရှိန်အောက်တွင် ခဏအတွင်းမှာပင် ရဲ့ဖန် ၏ အလောင်းသည် မည်းနက်သော ပြာပုံအဖြစ် ပြောင်းလဲသွားပြီး အရိုးတစ်စတောင် ရှာမတွေ့တော့ဘဲ ညလေပြည်ထဲ လွင့်ပါးပျောက်ကွယ်သွားလေသည်။
လူသတ်ပြီး အရိုးပြာလွင့် တစ်နေရာတည်းအပြီး ဝန်ဆောင်မှု ပေးလိုက်ခြင်း ဖြစ်သည်။
ဤသို့ဖြင့် ကံကြမ္မာ၏ ရွေးချယ်ခံ ရဲ့ဖန် သေဆုံးသွားခဲ့လေသည်။
“ဒင်! ဇာတ်လိုက် ရဲ့ဖန် ကို သတ်ဖြတ်လိုက်သည့်အတွက် ဂုဏ်ယူပါသည်။ သင့်ရဲ့ ဗီလိန်အမှတ်ကို တွက်ချက်နေပါပြီ။ ကျေးဇူးပြု၍ စောင့်ပါ...”