အခန်း (၇၆) ယောက္ခမကြီးအတွက် ပြင်ဆင်ထားတဲ့ လက်ဆောင်
“အဘိုး”
လင်းယိုချူ လှမ်းအော်လိုက်လေသည်။
ချင်းလန် ပြောတာနဲ့ မကိုက်ညီသလို ပင်။
သူမ နှလုံးသားထဲမှာတော့ သူမရဲ့ အဘိုးက ဆုံးပါးသွားပြီမို့ သူ့နာမည်ကို ခေါ်လိုက်တာက သူ့ကို သတိရကြောင်း ပြသတဲ့ နည်းလမ်း တစ်ခုလို့ပဲ မှတ်ယူထားသည်။
“အဖေက အသက်ရှင်နေသေးတာကို ဒီတိုင်းကြီး လှမ်းခေါ်လို့ ဘယ်ရမလဲ။ အမေ့ကို စော်ကားရာ မရောက်ဘူးလား”
ဒါပေမဲ့ ဒီ “အဘိုး” ဆိုတဲ့ အခေါ်အဝေါ်က ချင်းလန် ကို ကြက်သီးထစေခဲ့ပြီး သူ ကြမ်းပြင်ကို ငုံ့ကြည့်လိုက်မိလေသည်။
သေစမ်း.....
မင်းအဘိုးရဲ့အင်္ဂါက ပေါက်ကွဲသွားတာလေ။
မင်း ဒီမှာ ဘယ်သူ့ကို ကျိန်ဆဲနေတာလဲ....
“မင်းတို့ ဆက်လုပ်ကြ၊ ဒီည ပျော်ပျော်ပါးပါး နေကြ ငါ သွားတော့မယ်။”
ချင်းလန် က ကျန့်ဟူ နဲ့ သူ့အဖွဲ့ကို လက်ပြနှုတ်ဆက်လိုက်ပြီး မတ်တပ်ရပ်ကာ နို့ကိုတောင် ဆက်သောက်ချင်စိတ် မရှိတော့ဘဲ လှည့်ထွက်သွားလေသည်။
ဒါကို မြင်တော့ လင်းယိုချူ ထိတ်လန့်သွားလေသည်။ နောက်ဆုံးမှာတော့သူမ ပါးစပ်လေး အနည်းငယ် ဟသွားပြီး တုန်ယင်တဲ့ အသံတစ်သံ ထွက်ပေါ်လာလေသည်။
“ဒယ်ဒီ~ ဒယ်ဒီ~”
ချင်းလန် သူမကို လျစ်လျူရှုပြီး ရှေ့ဆက်လျှောက်သွားလေသည်။
သူ့နောက်ကျောဘက်ဆီကနေ ရင်ကွဲပက်လက် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာလေသည်။
“ဒယ်ဒီ ဒယ်ဒီ ဒယ်ဒီ၊ မြန်မြန် မြန်မြန်”
“သမီးကို ကယ်ပါဦး”
ချင်းလန် ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ပြီး လမ်းပိတ်ထားတဲ့ လူမိုက်တစ်ယောက်ကို လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။
“ငါ့မျက်နှာကို ထောက်ပြီး သူ့ကို လွှတ်ပေးလိုက်စမ်းပါ။”
“ခွေးမသား...”
လူမိုက်က ပါးစပ်ဟပြီး ဆဲဖို့ ပြင်လိုက်ပေမယ့် ကျန့်ဟူ လက်မြှောက်ပြီး တားလိုက်လေသည်။
သူက သာမန် လူမိုက် မဟုတ်ပေ။ ထျန်ဟိုင်မြို့ မှာ အရင်တုန်းက ချူလုံ နဲ့ ရင်ပေါင်တန်းနိုင်ခဲ့တဲ့ ဝါရင့် လူမိုက်ခေါင်းဆောင် တစ်ယောက် ဖြစ်လေသည်။
သူက အရင်နှစ်တွေတုန်းက တိုက်ပွဲမှာ ရှုံးနိမ့်ပြီးမှ အိမ်နီးချင်း မြို့ကို သွားပြီး သူ့အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို ပြန်လည် တည်ဆောက်ခဲ့ရတာ ဖြစ်သည်။
အခု သူ့ရဲ့ ကျားဂိုဏ်းက နဂါးနက် အသင်း ထက် အင်အား မနည်းပေ။
ထို့ပြင် ကျန့်ဟူ က နှစ်တွေ အကြာကြီး ထျန်ဟိုင်မြို့ ရဲ့ နယ်မြေတွေကို လိုချင်တပ်မက်နေမှုကို ဘယ်တော့မှ လက်မလျှော့ခဲ့ပေ။
ချင်းလန် က သာမန်လူ မဟုတ်ဘူး ဆိုတာ သူ ပြောနိုင်ပေမယ့် သူ မာနကြီးစွာ မပြုမူခဲ့ပေ။ အစားထိုး အနေနဲ့ သူက ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။
“မင်းမျက်နှာကို ထောက်စေချင်တာလား အနည်းဆုံးတော့ ရိုးသားမှုကို ပြသသင့်တယ် မဟုတ်လား”
ချင်းလန် ခဏလောက် တွန့်ဆုတ်နေပြီး ပြောလိုက်လေသည်။
“ငါ မင်းနဲ့ လောင်းကြေးတစ်ခု လုပ်ရင်ကော မင်းနိုင်ရင် လူကို ခေါ်သွားပြီး မင်းကြိုက်သလို လုပ်လို့ရတယ်။ ရတနာသိုက် အကြောင်း လျှို့ဝှက်ချက် တစ်ခုကိုလည်း ငါ မင်းကို ပေးမယ်။ မင်းရှုံးရင်တော့ ငါ လူကို ခေါ်သွားမယ်။”
“ကောင်းပြီ”
ဒီကောင်က ရတနာသိုက်နဲ့ ပတ်သက်ပြီး ဘယ်လို လျှို့ဝှက်ချက် ပြောမလဲ ဆိုတာ ကျန့်ဟူ နည်းနည်း စိတ်ဝင်စားသွားလေသည်။
ဒါ့အပြင် လောင်းကစားနဲ့ ချမ်းသာလာတဲ့ သူဌေးကြီး တစ်ယောက်က လောင်းကြေးထပ်ဖို့ ဘယ်လိုလုပ် ကြောက်ရွံ့နေမှာလဲ။
ကစားပွဲ တစ်ခုလို့ပဲ သဘောထားလိုက်မယ် ပျော်စရာ ကောင်းတာပေါ့။
“မင်းတို့ အပေါ်ထပ် အရင်တက်နှင့်၊ သီးသန့်ခန်း တစ်ခန်း ယူထား၊ ငါ ခဏနေရင် လာခဲ့မယ်။”
ကျန့်ဟူ ဘာမှ သံသယ မဝင်ပေ။ ချင်းလန် ရဲ့ အရှိန်အဝါကို ကြည့်ရုံနဲ့တင် သူက သာမန်လူ မဟုတ်မှန်း သိနေလေသည်။
လက်ဝှေ့ယမ်းလိုက်ပြီး သူက သူ့လူတွေကို ဦးဆောင်ကာ လင်းယိုချူ ကို ဒုတိယထပ်သို့ ခေါ်ဆောင်သွားလေသည်။
လင်းယိုချူ လူအုပ်ကြားထဲမှာ ရပ်နေပြီး မျက်နှာက ဝမ်းနည်းပူဆွေးမှုကြောင့် ရှုံ့မဲ့နေကာ သနားစရာကောင်းစွာ အော်ဟစ်လိုက်လေသည်။
“သမီး သူတို့နဲ့ အပေါ်ထပ် မလိုက်ချင်ဘူး။”
ချင်းလန် လှည့်ကြည့်လိုက်ပြီး သူ့အကြည့်က အနည်းငယ် ပိုပြီး တည်ကြည်လေးနက်လာလေသည်။
လင်းယိုချူ နှုတ်ခမ်းစူလိုက်လေသည်။
“ဒယ်ဒီ~”
ချင်းလန် လက်ဝှေ့ယမ်းပြလိုက်လေသည်။
“ချစ်သမီးလေး၊ ဒယ်ဒီ မအားသေးဘူး။ ခဏနေရင် တက်လာပြီး ကယ်မယ်နော်။”
ပြောပြီးတာနဲ့ သူက လူတိုင်းရှေ့မှာ ခုံတန်းလျားဆီ ပြန်လျှောက်သွားပြီး အရက်စပ်သူကို ပြောလိုက်လေသည်။
“နို့နောက်ထပ် တစ်ပုလင်း”
သူ သောက်ထားတာတွေကို ပြန်ဖြည့်ဖို့ လိုတယ်လေ။
အခြားတစ်ဖက်တွင် ရှည်လျားသောကားကြီး အတွင်း၌ ချူ မိသားစုဝင် သုံးဦးသည် အနောက်ဘက် သားရေထိုင်ခုံများပေါ်တွင် ထိုင်နေကြလေသည်။
ချူလုံ ၏ မျက်နှာထားက သိပ်မကောင်းလှပေ၊ တစ်ယောက်ယောက်က သူ့ဆီက ဒေါ်လာ တစ်သန်း အကြွေးတင်နေသလိုပင်။
“ဘယ်လောက် မာနကြီးတဲ့ကောင်လဲ သူက ချင်းမိသားစု ဝင် ဖြစ်ရုံနဲ့ ငါ့ကို အနိုင်ကျင့်လို့ ရမယ်လို့ တကယ် ထင်နေတာလား”
ငါ့ရဲ့ နဂါးနက် အသင်း က ချင်းမိသားစု ကို မယှဉ်နိုင်ရင်တောင် သူက ငါ့ရဲ့ သားမက်၊ ချူလုံ ရဲ့ သားမက် ဖြစ်လာဦးမှာလေ။
ယောက္ခမကို ဒီလို ဆက်ဆံရသလား ငါ့ကို ကိုယ်တိုင် လာတွေ့ဖို့ မျှော်လင့်နေတာလား။
တော်ကြာ တွေ့တဲ့အခါကျရင် သူ့ကို ဒီလို လူစားမျိုး ဖြစ်အောင် ဘယ်သူ သင်ပေးလိုက်တာလဲ ဆိုတာ သေသေချာချာ မေးရမယ်။
ပြောရင်းနဲ့ သူက သူ့သမီးကို ထပ်ပြီး စူးစိုက်ကြည့်လိုက်လေသည်။
“ဒါ သမီး ရှာထားတဲ့ယောက်ျားလား တော်ကြာ အဖေ သဘောမကျရင် နင်တို့နှစ်ယောက်ကိုပါ ခွဲပစ်မှာ”
“သမီး လိမ္မာအောင်နေတာ ပိုကောင်းမယ် ဘယ်လို ချင်းမိသားစု မျိုးလဲ သူတို့က လွန်လွန်းတယ် ငါ ချူလုံ တစ်သက်လုံး ဒီလို အရှက်ခွဲခံရတာမျိုး သည်းမခံဖူးဘူး။ အဲ့ဒီ ချင်းလန် ကောင်စုတ်လေးကို ငါ ဘယ်လို သင်ခန်းစာ ပေးမလဲ ဆိုတာ စောင့်ကြည့်နေလိုက်”
ဖန်းချွမ်ယာ စိတ်ပျက်လက်ပျက် မျက်လုံး လှန်ကြည့်လိုက်လေသည်။
“ကျွန်မသမီး ကြိုက်ရင်သဘောတူတယ်။ ရှင် ဘာသိလို့လဲ ချင်းမိသားစု က ကြီးကျယ်ပြီး အာဏာရှိတယ်၊ ဒါကြောင့် သူတို့မှာ ဟန်ဆောင်မှု တချို့ ရှိတာ သဘာဝပါပဲ။ ရှင့်သမီးကိုတောင် ရှင် မကြည့်တော့ဘူးလား သူနဲ့ ထိုက်တန်တယ်လို့ ထင်လို့လား”
“ငါ့သမီးကဘာဖြစ်နေလို့လဲ”
ချူလုံ ဒေါသတကြီး ပြောလိုက်လေသည်။
“ငါ့သမီးက ဘာမှ မဟုတ်ဘူး ဆိုရင်တောင် ငါက ဖခင်တစ်ယောက် အနေနဲ့မျက်နှာကို ထောက်သင့်တယ် မဟုတ်လား”
ယောက္ခမလောင်း ဖြစ်တဲ့ ငါက သားမက်ဆီကို ဒီလို လာရတာ တရုတ်ပြည် သမိုင်းမှာတစ်ခါမှ မကြားဖူးဘူး။
မင်း ပြောလေလေ ငါ ပိုဒေါသထွက်လေလေပဲ မရဘူး အဲ့ဒီကောင်လေးကို ငါ သင်ခန်းစာ ပေးကို ပေးရမယ်။
ချူကျူအာ က သူတို့ မျက်နှာချင်းဆိုင်မှာ ထိုင်နေပြီး လက်ပိုက်ကာ မိဘတွေကို ကြည့်နေပြီး ဘာမှ မကြားသလို ဟန်ဆောင်နေလိုက်လေသည်။
ချင်းလန် ချိန်းဆိုမှုကို တည်မလား ဆိုတာတောင် သူမ မသေချာပေ။
ချင်းလန် ကို အိမ်ဖိတ်ဖို့ ကိစ္စလား။
အဲ့ဒါက ပိုလို့တောင် မဖြစ်နိုင်သေးသည်။
မိနစ် အနည်းငယ် ကြာပြီးနောက် ရှည်လျားသော ကားကြီးသည် ဘုရင်မ ဘား ရှေ့တွင် ရပ်တန့်သွားပြီး မိသားစုဝင် သုံးဦး လမ်းလျှောက် ထွက်လာကြရာ အားလုံး၏ မျက်နှာပေါ်တွင် အေးစက်သော အမူအရာများ ရှိနေကြလေသည်။
ဝင်ပေါက်ရှိ ကြိုဆိုသူ ရှစ်ဦးက ယဉ်ကျေးစွာ ဦးညွှတ်ပြီး
“မင်္ဂလာပါ ဥက္ကဋ္ဌကြီး”
ဟု နှုတ်ဆက်လိုက်ကြလေသည်။
သူတို့ သုံးဦး ဘားထဲ ဝင်လာပြီး ချင်းလန် ခုံတန်းလျား တစ်ခုမှာ ထိုင်ပြီး နို့ သောက်နေတာကို မြင်လိုက်ရတဲ့အခါ သူတို့ အကြည့်ချင်း ဆုံသွားကြလေသည်။
ချင်းလန်က ထမလာဘဲ တံခါးဘက်ကို လက်ဝှေ့ယမ်းပြပြီး
“ဒီမှာ”
လို့ ရိုးရိုးလေး ပြောလိုက်လေသည်။
ရွှပ်...
ချူလုံ ၏ မျက်နှာသည် အေးစက်မှုမှ မည်းနက်မှုသို့ ချက်ချင်း ပြောင်းလဲသွားလေသည်။
ကျေးလက်ဒေသတွင် ဆယ်စုနှစ်များစွာ မီးရှို့ခံထားရသော အိုးမည်း ဖင်လိုပင်။
လွန်လွန်းတယ်.....
ဒါ လုံးဝ လွန်လွန်းတယ်.....
အိမ်ထောင်မကျသေးတဲ့ သားမက်တွေက ဒီလိုမျိုးလား။
ယောက္ခမလောင်းက ကိုယ့်သဘောနဲ့ကိုယ် လာတွေ့တာတောင် သားမက်လောင်းက အဲ့ဒီမှာ ထိုင်နေတုန်းပဲ၊ ယဉ်ကျေးမှု လုံးဝ မရှိဘူး။
ချင်းလန် အပေါ် ချူလုံ ရဲ့ ပထမဆုံး အမြင်က အလွန် ဆိုးရွားနေလေသည်။ သူက တကယ့်ကို ပျက်စီးနေတဲ့ ကောင်စုတ်လေး ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ညီလှလေသည်။
သူတို့ သုံးယောက် ရှေ့တိုးလာကြပေမယ့် စကားမပြောနိုင်ခင်မှာပင်
ကျွင်းဇီ လျှောက်လာပြီး ချင်းလန် ရဲ့ နားနားကပ်ကာ စကားအနည်းငယ် တိုးတိုးလေး ပြောလိုက်ပြီးနောက် ဘာမှ မပြောဘဲ သူ့နောက်မှာ လိမ္မာစွာ ရပ်နေလိုက်လေသည်။
ဖန်းချွမ်ယာ နှင့် သမီးဖြစ်သူ ချူကျူအာ တို့က ချူလုံ ကို ကြည့်ဖို့ တစ်ပြိုင်နက်တည်း ခေါင်းလှည့်လိုက်ကြလေသည်။
သူက ခုနကကားပေါ်မှာ စကားကြီးစကားကျယ်တွေ ပြောခဲ့တာလေ၊ အခု ချင်းလန် သူတို့ အရှေ့တည့်တည့် ရောက်နေပြီ ဆိုတော့ ချူလုံ ဘယ်လို ဒေါသထွက်မလဲ ဆိုတာ သားအမိနှစ်ယောက် စောင့်ကြည့်ချင်နေကြလေသည်။
“ချင်း...”
ချူလုံ စကားစပြောဖို့ ပြင်လိုက်ပေမယ့် ဒုတိယ စကားလုံး မထွက်ခင်မှာပဲ ဖြတ်ပြောခံလိုက်ရလေသည်။
“ဦးလေး ချူ၊ အဒေါ် ဖန်း၊ ကျူအာ၊ တောင်းပန်ပါတယ်၊ ဦးလေးတို့ မလာခင် ပြဿနာလေး တစ်ခု ကြုံနေလို့ အပေါ်ထပ် သွားပြီး ဖြေရှင်းရဦးမယ်။ ဦးလေးတို့ ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါလား ကိစ္စပြီးရင် ကျွန်တော် ဦးလေးတို့နဲ့ စကားကောင်းကောင်း ပြောပါ့မယ်။”
သူတို့ သုံးယောက် အဖြေပြန်ပေးတာကို မစောင့်ဘဲ ချင်းလန် က ကျွင်းဇီ ကို ခေါ်ပြီး အပေါ်ထပ် တက်သွားလေသည်။
လူကြီးတွေကို ဘယ်လို ဆက်ဆံရမလဲ ဆိုတာ လူအပေါ် မူတည်လေသည်။
ပိုင်ရှောက်ချွမ် လိုမျိုးကို ယဉ်ကျေးမှုနဲ့ ဆက်ဆံရင် သူက ဟန်ဆောင် ယဉ်ကျေးမှုနဲ့ ပြန်တုံ့ပြန်လိမ့်မည်။
ဒါပေမဲ့ ချူလုံ လို လူမျိုးကျတော့ မရပေ။
ချင်းလန် လုပ်ဖို့ လိုအပ်တာက ချူလုံ ကို အနည်းငယ် ထူးခြားတဲ့ မိတ်ဆက် လက်ဆောင်တစ်ခု ပေးဖို့ပင်။