အခန်း (၆၉) တစ်မြို့လုံး လိုက်လံရှာဖွေနေသော ကင်းမြီးကောက်
ကိုင်ယွမ် နိုင်ငံတကာ ဟိုတယ်တွင် ကျွင်းဇီသည် ကားကို မိုးလုံလေလုံ အမိုးအောက်တွင် ရပ်ထားပြီးလှေကားထစ်နားတွင် ထီးအနက်ရောင် တစ်ချောင်းကို ကိုင်လျက် ရပ်စောင့်နေလေသည်။
ချင်းလန် ထွက်လာသည်ကို မြင်သောအခါ သူ ချက်ချင်းပင် သွားရောက် ကြိုဆိုလိုက်လေသည်။
ချင်းလန် ကားပေါ် ထိုင်ပြီးသည်နှင့် တံခါးကို ဖြည်းညှင်းစွာ ပိတ်လိုက်ပြီးနောက် သူ့ယာဉ်မောင်းခုံဆီသို့ အပြေးကလေး သွားလိုက်ကာ
“သခင်လေး၊ အခု ဘယ်သွားကြမလဲ အိမ်ပြန်မလား၊ မစ္စ ပိုင် ကို သွားရှာမလား ဒါမှမဟုတ် မစ္စ ချူ ဆီ သွားမလား”
ဟုပြုံးလျက် လှည့်မေးလိုက်လေသည်။
သူတို့ ညစာစားပြီးမှ ထွက်လာကြတာ ဖြစ်ပြီး သခင်လေးက မစ္စမူနဲ့ ဘာမှမဖြစ် ခဲ့ဘူး ဆိုတာ သိသာနေသည်။
အရည်အချင်း ပြည့်မီသော ကိုယ်ရံတော် တစ်ယောက် အနေနဲ့ သူက သခင်လေးရဲ့ အတွေးတွေကို ကြိုတင် ခန့်မှန်းနိုင်ရမည်။
ချင်းလန် နဖူးကို ပွတ်သပ်လိုက်လေသည်။
“မပြန်သေးဘူး။ ငါ့အတွက် လူစုဆောင်းပေးထားတဲ့ ကိစ္စ ဘယ်လို အခြေအနေ ရှိလဲ။”
ကျွင်းဇီ အမှန်အတိုင်း ဖြေလိုက်လေသည်။
“လူတွေ အများကြီး ရောက်လာကြတယ် ဘယ်သူမှတော့ အလုပ်စမလုပ်ရသေးဘူး။ ကျွန်တော် သူတို့ အားလုံးကို ဟိုတယ် တစ်ခုတည်းမှာ စုထားတယ် ပြီးရင် အဲ့ဒီကို သွားပြီး သူတို့ကို သင်တန်း ပေးဖို့ စီစဉ်ထားတယ်။”
သင်တန်းပေးမယ်........
ချင်းလန် အံ့ဩတကြီး မော့ကြည့်လိုက်ပြီး ကျွင်းဇီ ကို ကြည့်ကာ နှုတ်ခမ်းများ တွန့်သွားလေသည်။
“သူတို့ကို သင်ပေးဖို့ ဘယ်ကနေ သတ္တိတွေ ရလာတာလဲ ၈၀% လောက်က အလုပ်ဝင်ဖို့ ရှိပေမယ့်၊ မင်း အတန်းပြီးသွားရင် ထက်ဝက်ကျော်လောက်က ထွက်သွားကြလိမ့်မယ်။”
ကျွင်းဇီ က သဘောမတူသလို ပြန်ပြောလိုက်လေသည်။
“သခင်လေး၊ အဲ့လိုတော့ မပြောပါနဲ့။ သခင်လေး ပြောသလိုပဲ ကျွန်တော် ဒီအချိန်တွေမှာ စာတွေ ဖတ်နေတာပါ၊ ပြီးတော့ ဗဟုသုတတွေလည်း အများကြီး တိုးလာပြီ။ ရဲဘော်ဟောင်း အနည်းငယ်လောက်ကို လှည့်စားဖို့လောက်က ပြဿနာ မရှိပါဘူး”
ချင်းလန် ခါးသက်သက် ပြုံးလိုက်လေသည်။
“ကောင်းပြီလေ၊ ပြဿနာကဘယ်လောက် ကြီးလဲ ဆိုတာ သိရအောင် ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်။”
သူ့မှာ တခြားလုပ်စရာလည်းမရှိပေ။ ရဲ့ဖန် ကိစ္စအတွက် အစီအစဉ်တွေ ချပြီးပြီဖြစ်ကာ အချိန်အရ ကြည့်ရင် အခုလောက်ဆို ကိစ္စတွေ ဖြစ်နေလောက်ပေပြီ သူက တိတ်တိတ်လေး စောင့်နေရုံပဲ လိုတော့သည်။
“ကောင်းပါပြီ”
ကျွင်းဇီ ကားစက်နှိုးလိုက်ပြီး မျှော်လင့်ချက်တွေနဲ့ ရင်ခုန်နေလေသည်။
သူ ဒီနေ့အတွက် ကြိုတင် ပြင်ဆင်ထားပြီး ပြောစရာ စကားလုံးတွေကိုလည်း စဉ်းစားထားပြီးပြီ။ အခု သခင်လေး ကိုယ်တိုင် လိုက်လာမယ် ဆိုတော့ သူ ကြွားဝါခွင့် ရပြီ မဟုတ်လား။
ကျွင်းဇီ စိတ်လှုပ်ရှားစွာဖြင့် ကားကို မြို့လယ်ခေါင်ဆီသို့ ဖြည်းညှင်းစွာ မောင်းနှင်သွားလေသည်။
တစ်ချိန်တည်းမှာပင် ပိုင်မိသားစု......
အိမ်တော်ဝင်းတွင်......
ပိုင်ရှောက်ချွမ် သည် အခင်းဖြစ်ပွားရာ နေရာမှ ဒေါသတကြီး ပြန်ရောက်လာပြီး မြင်မြင်သမျှ အရာအားလုံးကို ရိုက်ခွဲ ဖျက်ဆီးပစ်လိုက်ရာ ဧည့်ခန်းတစ်ခုလုံး ကြွေပန်းကန်၊ စားပွဲ၊ ကုလားထိုင် အကျိုးအပဲ့တွေနဲ့ ရှုပ်ပွနေတော့သည်။
သူ့ရဲ့ ပုံမှန် တည်ငြိမ်မှုတွေ မရှိတော့ပေ။
သူက ရိုးရာစွဲ ယောက်ျားဝါဒသမား တစ်ယောက် ဖြစ်ပြီး သူ့မျက်လုံးထဲမှာ သူ့သားက မိသားစု ဂုဏ်သိက္ခာကို မြှင့်တင်ပေးမယ့်သူ၊ မျိုးဆက် ဆက်ခံမယ့်သူ ဖြစ်သည်။
သူ့သားက ဘယ်လောက်ပဲ စိတ်ပျက်စရာ ကောင်းနေပါစေ၊ သူ့မျက်လုံးထဲမှာတော့ ပိုင်ရူယွီ နဲ့ ပိုင်ရှောင်ယွင် ညီအစ်မ နှစ်ယောက်ထက် အများကြီး ပိုအရေးပါလေသည်။
ဒါပေမဲ့ အခုတော့ သူ အချစ်ဆုံးသား သေဆုံးသွားခဲ့ပြီ။
သွေးအိုင်ထဲမှာ လဲလျောင်းနေပြီး ဓားမြှောင်တစ်ချောင်းက နှလုံးမှာ စိုက်နေကာ မသေခင်က ကြောက်ရွံ့တဲ့အကြည့်တွေက မျက်နှာပေါ်မှာ ကျန်ရစ်နေဆဲပင်။
ပိုင်ရှောက်ချွမ် မျက်လုံးမှိတ်လိုက်တိုင်း သူ့သားရဲ့ ကြောက်ရွံ့ပြီး အကူအညီမဲ့နေတဲ့ အကြည့်တွေကို ပြန်မြင်ယောင်လာမိလေသည်။
“ကင်းမြီးကောက် မင်း မိသားစု တစ်ခုလုံးကို ငါ့သားအသက်အတွက် ပြန်ပေးဆပ်ခိုင်းမယ် မင်းကို သေချင်လောက်အောင် ဖြစ်သွားစေရမယ်။”
ပိုင်ရှောက်ချွမ် မျက်လုံးများ နီရဲနေပြီး အံကြိတ်ကာပြောလိုက်လေသည်။
ထို့နောက် ကျယ်လောင်သော အသံနှင့်အတူ စားပွဲပေါ်က လက်ဖက်ရည် ပန်းကန်တစ်စုံကို ကြမ်းပြင်ပေါ် ဆွဲချလိုက်ရာ အစအနမကျန် ကွဲကြေသွားလေသည်။
“သခင်ကြီး...”
အာဖူက ဆိုဖာနောက်မှာ ပေါ်လာပြီး ကိုယ်ကို ကိုင်းညွတ်ကာ ကြောက်ရွံ့နေတဲ့ အသံတိုးတိုးလေးနဲ့ အခြေအနေကို သတင်းပို့လိုက်လေသည်။
“ရဲတွေက ဘူတာရုံတွေနဲ့ လေဆိပ်တွေ အကုန်လုံးကို ရှာဖွေပြီးပါပြီ၊ ဒါပေမဲ့ ကင်းမြီးကောက် ရဲ့ အရိပ်အယောင်တောင် မတွေ့ရပါဘူး။”
အခင်းဖြစ်ပွားရာ နေရာကို ပထမဆုံး ရောက်သွားတုန်းက အားလုံးက ဒါကို ပြန်ပေးဆွဲသမားတွေ အချင်းချင်း အငြင်းပွားမှုလို့ ထင်ခဲ့ကြသည်။
သဘောထား ကွဲလွဲမှုကြောင့် ဓားစာခံကို သတ်လိုက်ပြီး၊ အချင်းချင်း တိုက်ခိုက်ရင်း သေဆုံးကုန်ကြတာလို့ ယူဆခဲ့သည်။
သို့သော် နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေအရ ကိစ္စတွေက ထင်သလို မဟုတ်ကြောင်း ပေါ်ပေါက်လာခဲ့လေသည်။
ရှားချန် ရဲ့ လည်ပင်းကျိုးနေတာပဲ ဖြစ်ဖြစ်၊ အာဟူ ရဲ့ ကိုယ်တွင်းကလီစာတွေ အားပြင်းပြင်းနဲ့ အကန်ခံရလို့ ကြေမွသွားတာပဲ ဖြစ်ဖြစ်။
ဒီ သေစေနိုင်တဲ့ ဒဏ်ရာတွေကို သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်က လုပ်ခဲ့တာ မဖြစ်နိုင်ပေ။
ရဲတွေရဲ့ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေအရ ပြန်ပေးဆွဲသမားတွေရဲ့ အထောက်အထားကို ဖော်ထုတ်နိုင်ခဲ့ပြီး၊ အခင်းဖြစ်ပွားရာ နေရာကို ပြန်လည် သုံးသပ်ကြည့်တဲ့အခါ နောက်ထပ် ပြန်ပေးဆွဲသမား တစ်ယောက် ထွက်ပြေး လွတ်မြောက်သွားကြောင်း တွေ့ရှိခဲ့ရလေသည်။
အဲ့ဒါက ကင်းမြီးကောက် ပင်.......
ကနဦး သုံးသပ်ချက်အရ ဒီ ကင်းမြီးကောက် က သူ့သားကို သတ်ခဲ့တဲ့ လူသတ်သမား ဖြစ်နိုင်ခြေ အများဆုံး ဖြစ်လေသည်။
ထျန်ဟိုင်မြို့ ရဲ့ ရဲအင်အား အများစုက ကင်းမြီးကောက် ကို အစွမ်းကုန် လိုက်လံရှာဖွေနေကြပေမယ့် ကံဆိုးစွာနဲ့ အချိန်က တိုတောင်းလွန်းပြီး ရလဒ် မထွက်သေးပေ။
ဒီရဲတွေ အကုန်လုံး အသုံးမကျတာလား။
လူတစ်ယောက်တည်းကိုတောင် ရှာမတွေ့ရင် သူတို့ ရှိနေပြီး ဘာအသုံးကျမှာလဲ။
ပိုင်ရှောက်ချွမ် ဟိန်းဟောက်လိုက်လေသည်။ သူ့သား အသတ်ခံရမှုကြောင့် သူ့နှလုံးသားထဲမှာ ဒေါသတွေ ပြည့်နှက်နေပြီ ဖြစ်လေသည်။
အာဖူ ဘေးမှာ ကုန်းကုန်းလေး ရပ်နေပြီး စကားတစ်ခွန်းမှ မပြောရဲပေ။
ဘာပဲဖြစ်ဖြစ် အချိန်က နေ့ဝက်တောင် မကြာသေးဘူးလေ။ စီစီတီဗွီတွေ သက်သေခံချက်တွေ စုဆောင်းတာတောင်မှ အခုမှ စတင်နေတုန်း ရှိသေးတယ်။ဘယ်လိုလုပ် ရှာတွေ့ဦးမှာလဲ။
ဒီလိုအချိန်မျိုးမှာ ကိုယ့်စိတ်ထဲ အမှန်တရားကို သိနေရင်တောင် ပိုင်ရှောက်ချွမ် မျက်နှာကို ကြည့်ပြီး ဘယ်သူမှ မပြောရဲကြပေ၊ မဟုတ်ရင် ကိုယ့်ဒုက္ခ ကိုယ်ရှာသလို ဖြစ်သွားလိမ့်မည်။
“နဂါးနက် အသင်း ကို ဆက်ပြီး ကိုင်တွယ်ခိုင်းလိုက်။ ကင်းမြီးကောက် ကို တွေ့ရင် ဆုကြေး တိုးပေးမယ်”
ပိုင်ရှောက်ယဲ့ က ပိုင်ရှောက်ချွမ် ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ပြီး အလွန်အမင်း အလိုလိုက်ခံထားရသူ ဖြစ်သည်။
သူက ပိုင်အုပ်စု တစ်ခုလုံးကိုတောင် သူ့သားဆီ လွှဲပြောင်းပေးဖို့ စီစဉ်ထားခဲ့သည်။ အခု ပိုင်ရှောက်ယဲ့ မရှိတော့ရင် အဲ့ဒီပိုက်ဆံတွေက သူ့အတွက် ဘာအသုံးဝင်တော့မှာလဲ။
သူ့သားအတွက် လက်စားချေဖို့ ဘယ်လောက်ပဲ ပေးဆပ်ရပါစေ သူ ပေးဆပ်ဖို့ ဆန္ဒရှိနေသည်။
“ပြီးတော့ ရဲ့ဖန် ကရော သူ တစ်နေ့လုံး ပေါ်မလာဘူး။”
ပိုင်ရှောက်ချွမ် ရဲ့ဖန် ကို တွေးမိတော့ အလွန်အမင်း စိတ်တိုသွားလေသည်။
ဒီမနက်ပဲ ရဲ့ဖန် က သူ့သား အဆင်ပြေမှာပါလို့ ပြောပြီးကာရှိသေး ရဲစခန်းက ဖုန်းဝင်လာခဲ့သည်။
လူတစ်ယောက် ဒေါသထွက်နေတဲ့အချိန်မှာ သေးငယ်တဲ့ မကျေနပ်မှုလေးကတောင် ဒေါသအိုး ပေါက်ကွဲစေနိုင်လေသည်။
သဘာဝကျကျပဲ ဒီအချိန်မှာ ပိုင်ရှောက်ချွမ် ရဲ့ ရဲ့ဖန် အပေါ် သဘောထားကလည်း ပြင်းပြင်းထန်ထန် ပြောင်းလဲသွားလေသည်။
အာဖူ က အနေရခက်စွာ ပြောလိုက်လေသည်။
“မစ္စတာ ရဲ့ က ပြဿနာတချို့ ကြုံတွေ့နေရပုံ ပေါက်ပါတယ်။ ပိုင်မိသားစု အိမ်ကနေ ထွက်သွားပြီးတဲ့နောက် သူ သူ့အခန်းထဲမှာပဲ နေပြီး ပြန်ထွက်မလာတော့ပါဘူး။ ဒါ့အပြင် တခြား ကိုယ်ရံတော်တွေ ပြောတာတော့ ရဲ့ဖန် က မနေ့ညကလည်း သူ့အခန်းထဲမှာပဲ ရှိနေပြီး အပြင်မထွက်ဘူးတဲ့။”
ပိုင်မိသားစု မှာ သဘာဝကျကျပဲ ကိုယ်ရံတော် တစ်ယောက်မက ရှိလေသည်။ ရဲ့ဖန် က အထူး အဆင့်အတန်း ရှိပြီး ဇိမ်ခံနေရာမှာ နေရပေမယ့် သူ့ပတ်ဝန်းကျင်မှာ ပိုင်မိသားစု ရဲ့ တခြား ကိုယ်ရံတော်တွေ ရှိနေသေးသည်။ ဒါက ဝန်ထမ်း အဆောင်နဲ့ တူပေမယ့် ဆက်ဆံခံရပုံ သိသိသာသာ ကွာခြားတဲ့ နေရာမျိုး ဖြစ်လေသည်။
ရဲ့ဖန် ရဲ့ အထူးအခွင့်အရေး ရရှိမှုကို တချို့လူတွေ အားကျကြပေမယ့် လူအများကတော့ မနာလိုကြတာကြောင့် ကောလာဟလ တချို့ သဘာဝကျကျ ပျံ့နှံ့လာတော့သည်။
“သူ မနေ့ညက အပြင်မထွက်ဘူး ဟုတ်လား”
ပိုင်ရှောက်ချွမ် ၏ အသံ အေးစက်သွားလေသည်။
“ဒါ ရဲ့ဖန် ပေါ့။ ငါ ပိုက်ဆံအများကြီး ပေးပြီး ငှားထားတာကို သူက ငါ့ကို ဒီလို လှည့်စားဖို့ ကြိုးစားနေတာလား”
ရင်ထဲက ဒေါသတွေ ထပ်ခါထပ်ခါ တက်လာလိုက် ကျသွားလိုက် ဖြစ်နေပေမယ့် နောက်ဆုံးမှာ ငြိမ်သက်သွားလေသည်။
“ရဲ့ဖန် ကိစ္စ ခဏထားလိုက်ဦး။ ငါတို့မှာ အခု သူ့ကို ဖြေရှင်းဖို့ အားအင် မရှိသေးဘူး။ ရဲတွေ၊ နဂါးနက် အသင်း ၊ ပြီးတော့ တခြား သတင်း အဆက်အသွယ်တွေနဲ့ သေချာ ဆက်သွယ်ထား”
ပိုင်ရှောက်ချွမ် က အေးစက်စွာ ပြောလိုက်လေသည်။
“ကင်းမြီးကောက် က ထျန်ဟိုင်မြို့ ကနေ မထွက်ရသေးဘူး။ သူ့ သွားလာနိုင်တဲ့ အကွာအဝေးက အကန့်အသတ် ရှိတယ်။ တစ်မြို့လုံး ဇောက်ထိုးလှန်ရရင်တောင် ငါ့သားကို သတ်တဲ့ လူသတ်သမားကို မနက်ဖြန် မတိုင်ခင် ငါ မြင်ချင်တယ်”