အခန်း (၈၀) ချူကျူအာ တကယ် ချစ်မိသွားပြီ
ရဲ့ဖန်......
ဘယ်လိုလုပ် သူ ဖြစ်နိုင်မှာလဲ။
ရဲ့ဖန် နာမည် ကြားလိုက်ရတော့ ပိုင်ရှောက်ချွမ် ရဲ့ ဒေါသတွေက ခေါင်းပေါ်ကနေ ရေအေးတစ်ပုံး လောင်းချလိုက်သလို ငြိမ်ကျသွားလေသည်။
လုံးဝ မဖြစ်မနေ အခြေအနေ မရောက်မချင်း သူ ရဲ့ဖန် နဲ့ ရန်လိုတဲ့ ဆက်ဆံရေးမျိုး မရှိချင်ပေ။
တခြားသူတွေ မသိရင် နေပါစေ၊ သူက ဘယ်လိုလုပ် မသိဘဲ နေနိုင်မှာလဲ။
ရဲ့ဖန် မှာကြေးစားစစ်သား အဖွဲ့အစည်း ရှိသလို သူ့ကိုယ်ပိုင် ခွန်အားကလည်း အံ့ဩစရာ ကောင်းလေသည်။
သူ့ရဲ့ သာမန် လက်အောက်ငယ်သားတွေက ရဲ့ဖန် တစ်ယောက်တည်းကိုတောင် ယှဉ်နိုင်မှာ မဟုတ်ပေ။
“တကယ်တမ်း ဘာဖြစ်ခဲ့တာလဲ”
ကင်းမြီးကောက် ရဲ့ စုတ်ပြတ်သတ်နေတဲ့ ပုံစံကို ကြည့်ပြီး ပိုင်ရှောက်ချွမ် အေးစက်စွာ မေးလိုက်လေသည်။
အထူးသဖြင့် ခုနက တောင်ပေါ်တက်လာတုန်းက နဂါးနက် အသင်းဝင် အနည်းငယ်ရဲ့ လက်ချက်နဲ့ လွယ်လွယ်ကူကူ အဖမ်းခံလိုက်ရတာက တော်တော်လေး မမျှော်လင့်ထားတဲ့ ကိစ္စ ဖြစ်နေလေသည်။
ဘာပဲဖြစ်ဖြစ် ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ တခြား ပြန်ပေးဆွဲသမား နှစ်ယောက်ကို ကျွမ်းကျင် တိုက်ခိုက်ရေးသမားတွေက သတ်သွားတာ ဖြစ်သည်။
တစ်ယောက်က အားပြင်းပြင်းနဲ့ လည်ပင်းချိုးခံထားရပြီး၊ နောက်တစ်ယောက်က ကန်ချက်ကြောင့် ကိုယ်တွင်းကလီစာတွေ ကြေမွသွားခဲ့လေသည်။
ကင်းမြီးကောက် ရဲ့ ခွန်အားက ဒါကို လုပ်နိုင်ဖို့ အဝေးကြီး လိုသေးသည်။
ကင်းမြီးကောက် မျက်နှာကအလွန်အမင်း စိတ်ပျက်အားငယ်နေလေသည်။
သူက တောင်ပေါ်မှာ ပုန်းခိုနေပြီး ရွာငယ်လေးတွေဆီကနေ ခိုးဝှက် တောင်းရမ်း စားသောက်နေရတာ။
ပိုက်ဆံယူဖို့ အိမ်ပြန်ဖို့ နေနေသာသာ ဘဏ်သွားပြီး ငွေထုတ်ဖို့တောင် မဝံ့ရဲခဲ့ပေ။
သူ တော်တော်လေးသတိထားခဲ့တာတောင် ခြေရာလက်ရာတွေကို ဘယ်လို ဖော်ထုတ်သွားလဲ ဆိုတာတောင် ယုံရခက်နေလေသည်။ အခု အဖမ်းခံလိုက်ရပြီ ဆိုတော့ သူတို့မှာ ဖုံးကွယ်စရာ ဘာကျန်သေးလို့လဲ။
“မစ္စတာ ပိုင်၊ ခင်ဗျားရဲ့ မိသားစု အခြေအနေကို ကျွန်တော် မရင်းနှီးပါဘူး၊ ဒါပေမဲ့ သခင်လေး ပိုင် ပြောတာအရ ဆိုရင် ရဲ့ဖန် က ပိုင်မိသားစု ရဲ့ သမီးနှစ်ယောက်နဲ့ ပတ်သက်မှု ရှိပုံရတယ်။ သခင်လေး ပိုင် ပြောတာက ရဲ့ဖန် က ပိုင်မိသားစု ရဲ့ သမီးနှစ်ယောက်ကို မိသားစုစည်းစိမ် ဆက်ခံစေချင်တယ်တဲ့၊ ပြီးတော့မှ အဲ့ဒီ သမီးနှစ်ယောက်လုံးကို သူ့လက်ထဲ ထည့်လိုက်မှာတဲ့။”
ပိုင်ရှောက်ချွမ် အဲ့ဒီနေရာမှာ ကြောင်ပြီး ရပ်နေမိပြီး အချိန်အတော်ကြာ စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။
အချိန်အတော်ကြာပြီးနောက် သူ ဖြည်းညှင်းစွာ လှည့်ထွက်သွားပြီး တောင်အောက်သို့ ဆင်းသွားလေသည်။
လူတစ်ယောက်က အာဖူ နားကပ်ပြီး တိုးတိုးလေး မေးလိုက်လေသည်။
“ ဒီ ကင်းမြီးကောက် ကို...”
“မြှုပ်လိုက်။”
သူ စကားဆုံးတာနဲ့ မြေကြီးပေါ် ဒူးထောက်နေတဲ့ ကင်းမြီးကောက် ရဲ့ ဦးခေါင်းနောက်ဘက်ကို လေးလံတဲ့ အရာဝတ္ထု တစ်ခုနဲ့ ပြင်းထန်စွာ ရိုက်ချလိုက်ရာ ချက်ချင်း သတိလစ်သွားပြီး ဘယ်တော့မှ ပြန်မနိုးလာတော့ပေ။
ပိုင်ရှောက်ချွမ် ဖြည်းညှင်းစွာ လျှောက်သွားရင်း မျက်ရည်တွေ စီးကျလာလေသည်။
“စီးပွားရေး ပျက်စီးသွားတာလဲ ငါ့အပြစ်ပဲ... အိမ်ထဲကို ဝံပုလွေ ခေါ်သွင်းမိတာလဲ ငါ့အပြစ်ပဲ”
ကင်းမြီးကောက် ပြောတာတွေကို သူ ၈၀% လောက် ယုံကြည်သွားလေသည်။ ရဲ့ဖန် ရဲ့ ခွန်အားနဲ့ အခင်းဖြစ်ပွားရာ နေရာ စုံစမ်းစစ်ဆေးမှု ရလဒ်တွေက ကိုက်ညီနေလို့ပင်။
အရေးအကြီးဆုံးက ပြင်ပလူ တစ်ယောက် အနေနဲ့ ကင်းမြီးကောက် က ရဲ့ဖန် နဲ့ ပိုင်မိသားစု ကြားက ဆက်ဆံရေးကို သိနိုင်စရာ အကြောင်း မရှိပေ။
သူ့သားဆီက မကြားခဲ့ရင်ပေါ့။
ပိုင်ရှောက်ချွမ် ဘယ်လောက်ပဲ စဉ်းစား စဉ်းစား ရဲ့ဖန် ကို သံသယ မဝင်ရဲခဲ့ပေ။
ဒါပေမဲ့ အခု ကင်းမြီးကောက် က အမှန်တရားကို ဖွင့်ဟလိုက်တော့ အရာရာက အဓိပ္ပာယ် ရှိသွားလေသည်။
ရဲ့ဖန် က ဓားသွားပေါ်မှာ လမ်းလျှောက်နေတဲ့ ကြေးစား ခေါင်းဆောင် တစ်ယောက်လေ၊ သူ့အလုပ်က သတ်ဖြတ်ခြင်းနဲ့ လုယက်ခြင်းပဲ။
ပိုင်မိသားစု ရဲ့ အမွေအနှစ် အတွက်လား သူ မလုပ်ဘဲ နေမှာလဲ။
“သေစမ်း ငါ မင်းကို သေစေချင်တယ်”
ပိုင်ရှောက်ချွမ် မျက်လုံးများ နီရဲနေပြီး ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်နေလေသည်။
ဒီအချိန်မှာ ရဲ့ဖန် အပေါ် သူထားရှိတဲ့ ကြောက်ရွံ့မှုတွေ အားလုံးက သူ့သားရဲ့ ဝမ်းနည်းဖွယ် သေဆုံးမှု ကြောင့် လုံးဝ ပျက်စီးသွားခဲ့လေသည်။
သူ့သား ဆုံးရှုံးသွားပြီလေ၊ သူ ဘာကို ထပ်ကြောက်နေရဦးမှာလဲ။
သူ့သားအတွက် လက်စားချေဖို့ သူ ဆုံးဖြတ်လိုက်ပြီ
သူ ရဲ့ဖန် ကို သေစေချင်တယ်၊ ရဲ့ဖန် ကို သေချင်လောက်အောင် ဖြစ်သွားစေချင်တယ်။
“အာဖူ...”
ပိုင်ရှောက်ချွမ် ၏ အသံက အလွန် ခြောက်ကပ်နေလေသည်။
အာဖူ သူ့ဘေးနားမှာ ဦးညွှတ်လိုက်လေသည်။
“ပြောပါ သခင်ကြီး။”
“မှောင်ခိုစျေးမှာ လုပ်ကြံသတ်ဖြတ်သူ အဆင့်သတ်မှတ်ချက် စာရင်း ရှိတယ် မဟုတ်လား ပိုက်ဆံက ပြဿနာ မရှိဘူး။ လာချင်တဲ့သူ ဘယ်သူမဆို၊ ငါ ပိုင်ရှောက်ချွမ် ကြိုက်တဲ့ဈေး ပေးနိုင်တယ်။”
“ငါ ရဲ့ဖန် ကို သေစေချင်တယ်။ လုပ်ကြံသတ်ဖြတ်သူ တစ်ယောက် မလောက်ရင် ဆယ်ယောက် ခေါ်ခဲ့။ ဆယ်ယောက် မလောက်ရင် အယောက် တစ်ရာ ခေါ်ခဲ့။ သူ သေတဲ့အထိ ဆက်လုပ်၊ နားလည်လား”
ပိုင်ရှောက်ချွမ် ၏ အသံက တည်ငြိမ်နေသော်လည်း ထိုတည်ငြိမ်မှု အောက်တွင် ပေါက်ကွဲတော့မည့် မီးတောင်ကဲ့သို့ ဟိန်းဟောက်သံများ ဖုံးကွယ်နေလေသည်။
ပိုင်မိသားစု ရဲ့ ကိုယ်ရံတော်တွေ၊ နဂါးနက် အသင်း ဝင်တွေ၊ ပြီးတော့ လုပ်ကြံသတ်ဖြတ်သူတွေ
ပိုင်ရှောက်ချွမ် က ဒီလူတွေ အကုန်လုံးကို ဖိတ်ခေါ်ပြီးတော့ သူက ရဲ့ဖန် အတွက် သေစေနိုင်တဲ့ ထောင်ချောက်တစ်ခု ဖန်တီးချင်နေပြီ။
အခြားတစ်ဖက်တွင် ချူကျူအာ နှင့် ချင်းလန် တို့ လမ်းမခွဲရသေးခင်မှာပင် ရဲ့ဖန် ကို ဝိုင်းရံ သတ်ဖြတ်တော့မည့် သတင်း ရောက်လာလေသည်။
“ဘာဖြစ်လို့လဲ”
ချူကျူအာ ရဲ့ စိုးရိမ်ပူပန်နေတဲ့ အကြည့်ကို မြင်တော့ ချင်းလန် စိတ်ဝင်တစား မေးလိုက်လေသည်။
ချူကျူအာ နှုတ်ခမ်းကို ကိုက်လိုက်လေသည်။
“ချင်းလန်၊ ရှင့်ကို အကူအညီ တစ်ခုလောက် တောင်းချင်လို့။”
သူမနဲ့ ချင်းလန် က နက်နက်ရှိုင်းရှိုင်း ဖလှယ်မှုတွေ လုပ်ခဲ့ဖူးပေမယ့် သူမ သူ့ကို ကူညီဖို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးပေ။
အားလုံးက အပြန်အလှန် အကျိုးပြုမှုတွေ သက်သက်သာ ဖြစ်လေသည်။
ဒါပေမဲ့ ဒီတစ်ခါတော့ သူမ တည်ငြိမ်မှု ပျက်ပြားနေလေသည်။
ချင်းလန် ရယ်မောလိုက်ပြီး သူမပါးကို ဆွဲညှစ်လိုက်လေသည်။
“ပြောလေ ဘာကိစ္စလဲ”
ချူကျူအာ သက်ပြင်းချလိုက်လေသည်။
“ပိုင်ရှောက်ချွမ် က ရဲ့ဖန် ကို သတ်တော့မယ်။ သူက ငါ့ နဂါးနက် အသင်း က လူမိုက်တွေကို ငှားထားတယ်၊ ဒါပေမဲ့ ရဲ့ဖန် က အရင်တုန်းက ဘုရင်မဘား မှာ ပြဿနာ ရှာတုန်းက လူ ၃၀ နီးပါးကို တစ်ယောက်တည်း လှဲခဲ့ဖူးတယ်။ အဲ့ဒါက သူ့ရဲ့ တကယ့် စွမ်းရည် မဟုတ်သေးဘူးလို့ ငါ သေချာတယ်”
“ဒီတစ်ခါ လိုအပ်ရင် သူ့ကို သေချာပေါက် သတ်နိုင်ဖို့ ရှင့်ရဲ့ အကူအညီ လိုအပ်တယ်။”
ရဲ့ဖန် က ဘုရင်မ ဘား မှာ ပြဿနာ ရှာခဲ့တာက တကယ်တော့ အဲ့ဒါက သူနဲ့ ချူကျူအာ ရင်းနှီးခွင့်ရမယ့် အခွင့်အရေး ဖြစ်ခဲ့သင့်တာ၊ ဒါပေမဲ့ ချင်းလန် ပေါ်လာလို့ ပဋိပက္ခ ဖြစ်သွားခဲ့တာလေ။
ထို့အပြင် နဂါးနက် အသင်း မှာ ရဲ့ဖန် နဲ့ နက်ရှိုင်းတဲ့ ရန်ငြိုး ရှိနေပြီး၊ ချူကျူအာ ကလည်း ရဲ့ဖန် ကို အသက်ဆက်ရှင်ခွင့် မပေးချင်တာကြောင့် ဒီတစ်ခါ လှုပ်ရှားဖို့ စီစဉ်လိုက်ခြင်း ဖြစ်လေသည်။
ဒါပေမဲ့ သူမ တစ်ခုတည်းသော စိုးရိမ်ပူပန်မှုက ရဲ့ဖန် သာ မသေရင် သူမနဲ့ သူမအဖေရဲ့ အသက်အန္တရာယ် ရှိလာနိုင်တာပင်။
ဘာအမှားအယွင်းမှ မရှိစေဖို့ သေချာအောင် လုပ်ရမည်။
ချင်းလန် ပြင်းပြင်းထန်ထန် မျက်မှောင်ကြုတ်လိုက်လေသည်။ ပိုင်ရှောက်ချွမ် လှုပ်ရှားတော့မှာလား။
သူယူဖို့ အချိန်မရလိုက်တဲ့ ဗီလိန် အမှတ် တချို့ ကျန်နေသေးတယ်။
ပြီးတော့ ရဲ့ဖန် က ဘာပဲဖြစ်ဖြစ် ရွေးချယ်ခံ တစ်ယောက်ပဲလေ။ ပိုင်ရှောက်ချွမ် ရဲ့ ဒီတစ်ခါ လှုပ်ရှားမှုက ရဲ့ဖန် ကို သတိပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။
အခွင့်အရေး လွဲချော်သွားပြီး ရဲ့ဖန် ပြည်ပကို ပြန်ထွက်ပြေးသွားရင် ချင်းလန် လှုပ်ရှားချင်ရင်တောင် ဒုက္ခတွေ အများကြီး ခံရတော့မှာ သေချာလေသည်။
“ကိစ္စမရှိပါဘူး။ ငါ့ဖက်က ဆန္ဒစောသွားတာပါ။ ရဲ့ဖန် က အစွမ်းထက်တယ်၊ သာမန်လူတွေ ကိုင်တွယ်နိုင်တဲ့သူ မဟုတ်ဘူး။ ရှင်တောင် အန္တရာယ် ရှိနိုင်တယ်။”
ချင်းလန် ရဲ့ တွန့်ဆုတ်နေတဲ့ သဘောထားကို မြင်လိုက်ရတော့ ချူကျူအာ စိတ်မကောင်း မဖြစ်မိပေ၊ ဆန့်ကျင်ဘက် အနေနဲ့ ဒါက ပုံမှန်ပဲလို့ ထင်မိလေသည်။
ဘာပဲဖြစ်ဖြစ် ချင်းလန် က ချင်းမိသားစု ရဲ့ သားကြီးလေ၊ သူက ဘယ်လိုလုပ် ကိုယ့်ကိုယ်ကို အန္တရာယ်ထဲ ပို့မှာလဲ။
“အဲ့လို မပြောနဲ့”
ချင်းလန် ရဲ့ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားပြီး ချူကျူအာ ကို စိုးရိမ်တကြီး ကြည့်လိုက်လေသည်။
“မင်း ဆိုလိုတာက ဒီတစ်ခါ နဂါးနက် အသင်း က ရဲ့ဖန် ကို ဘယ်နည်းနဲ့မဆို ရှင်းပစ်ဖို့ အစွမ်းကုန် ကြိုးစားမှာလား မင်း အပါအဝင်လား၊ မင်းလည်း သွားမှာလား”
ချူကျူအာ တိုးတိုးလေး
“အင်း”
လို့ ဖြေလိုက်လေသည်။
“ဟုတ်တယ်။ ပြီးခဲ့တဲ့ တစ်ခေါက် ရဲ့ဖန် ဘုရင်မ ဘား မှာ ပြဿနာ ရှာတုန်းက ငါ့ နဂါးနက် အသင်း ရဲ့ ထိပ်တန်းလူတွေ အများအပြား အရိုးတွေ ကျိုးကုန်ကြတယ်၊ တချို့ဆို ဘယ်တော့မှ လမ်းပြန်လျှောက်နိုင်တော့မှာ မဟုတ်ဘူး။”
ဒါက ငါ့ နဂါးနက် အသင်း ကို ပါးရိုက်လိုက်တာနဲ့ အတူတူပဲ။ ရဲ့ဖန် ကို မရှင်းပစ်ရင် ငါတို့ရဲ့ အာဏာကို ထိန်းသိမ်းထားနိုင်ဖို့ နည်းလမ်း ရှိတော့မှာ မဟုတ်ဘူး။
မြေအောက်လောကမှာ သစ္စာစောင့်သိမှုက အရာရာပင်။ အခု သူ့လူတွေ ဒုက္ခိတ ဖြစ်ကုန်ကြပြီ၊ ခေါင်းဆောင်ကတောင် ဘာမှ မပြောဘူး ဆိုရင် နောက်ကျရင် ဘယ်သူက သူ့အတွက် အသက်စွန့်ရဲတော့မှာလဲ။
ချူလုံ ရော ချူကျူအာ ပါ ဒီလို အခွင့်ကောင်းကြီးကို လက်လွတ်ခံဖို့ ရည်ရွယ်ချက် မရှိကြပေ။
ချင်းလန် ရဲ့ မျက်နှာပေါ်မှာ ကစားလိုတဲ့ အမူအရာ မရှိတော့ဘဲ ချူကျူအာ ရဲ့ ချောမွတ်တဲ့ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်လေသည်။
“ကျူအာ၊ မူလကတော့ ကိုယ် မင်းကို ဒီကိစ္စထဲ မပါစေချင်ဘူး၊ ဘာပဲဖြစ်ဖြစ် ဒါက အရမ်း အန္တရာယ် များလွန်းတယ်။”
“ဒါပေမဲ့ မင်းရဲ့ လေးနက်တဲ့ မျက်နှာထားကို မြင်လိုက်ရတော့ ကိုယ် မတားရက်တော့ဘူး။”
“သွားပါ၊ မင်း လုပ်ချင်ရင် လုပ်ပါ၊ ကိုယ် မင်းကို တွန့်ဆုတ်မနေဘဲ ထောက်ခံပေးမယ်။ ဘယ်အချိန်ပဲ ဖြစ်ဖြစ်၊ ဘယ်နေရာပဲ ဖြစ်ဖြစ်၊ မင်း ဘယ်ရောက်နေနေ၊ ကိုယ် မင်းရဲ့ နောက်မှာ ရပ်တည်ပေးနေမယ်။”
“ကိုယ် ရှိသမျှ အင်အား အကုန်သုံးပြီး မင်းကို ကူညီပေးမယ်”
“…”
ချူကျူအာ ရဲ့ လှပတဲ့ မျက်လုံးတွေထဲမှာ စိတ်လှုပ်ရှားမှု လှိုင်းဂယက်တွေ ဖြစ်ပေါ်လာပြီး ချင်းလန် ရဲ့ ရိုးသားတဲ့ မျက်နှာကို ငေးကြည့်နေမိလေသည်။
သူမ အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေပေမယ့် အများအားဖြင့်တော့ အပြစ်ရှိသလို ခံစားချက်တွေ ပြည့်နှက်နေလေသည်။
သူမရဲ့ စိတ်မြန်လက်မြန် တောင်းဆိုမှုက ချင်းလန် ရဲ့ အဆင့်အတန်းနဲ့ လုံးဝ မကိုက်ညီပေမယ့်၊ ချင်းလန် က သူမကို အပြစ်မတင်ရုံမကဘဲ ပြတ်ပြတ်သားသား ထောက်ခံပေးခဲ့လေသည်။
သူ့ရဲ့ နွေးထွေးမှုနဲ့ သည်းခံနိုင်စွမ်းက သူမကိုတောင် စိတ်လှုပ်ရှား စေခဲ့လေသည်။
ဒီတစ်ခါတော့ ငါ့ဘဝရဲ့ လက်ကျန် အချိန်တွေအတွက် ဖူးစာရှင်ကို တကယ် တွေ့ခဲ့ပြီ ထင်တယ်။