အခန်း (၆၈) မူယွီယန် အရက်မူးခြင်း
“ချင်းလန်၊ ရှင့်ကို ကျွန်မ တောင်းပန်စရာ ကိစ္စတချို့ ရှိတယ်။ အတိတ်က ရှင့်အပေါ် မတရားခဲ့တာတွေ အများကြီး လုပ်မိခဲ့ပေမယ့် အဲ့ဒါတွေက မရည်ရွယ်ပါဘူး။ မိသားစုအတွက် ရှင် ဒီလောက် အများကြီး လုပ်ပေးနေရတယ် ဆိုတာ ကျွန်မ မသိခဲ့ဘူး။ အခုချိန်ထိ ရှင်က ဟန်ဆောင်နေတယ်လို့ပဲ ကျွန်မ အမြဲ ထင်ခဲ့တာ...”
မူယွီယန် ၏ ပါးပြင်များသည် အနည်းငယ် နီရဲနေကာ စကားတစ်ဝက်တွင် သူမသည် ဝိုင်ခွက်ကို ကောက်ယူလိုက်ပြီး ခေါင်းမော့ကာ တစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။
“ဒီဝိုင်တစ်ခွက်က ကျွန်မရဲ့ တောင်းပန်မှုပါ။ ကျွန်မ ရှင့်ကို တောင်းပန်ချင်တယ်။”
အရင်တုန်းက သူမသည် ဟန်ဆောင်ရည်းစားများကို အသုံးပြုပြီး ချင်းလန် ၏ ချဉ်းကပ်မှုများကို ငြင်းပယ်ခဲ့သလို၊ တွေ့ဆုံတိုင်းလည်း သူ့ကို အေးစက်စွာ ဆက်ဆံခဲ့လေသည်။
အခု ပြန်တွေးကြည့်တော့ သူမ အလွန်အမင်း နောင်တရမိလေသည်။
ချင်းလန် ၏ လူရှုပ်လူပွေ ပုံစံက ပြင်ပလူတွေအတွက် ဟန်ဆောင်ထားခြင်း သက်သက်သာ ဖြစ်ကြောင်း မသိဘဲ သူမ လုံးဝ အလိမ်ခံလိုက်ရခြင်း ဖြစ်သည်။
အခုမှသာ သူမ သဘောပေါက်လိုက်ပြီး ဘယ်လောက်ပဲ နောက်ကျနေပါစေ ဒီတောင်းပန်တဲ့ ခွက်ကို သောက်ကို သောက်ရမည်ဟု ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“အဲ့ဒါအပြင် ရှင့်ရဲ့ စီစဉ်ပေးမှုတွေကြောင့် အမေလည်း အများကြီး သက်သာလာတယ် မနေ့ညက ဖုန်းဆက်တော့အမေ့ရဲ့ ကျန်းမာရေးက မကြာသေးခင်က အများကြီးကောင်းလာပြီး အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီလို့ ပြောတယ်။”
မူယွီယန် ဖန်ခွက်ကို ထပ်မြှောက်လိုက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်ပြန်လေသည်။
“ဒီတစ်ခွက်က ရှင့်ကို ကျေးဇူးတင်လို့ပါ။”
ချင်းလန် စိတ်ဝင်တစား ဖြစ်သွားပြီး မူယွီယန် ကို အပေါ်အောက် စုန်ဆန်ကြည့်လိုက်လေသည်။
“မင်း ဒီလောက် အများကြီး သောက်နိုင်တာလား”
မူယွီယန် မျက်နှာ နီရဲသွားပြီးခေါင်းခါလိုက်လေသည်။
“ကျွန်မ သိပ်မသောက်နိုင်ပါဘူး၊ ဒါပေမဲ့ ရင်ထဲက စကားတွေကို ထုတ်ပြောမှ ရမှ မဟုတ်ရင် မျိုသိပ်ထားရတာ နေမထိထိုင်မသာ ဖြစ်ပြီး ညဘက် အိပ်မပျော်ဘူး။”
မသောက်နိုင်ဘူး ဟုတ်လား။
ချင်းလန် က မူယွီယန် ရဲ့ ခွက်ကို ထပ်ဖြည့်ပေးလိုက်ပြီး
“မသောက်နိုင်ရင် များများသောက် မဟုတ်ဘူး နေမကောင်းရင် များများသောက်။ တစ်ညလောက် ကောင်းကောင်း အိပ်လိုက်ရင် သက်သာသွားလိမ့်မယ်။”
မူယွီယန် အနည်းငယ် မူးဝေနေပြီ ဖြစ်ပြီး ဝိုင်ခွက်ကို ကိုင်ထားသော လက်မှာ အနည်းငယ် ယိမ်းယိုင်နေသော်လည်း လိမ္မာစွာ ခေါင်းညိတ်လိုက်လေသည်။
“ရှင့်စကား နားထောင်ပါ့မယ်၊ မူးအောင်သောက်ပြီး ဒုက္ခတွေကို မေ့ပစ်လိုက်ကြစို့”
“ချီးယားစ်”
ချင်းလန် နှင့် မူယွီယန် ခွက်ချင်း တိုက်လိုက်ကြပြီး အကုန် မော့သောက်လိုက်ကြသည်။
မူယွီယန် တော်တော်လေး မူးနေပြီ ဖြစ်ကာ အစားအသောက် ယူတဲ့အခါ လက်တွေ တုန်နေပြီး တစ်ခါတစ်ရံ ယူလိုက်တဲ့ အစာတွေက စားပွဲပေါ် ပြုတ်ကျကုန်လေသည်။
ချင်းလန် က အဆင်သင့်ပင် အစားအသောက် ထည့်ပေးလိုက် ဝိုင်ငှဲ့ပေးလိုက် လုပ်နေလေသည်။
“မင်းက ဒီလောက် ခံစားလွယ်တဲ့သူ ဖြစ်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး ယွီယန် စိတ်တူကိုယ်တူ သူချင်း သောက်ရင် ဝိုင်ပုလင်းတစ်ထောင်လည်း မလောက်ဘူး ဆိုတဲ့ စကားက တကယ် မှန်တာပဲ။ စကားတွေ အများကြီး ပြောမနေတော့ဘူး လာ နောက်တစ်ခွက် ထပ်သောက်ကြရအောင်”
“မရတော့ဘူး၊ ကျွန်မ မူးနေပြီ၊ ထပ်မသောက်နိုင်တော့ဘူး။”
“…”
“ယွီယန်၊ မင်းကိုယ့်ကို လျစ်လျူရှုနေတာလား မင်းခွက်ထဲက ဝိုင်က လုံးဝ လျော့မသွားဘူး။”
“ခဏလောက် နားလိုက်ဦးမယ်၊ အွတ် သောက်မယ် သောက်မယ်၊ အတင်း မတိုက်ပါနဲ့”
“…”
ဘုန်း.....
အနည်းဆုံး ဝိုင်တစ်ပုလင်းလောက် သောက်ပြီးနောက် မူယွီယန် သည် စားပွဲအစွန်းတွင် ခေါင်းမှီလိုက်ပြီး မူးဝေကာ မလှုပ်မယှက် ဖြစ်သွားလေသည်။
ချင်းလန် က သူ့ထိုင်ခုံကို သူမဘေးနား ရွှေ့လိုက်ပြီး သူမပခုံးကို ဖက်ကာ မူယွီယန် ရဲ့ ပခုံးကို လက်ဖဝါးနဲ့ ညင်သာစွာ ပွတ်သပ်ပေးရင်း ဝိုင်ကို ဇိမ်ခံ သောက်သုံးကာ ရယ်မောလိုက်လေသည်။
ဘေးနားမှာ ဝိုင်ကောင်းကောင်းနဲ့ မိန်းမလှလေး ရှိနေတာ၊ တကယ့်ကိုဇိမ်ကျတဲ့ မြင်ကွင်းပဲ။
ဘေးကနေ အေးစက်စွာ စောင့်ကြည့်နေတဲ့ လင်းယိုချူ က ကြက်သီးထဖွယ် လေသံနဲ့ ပြောလိုက်လေသည်။
“ယွီယန် ကိုအခွင့်ကောင်းယူနေတာ ရပ်စမ်း”
“နင် ယွီယန် ကို အတင်းတိုက် သူ့ကို မူးအောင်လုပ်ပြီး နင် လုပ်ချင်ရာ လုပ်လို့ရမယ် ထင်နေတာလား ဟွန်း ငါ ဘာလို့ အချိန်မီ မတားခဲ့လဲ သိလား”
သူမ အိတ်ထဲက ဖုန်းကို ထုတ်လိုက်ပြီး ချင်းလန် က မူယွီယန် ပခုံးကို ဖက်ထားတဲ့ ပုံတွေကို တဖျပ်ဖျပ် ရိုက်ယူလိုက်လေသည်။
ပြီးတော့ ထပ်ပြီး လှောင်ပြောင်လိုက်သည်။
“စောင့်ကြည့်နေလိုက်။ ယွီယန် နိုးလာတာနဲ့ နင့်ရဲ့ ဟန်ဆောင်မှုတွေ အကုန်လုံးကို ငါ ဖွင့်ချပြမယ်”
အဲ့ဒီအချိန်ရောက်ရင် ယွီယန် က နင့်ရဲ့တကယ့်ပုံစံ ကို သိသွားပြီး နင့်အပေါ် ဘယ်တော့မှ သံယောဇဉ် ရှိတော့မှာ မဟုတ်ဘူး။
ချင်းလန် စကားမပြောနိုင်ခင်မှာပဲ မူးပြီး လဲနေတဲ့ မူယွီယန် ဆီက အသံတစ်သံ ထွက်ပေါ်လာလေသည်။
သူမက လက်တစ်ဖက်နဲ့ ပါးကို ထောက်လိုက်ပြီး ချင်းလန် ကို ကျောပေးကာ မျက်လုံးတစ်ဖက်ဖွင့်ပြီး လင်းယိုချူ ဘက်ကို လှည့်ပြီး နှုတ်ခမ်းကို အနည်းငယ် လှုပ်ရမ်းပြလိုက်လေသည်။
အသံမထွက်သော်လည်း မူယွီယန် ၏ နှုတ်ခမ်း လှုပ်ရှားမှု အဓိပ္ပာယ်ကို လင်းယိုချူ ရှင်းရှင်းလင်းလင်း ဖတ်နိုင်လိုက်လေသည်။
ဒါက ရှင်းရှင်းလင်းလင်းကြီး အရူးမ ဆိုတဲ့ စကားလုံးပဲ။
လင်းယိုချူ ကြောင်အသွားပြီး ဓာတ်ပုံရိုက်နေတဲ့ လက်ညှိုးတောင် ရပ်တန့်သွားလေသည်။
တစ်ခုခု လွဲချော်သွားမှာ စိုးရိမ်တာကြောင့် မူယွီယန် က မူးနေသလို တမင်တကာ ချင်းလန် ရဲ့ ရင်ခွင်ထဲ လဲကျလိုက်ကာ လင်းယိုချူ ဘက်ကို လှည့်ပြီး အသံတိတ် ဆဲရေးနေလေသည်။
ချင်းလန် က သူမကို ညင်သာစွာ တွန်းထုတ်လိုက်ပြီး ခေါင်းခါကာ သက်ပြင်းချလိုက်လေသည်။
“လင်းယိုချူ၊ မင်း ငါ့နာမည်ကို ဖျက်ဆီးချင်ရင် လုပ်နေစရာ မလိုပါဘူး။ ယန်ကျင်း မှာရော၊ ထျန်ဟိုင်မြို့ မှာရော ငါ ချင်းလန် က ဆိုးသွမ်းတဲ့ လူရှုပ်လူပွေ ဆိုတာ ဘယ်သူက မသိလို့လဲ”
“မင်းက ငါ့ကို မူယွီယန် နားကနေ ထွက်သွားစေချင်တာ မဟုတ်လား ကောင်းပြီလေ၊ ငါ သွားမယ်၊ ဒါဆို ကျေနပ်ပြီမလား”
ပြောရင်းနဲ့ သူ မတ်တပ်ရပ်လိုက်လေသည်။
မူယွီယန် မူးချင်ယောင်ဆောင်မနေတော့ဘဲ သူ့လက်မောင်းကို အမြန် လှမ်းဆွဲလိုက်လေသည်။
“ချင်းလန်၊ ဒါက မရည်ရွယ်ပါဘူး။ ယိုချူ က သဘာဝအတိုင်း ဆော့တတ်လို့ပါ၊ ရှင့်ကို တကယ် ဆန့်ကျင်ချင်လို့ မဟုတ်ပါဘူး။”
မူယွီယန် ရဲ့ ဒေါသတကြီး စိုက်ကြည့်နေမှုအောက်မှာ လင်းယိုချူ ရင်ထိတ်သွားပြီး ခေါင်းငုံ့ကာ မကျေမနပ် ရေရွတ်လိုက်လေသည်။
“ငါ မှားပါတယ်၊ ဟုတ်ပြီလား ငါ ဓာတ်ပုံ ဖျက်လိုက်ပါ့မယ်။”
သူမ ချင်းလန် ရဲ့ နာမည်ကို ဖျက်ဆီးဖို့ ရည်ရွယ်ချက် မရှိပေ မူယွီယန် ကို ချင်းလန် ရဲ့ တကယ့်ပုံစံ မြင်စေချင်ရုံ သက်သက်ပါ။
ဒါပေမဲ့ အခု အရူးမ လို့ အဆဲခံလိုက်ရပြီးနောက် မူယွီယန် ရဲ့ အတွေးတွေကို သူ ဘယ်လိုလုပ် နားမလည်ဘဲ နေမလဲ။
သူဖမ်းစားခံလိုက်ရပြီ ထင်တယ်.....
ဒီအကွက်ထဲ မိနေတဲ့ အချစ်ဆုံး သူငယ်ချင်းကို ဘာလုပ်လုပ် ကယ်တင်လို့ မရနိုင်တော့ပေ။
မူယွီယန် မျက်လုံးတွေ နည်းနည်း နီရဲနေပေမယ့် ချင်းလန် ရဲ့ လက်မောင်းကို ဆွဲထားဆဲပင်။
“ချင်းလန်၊ စိတ်မဆိုးပါနဲ့။ ဒီတစ်ခါ ကျွန်မတို့ တကယ် မှားသွားပါတယ်။ ကျွန်မ သိပါတယ်။ ကျွန်မ တောင်းပန်ပါတယ်။ နောက်တစ်ခါ ဒီလိုကိစ္စမျိုး ဘယ်တော့မှ ထပ်မဖြစ်စေရပါဘူးလို့ ကတိပေးပါတယ်။ ကျွန်မ ရှင့်ကို ဘယ်တော့မှ ထပ်မဆန့်ကျင်တော့ပါဘူး။ ကျွန်မရော၊ ကျွန်မ သူငယ်ချင်းတွေရောပါ”
ချင်းလန် နဖူးကို ပွတ်သပ်လိုက်ပြီး သက်ပြင်းချကာ သူမကို နှစ်သိမ့်လိုက်လေသည်။
“ယွီယန်၊ ငါ စိတ်မဆိုးပါဘူး ဒီနေ့တော့ ဒီညစာစားပွဲကို ဆက်လုပ်လို့ ဖြစ်မယ် မထင်တော့ဘူး”
“နောက်တစ်ခါမှပေါ့၊ နောက်တစ်ခါမှ ပြန်တွေ့ကြမလား”
မူယွီယန် ရဲ့ စိတ်ခံစားမှု အတက်အကျ အကြောင်း စနစ် အသိပေးချက်ကို ပိတ်လိုက်ပြီး ချင်းလန် နောက်ဆုံးမှာ ထွက်ခွာသွားလေသည်။
ဒီနေ့ လင်းယိုချူ ရှိနေတာကြောင့် မူယွီယန် နဲ့ ဆက်ဆံရေးကို အရမ်း မြန်မြန်ဆန်ဆန် တိုးတက်အောင် လုံးဝ လုပ်လို့ မရပေ၊ မဟုတ်ရင် ပြဿနာ အများကြီး တက်နိုင်လေသည်။
တံခါးပိတ်သွားပြီးနောက် လင်းယိုချူ မျက်နှာ ပျက်နေလေသည်။
“ယွီယန်၊ ငါ မရည်ရွယ်ပါဘူး။”
မူယွီယန် ခေါင်းငုံ့ပြီး မျက်ရည်တွေကို သုတ်လိုက်လေသည်။ သူမရဲ့ အချစ်ဆုံး သူငယ်ချင်းကိုသူမ သိပ်ပြီး အားနာမနေတော့ပေ။
အစားထိုးအနေနဲ့ သူမ လင်းယိုချူ ကို လေးလေးနက်နက် ကြည့်ပြီး ပြောလိုက်လေသည်။
“ယိုချူ၊ နင် ငါ့ကို အချစ်ဆုံး သူငယ်ချင်းလို့ သဘောထားသေးရင် ချင်းလန် ကိစ္စတွေကို ဝင်မပါနဲ့တော့။ မဟုတ်ရင် ငါတို့ရဲ့ ဆက်ဆံရေးက ဒီမှာတင် အဆုံးသတ်ရလိမ့်မယ်။”
“ငါ... ငါ နားလည်ပါပြီ။”
လင်းယိုချူ ရင်ထိတ်သွားလေသည်။ ဒီနေ့ သူမ မူယွီယန် ကို တကယ် ဒေါသထွက်အောင် လုပ်မိလိုက်ပြီ ဆိုတာ ရုတ်တရက် သဘောပေါက်သွားလေသည်။
သူမ နည်းနည်း တုန်လှုပ်သွားပေမယ့် မီးလောင်ရာ လေပင့်သလို ဖြစ်မှာ စိုးလို့ ဘာမှ ထပ်မပြောရဲတော့ပေ။