အခန်း (၇၄) ကင်းမြှီးကောတ်
ဆယ်မိနစ် ကြာပြီးနောက် ပိုင်ရူယွီ သည် ကုမ္ပဏီ ဘဏ္ဍာရေး ဌာနမှ ဖုန်းခေါ်ဆိုမှု တစ်ခု လက်ခံရရှိပြီး ယွမ် သန်း ၅၀၀ ငွေလွှဲမှု တစ်ခု ရောက်ရှိလာကြောင်း ဆိုလေသည်။
သူမသည်
“အင်း”
ဟု ရေရွတ်ပြီး ဖုန်းချလိုက်ကာ ချင်းလန် ကို ထိတ်လန့်တကြား စိုက်ကြည့်လိုက်လေသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ယွမ် သန်း ၅၀၀က ဆယ်မိနစ် အတွင်း ရောက်လာတယ်တဲ့လား ကိုယ်ပိုင် အကောင့်ကနေ လွှဲတာ ဆိုရင်တောင် ဘဏ်က သူ့ကို သေသေချာချာ မေးခွန်းထုတ်ရမှာလေ”
ဘာပဲဖြစ်ဖြစ် ကုမ္ပဏီ တစ်ခု အနေနဲ့ ဒီလောက် များပြားတဲ့ ငွေပမာဏ ရုတ်တရက် ပျောက်သွားရင် ကြောက်လန့်သွားမှာ သေချာသည်။
အမှားအယွင်း မရှိစေရန် သူတို့က အချက်အလက်တွေကို ထပ်ခါထပ်ခါ စိစစ်ကြမည် ဖြစ်ပြီး မန်နေဂျာ အဆင့် အမှုဆောင် အရာရှိ တစ်ယောက်ကတောင် ကုမ္ပဏီကို ကိုယ်တိုင် လာရောက် စစ်ဆေးကြဦးမည်ဖြစ်သည်။
ချင်းလန် ပေါ့ပေါ့ပါးပါး ပခုံးတွန့်ပြလိုက်လေသည်။
“ကိုယ့်အမေရဲ့ ကုမ္ပဏီက ကုန်သွယ်ရေးဘဏ် တစ်ခုရဲ့ ရုံးချုပ်နဲ့ ကပ်လျက်မှာ ရှိတာလေ။ ကိုယ့်အဒေါ်က အဲ့ဒီမှာ ဒုတိယ ဥက္ကဋ္ဌ လုပ်နေတာ။ ငွေလွှဲဖို့ အတည်ပြုတဲ့ တံဆိပ်တုံး ထုပေးလိုက်ရုံပဲ။”
“ကျွန်မ...”
ပိုင်ရူယွီ ပါးစပ်ဟကာ တစ်ခုခု ပြောချင်ပေမယ့် စကားလုံးတွေ လည်ချောင်းဝမှာ တစ်ဆို့နေခဲ့လေသည်။
ဒါဆို သူမ မျက်လုံးထဲမှာ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ ကိစ္စက ချင်းလန် ဖုန်းတစ်ချက် ဆက်လိုက်ရုံနဲ့ ဖြေရှင်းပြီးသွားတာပေါ့။
“ရှင်က ယန်ကျင်း က ချင်းမိသားစု ရဲ့ သားကြီး ဖြစ်တယ်လို့ ကျွန်မ ကြားဖူးတယ်”
သူမကမေးလိုက်လေသည်။
ချင်းလန် ခေါင်းညိတ်လိုက်လေသည်။
“ဟုတ်တယ်၊ ဘာဖြစ်လို့လဲ”
ပိုင်ရူယွီ သံသယဖြစ်စွာ မေးလိုက်လေသည်။
“ယန်ကျင်း က ချင်းမိသားစု နော်၊ ရှင့်အဖေရဲ့ လုပ်ငန်းကို ထားလိုက်ဦး ရှင်က ရှင့်အမေဘက်ကတောင်မှ တစ်ဦးတည်းသော အမွေခံလေ။ ထျန်ဟိုင်မြို့ မှာ ဘာလုပ်နေတာလဲ”
“ယန်ကျင်း မှာ ထိပ်တန်း ဒုတိယ မျိုးဆက် သူဌေးသား တစ်ယောက် အနေနဲ့ စားလိုက်သောက်လိုက် ပျော်ပါးလိုက် နေပြီး ချင်းမိသားစု ရဲ့ စည်းစိမ်ကို ဆက်ခံလိုက်တာက ပိုမကောင်းဘူးလား”
ချင်းလန် မျက်လုံး လှန်ကြည့်လိုက်ပြီး စိတ်ဆိုးသလို ပြောလိုက်လေသည်။
“ချမ်းသာတဲ့ မိသားစုကို ဆက်ခံရတာ အဲ့လောက် လွယ်တယ်လို့ ထင်နေလား မင်း ထင်သလောက် မရိုးရှင်းဘူး။ ငါ့ကို ထားလိုက်ပြီး မင်း ကိုယ့်ကိုယ်ကို ကြည့်လိုက်ဦး၊ ပိုင်မိသားစု နဲ့ အဆင်ပြေနေလို့လား”
နာကျင်စရာ အချက်ကို ထိမိသွားသဖြင့် ပိုင်ရူယွီ နှုတ်ခမ်းကို စေ့လိုက်ပြီး ပြောလိုက်လေသည်။
“ကျွန်မကရွေးချယ်စရာ မရှိလို့ပါ။ ရှင်က မတူဘူးလေ၊ ရှင်က တရားဝင် သားကြီးပဲ ချင်းမိသားစု မှာလည်း ရှင့်ထက် ပိုတော်တဲ့ တရားမဝင် ကလေးတွေ ရှိနေလို့လား”
“အဲ့လို မဟုတ်ပါဘူး။”
ချင်းလန် ခေါင်းခါလိုက်လေသည်။
“အဓိက ပြဿနာက ယန်ကျင်း မှာ နေရတာ ဘယ်လောက် ဒုက္ခများလဲ ဆိုတာမင်းမသိလို့ပါ။ ကိုယ်ကအခု အသက်ကြီးလာပြီ၊ အဘိုးပဲ ဖြစ်ဖြစ်၊ အဖေပဲ ဖြစ်ဖြစ်၊ အမေပဲ ဖြစ်ဖြစ် သူတို့အားလုံးက ကိုယ့်ကို မိသားစု စီးပွားရေး လွှဲယူဖို့ တိုက်တွန်းနေကြတာ။ ကိုယ်သာ ယန်ကျင်း မှာ ဆက်နေရင် ကိုယ့် အချိန်ဇယားက မနက်ကနေ ညအထိ ပြည့်ကျပ်နေတော့မှာ။”
သူ နှစ်အနည်းငယ်လောက် အေးအေးဆေးဆေး နေလိုက်ရင်တောင် အနာဂတ်မှာ အာမခံချက် ရှိပြီးသားပင်။
သူ မြို့နယ်လေး တစ်ခုမှာ နှစ်အနည်းငယ်လောက် အလုပ်သွားလုပ်ရင်တောင် အသက် ၄၀ မပြည့်ခင်မှာ ပြည်နယ်တစ်ခုရဲ့ အဆင့်မြင့် အရာရှိကြီး သေချာပေါက် ဖြစ်လာမှာပင်။
ကုမ္ပဏီကို သွားပြီး အလုပ်လုပ်ရင်လည်း ယွမ် ဘီလီယံ ရာပေါင်းများစွာ တန်ဖိုးရှိတဲ့ ရှယ်ယာတွေ ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီကြီး တစ်ခုကို ချက်ချင်း လွှဲပြောင်းရယူနိုင်မှာ။
ဒါပေမဲ့ ဘာအဓိပ္ပာယ် ရှိလို့လဲ။
အလုပ်ဆိုတာ အသက်ရှင်ဖို့ လုပ်ရတာ။ ကိုယ် တစ်နေ့လုံး အလုပ်တွေ ရှုပ်နေပြီး လွတ်လပ်မှု ဆုံးရှုံးသွားရင် ဘဝရဲ့ အဓိပ္ပာယ် ပျောက်ဆုံးသွားသလို မဖြစ်ဘူးလား။
ပိုင်ရူယွီ မျက်ခွံများ ပြင်းထန်စွာ လှုပ်ခတ်သွားလေသည်။ ချင်းလန် ရဲ့လေးလေးနက်နက် ပြောစကားတွေကို နားထောင်ရင်း သူမရဲ့ သားရေ ဒေါက်မြင့်ဖိနပ်ကို ချွတ်ပြီး သူ့ပါးစပ် ပိတ်သွားအောင် ထိုးထည့်လိုက်ချင်စိတ် ပေါက်လာလေသည်။
ဒါပေမဲ့ ဘာကြောင့်မှန်း မသိ၊ သူ့ရဲ့ နောက်ဆုံး စကားနှစ်ခွန်းကို ကြားလိုက်ရတဲ့အခါ သူမ သူ့ကို အနည်းငယ် သဘောတူသလို ခံစားလိုက်ရလေသည်။
ရှူး...
ပိုင်ရူယွီ တစ်ခုခု မှားနေမှန်း သတိထားမိပြီး လည်ပင်းကို ရှုံ့လိုက်ကာ ချက်ချင်း ဖြတ်ပြောလိုက်လေသည်။
“နောက်ထပ် ဖုန်းတစ်ခါလောက် ထပ်ခေါ်ပြီး နောက်ထပ် ထပ်တောင်းလိုက်ပါလား။ ရှင် သိတဲ့အတိုင်းပဲ ရင်းနှီးမြှုပ်နှံမှု များလေ အမြတ်အစွန်း များလေပဲ။ ရှင် ပိုက်ဆံရဖို့ ဒီလောက် လွယ်ကူမယ်မှန်း ကျွန်မ မသိခဲ့ဘူး။”
ရှင်က ဒီလို မိဘကို ရိုသေတဲ့ သားလိမ္မာလေးမှန်း စောစောက သိခဲ့ရင် ကျွန်မ သန်း ၅၀၀ တည်း တောင်းခဲ့မှာ မဟုတ်ဘူး။
ချင်းလန် ချက်ချင်း ငြင်းပယ်လိုက်လေသည်။
“မဖြစ်နိုင်ဘူး။ ပိုက်ဆံရဖို့ ဆိုတာ မင်း ထင်သလောက် မလွယ်ကူဘူး။ မုန့်ဖိုး လိုချင်ရင်တောင် နှစ်လ၊ သုံးလလောက် ကြာဦးမှာ မဟုတ်လား”
လောလောဆယ်တော့သန်း ၅၀၀ ပေါ့။ ဒါပေမဲ့ စိတ်မပူနဲ့၊ မင်း တောင်းဆိုမှတော့ မင်းအတွက် ပိုက်ဆံရမယ့် နည်းလမ်းကိုသေချာ ရှာပေးမှာပါ။
မင်း လုပ်ချင်တာ ဘာမဆို ဆက်လုပ် ကိုယ်မင်းကို အမြဲ အားပေးနေမှာ အောင်မြင်တဲ့ အမျိုးသမီးတိုင်းရဲ့ နောက်ကွယ်မှာ သူမကို ချစ်မြတ်နိုးပြီး တန်ဖိုးထားတဲ့ အမျိုးသား တစ်ယောက် ရှိတယ် ဆိုတာ မင်း သိသင့်တယ်။
နောက်ဆုံး အနေနဲ့ ပြောရမယ် ကိုယ့်ရှေ့မှာ ဒီလောက် စိတ်မြန်လက်မြန် မဖြစ်နဲ့။ တခြားသူတွေ စိတ်မြန်လက်မြန် ဖြစ်တာ မြင်ရင် ကိုယ် ကိုယ်တိုင်လည်း စိတ်မြန်လက်မြန် ဖြစ်လာတတ်လို့။
ကျွီ....
ချင်းလန် က သူ့ဘေးက ဗီဒိုအသေးလေးပေါ် လက်တင်လိုက်ပြီး အနည်းငယ် ဆွဲဖွင့်လိုက်ရာ အတွင်းဘက်ရှိ ယုန်ဝတ်စုံပေါ်လာလေသည်။
ပိုင်ရူယွီ သည် ချင်းလန် ၏ စကားများကို ကြားပြီးနောက် ရင်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရလေသည်။
ယုံကြည်ခံရခြင်းသည် သူမ အတန်ဖိုးထားဆုံးနှင့် အမြတ်နိုးဆုံး အရာ ဖြစ်လေသည်။
သို့သော် ဗီဒိုအသေးလေးထဲက အရောင်အသွေး စုံလင်တဲ့ အရာကို မြင်လိုက်ရတဲ့အခါ သူမ ချက်ချင်း ထိတ်လန့်သွားပြီး အလျင်အမြန် ထရပ်ကာ စကားတစ်ခွန်းမှ မပြောဘဲ ထွက်ပြေးသွားလေသည်။
အခုက နေ့ခင်းကြောင်တောင်ကြီးလေ၊ ပြီးတော့ သူမမှာ လုပ်စရာ အရေးကြီး ကိစ္စတွေ ရှိသေးတယ်။
တကယ်လို့ ချင်းလန် သာ စိတ်မြန်လက်မြန် ဖြစ်လာရင်...
ဒါဆို သူမ တစ်နေ့ခင်းလုံး နားနေရ ပြီးတော့ ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး။
ပိုင်ရူယွီ ရဲ့ ကျက်သရေရှိတဲ့ ကျောပြင်ကို ကြည့်ရင်း ချင်းလန် စိတ်ထဲကနေ သက်ပြင်းချလိုက်ရုံသာ တတ်နိုင်တော့သည်။
ပိုင်ရှောင်ယွင် ဆီကနေ အမြတ် တချို့ သွားကောက်ဖို့ ပြင်လိုက်စဉ်မှာပဲ သူ့ဖုန်း ထပ်မြည်လာလေသည်။
ချူကျူအာက ဖုန်းကိုင်လိုက်တာနဲ့ သူမ မေးလိုက်လေသည်။
“ချင်းလန်၊ ကျွန်မ ကင်းမြီးကောက် အကြောင်း သတင်းအချက်အလက် လိုချင်တယ်။ ပြောစမ်းပါ၊ ပိုင်ရှောက်ချွမ် ရူးသွားပြီး ဆုကြေးငွေကို တစ်ဘီလီယံ အထိ တိုးလိုက်ပြီ။ တကယ်လို့ နဂါးနက် အသင်း က ကင်းမြီးကောက် ကို ရှာတွေ့နိုင်မယ့် သတင်းအချက်အလက် ပေးနိုင်ရင် ပိုက်ဆံ ချက်ချင်း လွှဲပေးမယ်တဲ့။ ကျွန်မ ရှင်နဲ့ ခွဲပေးလို့ ရတယ်”
ချင်းလန် စိတ်ထဲကနေ လှောင်ပြောင်လိုက်လေသည်။ သူ့လက်အောက်ငယ်သားတွေက ပိုင်ရှောက်ချွမ် ရဲ့ ကိစ္စတွေကို အနီးကပ် စောင့်ကြည့်နေတာ ဖြစ်ပြီး သဘာဝကျကျ ကောင်းကောင်း သိထားကြလေသည်။
နဂါးနက် အသင်း နဲ့ ရဲတွေက ဘာသဲလွန်စမှ မရဘဲ လိုက်ရှာနေကြတာ အံ့ဩစရာ မဟုတ်တော့ပေ။
ဘယ်သူ့ အပြစ်လဲ။
အဲ့ဒီ ကင်းမြီးကောက် သောက်ရမ်း ပါးနပ်လွန်းလို့ ဖြစ်ရတာပေါ့။ သူက ရွာသေးသေးလေး တစ်ရွာရဲ့ တောင်တန်းတွေထဲမှာ ပုန်းနေတာလေ။
ချင်းလန် သာ လူတွေလွှတ်ပြီး ကောက်ရိုးပုံတွေထဲ ပုန်းခိုင်းကာ အလှည့်ကျ နောက်ယောင်ခံ စောင့်ကြည့်ခိုင်းမထားရင်၊ ကင်းမြီးကောက် က တောင်ပေါ်မှာ နေဖို့ စီစဉ်ထားပြီးသား ဆိုတာ ဘယ်သူက တွေးမိမှာလဲ။
ခဏလောက် တုံ့ဆိုင်းပြီးနောက် သူ ပြောလိုက်လေသည်။
“ငါ ဒီအမြတ်အချိုးအစားကို မကြိုက်ဘူး။”
ချူကျူအာ အံ့ဩတကြီး အာမေဋိတ်သံ ပြုလိုက်လေသည်။
“9:1 က မလောက်သေးဘူးလား ပိုင်ရှောက်ချွမ် က နဂါးနက် အသင်း မှာ လူအင်အား အများကြီး ရှိလို့သာ ဒီလောက် ကြီးမားတဲ့ ဈေးနှုန်း ပေးထားတာ။ ပုဂ္ဂလိက စုံထောက်သာ ဆိုရင် ဒီဆုကြေးရဲ့ တစ်ဝက်တောင် ရချင်မှ ရမှာ။”
ချင်းလန် ခေါင်းခါလိုက်လေသည်။
“နည်းလွန်းတယ်လို့ ထင်လို့ မဟုတ်ပါဘူး၊ အချိုးအစား မကောင်းလို့ပါ။”
၉၀:၁၀ ဟုတ်လား။
“ငါ့ကို သန်း ၅၀၀ ပဲ ပေး ပြီးတော့ မဟာချင်း ကော်ပိုရေးရှင်း အကောင့်ထဲ လွှဲပေးလိုက်ပါ။”
ချင်းလန် က အများကြီး မယူဘဲ တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။
ဘာပဲဖြစ်ဖြစ် ချူကျူအာ က ဗီလိန်အမှတ် ထောက်ပံ့သူတွေထဲက တစ်ယောက်ပဲလေ။
ခုနကမှ ထွက်သွားတဲ့ ပိုင်ရူယွီ ကို တွေးမိတော့ ချင်းလန် ရယ်ချင်လာမိလေသည်။
ပိုင်ရူယွီ က ပိုင်ရှောက်ချွမ် ဆီ ပိုက်ဆံ တောင်းပေမယ့် ပိုင်ရှောက်ချွမ် က ငြင်းလိုက်သည်။
ဒါပေမဲ့ အခုတော့ သတင်းအချက်အလက် ရောင်းစားပြီးတော့ သူက အဲ့ဒီပိုက်ဆံတွေကို သူ့လက်ထဲ ပြန်ရောက်အောင် ယူနိုင်လိုက်ပြီ။
အချိန်တန်လို့ ပိုင်ရူယွီ ကို ပေးလိုက်ရင် သူ့အပေါ်အထင်ကြီးမှုကို သေချာပေါက် ချန်ထားရစ်နိုင်လိမ့်မည်။
ဒါက ယောက္ခမလောင်းရဲ့ ပိုက်ဆံကို သုံးပြီး သမီးဖြစ်သူရဲ့ နှလုံးသားကို သိမ်းပိုက်တဲ့ ဒဏ္ဍာရီလာ အကြံအစည်ကြီးမလား။
ချူကျူအာ ရဲ့ မေးမြန်းမှုအောက်မှာ ချင်းလန် က ကင်းမြီးကောက် ရှိတဲ့ နေရာကို ဖွင့်ပြောပြလိုက်လေသည်။
သူက ကျွင်းဇီ ကိုလည်း ညွှန်ကြားလိုက်ပြီး စောင့်ကြည့်ရေး ဝန်ထမ်းတွေကို ချက်ချင်း ထွက်ခွာခိုင်းလိုက်ကာ ဘာသဲလွန်စမှ မကျန်ရစ်စေဖို့ မှာကြားလိုက်လေသည်။