အခန်း (၆၂) ရဲ့ဖန် မင်းမှန်း ငါ သိတာပေါ့
တံခါးဖျက်ဖွင့်သံကို ကြားလိုက်ရတဲ့အခါ အာဟူ နဲ့ သူ့အပေါင်းပါ ရှားချန် တို့ရဲ့ မျက်နှာထားတွေ ချက်ချင်း တင်းမာသွားလေသည်။
သူတို့ ဘီယာဗူးတွေကို ချလိုက်ပြီး ဓားမြှောင်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ တစ်ယောက်တစ်ဖက်စီ တိတ်တဆိတ် ချဉ်းကပ်သွားလေသည်။
ဝင်လာတဲ့သူက ခြေတစ်လှမ်း လှမ်းလိုက်တာနဲ့ အာဟူ နဲ့ ရှားချန် တို့က စိတ်ကို တင်းလိုက်ပြီး တံခါးအပြင်ဘက်ကို ဓားမြှောင်နှစ်ချောင်းနဲ့ တစ်ပြိုင်နက်တည်း ထိုးလိုက်လေသည်။
ဖောက်.....
အသားကို ထိုးဖောက်လိုက်တဲ့အသံ နှစ်သံ ထွက်ပေါ်လာပြီး နာကျင်စွာ အော်ဟစ်သံတွေ ထွက်ပေါ်လာလေသည်။
အာဟူ နဲ့ ရှားချန် တို့ရဲ့ ညာလက်တွေက ပြိုင်ဘက်ရဲ့ ဓားမြှောင်နဲ့ တစ်ပြိုင်နက်တည်း လှီးဖြတ်ခံလိုက်ရပြီး သွေးတွေ ဒလဟော စီးကျလာကာ သူတို့နှစ်ယောက်စလုံးရဲ့ ဒဏ်ရာရထားတဲ့ လက်မောင်းတွေကိုလည်း ဆွဲချခံလိုက်ရသည်။
ချင်းလန် က ရဲ့ဖန် ရဲ့ မျက်နှာဖုံးကို ဝတ်ဆင်ထားပြီး အပြင်ကနေ လမ်းလျှောက် ဝင်လာကာ
သူ့မျက်နှာပေါ်မှာလည်း စနစ် ကျောပိုးအိတ်ထဲက ထုတ်ယူထားတဲ့ အနက်ရောင် မျက်နှာဖုံးတစ်ခုကိုလည်း တပ်ဆင်ထားလေသည်။
အဲ့ဒါတွေ အကုန်လုံးက စနစ်ရဲ့ ကံစမ်းမဲကနေ ရထားတဲ့ မလိုအပ်တဲ့ ပစ္စည်းလေးတွေ ဖြစ်လေသည်။
သူက သွေးထွက်သံယို ဖြစ်နေတဲ့ လက်မောင်းနှစ်ဖက်ကို ကိုင်ထားပြီး ဇာတ်လိုက်တစ်ယောက် ပုံစံမျိုးနဲ့ မာနကြီးစွာ ပြုမူနေကာ ကစားလိုသော အပြုံးတစ်ခု သူ့နှုတ်ခမ်းထောင့်မှာ ကွေးညွတ်သွားပြီး လှောင်ပြောင်လိုက်လေသည်။
“မင်းတို့ရဲ့ သနားစရာကောင်းတဲ့ စွမ်းရည်လေးနဲ့ ငါ့ကို နာကျင်အောင် လုပ်နိုင်မယ် ထင်နေတာလား”
သူ စကားပြောဖို့ တွန့်ဆုတ်မနေခဲ့ပေ။ သေချာအောင် အတွက် သူက စနစ်ကနေ အလယ်အလတ်အဆင့် အသံတုပခြင်း စွမ်းရည်ကို ကြိုတင် လဲလှယ်ထားပြီး ဖြစ်လေသည်။
အသံ ကျွမ်းကျင်ပညာရှင် တစ်ယောက် မဟုတ်ရင် သူ့ကို ဘယ်လိုမှ မှတ်မိနိုင်မှာ မဟုတ်ပေ။
ကြိုးတုပ်ခံထားရတဲ့ ပိုင်ရှောက်ယဲ့ က သူ့အဖေအရင်းကို တွေ့လိုက်ရသလိုမျိုး အော်ဟစ် ငိုယိုလိုက်ပြီးခွေး တစ်ကောင်လို ကြမ်းပြင်ပေါ်မှာ စိတ်လှုပ်ရှားစွာ တွန့်လိမ်နေလေသည်။
ချင်းလန် က အာဟူ နဲ့ ရှားချန် ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီး ပိုင်ရှောက်ယဲ့ ပါးစပ်ထဲ ထိုးထည့်ထားတဲ့ အရာကို ညွှန်ပြကာ တိုက်တွန်းလိုက်လေသည်။
“အဲ့ဒါကို ဖယ်လိုက်။”
ကြောက်လန့်တကြားနဲ့ အာဟူ က ပိုင်ရှောက်ယဲ့ ဘေးကို ယိုင်နဲ့နဲ့ ရောက်သွားလေသည်။ အသုံးပြုပြီးသား အတွင်းခံဘောင်းဘီကို ဖယ်ရှားမယ့်အစား သူက ဘယ်လက်ထဲမှာ ဓားမြှောင်တစ်ချောင်း ကိုင်ပြီး ပိုင်ရှောက်ယဲ့ လည်ပင်းကို ထောက်ကာ ချင်းလန် ကို ဟိန်းဟောက်လိုက်လေသည်။
“ထပ်မတိုးနဲ့၊ မဟုတ်ရင် ဒီကောင်လေးကို သတ်လိုက်မယ်”
“မင်းရော ပိုင်ရှောက်ချွမ် ရဲ့ ပိုက်ဆံကို လိုချင်တာပဲ မဟုတ်လား ငါတို့ ညှိနှိုင်းလို့ ရပါတယ်။ ငါတို့ကို ထျန်ဟိုင်မြို့ ကနေ ထွက်သွားခွင့် ပေးလိုက်၊ ဒါဆို ငါတို့ လူကို လွှတ်ပေးလိုက်မယ်”
ပိုင်ရှောက်ချွမ် မှာ နေရာတိုင်း အဆက်အသွယ် ရှိတယ်ဆိုတာ သူ သိပေမယ့် ဒီလောက် မြန်မြန်ဆန်ဆန် လှုပ်ရှားလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့မိပေ။
ကံကောင်းစွာနဲ့ ရောက်လာတဲ့ကောင်က အရမ်း သန်မာပေမယ့် ဉာဏ်နည်းပုံ ပေါက်လေသည်။
သူတို့ကို ဖမ်းမိထားရက်နဲ့ လွှတ်ပေးလိုက်တယ်လေ။
မာနကြီးလိုက်တာ.......
ချင်းလန် စိတ်မဆိုးပေ သူက အနီးနားမှာ ရပ်နေတဲ့ ရှားချန် ကို ဆွဲယူလိုက်ပြီး ဓားမြှောင်ကို ကောက်ယူကာ ရှားချန် ရဲ့ ညာဘက် ရင်ဘတ်ကို ဖွဖွလေး ထိုးစိုက်လိုက်လေသည်။
“မဆင်မခြင် ဘာမှ မလုပ်နဲ့။ ဓားကို ချလိုက်ပြီး သူ့ကို လွှတ်လိုက် မဟုတ်ရင် မင်းရဲ့ ညီအစ်ကိုကောင်း သေသွားလိမ့်မယ်”
သွေးတွေ ပန်းထွက်လာလေသည်။
ရှားချန် နာကျင်မှုကြောင့် မျက်နှာ ရှုံ့မဲ့သွားပြီး သူ့စိတ်ထဲမှာ အော်ဟစ်နေမိလေသည်။
“ငါ ဘာအမှား လုပ်မိလို့ ဒီလို ခံရတာလဲ”
ဒါ့အပြင် ဘယ်သူက ပြန်ပေးဆွဲသမားလဲ ဆိုတာ သေချာရဲ့လား။
အာဟူ က ဘာမှတောင် မလုပ်ရသေးဘူး၊ ပါးစပ်နဲ့ ခြိမ်းခြောက်ရုံပဲ ရှိသေးတာ၊ ဒါပေမဲ့ ဒီကောင်က ဘာခံစားချက်မှ မပြဘဲ သူ့ကို အရင် ထိုးလိုက်တယ်ပေါ့။
အာဟူ လည်း မှင်တက်သွားလေသည်။ သူ တံတွေး မျိုချလိုက်ပြီး ပိုင်ရှောက်ယဲ့ ပါးစပ်ထဲက အသုံးပြုပြီးသား အတွင်းခံဘောင်းဘီကို ဆွဲထုတ်ကာ အော်ဟစ်လိုက်လေသည်။
“သူ့ကို ရပ်ခိုင်းလိုက်”
ပိုင်ရှောက်ယဲ့ က ထိတ်လန့်တကြား ချက်ချင်း အော်ဟစ်လိုက်လေသည်။
“ရဲ့ဖန် မင်း ဘာလုပ်နေတာလဲ ငါ့ကို သေစေချင်နေတာလား”
“မင်းဒီလောက် စွမ်းနေရင် မျက်နှာဖုံးကို ချွတ်လိုက်ပါလား မင်းက ရဲ့ဖန် ဆိုတာ ငါ သိတယ်ကွ”
“မင်း ဒီလောက် စွမ်းနေရင် ဟန်ဆောင်မနေနဲ့တော့။ ငါ့တစ်ခုခု ဖြစ်သွားရင် ငါ့အဖေက မင်းကို လွှတ်ထားမှာ မဟုတ်ဘူး”
ဖောက်.....
ချင်းလန် က ဓားမြှောင်ကို ရှားချန် ရဲ့ ရင်ဘတ်ထဲ နောက်တစ်ကြိမ် ထိုးစိုက်လိုက်ရာ ကြီးမားတဲ့ အပေါက်နှစ်ပေါက် ဖြစ်ပေါ်လာပြီး သွေးတွေ အဆက်မပြတ် စီးကျလာလေသည်။
ရှားချန် က ချင်းလန် ကို မော့ကြည့်လိုက်ပြီး မျက်နှာ ဖြူဖျော့နေကာ မျက်လုံးထဲမှာ မျက်ရည်တွေ ဝေ့သီနေလေသည်။
“အစ်ကိုကြီး...”
ချင်းလန် က အဆင်မပြေတဲ့ အပြုံးနဲ့ ပြုံးလိုက်လေသည်။
“ငါ့မှာ OCD ရောဂါ ရှိလို့ပါကွာ ညာဘက်မှာ အပေါက် တစ်ပေါက် ရှိနေပေမယ့် ဘယ်ဘက်မှာ မရှိတော့ အချိုးမကျဘူး ဖြစ်နေလို့။”
ပိုင်ရှောက်ယဲ့ ကြောင်အသွားလေသည်။
သူ ရဲ့ဖန် ကို သိသည် သူ့အဖေက ရဲ့ဖန် ကို ခေါ်ပြီး သူနဲ့အတူ ညစာ စားခဲ့ဖူးသည် ထမင်းစားနေစဉ် သူတို့ စကားအများကြီး မပြောခဲ့ကြပေမယ့် သူ့အဖေက ရဲ့ဖန် ကို လေးစားတယ် ဆိုတာ ထင်ရှားနေလေသည်။
ဒါပေမဲ့ ဒီအခြေအနေမှာ ဒီကောင်က သူ့ကို ကယ်ဖို့ ရည်ရွယ်ချက် မရှိဘူးဆိုတာ လူမိုက်တောင် မြင်နိုင်လေသည်။
“ငါ သိပြီ အဲ့ဒီကောင်မ နှစ်ယောက်နဲ့ ဆက်သွယ်နေတာ မင်းပဲ မဟုတ်လား သူတို့ ပိုင်မိသားစု အမွေ ရအောင် မင်း ငါ့ကို သတ်ချင်နေတာ မဟုတ်လား”
ဓားမြှောင်က သူ့လည်ပင်းကို သွေးထွက်အောင် လှီးဖြတ်လိုက်တာ မြင်လိုက်ရတော့ ပိုင်ရှောက်ယဲ့ ရဲ့ လေသံ ချက်ချင်း ပြောင်းသွားလေသည်။
သူက ထိတ်လန့်တကြား ပြောလိုက်လေသည်။
“ငါ့ကို ကယ်ပေးရုံနဲ့ မင်း လိုချင်တဲ့ ပိုက်ဆံ ဘယ်လောက်မဆို ငါ ပေးပါ့မယ်၊ ငါ့ကို ကယ်ပါ...”
ချင်းလန် က ဓားမြှောင်ကို ကစားလိုက်ပြီး ပိုင်ရှောက်ယဲ့ ကို ရယ်ချင်စိတ်ဖြင့် ကြည့်လိုက်လေသည်။
“ပိုင်ရူယွီ နဲ့ ပိုင်ရှောင်ယွင် ကို မင်း ယှဉ်နိုင်လို့လား”
ချင်းလန် နောက်ထပ်စကားပြောစရာ မလိုတော့ပေ သူ ပိုင်ရှောက်ယဲ့ကို ပြောခိုင်းစေချင်တာ အကုန် ပြောပြီးလေပြီ။
ပိုင်ရှောက်ယဲ့ ထပ်မပြောခင်မှာပဲ ချင်းလန် က ဓားမြှောင်ကို ပစ်လိုက်ရာ ပိုင်ရှောက်ယဲ့ ရဲ့ နှလုံးကို ထိုးဖောက်သွားပြီး သူ့ကို လုံးဝ ပျက်စီးသွားစေလေသည်။
သေခါနီးအချိန်မှာတောင် ပိုင်ရှောက်ယဲ့ က သူ့ကို သတ်မယ့်သူဟာ ရဲ့ဖန် ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့မိပေ။
ဒါ့အပြင် ရဲ့ဖန် ရဲ့အပြုအမူက ပြန်ပေးဆွဲသမားတွေ သူ့ကို မသတ်မှာ စိုးရိမ်လို့ ကိုယ်တိုင် လာပြီး အဆုံးသတ်ပေးလိုက်သလို ဖြစ်နေလေသည်။
ပိုင်ရှောက်ယဲ့ ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အာဟူ ၏ ရင်ခွင်ထဲမှ တဖြည်းဖြည်း လျှောကျသွားလေသည်။
ပြန်ပေးဆွဲသမား နှစ်ဦး အကြည့်ချင်း ဆုံသွားကြပြီး နှစ်ယောက်စလုံး ကြောင်တောင်တောင် ဖြစ်နေကြလေသည်။
ရှားချန် ရဲ့ ကံကြမ္မာကလည်း သိပ်မထူးခြားလှပေ၊ သူ့လည်ပင်း ချိုးခံလိုက်ရလေသည်။
အာဟူ ထိတ်လန့်တကြား နောက်ဆုတ်လိုက်ပြီး သူ့မျက်နှာပေါ်တွင် ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေကာ သူ ဘာမှမပြောရသေးခင်မှာပင် အသတ်ခံလိုက်ရလေသည်။
အဲ့ဒီနောက် ချင်းလန် က ဇာတ်ကွက် ဆင်သလိုမျိုး ဓားမြှောင်နဲ့ ရှားချန် ရဲ့ လည်ပင်းပေါ်မှာ အားဟူ ရဲ့ လက်ဗွေရာတွေ ထားခဲ့ပြီးနောက် အမှောင်ထုထဲသို့ ပျောက်ကွယ်သွားလေသည်။
ရေချိုးခန်းထဲကနေ ကင်းမြီးကောက်က အကုန်လုံး မြင်နေရတယ် ဆိုတာကို မသိသလိုပင်။
ဟင်း...
သူ အဝေးရောက်သွားမှသာ ကင်းမြီးကောက် က ရေချိုးခန်း နံရံကို မှီပြီး ကြွေပြားတွေ တစ်လျှောက် အားမရှိသလို လျှောကျကာ ကြမ်းပြင်ပေါ် ပုံလျက်သား ကျသွားကာ သူ့ကျောပြင် တစ်ခုလုံး ချွေးအေးတွေ ရွှဲနစ်နေပြီ ဖြစ်လေသည်။
“သူ ရူးသွားပြီ ရူးသွားပြီ တခြားသူရဲ့ လက်ကို သုံးပြီး သူ့ရဲ့ ညစ်ပတ်တဲ့ အလုပ်ကို လုပ်ခိုင်းတာ၊ ဘယ်လောက် ထက်မြက်တဲ့ လှုပ်ရှားမှုလဲ အဲ့ဒီ ရဲ့ဖန် စောက်ကောင်က ပိုင်ရှောက်ချွမ် ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်ဖို့ ငါတို့ ညီအစ်ကိုတွေကို ဒိုင်းကာ အဖြစ် အသုံးပြုလိုက်တာပဲ။ သူ့ကိစ္စ အောင်မြင်ဖို့ ဘယ်လောက် ထက်မြက်တဲ့ အကြံအစည်လဲ”
သူ တံတွေး မျိုချလိုက်ပြီး စဉ်းစားမနေတော့ဘဲ သူ့ရဲ့ ခြေရာလက်ရာ အားလုံးကို ဖျက်ဆီးပြီးနောက် အခင်းဖြစ်ပွားရာ နေရာကနေ အလျင်အမြန် ထွက်ပြေးသွားလေသည်။
လက်စားချေဖို့ ရဲ့ဖန် ကို သွားရှာမလို့လား။
နောက်နေတာလား အဲ့ဒီကောင်ရဲ့ ခွန်အားက သာမန် မဟုတ်ဘူး။ သူက လူတစ်ယောက်ရဲ့ လည်ပင်းကို လက်ဗလာနဲ့ ချိုးပစ်နိုင်တယ်။
ငါ့ညီအစ်ကို နှစ်ယောက်လုံး အရပ် ၁.၈ မီတာ ကျော်ပေမယ့် သူ့လက်ထဲမှာ ယုန်ပေါက်လေးတွေလို ဖြစ်နေတာ။ သူ ဘယ်လိုလုပ် နိုင်မှာလဲ။
နိုင်မယ် ဆိုရင်တောင် ဘာလို့ ကျေးဇူးတင်မခံရမယ့် အလုပ်ကို အန္တရာယ်အဖြစ်ခံပြီး လုပ်ရမှာလဲ။
ပိုင်ရှောက်ချွမ် ဆီ သွားတိုင်ဖို့ကတော့ ပိုလို့တောင် မဖြစ်နိုင်သေးသည်၊ ဘာလို့လဲဆိုတော့ ရဲ့ဖန် က ပိုင်ရှောက်ယဲ့ ကို သတ်လိုက်တာဆိုတော့ သူက ကြံရာပါ ဖြစ်သွားပြီလေ။
ကင်းမြီးကောက် က ပိုပြီး အတွေ့အကြုံ ရင့်ကျက်သလို ပိုပြီး ဉာဏ်ကောင်းလေသည်။
ဒီကိစ္စသာ ပေါက်ကြားသွားရင် ရဲ့ဖန် က ပိုင်ရှောက်ချွမ် ရဲ့ လက်စားချေမှုကနေ လွတ်မြောက်မှာ မဟုတ်သလို၊ သူလည်း သဘာဝကျကျ အသတ်ခံရမှာ သေချာလေသည်။
သေချာ စဉ်းစားပြီးနောက် အမြန်ဆုံး ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်လေသည်။
အမှောင်ထဲမှာ ချင်းလန် က အရိပ်ထဲ ပုန်းအောင်းရင်း ကင်းမြီးကောက် ထွက်ပြေးသွားတာကို စောင့်ကြည့်နေလေသည်။
သူက အနက်ရောင် လက်အိတ်ကို ချွတ်လိုက်ပြီး လူသားအရေပြား မျက်နှာဖုံးကို စနစ် သိုလှောင်ခန်းထဲ ပြန်ထည့်လိုက်လေသည်။
ဒီပစ္စည်းက အခု အသုံးမဝင်တော့ပေမယ့် အနည်းဆုံးတော့ နေရာတိုင်းမှာ လျှောက်မပစ်ထားသင့်ဘူးလေ၊ သက်သေ ကျန်ခဲ့တာ မကောင်းဘူး။
ပရမ်းပတာ ဖြစ်နေတဲ့ အခင်းဖြစ်ပွားရာ နေရာကို သူ ဂရုမစိုက်ပေ။ တကယ် စုံစမ်းစစ်ဆေးရင် ကင်းမြီးကောက် ဖျက်ဆီးခဲ့တဲ့ ခြေရာတွေက သူ့ကို သံသယ ကင်းရှင်းစေဖို့ မလုံလောက်ပေ။
အနည်းဆုံးတော့ အာဟူ နဲ့ ရှားချန် သေဆုံးမှုက အချင်းချင်း တိုက်ခိုက်လို့ ဖြစ်တာ မဟုတ်ဘူး ဆိုတာ သိသာနေလေသည်။
ကျန်တာတွေကို ပိုင်ရှောက်ချွမ် ရှင်းပါစေတော့၊ သူကတော့ ပျော်ရွှင်နေလေသည်။
ဟီးဟီး...... ရွေးချယ်ခံ ဟုတ်လား။
ထိုးနှက်ချက်တွေ တစ်ခုပြီး တစ်ခု ခံစားလိုက်ရပြီးနောက် ကံကြမ္မာရဲ့ ရွေးချယ်ခံ ရဲ့ဖန် ရဲ့ အခြေအနေ ဘယ်လို ရှိနေမလဲ၊ တစ်ခုခု မှားယွင်းနေတာကို သတိထားမိပြီလား ဆိုတာ သူ သိချင်နေမိလေသည်။
ပိုင်ရှောက်ချွမ် ရဲ့ အကူအညီနဲ့ သူ့စီးပွားရေးကို ချဲ့ထွင်ပြီး အောင်မြင်မှု အသစ်တွေ ဖန်တီးနိုင်မယ်လို့ ရဲ့ဖန် တွေးခဲ့ဖူးကောင်း တွေးခဲ့ဖူးလိမ့်မည်။
သူ့ကိုတောင် ပစ်မှတ်ထားခဲ့ကြသေးတယ်။
ဒါပေမဲ့ ရဲ့ဖန် မသိလိုက်တာက လှုပ်ရှားချင်နေတာ သူတစ်ယောက်တည်း မဟုတ်ဘူး ဆိုတာပင်။
ဗီလိန်အကြီးစား တစ်ယောက် အနေနဲ့
“လက်ဦးမှု ရယူမှ အသာစီးရမယ်၊ နောက်ကျမှ လုပ်ရင် ခံရမယ်”
ဆိုတဲ့ သဘောတရားကို နားမလည်ရင် သူ ကိုယ့်ကိုယ်ကို ဖျက်ဆီးပြီး ရဲ့ဖန် ရဲ့ ခြေနင်းကျောက် အဖြစ်ခံလိုက်တာက ပိုကောင်းလိမ့်မယ်။