အခန်း (၅၅) စုရှောင်းရှောင်း ကျဆုံးသွားပြီ
ကားနောက်ခန်းတွင် ထိုင်ရင်း ကျွင်းဇီမောင်းထွက်သွားသည်နှင့် ချင်းလန် က ကိုယ်ကို ဆန့်ထုတ်လိုက်ပြီး ဖြည်းညှင်းစွာ မေးလိုက်လေသည်။
“ငါ မင်းကို ကိုင်တွယ်ခိုင်းထားတဲ့ ကိစ္စ ဘယ်လို အခြေအနေ ရှိလဲ။”
ကျွင်းဇီ က လက်နှစ်ဖက်ဖြင့် စတီယာရင်ကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီး ကားကို တည်ငြိမ်စွာ မောင်းနှင်ရင်း အေးဆေးစွာ ပြန်ဖြေလိုက်လေသည်။
“လူတွေ ရှာတွေ့ပါပြီ၊ ဒီညပဲ လှုပ်ရှားမှာပါ”
“သခင်လေး မသိလို့ပါ၊ ပိုင်ရှောက်ယဲ့ က လုံးဝ လူယုတ်မာ စစ်စစ်ပဲ။ သူ့ရဲ့ ရာဇဝတ်မှုတွေက မရေမတွက်နိုင်အောင်ပဲ။ နက်နက်ရှိုင်းရှိုင်းစုံစမ်းလေလေ၊ သူ ဘယ်လို လူစားလဲ ဆိုတာ သိလာလေလေပဲ။ သူ မိသားစု အများအပြားကို ဖျက်ဆီးခဲ့ပြီးပြီ”
ကျွင်းဇီ က ဒီလို လူစားမျိုးကို ကိုင်တွယ်ရတာ လုံးဝ အပြစ်ရှိတယ်လို့ မခံစားရတဲ့အပြင် ကျေနပ်မှုကိုပါ ခံစားရလေသည်။
ပိုင်ရှောက်ယဲ့ နဲ့ ယှဉ်လိုက်ရင် သခင်လေး အရင်က လုပ်ခဲ့တဲ့ မကောင်းမှုတွေတောင် ခွင့်လွှတ်ပေးလို့ ရနိုင်သေးသည်။
“အဲ့လို ဆိုမှတော့ သူ့ကို အသုံးချတာ အကောင်းဆုံး ဖြစ်မှာပေါ့။”
ချင်းလန် က သဘောတူကြောင်းပြ လိုက်ပြီး လုံးဝ အံ့ဩခြင်း မရှိပေ။
ချင်းလန် ရဲ့ ခန္ဓာကိုယ်ပိုင်ရှင်ဟောင်းကလည်း လူရှုပ်လူပွေတစ်ယောက် ဖြစ်ခဲ့ပေမယ့် သူက မြို့တော်က ချင်းမိသားစု နယ်မြေထဲမှာ ရှိနေခဲ့တာလေ။
အချိန်တိုင်း သူ့ကို လူတွေက စောင့်ကြည့်နေကြပြီး သူက ကိစ္စတွေကို တိတ်တဆိတ် လုပ်ခဲ့ရသလို မိသားစု သိသွားမှာကိုလည်း စိုးရိမ်ခဲ့ရသည်။
ပိုင်ရှောက်ယဲ့ ကျတော့ ဥပဒေမဲ့ နေထိုင်ပြီး သူ အမှားလုပ်ရင်တောင် ပိုင်ရှောက်ချွမ် က ဖုံးဖိပေးလေ့ ရှိသည်။
ဒီလို အလိုလိုက်ထားမှတော့ ပိုင်ရှောက်ယဲ့ မှာ ကောင်းမွန်တဲ့ စရိုက် ရှိနေရင် အံ့ဩစရာ ဖြစ်နေလိမ့်မည်။
ပိုင်ရှောက်ချွမ် ရဲ့ အလိုလိုက်မှုနဲ့အတူ ပိုင်ရှောက်ယဲ့ က ပိုပြီး မာနကြီးလာကာ အာဏာရှင်ဆန်လာပြီး တခြားသူ အားလုံးကို အထင်သေးလာလေသည်။
“သခင်လေး၊ သခင်လေး ပြောတဲ့အတိုင်းပဲ၊ ရဲ့ဖန် က မစ္စ စု ဆီကို တကယ် လာတွေ့ခဲ့ပြီး သူတို့ အကြီးအကျယ် ရန်ဖြစ်ခဲ့ကြတယ်။ သူတို့ ဆက်ဆံရေးက အခု လုံးဝ ပြတ်စဲသွားပါပြီ။ ရှေးခေတ်မှာသာ ဆိုရင် သခင်လေးကထက်မြက်ပြီး ပါးနပ်တဲ့ စစ်ဗျူဟာမှူး တစ်ယောက် ဖြစ်နေမှာ သေချာတယ်”
ကျွင်းဇီ က လက်မထောင်ပြီး စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်လေသည်။
ချင်းလန် မျက်လုံး လှန်ကြည့်လိုက်လေသည်။
“ငါ မင်းကို စာများများ ဖတ်ပြီး ဗဟုသုတ များများ ရှာပါလို့ ပြောထားတယ် မဟုတ်လား။ ဘာလဲ၊ မနေ့ညက အပြင်ထွက်တုန်းက သင်ထားတာတွေ အကုန် မေ့သွားပြီလား”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ကျွင်းဇီ က သူ့ဗဟုသုတကို ထုတ်ကြွားဖို့ ကြိုးစားရင်း ရှက်ကိုးရှက်ကန်း ရယ်မောလိုက်လေသည်။
“ကျွန်တော် ထင်တာကတော့ အခုချက်ချင်း ပြန်မသွားသင့်သေးပဲ ဒီကိစ္စကို ဆက်ပြီး ဖြစ်ခွင့် ပေးလိုက်တာ ကောင်းမယ်။ အဲ့ဒီကျရင် ရဲ့ဖန် အနေနဲ့ အခြေအနေကို ပြောင်းပြန်လှန်ဖို့ အခွင့်အရေး လုံးဝ ရှိတော့မှာ မဟုတ်ဘူး”
“ငါ ဒီည လုပ်စရာ ရှိတယ် နေရောင်ခြည် မိဘမဲ့ဂေဟာ ကိုတန်းသွားမယ်။”
ချင်းလန် က ကားနောက်ခန်းမှာ မှီလိုက်ပြီး မျက်လုံးမှေးကာ စကားစဖြတ်လိုက်လေသည်။
ကျွင်းဇီ ရဲ့ စိတ်ကူးက ရိုးရှင်းလွန်းနေသေးသည်။
စုရှောင်းရှောင်း ကို ရဲ့ဖန် ရဲ့ ဆိုးရွားမှုကို ကိုယ်တိုင် ရှာဖွေတွေ့ရှိခွင့် ပေးမယ့်အစား ဒီအခွင့်အရေးကို အသုံးချပြီး မီးလောင်ရာ လေပင့်လိုက်ရင် မကောင်းဘူးလား။
ဟုတ်တယ်။
ဒီမီးက တခြားနေရာတွေကို လောင်ကျွမ်းစေမှာ ဖြစ်ပေမယ့် ရဲ့ဖန်ကိုလည်းလောင်သွားဦးမှာပဲလေ။ ဘာလို့ မလုပ်ရမှာလဲ။
နာရီဝက် ကြာပြီးနောက် စုရှောင်းရှောင်း ကို အိမ်မှ သွားကြိုခဲ့ကာ သူမ ကားပေါ် ရောက်တဲ့အခါ သခင်လေး အိပ်ပျော်နေတာကို တွေ့လိုက်ရသည်။
သူမက သူ့ကို မနှောင့်ယှက်ဘဲ ဘေးနားမှာ တိတ်တိတ်လေး ဝင်ထိုင်လိုက်ပြီး သူမက အတွေးများနေကာ စိတ်အခြေအနေ သိပ်မကောင်းလှပေ။
သွားရမဲ့နေရာကိုရောက်ပြီး ကားပေါ်က ဆင်းတဲ့အခါမှာတောင် စုရှောင်းရှောင်း က ခေါင်းငုံ့ထားပြီး မတရားခံရသလိုမျိုး စကားတစ်ခွန်းမှ မပြောဘဲ ချင်းလန် နောက်ကနေ လိုက်ပါလာခဲ့လေသည်။
ဒီအချိန်မှာ ချင်းလန် ရဲ့ ရှေ့မှာတော့ နေရောင်ခြည် မိဘမဲ့ဂေဟာ ဟောင်းကြီးက ဖျက်ဆီးခံထားရပြီး အပျက်အစီးတွေသာ ကျန်ရှိတော့လေသည်။
သူ လမ်းအတော်လျှောက်ပြီးမှ ဒန်းတစ်ခု ရှေ့မှာ ရပ်တန့်လိုက်ရာ ခေါင်းငုံ့ပြီး လျှောက်လာတဲ့ စုရှောင်းရှောင်း က သူ့ကို ဝင်တိုက်မိလေသည်။
“ဘာဖြစ်လို့လဲ စိတ်နဲ့ကိုယ် မကပ်သလို ဖြစ်နေပါလား”
ချင်းလန် လှည့်ကြည့်လိုက်ပြီး စုရှောင်းရှောင်း ရဲ့ ခေါင်းကို ပုတ်ကာ တိုးတိုးလေး မေးလိုက်လေသည်။
“တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်လိုက်လို့လား ပြောပြလေ ကိုယ် မင်းအစား သွားရိုက်ပေးမယ်”
စုရှောင်းရှောင်း မော့ကြည့်လိုက်ပြီး နှုတ်ခမ်းစူကာ ရှုပ်ထွေးစွာ ရေရွတ်လိုက်လေသည်။
“သခင်လေး ရဲ့ဖန် က ဘာလို့ ဒီလို ဖြစ်သွားရတာလဲဟင် သူက ကျွန်မနောက်ကို တစ်နေ့လုံး လိုက်နေရုံတင်မကဘဲ သခင်လေးကိုပါ အပုပ်ချနေတယ်။ မစ္စ ပိုင် ကလည်း သူက သူမရှေ့မှာ သခင်လေးကို အသရေဖျက်ဖို့ ကြိုးစားခဲ့တယ်လို့ ပြောတယ်။”
“ဒါ့အပြင် ဒီည ကျွန်မ ဘဏ်အကောင့်ထဲကို ရှင်းပြလို့မရတဲ့ ငွေအများကြီး ဝင်လာတယ်၊ အဲ့ဒါလည်း သူ လွှဲလိုက်တာလို့ ကျွန်မ ထင်တယ်။ သူ ဘာကို ဆိုလိုတာလဲ သူ ကျွန်မကို ပိုက်ဆံနဲ့ သိမ်းသွင်းဖို့ ကြိုးစားနေတာလား”
စုရှောင်းရှောင်း ရဲ့ စိတ်ထဲမှာ ရဲ့ဖန် က သူမရဲ့ မောင်လေးအရင်းလိုပါပဲ။ သူမက ရဲ့ဖန် ပြန်လာပြီး မောင်နှမတွေ ပြန်လည် ဆုံတွေ့ကြမယ်လို့ စိတ်ကူးယဉ်ခဲ့ဖူးသလို၊ သူ့အတွက် ချောမောလှပတဲ့ ရည်းစားတစ်ယောက် ရှာပေးဖို့တောင် တွေးခဲ့ဖူးသည်။
ဒါပေမဲ့ အခုတော့ အဲ့ဒီ စိတ်ကူးယဉ်မှုတွေ အားလုံး ပျက်စီးသွားခဲ့ပြီ။
ရဲ့ဖန် က သူမအပေါ် မရိုးသားတဲ့ ရည်ရွယ်ချက်တွေ ရှိနေရုံတင်မကဘဲ၊ သူမကို ရဖို့အတွက် သခင်လေးကို အပုပ်ချဖို့ အစွမ်းကုန် ကြိုးစားခဲ့သည်။
သူမကို ပိုက်ဆံအများကြီးတောင် ပေးခဲ့သေးတယ်။
ဘာသဘောလဲ။
ရဲ့ဖန် ရဲ့ မျက်လုံးထဲမှာ သူမက ချင်းလန် ချမ်းသာလို့သာ သူ့ဘေးနားမှာ ကပ်နေတဲ့ အချောင်သမား မိန်းကလေး တစ်ယောက်လို့ မြင်နေတာများလား။
ရဲ့ဖန် ရဲ့ လက်ရှိ အခြေအနေက သူမ မမျှော်လင့်ထားခဲ့တဲ့ အရာပင်။ ရွံရှာမှုကို ခံစားရတာထက် စုရှောင်းရှောင်း က နောင်တကို ပိုခံစားရလေသည်။
အဲ့ဒါက သူမ မောင်လေးအရင်းလို ဆက်ဆံခဲ့တဲ့ ရဲ့ဖန် လေ။ သူ ဘာလို့ ဒီလို ဖြစ်သွားရတာလဲ။
“အရမ်း တွေးမနေပါနဲ့။ အချိန်ကြာလာတာနဲ့အမျှ လူတွေက ပြောင်းလဲတတ်ကြတာပါပဲ။”
ချင်းလန် က လက်နှစ်ဖက် ဖွင့်လိုက်ပြီး သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ကာ သူမ ပခုံးပေါ် မေးတင်ပြီး နားနားကပ်၍ တိုးတိုးလေး ပြောလိုက်လေသည်။
ရဲ့ဖန် က စုရှောင်းရှောင်း ဆီ ငွေအမြောက်အမြား လွှဲလိုက်တဲ့ ကိစ္စကို သူတို့ တစ်ခွန်းမှ မပြောခဲ့ကြပေ။
စုရှောင်းရှောင်း ကကြောင်လေးတစ်ကောင်လို ချင်းလန် ရဲ့ ရင်ခွင်ထဲမှာ ငြိမ်သက်နေပြီး မလှုပ်ရဲပေ။ သူမ ပါးပြင်တွေ နီရဲနေပြီး နည်းနည်း စိတ်လှုပ်ရှားနေလေသည်။
ငြင်းဆန်မှု လုံးဝ မရှိသလို၊ ချင်းလန် ကို တွန်းထုတ်ဖို့လည်း ဘယ်တုန်းကမှ မတွေးခဲ့ပေ။ တကယ်တော့ သူမ စိတ်ဓာတ်ကျနေတဲ့ ဒီအချိန်မှာ နွေးထွေးတဲ့ ရင်ခွင်တစ်ခုထဲ ရုတ်တရက် ရောက်သွားရတာက စုရှောင်းရှောင်း ကို ယုံကြည်အားကိုးရတဲ့ပျော်ရွှင်မှုကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရစေသည်။
“ရဲ့ဖန် တစ်ယောက်တည်း ပြောင်းလဲသွားတာ မဟုတ်ဘူး၊ မင်းလည်း မသိလိုက်ဘဲ ပြောင်းလဲသွားတာပဲ။”
ချင်းလန် က အိတ်ကပ်ထဲကနေ အနည်းငယ် မည်းနက်နေတဲ့ သံဘူးလေး တစ်ခုကို ထုတ်လိုက်ပြီး နောက်ကို အနည်းငယ် ဆုတ်ကာ စုရှောင်းရှောင်း ရဲ့ လှပတဲ့ မျက်လုံးတွေကို စိုက်ကြည့်ရင်း ပြုံးကာ မေးလိုက်လေသည်။
“မင်း ဒီဘူးလေးကို မှတ်မိလား”
ဒါက ကျောင်းအုပ်ကြီးဆီက သူ ရထားတဲ့ ပစ္စည်း ဖြစ်ပြီး အလွန် အသုံးဝင်လှသည်။ စုရှောင်းရှောင်း အတွက်တော့ ဒါက အားပြင်းတဲ့ လက်နက်တစ်ခုလိုပင်။
“သခင်လေး၊ ဒီဘူးကို ဘယ်လို ရလာတာလဲ။”
စုရှောင်းရှောင်း သူမ ရှေ့က မြင်ကွင်းကို အံ့ဩတကြီး စိုက်ကြည့်နေမိလေသည်။
ဒီသံဘူးလေးက သူမ ငယ်ငယ်တုန်းက ပစ္စည်းလေး ဖြစ်သည်။ အဲ့တုန်းက သူမ ငယ်သေးပြီး လက်တွေ့မကျတဲ့ အိပ်မက်တချို့ကို အမြဲ စိတ်ကူးယဉ်တတ်ခဲ့သည်။
သူမက ဒီလှပတဲ့ အိပ်မက်တွေကို စာရွက်ပေါ်မှာ ရေးပြီး တီဗီထဲက မင်းသမီးတွေလို ဝှက်ထားရတာကိုလည်း ကြိုက်သည်။ ဒါပေမဲ့ သူမက ဆုတောင်းပုလင်း မဝယ်နိုင်တာကြောင့် သူမရဲ့ ဆန္ဒတွေကို ဒီသံဘူးလေးထဲမှာပဲ ဝှက်ထားနိုင်ခဲ့သည်။
သူမ အဲ့ဒီ သံဘူးလေးထဲမှာ အိပ်မက်တွေ အများကြီး ရေးထည့်ခဲ့ပေမယ့် နောက်ပိုင်း ပျောက်သွားပြီး ဘယ်ရောက်သွားမှန်း မသိတော့ပေ။
သူမ ကိုယ်တိုင်တောင် ဒီသံဘူးလေး ရှိနေတာကို မေ့လုနီးပါး ဖြစ်နေပြီ၊ ဒါက ချင်းလန် လက်ထဲ ရောက်နေလိမ့်မယ်လို့ သူမ တကယ် မမျှော်လင့်ထားခဲ့မိပေ။
အချိန်တွေ အများကြီး ကုန်ဆုံးသွားပြီမို့ ချင်းလန် သာ အခု သံဘူးလေးကို ထုတ်မပြရင် စုရှောင်းရှောင်း လုံးဝ မေ့သွားလောက်ပြီ ဖြစ်သည်။
ချင်းလန် ပြန်မဖြေပေ။ သူက သံဘူးလေးထဲက စာရွက်ကို ဆွဲထုတ်လိုက်လေသည်။ သေသေချာချာ ပိတ်ထားတာကြောင့် အဲ့ဒီပေါ်က စာလုံးတွေက ရှင်းလင်းနေဆဲပင်။
စုရှောင်းရှောင်း ဒီ ဆန္ဒစာရင်းကို ရေးတုန်းက ငယ်လွန်းနေလို့လား မသိ၊ သူမရဲ့ လက်ရေးက ကောက်ကွေးနေပြီး ရယ်စရာလည်း ကောင်းသလို ချစ်စရာလည်း ကောင်းနေလေသည်။
“ကျောင်းအုပ်အဖွားက ဒီနေ့ ပိုက်ဆံ မလောက်ပြန်ဘူး၊ စိတ်ပူနေရတယ်လို့ ပြောတယ်။ သမီး ကြီးလာရင် ပိုက်ဆံ အများကြီး အများကြီး ရှာပြီး ပိုက်ဆံလိုနေတဲ့ ကျောင်းအုပ်အဖွားကို ပေးချင်တယ်၊ ဒါမှ အဖွား ပိုက်ဆံအတွက် စိတ်မပူရတော့မှာ။”
“ဒီနေ့ ဂေဟာက ကလေးတစ်ယောက် တစ်ဒေါ်လာ ကောက်ရပြီး ရေခဲမုန့် နှစ်ချောင်း ဝယ်စားတယ်။ သူတို့ စားရတာ အရမ်း ပျော်နေပုံပဲ။ သမီးလည်း ရေခဲမုန့် စားချင်တယ်။ အနာဂတ်ကျရင် ပိုက်ဆံ အများကြီး ရှာပြီး ကျောင်းအုပ်ကြီး အဖွားကို ပေးရုံတင်မကဘူး၊ ကိုယ့်အတွက်လည်း ရေခဲမုန့် ဝယ်စားမယ်။”
“ကျောင်းအုပ်အဖွားက ပြောတယ်၊ မိန်းကလေးတွေက ကြီးလာရင် အိမ်ထောင်ပြုရမယ်တဲ့၊ အိမ်ထောင်မပြုခင် ရည်းစား ရှာရဦးမယ်တဲ့။ သူက သမီးတို့ မိန်းကလေးတွေကို ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့နဲ့ အရမ်း အရမ်း ကောင်းတဲ့ ရည်းစားတစ်ယောက် ရှာဖို့ ပြောတယ်။”
“ဒီနေ့ တီဗီထဲမှာ ကောင်မလေး တစ်ယောက် သူ့ရည်းစားနဲ့ ကစားကွင်း သွားတာ တွေ့လိုက်တယ်။ သူတို့ အရမ်း ပျော်နေပုံပဲ။”
“သမီးလည်း ကစားကွင်း သွားချင်တယ်၊ ကျောင်းအုပ်ကြီး ပြောတဲ့ အရမ်း ကောင်းတဲ့ ရည်းစားတစ်ယောက် ရှာပြီး ကစားကွင်း အတူတူ သွားချင်တယ်။”
“ချင်တယ်...”
“…”
ချင်းလန် က သူမ ငယ်ငယ်တုန်းက ရေးခဲ့တဲ့ ဆန္ဒတွေကို တစ်လုံးချင်းစီ အသံထွက် ဖတ်ပြနေတာကြောင့် စုရှောင်းရှောင်း ရဲ့ ပါးပြင်တွေက လည်ပင်းအထိ နီရဲလာလေသည်။
ဘယ်လောက်တောင် နီရဲနေလဲဆိုရင် သူမခေါင်းကို အပေါက်ဖောက်လိုက်ရင် ရေနွေးငွေ့တွေ ထွက်လာမလား ထင်ရလောက်အောင်ပင်။
သူမ ရှက်ရွံ့စွာ ရှေ့တိုးသွားပြီး ချင်းလန် လက်ထဲက စာရွက်လေးကို လုယူဖို့ ကြိုးစားကာ အလျင်အမြန် ပြောလိုက်လေသည်။
“သခင်လေး၊ မဖတ်ပါနဲ့။ ဒါတွေက ငယ်ငယ်တုန်းက ဘာမှနားမလည်ဘဲ ရေးထားတာတွေပါ။ အထဲမှာ ဘာပါလဲဆိုတာတောင် ကျွန်မ မသိတော့ဘူး။ အဲ့ဒါတွေက အတည်မဟုတ်ပါဘူး ကျေးဇူးပြုပြီး အသံထွက် မဖတ်ပါနဲ့တော့နော်”
သူမ ငယ်ဘဝ ဆန္ဒတွေကို သေချာ မမှတ်မိတော့ပေမယ့် ယေဘုယျတော့ မှတ်မိနေသေးသည်။
ဘာပဲဖြစ်ဖြစ် ကျောင်းအုပ်ကြီးက သူမ ငယ်ငယ်တုန်းက သူမကို ချစ်မယ့် ကောင်လေးတစ်ယောက် ရှာတွေ့ပါစေလို့ မရေမတွက်နိုင်အောင် ပြောခဲ့ဖူးတာကိုး။
သူမ ငယ်ငယ်တုန်းက ကောက်ကွေးနေအောင် ရေးခဲ့တဲ့ ဒီဆန္ဒတွေကို သခင်လေး မြင်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ဒီအချိန်မှာ သူမ မြေကြီးထဲ ခေါင်းဝှက်ထားချင်လောက်အောင် ဖြစ်နေပြီး မျက်နှာပြဖို့တောင် အရမ်း ရှက်နေမိလေသည်။
သူမ စာရွက်လေးတွေကို အသည်းအသန် လုယူဖို့ ကြိုးစားပေမယ့် ဘယ်လောက်ပဲ ကြိုးစားကြိုးစား မအောင်မြင်ခဲ့ပေ။
ချင်းလန် က စာရွက်လေးတွေကို သံဘူးထဲ ပြန်ထည့်လိုက်ပြီး သူ့ခေါင်းပေါ် မြှောက်ထားကာ စုရှောင်းရှောင်း ရဲ့ တောက်ပတဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်လေသည်။
သူ တဖြည်းဖြည်း တည်ကြည်လေးနက်လာပြီး
“မင်းမျက်လုံးထဲမှာတော့ ဒီဆန္ဒတွေက ငယ်ငယ်တုန်းက လျှောက်ရေးထားတဲ့ အရာတွေမို့လို့ အရေးမပါတော့ဘူးလို့ ထင်ကောင်းထင်လိမ့်မယ်။ ဒါပေမဲ့ ကိုယ့်မျက်လုံးထဲမှာတော့ ဒါတွေအားလုံးက မင်း တစ်ချိန်တုန်းက အလိုချင်ဆုံး အရာတွေပဲ။”
“ငယ်ဘဝ ဆန္ဒတွေတောင် ကိုယ့်နှလုံးသားထဲမှာ အဓိပ္ပာယ် တစ်မျိုး ရှိတယ်။”
“ငယ်ဘဝ အိပ်မက်တွေကိုတောင် မင်းအတွက် ဖြည့်ဆည်းပေးဖို့ ကိုယ် ရှိနေပေးချင်တယ်။”
သူက စုရှောင်းရှောင်း ရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီး လေးလေးနက်နက် မေးလိုက်လေသည်။
“စုရှောင်းရှောင်း၊ ကိုယ် အခု အရမ်း လောဘကြီးနေပြီ။ ကိုယ့်မှာ တောင်းဆိုစရာတွေ အများကြီး ရှိတယ်။ မင်းနဲ့အတူ ရေခဲမုန့် စားချင်တယ်၊ မင်းနဲ့အတူ ကစားကွင်း သွားချင်တယ်၊ မင်းနဲ့အတူ နေထွက်တာကို ကြည့်ချင်တယ်၊ ပြီးတော့...”
“ကိုယ် အရမ်း လောဘကြီးလွန်းလို့ မင်းရဲ့ ဆန္ဒတွေ အားလုံး ဖြည့်ဆည်းပေးဖို့ မင်းအနားမှာ ရှိနေပေးချင်တယ်။”
“မင်း သဘောတူမလား”