အခန်း (၅၇) အကန့်အသတ်မရှိသော ဒေါသ
ဟင်း....
ဒါကို ကြားလိုက်ရတော့ စုရှောင်းရှောင်း သူမ အရိုးတွေ ပျော့ခွေသွားသလို ခံစားလိုက်ရပြီး သူမရဲ့ တောက်ပတဲ့ မျက်လုံးတွေထဲမှာ ထိတ်လန့်မှု အရိပ်အယောင် ဖြတ်ခနဲ ပေါ်လာပေမယ့် အကြည့်တော့ မလွှဲလိုက်မိပေ။
တစ်ဖက်မှာ သူမ ရှက်ရွံ့နေပေမယ့်၊ တခြားတစ်ဖက်မှာတော့ သူမ ရင်ထဲက အဖုအထစ် တစ်ခု ပြေလျော့သွားသလို ရုတ်တရက် ခံစားလိုက်ရလေသည်။
ချင်းလန် က သူမလက်ကို ဆွဲကိုင်လိုက်ပြီး ဝန်ထမ်းတွေရဲ့ လမ်းညွှန်မှုနဲ့အတူ ချားရဟတ်ကြီးပေါ် တက်လိုက်ပြီး တဖြည်းဖြည်း မြင့်တက်လာလေသည်။
အထူးသဖြင့် သူတို့နှစ်ယောက်တည်း ရှိနေတာကြောင့် နေရာလွတ်က ထူးခြားစွာ ကျဉ်းမြောင်းနေသလို ခံစားရလေသည်။
ကောင်းကင်ယံတွင် လမင်းကြီးက မရေမတွက်နိုင်သော ကြယ်များ ခြံရံလျက်တွဲလဲခိုနေလေသည်။
ချားရဟတ်ကြီး ပေါ်ကနေ ထျန်ဟိုင်မြို့ ရဲ့ ပြိုးပြိုးပြက်ပြက် တောက်ပပြီး ဇိမ်ကျတဲ့ ညရှုခင်းတွေကိုကြည့်ရှုနိုင်လေသည်။
လမ်းပေါ်က ယာဉ်ကြောပိတ်ဆို့မှုက အရင်ကထက်တောင် ပိုပြီး သိပ်သည်းနေသလိုပင်။ အဆက်မပြတ် စီးဆင်းနေတဲ့ ယာဉ်တန်းတွေကြားမှာ ရဲကားတွေ ရံဖန်ရံခါ အရှိန်ပြင်းပြင်း မောင်းနှင်သွားတာကို တွေ့ရပြီး အရေးကြီး ကိစ္စတစ်ခုခု ကြုံတွေ့နေရသလို၊ အသည်းအသန် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေသလို ဖြစ်နေလေသည်။
“စပြီလား”
ချင်းလန် က သိသိသာသာ တိုးလာတဲ့ ရဲကား အရေအတွက်ကို ကြည့်ပြီး စိတ်ထဲကနေ လှောင်ပြောင်လိုက်လေသည်။
ပိုင်ရှောက်ချွမ် ဆိုတဲ့ အဲ့ဒီ အဘိုးကြီးက တကယ် ရူးနေတာပဲ။ သူက ဒီအဆင့်ပဲ ရှိသေးတာကို၊ အခုကတည်းက သူ့အာဏာတွေကို ဒီလို စသုံးနေပြီလား။
အရင်တုန်းက ပိုင်ရှောင်ယွင် ပြန်ပေးဆွဲ ခံရတုန်းက ဟန်ဆောင်နေတာ ဆိုရင်တောင် ဘာလို့ ဒီလောက် စိတ်လှုပ်ရှားတဲ့ပုံ မပြခဲ့တာလဲ။
သားယောက်ျားလေးကို ဦးစားပေးတာက ယုံနိုင်စရာ မရှိလောက်အောင် အစွန်းရောက်တဲ့ အဆင့်ကို ရောက်နေပါလား။
စဉ်းစားနေရင်း ချင်းလန် သူ့အတွေးတွေကို စုစည်းလိုက်ပြီး ဘေးနားမှာ ထိုင်ကာ ခေါင်းငုံ့ပြီး လက်ချောင်းလေးတွေနဲ့ ကစားနေတဲ့ စုရှောင်းရှောင်း ကို လှည့်ကြည့်လိုက်လေသည်။
သူမက အရမ်းပျင်းနေတဲ့ပုံ ပေါက်နေပြီး တစ်ခုခုကို အလေးအနက် စဉ်းစားနေသလို ဖြစ်နေလေသည်။
သို့သော် မျက်လုံးထောင့်ကနေ သူ့ကို ရံဖန်ရံခါ ခိုးကြည့်နေတဲ့ သေးငယ်တဲ့ အမူအရာလေးတွေက သူမရဲ့စိတ်လှုပ်ရှားနေမှုကို ဖော်ပြနေလေသည်။
“သခင်လေး”
ရုတ်တရက် ပွေ့ချီခံလိုက်ရသဖြင့် စုရှောင်းရှောင်း တိုးတိုးလေး အော်လိုက်မိသော်လည်း စကားမပြောနိုင်ခင်မှာပင် သူမ ချင်းလန် ရဲ့ ပေါင်ပေါ် ရောက်နေပြီ ဖြစ်လေသည်။
သူမ ချင်းလန် ရဲ့ နွေးထွေးတဲ့ ရင်ဘတ်ကို မှီလိုက်ပြီး ယုန်ပေါက်လေး တစ်ကောင်လိုကြောက်ရွံ့နေလေသည်။
လမ်းမှာ သခင်လေး ပြောခဲ့တဲ့ စကားတွေကို ပြန်သတိရလိုက်တော့ သူမ နှလုံးခုန်သံတွေက ပိုပိုပြီး မြန်လာလေသည်။
သူမ နည်းနည်း ကြောက်နေမိသည်။ သခင်လေးက သူမ ဗိုက်ကို ထိလိုက်ရုံနဲ့တင် သူမ အရမ်း သက်တောင့်သက်သာ ဖြစ်ပြီး ပျော်ရွှင်နေမိပြီ။ တခြားနေရာတွေကိုသာ ထိလိုက်ရင် ဘယ်လို လုပ်မလဲ။
“ပိုမြင့်တဲ့ နေရာမှာ ရပ်လေလေ၊ ပိုဝေးဝေး မြင်ရလေလေပဲ။ ထျန်ဟိုင်မြို့ က အစည်ကားဆုံး မဟုတ်ပေမယ့် သူ့ရဲ့ ညရှုခင်းကတော့ လုံးဝ ရင်သပ်ရှုမောဖွယ် ကောင်းတယ်။”
ချင်းလန် က သူမရဲ့ သွယ်လျတဲ့ ခါးလေးကို ဖက်လိုက်ပြီး ပြတင်းပေါက် အပြင်ဘက်ကို ညွှန်ပြလိုက်လေသည်။
“မင်းက နောက်ဆုံးမှာ ထိုင်နေတာဆိုတော့ ကစားကွင်း အတွင်းပိုင်းကိုပဲ မြင်ရမှာ။ ကိုယ့်ဘက်ကဆိုရင် မြို့တစ်မြို့လုံးကို မြင်ရတယ်။”
စုရှောင်းရှောင်း က ချင်းလန် ရဲ့ ရင်ဘတ်ကို မှီထားပြီး ညရှုခင်းကို ကြည့်ဖို့ စိတ်ဝင်စားမှု လုံးဝ မရှိပေ။
သူမ ပါးပြင်တွေ ပူထူနေပြီး ခေါင်းတောင် မမော့နိုင်လောက်အောင် ရှက်နေမိလေသည်။
သခင်လေးက သူမကို ညရှုခင်းကြည့်ဖို့ခေါ်လာတာ ဒါပေမဲ့ သူမ စိတ်ကတော့ ရှုပ်ထွေးနေပြီး အတွေးပေါင်းစုံဆီ ရောက်နေမိသည်။
တကယ်ပါပဲ၊ အရမ်း ရှက်စရာ ကောင်းတာပဲ။
အတွေးနက်နေတဲ့ သခင်လေးကို ကြည့်ရင်း စုရှောင်းရှောင်း သူမရဲ့ အတွေးတွေက ပိုပိုပြီး မသင့်လျော် ဖြစ်လာတယ်လို့ ခံစားလိုက်ရသည်။
ဘာကြောင့်မှန်း မသိပေမယ့် သခင်လေးနဲ့ နှစ်ယောက်တည်း ရှိနေတိုင်း ရှက်စရာကောင်းတဲ့ အတွေးတချို့ ခေါင်းထဲ ပေါ်လာတတ်လေသည်။
…………
ပိုင်မိသားစု အိမ်တော်ဝင်းကြီး တစ်ခုလုံး မီးတွေ လင်းထိန်နေလေသည်။
ပုံမှန်ဆို တည်ငြိမ်ပြီး အေးဆေးနေတတ်တဲ့ ပိုင်ရှောက်ချွမ် ဟာ ဒီနေ့မှာတော့ ထူးခြားစွာ ဒေါသထွက်နေလေသည်။
“သေစမ်း ကိုယ်ရံတော်တွေ ဘယ်ရောက်ကုန်ပြီလဲ အဲ့ဒီ ကိုယ်ရံတော်တွေက ဘာလုပ်တတ်လို့လဲ ငါတို့ သူတို့ကို ထည့်ပေးလိုက်တာလေ၊ အခု ဒီတိုင်း ပျောက်သွားတာလား သူတို့အားလုံး အသုံးမကျတဲ့ ကောင်တွေလား”
“ဖုန်းဆက်ပြီး ဒါရိုက်တာ ကျန်း ကို ရှာခိုင်းလိုက် နဂါးနက် အသင်း ဝင်တွေကို တစ်အိမ်တက်ဆင်း ရှာခိုင်း ဒီည ပြန်ခေါ်လာခဲ့”
“ဒါ ယုတ်မာလွန်းတယ်! တစ်ယောက်ယောက်က ငါ့သား၊ ပိုင်ရှောက်ချွမ် ရဲ့ သားကို ကြံစည်ရဲတယ်ပေါ့။ ဘယ်သူလဲ ဆိုတာ သိတာနဲ့ အရှင်လတ်လတ် အရေခွံ ခွာပစ်မယ်”
“ဘာရပ်ကြည့်နေတာလဲ ထွက်သွားပြီး သွားရှာကြ ရှာမတွေ့ရင် ဒီကို ပြန်လာစရာ မလိုတော့ဘူး”
ပိုင်ရှောက်ချွမ် က ပိုင်မိသားစု ရဲ့ အိမ်တော်ထိန်း ခေါင်းဆောင် အာဖူ ကို ဒုတိယထပ်ကနေ အတင်း မောင်းထုတ်လိုက်လေသည်။
အာဖူ ခေါင်းငုံ့ပြီး ကြောက်ကြောက်ရွံ့ရွံ့နဲ့ ထွက်လာခဲ့သည်။ လှေကားထစ်မှာ ပိုင်ရူယွီ နဲ့ တွေ့တော့
“သခင်မလေး”
လို့ နှုတ်ဆက်ပြီး အမြန် ပြေးထွက်သွားလေသည်။
ဟက်... ဒါ ဝဋ်လည်တာပဲ နေမှာ
ပိုင်ရူယွီ အပေါ်ထပ် စာကြည့်ခန်းဆီကနေ အဆက်မပြတ် ထွက်ပေါ်နေတဲ့ ဒေါသတကြီး ကျိန်ဆဲသံတွေကို နားထောင်ရင်း စိတ်ထဲကနေ လှောင်ပြောင်လိုက်လေသည်။
သူက သမီးအရင်းကို ပြန်ပေးဆွဲခိုင်းတယ်၊ အခု သူ့ရဲ့ သား ပျောက်သွားပြီ။ ဒါ ဝဋ်လည်တာ မဟုတ်ရင် ဘာလဲ။
ပိုင်ရူယွီ က ရေခဲသေတ္တာထဲက နို့ဗူးတစ်ဗူး ထုတ်လိုက်ပြီး စားပွဲပုလေးပေါ်မှာ နှစ်ခွက် ခွဲထည့်ကာ တစ်ခွက်ကို ပိုင်ရှောင်ယွင် ကို ကမ်းပေးရင်း ညင်သာစွာ နှစ်သိမ့်လိုက်လေသည်။
“နို့လေး သောက်ပြီး စိတ်ငြိမ်အောင် လုပ်လိုက်ဦး။ စိတ်ငြိမ်သွားရင် အပေါ်ထပ် တက်အိပ်တော့နော်။”
ပိုင်ရှောင်ယွင် တစ်ငုံ သောက်လိုက်ပြီး စိတ်မသက်မသာ ဖြစ်နေလေသည်။
ဘာပဲဖြစ်ဖြစ် သူက သူမရဲ့ ဖခင်လေ။ ဒီလို ခွဲခြားဆက်ဆံခံရတာကို ဘယ်လိုလုပ် စိတ်မပျက်ဘဲ နေနိုင်မှာလဲ။
“အစ်မ၊ ယောက်ျားလေးတွေက တကယ်ပဲ အဲ့လောက် အရေးကြီးလား မိန်းကလေးတွေက ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှု လုံးဝ မထိုက်တန်တော့ဘူးလား”
ပိုင်ရူယွီ က ညီမလေးရဲ့ ပခုံးကို ဖက်လိုက်ပြီး ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးကာ တိုးတိုးလေး ပြောလိုက်လေသည်။
“မိုက်လိုက်တဲ့ ညီမလေးရယ်၊ ဘာလို့ အဲ့လို တွေးရတာလဲ ညီမလေးကို အစ်မ ချစ်တယ်လေ။”
ပိုင်ရှောင်ယွင် တိုးတိုးလေး ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် သူမအစ်ကို ချင်းလန် ရဲ့ ပုံရိပ်ကို သတိရသွားလေသည်။
သူမရဲ့ ကြီးမားပြီး အရည်လဲ့နေတဲ့ မျက်လုံးတွေထဲမှာ နွေးထွေးတဲ့ အပြုံးတစ်ခု ပြည့်နှက်လာပြီး မျက်လုံးမှေးသွားလေသည်။
သူမအစ်ကိုလည်း သူမကို ချစ်တာပဲ
ဒေါက် ဒေါက် ဒေါက်
လှေကားထစ်ကနေခြေသံတွေ ထွက်ပေါ်လာပြီး ပိုင်ရှောက်ချွမ် ဆင်းလာကာ ဧည့်ခန်းထဲကို တန်းတန်းမတ်မတ် လျှောက်ဝင်လာကာ
သူ့မျက်နှာက ဒေါသကြောင့် ရှုံ့မဲ့နေလေသည်။ သူက ပိုင်ရူယွီ ကို စူးစိုက်ကြည့်ပြီး မေးခွန်းထုတ်လိုက်လေသည်။
“ဒီကိစ္စက နင်နဲ့ သက်ဆိုင်နေလား ဟုတ်တယ်ဆိုရင် သူတို့ကို အခုချက်ချင်း လွှတ်ပေးလိုက်။ အတိတ်က ကိစ္စတွေကို ကျော်သွားလို့ ရပေမယ့်၊ နင် ရှောက်ယဲ့ ကို ထိခိုက်အောင် လုပ်ရဲရင် ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့”
သေချာ စဉ်းစားပြီးနောက် သူ့သမီးကြီးက ရှောက်ယဲ့ ကို ပြန်ပေးဆွဲမှုရဲ့ နောက်ကွယ်က ကြိုးကိုင်သူ ဖြစ်နိုင်ခြေ အများဆုံးပဲလို့ ကောက်ချက်ချလိုက်ခြင်း ဖြစ်သည်။
အထူးသဖြင့် သူ့သမီးကြီးက ယွင်ယွင် ကို ဘယ်လောက် အလိုလိုက်လဲ ဆိုတာ ထည့်စဉ်းစားရင်၊ သူမ သူ့ကို တမင် လက်တုံ့ပြန်တာ ဖြစ်နိုင်ခြေ အရမ်းများနေသည်။
သူ့ဒေါသတွေက ရုတ်တရက် ထွက်ပေါက်တစ်ခု ရှာတွေ့သွားပြီး တိုက်ဆိုင်တာ ဟုတ်မဟုတ် ဂရုမစိုက်တော့ဘဲ မေးခွန်းတွေ တရစပ် မေးမြန်းတော့လေသည်။
သားအဖ သံယောဇဉ် ဘယ်ရောက်သွားပြီလဲ။
သံသယရှိသူကို စစ်ဆေးမေးမြန်းနေသလိုမျိုး လုံးဝ ညှာတာမှု မရှိပါလား။
ဒီမြင်ကွင်းကို မြင်လိုက်ရတော့ ပိုင်ရူယွီ ရဲ့ တည်ငြိမ်တဲ့ စိတ်တောင်မှ မုန်တိုင်းထန်သွားခဲ့လေသည်။
ဒါ သူမအဖေ ဟုတ်သေးရဲ့လား။
သူစိမ်း တစ်ယောက်ဆိုရင်တောင် ဒီလောက် လွယ်လွယ်နဲ့ သံသယ မဝင်သင့်ဘူး မဟုတ်လား။
သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး နူးညံ့တဲ့ ခန္ဓာကိုယ်က တုန်ယင်နေကာ ရှက်ရွံ့မှု၊ ဒေါသတို့ဖြင့် ပြန်ပြောလိုက်လေသည်။
“လူတိုင်းကို ရှင်လိုပဲ ယုတ်မာတယ်လို့ မထင်နဲ့ ကျွန်မ အောက်တန်းမကျတဲ့ ကိစ္စတချို့ ရှိသေးတယ်”
“ကျွန်မ ပိုင်မိသားစု စည်းစိမ်ကို တိုက်ခိုက်နေတာ ပိုက်ဆံကြောင့် မဟုတ်ဘူး အမေ့ရဲ့ ကြိုးစားအားထုတ်မှုတွေ၊ ပေးဆပ်မှုတွေကို အကြောင်းမဲ့ သက်သက် တခြားသူဆီ ပေးလိုက်ရမှာ မလိုလားလို့”
“ဒီနေ့ ကျွန်မ ပြောလိုက်မယ်၊ ရှင် ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ပိုင်ရှောက်ယဲ့ ဒုက္ခမရောက်ရင်တောင် ကျွန်မ ပိုင်မိသားစု ပိုက်ဆံ တစ်ပြားမှ ယူမှာ မဟုတ်ဘူး။ အဲ့ဒီ အသုံးမဝင်တဲ့ ပိုက်ဆံတွေကို ကျွန်မ ဂရုမစိုက်ဘူး”
ပိုင်ရူယွီ က ညီမဖြစ်သူရဲ့ လက်မောင်းကို ဆွဲလိုက်ပြီး ဖခင်ဖြစ်သူကို စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။
သူမ မျက်လုံးများထဲတွင် နာကြည်းမှု၊ ဒေါသနှင့် မထီမဲ့မြင် ပြုမှုများ ပြည့်နှက်နေသော်လည်း တွန့်ဆုတ်မှု လုံးဝ မရှိပေ။ သူမ နှလုံးသား ကွဲကြေသွားခဲ့ပြီ။
သူမ ညီမလေးရဲ့ လက်ကို ဆွဲပြီး နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားလေသည်။
“ယွင်ယွင်၊ ငါတို့ အိမ်ကို ငါတို့ ပြန်ကြစို့။ ဒါ ငါတို့ အိမ် မဟုတ်တော့ဘူး”
ပိုင်ရှောက်ချွမ် ဧည့်ခန်းထဲမှာ ရပ်ကျန်ရစ်ခဲ့ပြီး သမီးနှစ်ယောက်ရဲ့ ကျောပြင်ကို ကြည့်ရင်း အပြစ်ရှိသလို ခံစားချက် တစ်ခု ဝင်ရောက်လာသော်လည်း သားဖြစ်သူ ပြန်ပေးဆွဲခံရတဲ့ ဒေါသက အလျင်အမြန်ပင် လွှမ်းမိုးသွားလေသည်။