အခန်း (၇၉) ကင်းမြီးကောက်ကို ရှာတွေ့ခြင်း လူသတ်သမား ရဲ့ဖန်
နောက်တစ်နေ့၊ မနက်စောစော......
ချူကျူအာ သည်ယုံကြည်မှု အပြည့်ဖြင့် ဘေးနားရှိ ချင်းလန် ကို အေးစက်သော အပြုံးဖြင့် ကြည့်လိုက်လေသည်။
“မကျေနပ် သေးဘူးလား”
ချင်းလန် တံတွေး မျိုချလိုက်ပြီး ခေါင်းခါလိုက်လေသည်။
“ကိုယ် ကျေနပ်ပါပြီ”
ချူကျူအာ အောက်သို့ ငုံ့ကြည့်လိုက်ပြီး စွပ်စွဲသော အသံဖြင့် မေးလိုက်လေသည်။
“လက်ကရော”
ချင်းလန် သည် လိမ္မာသော ကလေးတစ်ယောက်လို မွေ့ရာအောက်မှ သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ရိုးသားသော အပြုံးဖြင့် ပြောလိုက်လေသည်။
“ဘာမှမဟုတ်ပါဘူး”
“တကယ်လား”
ချူကျူအာ သူမလက်သီးကို အနည်းငယ် ဆုပ်လိုက်လေသည်။
“မနေ့ညက ရှင် တော်တော်လေး မာနကြီးခဲ့တယ် မဟုတ်လား ကျွန်မအဖေကို သေနတ်နဲ့တောင် ချိန်ခဲ့သေးတယ်။ ဘာလဲ သူ့ကိုပါ ပစ်သတ်ချင်နေတာလား”
သူ ဘယ်လောက်ပဲ မှားနေပါစေ၊ သူက လူကြီးလေ၊ ဟုတ်တယ်မလား။
ချင်းလန် ဘေးသို့ ရွှေ့လိုက်ပြီး စိတ်ပျက်သလို ခံစားရကာ ခါးသက်သက် ပြုံးလိုက်လေသည်။
“သူက မင်းကို နေ့တိုင်း ဘလိုင်းဒိတ်လုပ် ခိုင်းနေတယ်လို့ မင်း အရင်ကပြောဖူးလို့ ကိုယ် စိတ်တိုသွားတာပါ။”
“ရှင် ဘာကို ဆိုလိုတာလဲ”
ချူကျူအာ မယုံကြည်နိုင်စွာ မေးလိုက်လေသည်။
“ရှင် မနာလို ဖြစ်နေတာလား”
ချင်းလန် ဝန်မခံခဲ့ပေ၊ အဲ့ဒါက အရမ်း ဟန်ဆောင်လွန်းရာ ကျလိမ့်မည်။ သူ ခေါင်းလွှဲလိုက်ပြီး လှောင်ပြောင်လိုက်လေသည်။
“ရယ်စရာပဲ မနာလိုဖြစ်တယ် ငါ့မိန်းမကို ဘယ်သူမှ မထိရဘူး ဆိုတာပဲ ရှိတယ်”
“အမ်”
ချူကျူအာ သည် ချင်းလန် ၏ ရှောင်လွှဲနေသော အကြည့်များကို စိုက်ကြည့်ရင်း သံသယ ဝင်လာကာ သူမ နှလုံးသား ခုန်သွားလေသည်။ ဒီကောင် သူ့ကို တကယ် ချစ်မိသွားပြီလား။
မဟုတ်ရင် တွေ့တိုင်း ဘာလို့ ဒီလောက် စိတ်မြန်လက်မြန် ဖြစ်နေရတာလဲ။
သူက ကြားရက်တွေမှာ အလုပ်များနေပြီး အခွင့်အရေး ရတုန်းလေး လာပြီး သူ့ရင်ထဲက စကားတွေ ဖွင့်ပြောတာများလား။
ချူကျူအာ သူမ၏ ဆုပ်ကိုင်မှုကို အနည်းငယ် လျှော့လိုက်ပြီး နောက်ပြောင်လိုက်လေသည်။
“ငါ ငယ်ငယ်တုန်းက အမေက အမြဲ ပြောဖူးတယ်၊ မိန်းကလေးတွေ ကြီးလာရင် ဆိုးသွမ်းမနေသင့်ဘူးတဲ့။ အစတုန်းက နားမလည်ခဲ့ပေမယ့် အခုတော့ တော်တော် ရယ်စရာကောင်းနေပြီ။ အနည်းဆုံးတော့ ရှင် ငါ့ရှေ့မှာ မာန နည်းနည်း လျော့သွားတာပေါ့။”
“ဘာပဲဖြစ်ဖြစ် သူက ငါ့ကို မွေးဖွားပြီး ပြုစုပျိုးထောင်ပေးခဲ့တာလေ။ သူ အသက်ကြီးနေပြီ။ ရှင် သူ့ကို ခြောက်လှန့်လိုက်မိရင် ဘယ်လိုလုပ်မလဲ”
ချင်းလန် အသက်ပြင်းပြင်း ရှူလိုက်လေသည်။
“သူ ငါ့ကို ဒုက္ခပေးရင်ကော မနေ့ညက စတွေ့တုန်းက သူ့မျက်နှာထားက မသိသာလွန်းဘူးလား ငါသာ သူ့ကို မထိန်းချုပ်ရင် သူ ငါ့ကို နောက်ကျရင် ဒုက္ခပေးလာမှာ သေချာတယ်။”
“ဒါ့အပြင် ကျန့်ဟူ ရဲ့ နယ်မြေကို မေ့ထားလိုက်တော့။ မင်း တရားဝင် စီးပွားရေးဘက်ကို အမြန်ဆုံး ပြောင်းတာ ပိုကောင်းမယ်၊ မဟုတ်ရင် ငါတောင် မင်းကို ထာဝရ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး၊
နားလည်လား။”
“ဟွန်း”
ချူကျူအာ စိတ်ထဲကနေ အေးစက်စွာ နှာမှုတ်လိုက်လေသည်။
ဒီယောကျ်ားက ဟန်ဆောင်နေတာပဲ။ သူက သူမကို ကျန့်ဟူ ရဲ့ နယ်မြေထဲ ခြေချခွင့် မပေးဘူးလို့ ပြောပေမယ့်၊ တကယ်တမ်းကျတော့ သူမ တစ်ခုခု ဖြစ်မှာ စိုးရိမ်လို့ မရှုပ်စေချင်တာ မဟုတ်ဘူးလား။
စိတ်ပူရင်လည်း ပူတယ်ပေါ့၊ ကြိုက်ရင်လည်း ကြိုက်တယ်ပေါ့။ ဘာလို့ ဖုံးကွယ်ထားရတာလဲ။
သူက ကလေး မဟုတ်တော့ဘူးလေ တည့်တိုးတောင် မပြောရဲဘူးလား ပြီးတော့ သူ့ကိုယ်သူ သခင်လေး ချင်း လို့ ခေါ်သေးတယ် သူက တကယ်ပဲ တော်တော် သတ္တိနည်းတာပဲ။
သူမက ဆွဲဆောင်မှု ရှိစွာ မျက်လုံး လှန်ကြည့်လိုက်လေသည်။
“သိပါတယ်၊ သတိပေးနေစရာ မလိုပါဘူး။”
“အဖေ့ အတွက် စိတ်မပူပါနဲ့။ သူ ရှင့်ကို အနိုင်ကျင့်ရဲရင် ကျွန်မက လွှတ်ထားမယ့်သူ မဟုတ်ပါဘူး။”
အသံက သိသိသာသာ ပျော့ပျောင်းသွားပြီး လက်ထဲက ဖိအားလည်း သိသိသာသာ လျော့နည်းသွားလေသည်။
“ရှင် ဘာဖြစ်ပြန်ပြီလဲ”
ချူကျူအာ တစ်ခုခု မှားနေမှန်း သတိထားမိလိုက်ပြီး မျက်နှာထား ချက်ချင်း ပြောင်းသွားလေသည်။
ချင်းလန် ရှက်ကိုးရှက်ကန်း ရယ်မောလိုက်လေသည်။
“ကျူအာ၊ မင်း ဘယ်လောက် ဆွဲဆောင်မှု ရှိလဲ မသိဘူးလား ငါတို့ မနက်ခင်း လေ့ကျင့်ခန်းလေး အတူတူ လုပ်ကြမလား”
ဘယ်မိန်းကလေးမှ အချီးကျူးခံရတာကို မမုန်းကြပေ၊ ချူကျူအာ လည်း ခြွင်းချက် မဟုတ်ပေ။
သို့သော် ဒီအခြေအနေနဲ့ ရင်ဆိုင်ရတဲ့အခါ သူမ ရင်ခုန်သွားဆဲပင်။
“ရှင် မနက်ခင်း လေ့ကျင့်ခန်း ဘယ်လောက်ကြာကြာ လုပ်လေ့ရှိလဲ”
“ပြောရခက်တယ်၊ အခြေအနေပေါ် မူတည်တယ်”
ချင်းလန် ရှင်းပြရင်း စတင် စူးစမ်းရှာဖွေတော့လေသည်။
“…”
တီ တီ~
ကုတင်ဘေး စားပွဲပေါ်က ဖုန်းမြည်လာတော့ ချူကျူအာ ခက်ခက်ခဲခဲ လှမ်းယူလိုက်ပြီး နားနား ကပ်လိုက်လေသည်။
“ဟလို~ ဘာလဲ”
“သခင်မလေး၊ ပိုင်ရှောက်ချွမ် က ကင်းမြီးကောက် ရဲ့ ခြေရာကို တွေ့ပြီး ဖမ်းမိလိုက်ပါပြီ၊ ဒါပေမဲ့ ပိုင်ရှောက်ယဲ့ ကို သတ်တာ ကင်းမြီးကောက် မဟုတ်ဘူးတဲ့”
“ဘာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ငါ သတင်းပေးပြီးပြီလေ။ ဆုကြေးငွေကို ပိုင်ရှောက်ချွမ် က မနက်ဖြန် မတိုင်ခင် ငါ့ဘဏ်အကောင့်ထဲ လွှဲပေးရမယ်။ မဟုတ်ရင် သူ့ကို စောင့်နေလိုက်လို့ ပြောလိုက်”
“ဆုကြေးငွေက ငါ့ရဲ့ နဂါးနက် အသင်း ဆီ ရောက်ကို ရောက်ရမယ်လို့ သူ့ကို ပြောလိုက်၊ မဟုတ်ရင် ငါ့ နဂါးနက် အသင်း က ဒီတိုင်း ထိုင်နေမှာ မဟုတ်ဘူး”
တစ်ဖက်တွင် နှင်းဆီ ခန်းမဒုတိယ ခေါင်းဆောင်သည် လုံးဝ ကြောင်အသွားပြီး သခင်မလေး ဘာဖြစ်သွားလဲ ဆိုတာ ကောင်းကောင်း နားမလည်ပေ။
သူက ရုတ်တရက် မေးလိုက်မိလေသည်။
“သခင်မလေး၊ ဒဏ်ရာရထားလို့လား ဘာလို့ အသံက ထူးဆန်းနေတာလဲ”
“ငါ ပြောသလို လုပ်”
ဒေါက်.....
ဖုန်းလိုင်း ပြတ်တောက်သွားလေသည်။
ထျန်ဟိုင်မြို့ အလယ်ပိုင်းမှ ကီလိုမီတာ ၆၀ ခန့် ကွာဝေးသော ကျေးလက်ဒေသ တစ်နေရာတွင် နှင်းဆီ ခန်းမ ဒုတိယ ခေါင်းဆောင်သည် နားမလည်နိုင် ဖြစ်နေလေသည်။
သခင်မလေး ဒဏ်ရာရနေသလို ခံစားရပေမယ့် သူမ ထွက်ပြေး လွတ်မြောက်ပြီးသားဖြစ်သင့်သည်။
မဟုတ်ရင် ဘယ်လိုလုပ် ဖုန်းပြောနိုင်မှာလဲ။
နှင်းဆီ ခန်းမ ဒုတိယ ခေါင်းဆောင်သည် အချို့အရာများကို မသိသေးပေ။ ဘာပဲဖြစ်ဖြစ် သူမကို ချူလုံ က ငယ်ငယ်ကတည်းက သူ့ရဲ့ လူယုံအဖြစ် လျှို့ဝှက် လေ့ကျင့်ပေးခဲ့ခြင်း ဖြစ်သည်။
သူမက တိုက်ခိုက်ခြင်းနဲ့ သစ္စာစောင့်သိခြင်း အကြောင်းပဲ သိပြီး တခြား ဘာမှ မသိပေ။
တောင်ပေါ်လမ်းအတိုင်း လိုက်သွားပြီးနောက် နှင်းဆီ ခန်းမ ဒုတိယ ခေါင်းဆောင်သည် ပိုင်မိသားစု အိမ်တော်ထိန်း အာဖူ ရှေ့သို့ လျှောက်သွားပြီး မနှစ်မြို့သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။
“လူသတ်သမားက ကင်းမြီးကောက် ဟုတ်ဟုတ် မဟုတ်ဟုတ်၊ နဂါးနက် အသင်း က အဲ့ဒီ ဆုကြေးငွေ ၁ ဘီလီယံကို ရဖို့ ဆုံးဖြတ်ထားပြီးပြီ။ ငါတို့ နဂါးနက် အသင်း အနေနဲ့ မနက်ဖြန် မတိုင်ခင် ပိုက်ဆံ မြင်ရဖို့ လိုတယ်။”
အာဖူ စိတ်တိုသွားလေသည်။ ဒါ ပြဿနာ ရှာနေတာ မဟုတ်ဘူးလား။
ဒါပေမဲ့ ဒီမှာ ရှိနေတဲ့ လူအများစုက နဂါးနက် အသင်း က လူတွေ ဖြစ်ကြသည်။ သူသာ သတင်းစကား မပါးရင် သူတို့ ထွက်သွားတာနဲ့ ကင်းမြီးကောက် ကို သူ ယှဉ်နိုင်မှာ မဟုတ်ပေ။
ဒါကြောင့် သူက သက်ကယ်အိမ်လေး ရှေ့မှာ ရပ်နေတဲ့ ပိုင်ရှောက်ချွမ် ဆီ လိမ္မာစွာ လျှောက်သွားပြီး နားနားကပ်ကာ စကားအနည်းငယ် ပြောလိုက်ရလေသည်။
ပိုင်ရှောက်ချွမ် မျက်မှောင်ကြုတ်လိုက်ပြီး ငွေလွှဲဖို့ စီစဉ်လိုက်မယ်လို့သာ ပြောလိုက်ကာ စိတ်ထဲ မထားတော့ပေ။
သူ့မျက်လုံးများ နီရဲနေပြီး ဒူးထောက်နေသော ကင်းမြီးကောက် ကို စိုက်ကြည့်နေကာ သူ့အသံက အနက်ရှိုင်းဆုံး ငရဲကနေ ပဲ့တင်ထပ်လာသလို ဖြစ်နေလေသည်။
“မင်း ဘာပြောလိုက်တာလဲ မင်း ရှောက်ယဲ့ ကို မသတ်ဘူး ဆိုရင် ဘယ်သူ သတ်တာလဲ”
ကင်းမြီးကောက် မြေကြီးပေါ် ဒူးထောက်ပြီး ထပ်ခါထပ်ခါ ဦးညွှတ်လိုက်လေသည်။
“မစ္စတာ ပိုင်၊ တကယ် ကျွန်တော် မဟုတ်ပါဘူး ပိုင်ရှောက်ယဲ့ က ခင်ဗျားသားမှန်း ကျွန်တော်တို့ မသိခဲ့ပါဘူး။ စောစောကသာ သိခဲ့ရင် ခင်ဗျား ကျွန်တော်တို့ကို အသက်ပို အနည်းငယ် ပေးရင်တောင် လုပ်ရဲမှာ မဟုတ်ပါဘူး”
“သူတို့ကို သတ်တာ ကျွန်တော်မဟုတ်ပါဘူး၊ ရုတ်တရက် ဝင်လာတဲ့ ကောင်တစ်ကောင်ပါ။ အဲ့ဒီကောင်က အရမ်း သန်မာလွန်းတယ်။ “
“ကျွန်တော့် ညီအစ်ကို နှစ်ယောက်လုံး သူ့ကို လုံးဝ မယှဉ်နိုင်ဘူး။ ပထမဆုံး အပြန်အလှန် တိုက်ခိုက်မှုမှာတင် ဒဏ်ရာရပြီး ရက်ရက်စက်စက် အသတ်ခံလိုက်ရတာ။ သခင်လေး ပိုင် ကိုလည်း အဲ့ဒီကောင်ကပဲ သတ်လိုက်တာပါ။”
“ကျွန်တော်သာ အိမ်သာထဲမှာ ပုန်းမနေခဲ့ရင် အဲ့ဒီကောင် လက်ကနေ သေချာပေါက် လွတ်မြောက်နိုင်ခဲ့မှာ မဟုတ်ဘူး”
“ကျွန်တော်လည်း အဲ့ဒီလူကို မမှတ်မိပါဘူး၊ ဒါပေမဲ့ ပိုင်ရှောက်ယဲ့ ကတော့ သူ့ကို မှတ်မိပုံရတယ်၊ သူ့နာမည်က ရဲ့ဖန် တဲ့”