အခန်း (၅၁) မူယွီယန်၏ ဖိတ်ကြားမှု
ချင်းလန် သည် ကျွင်းဇီ ကို လူယုံတစ်ဦးအဖြစ် ဆက်ဆံပြီးလက်ရုံးတစ်ဆူ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးခဲ့လေသည်။
သူက တချို့ကိစ္စတွေကို တိုက်ရိုက် ထုတ်မပြောသော်လည်း သူ့ရဲ့ အတွင်းစိတ်အကြံအစည်တွေကို ထုတ်ဖော်ပြသလေ့ ရှိတာကြောင့် အချိန်ကြာလာသည်နှင့်အမျှ ကျွင်းဇီ သည် သဘာဝကျကျသူ့သခင်ရဲ့ အတွေးတွေကို နားလည်တတ်လာခဲ့သည်။
ဒီနည်းအားဖြင့် ကျွင်းဇီ သည် အသေးအဖွဲ ကိစ္စရပ်များကို သခင်ဖြစ်သူက ပါးစပ်ထုတ်ပြောစရာ မလိုဘဲ နားလည်ကာ စီစဉ်နိုင်လာသဖြင့် ဒုက္ခအများကြီး သက်သာစေခဲ့သည်။
တီ~ တီ~
ထိုအချိန်မှာပင် ရုတ်တရက် ဖုန်းမြည်သံကြောင့် သူတို့နှစ်ဦး၏ စကားဝိုင်း ပြတ်တောက်သွားခဲ့လေသည်။
ကျွင်းဇီ သည် ဖုန်းမျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်ရာ မူယွီယန် ခေါ်ဆိုနေသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်းပင် ဦးညွှတ်ကာ ပြောလိုက်လေသည်။
“သခင်လေး၊ ကျွန်တော် အပြင်ထွက်ပြီး အလုပ်သွားလုပ်တော့မယ်။ သခင်လေး အလုပ်ဆက်လုပ်ပါဦး။”
ချင်းလန် က လက်ကာပြလိုက်ပြီး ကျွင်းဇီ လှည့်ထွက်မသွားခင်မှာပင် သူ့ကို ရုတ်တရက် ပြန်ခေါ်လိုက်ပြီး ဆေးလုံးတစ်လုံး ပစ်ပေးလိုက်လေသည်။
ကျွင်းဇီ ငုံ့ကြည့်လိုက်ပြီး စိတ်ဝင်တစား မေးလိုက်လေသည်။
“သခင်လေး၊ ဒါ ဘာလဲ။”
“ဒါကခွန်အား တိုးမြှင့်ပေးတဲ့ ဆေးပဲ၊ ဘေးထွက်ဆိုးကျိုး မရှိဘူး၊ သောက်ပြီးရင် မင်း ပိုသန်မာလာလိမ့်မယ်။”
ချင်းလန် က စိတ်ခံစားမှုအစွမ်းကိုစတင် အသုံးပြုလိုက်လေသည်။
“မင်း ငါ့ဘေးမှာ နေလာတာ နှစ်အတော်ကြာပြီ။ ငါ့မျက်လုံးထဲမှာတော့ မင်းက ငါ့ကို အမြဲတမ်း ကာကွယ်ပေးခဲ့တဲ့ အစ်ကိုကြီး တစ်ယောက်လိုပါပဲ။”
“တစ်ခါတလေကျရင် ငါ အရမ်း အတင်းအကျပ် မတောင်းဆိုနိုင်ပေမယ့်၊ မိန်းမကိစ္စနဲ့ ပတ်သက်လာရင် မင်း အသင့်အတင့်နေဖို့ လိုသေးတယ်။ ဒီဆေးကို သောက်လိုက် မကြာသေးခင်က အားနည်းသွားတဲ့ မင်းရဲ့ခွန်အားကို ပြန်ကောင်းလာအောင် ကူညီပေးလိမ့်မယ်။”
ကျွင်းဇီ ၏ မျက်လုံးအောက်တွင် သိသာထင်ရှားသော အမည်းကွင်းကြီးများ ရှိနေပြီး အလွန် ပင်ပန်းနွမ်းနယ်နေပုံ ပေါက်နေကာ အလုပ် အလွန်အကျွံ လုပ်ထားကြောင်း ထင်ရှားနေလေသည်။
ချင်းလန် က ကျွင်းဇီ ဒီရက်ပိုင်း အလုပ်များနေလို့ ဆိုတာ သိပေမယ့် အပြစ်ကို မိန်းမအပေါ် ပုံချလိုက်ခြင်း ဖြစ်သည်။
သူက ကျွင်းဇီ ကို အပြစ်တင်နေတာလား။
မဟုတ်ဘူး၊ လုံးဝ မဟုတ်ဘူး။
ဒီစကားက ကျွင်းဇီ ကို စိတ်ဆိုးစေမှာ မဟုတ်တဲ့အပြင် သတင်းစကား တစ်စုံတစ်ရာကိုလည်း ပေးပို့နေခြင်း ဖြစ်သည်။
မင်းရဲ့ သခင်လေး အနေနဲ့ ငါက မင်း အပျော်အပါး လိုက်စားပြီး ကျန်းမာရေး ထိခိုက်နေတာကို မြင်ပေမယ့် မင်းကို အပြစ်မတင်ဘဲ မင်း ပြန်ကျန်းမာလာအောင် ဆေးပေးပြီး ဂရုစိုက်ပေးတယ်လေ။ ပြောစမ်းပါ၊ မင်း ဂရုစိုက်ခံရတယ်ဆိုပြီး တိတ်တဆိတ် ရင်ခုန်သွားတယ် မဟုတ်လား။
“သခင်လေး...”
ကျွင်းဇီ က သူ့မျက်ကွင်းညိုတာ မန်နေဂျာ ကျန်း နဲ့ ပတ်သက်လို့ မဟုတ်ဘဲ သခင်လေး လိုအပ်တဲ့ သတင်းအချက်အလက်တွေကို စုစည်းဖို့ ညဘက်တွေမှာ အိပ်ရေးပျက်ခံပြီး လုပ်ခဲ့လို့ပါ ဆိုပြီး ရှင်းပြချင်နေသည်။
ဒါပေမဲ့ စကားလုံးတွေက လည်ချောင်းဝမှာ တစ်ဆို့နေခဲ့သည်။ ချင်းလန် ရဲ့ စကားကို ကြားလိုက်ရတော့ သူ့ရင်ထဲမှာ နွေးထွေးမှု လှိုင်းတံပိုးတစ်ခု ဖြစ်ပေါ်လာပြီး လေးလေးနက်နက် ပြန်ဖြေလိုက်လေသည်။
“ဟုတ်ကဲ့ သခင်လေး။ ကျွန်တော် အပြင်ထွက်လိုက်ပါဦးမယ်။”
ဟုဆိုကာ တံခါးကို ဖြည်းညှင်းစွာ ပိတ်လိုက်လေသည်။
ချင်းလန် သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။
ကျွင်းဇီ ရဲ့ သစ္စာစောင့်သိမှုက မေးခွန်းထုတ်စရာ မလိုပေမယ့် ချင်းလန် လိုချင်တာက အဲ့ဒီထက် ပိုသည်။ သူက ကျွင်းဇီ ရဲ့ စစ်မှန်တဲ့ နှလုံးသားကို လိုချင်တာ။
အန္တရာယ်နဲ့ ကြုံတွေ့ရတဲ့အခါ ကျွင်းဇီ က သူ့ရဲ့ တာဝန်သိစိတ်နဲ့ဝတ္တရားကြောင့် သူ့ရဲ့ အင်အား ၁၀၀% ကိုပဲ ထုတ်သုံးနိုင်မှာ ဖြစ်ပေမယ့် သူသာ သူ့သခင်ကို တကယ်ကာကွယ်ချင်စိတ် ရှိမယ်ဆိုရင် သူ့ရဲ့ အင်အား ၁၂၀% ကို ထုတ်သုံးနိုင်လိမ့်မည်။
ပြီးတော့ ဒါက ဗီလိန်အမှတ် ၁၅၀၀ တန် ခွန်အားမြှင့်ဆေး အသေးလေး တစ်လုံးပဲလေ ဈေးမကြီးပါဘူး အဆိုးဆုံး အခြေအနေမှာ ချူကျူအာ ကို အိမ်ဖော်ဝတ်စုံ နှစ်ခါလောက် ပိုဝတ်ခိုင်းလိုက်ရင် ရပြီပဲ။
ဒါ့အပြင် ကျွင်းဇီ အပေါ် ပိုက်ဆံ ပိုသုံးလေလေ သူ ပိုသန်မာလာလေလေ ဖြစ်ပြီး၊ နောက်ဆုံးကျတော့ အကျိုးအမြတ် အများဆုံး ရမယ့်သူက သူပဲ မဟုတ်ဘူးလား။
ဒါက အစပဲ ရှိသေးတယ်။ ကျွင်းဇီ ရဲ့ ခွန်အားကို တိုးမြှင့်ဖို့ လိုသေးလေသည်။ သူ့ဘေးနားက လူတစ်ယောက်က ဒီလောက် သေးငယ်တဲ့ စွမ်းရည်လေးနဲ့ ဘယ်လိုလုပ် ကန့်သတ်ထားလို့ ဖြစ်မှာလဲ။
တီ~ တီ~
မကြာခင်မှာပဲ ဖုန်းက ဒုတိယအကြိမ် ထပ်မြည်လာလေသည်။
ချင်းလန် က တမင်တကာ အချိန်ဆွဲနေလိုက်ပြီး အချိန်တန်ပြီလို့ ခံစားရမှ သူက ဖုန်းကို ပေါ့ပေါ့ပါးပါး ကိုင်လိုက်ပြီး သမ်းဝေကာ စိတ်မရှည်စွာ ညည်းညူလိုက်လေသည်။
“ဘယ်သူလဲ... အိပ်ရမယ့် အချိန်မှာ မအိပ်ဘဲ ဘာလို့ နှောင့်ယှက်ပြီး ဖုန်းတွေ ဆက်နေရတာလဲ။”
“ကျွန်မပါ မူယွီယန်။ ရှင့်ကို နှောင့်ယှက်မိသွားလား။”
မူယွီယန် ၏ အသံသည် အလွန် တိုးညှင်းနေလေသည်။ သူမ ဒီအချိန်ကြီး ဖုန်းဆက်တာ နည်းနည်း လွန်သွားပြီလို့ ခံစားရပုံရပြီး အားငယ်စွာ ရေရွတ်လိုက်သည်။
“မနက်ဖြန်မှ ကျွန်မ ရှင့်ကို ပြန်ဆက်သွယ်လိုက်ရမလား။”
“မင်းကိုး။ ဘာကိစ္စလဲ။”
ချင်းလန် ၏ အသံက ပိုမို ကြည်လင်လာသည်။
“စေ့စပ်ထားတဲ့ ကိစ္စအတွက် လာတိုက်တွန်းတာ မဟုတ်လား။ စိတ်မပူပါနဲ့ ငါ ချင်းမိသားစု ကို အကြောင်းကြားပြီးပြီ၊ မကြာခင် မင်း သတင်းကြားရလိမ့်မယ် ဒီနေ့ကစပြီး ငါနဲ့ မင်း ဘာမှ မပတ်သက်တော့ဘူး။ မင်း ကြိုက်တဲ့သူနဲ့ နေနိုင်တယ်၊ ကြိုက်တဲ့သူနဲ့ တွဲနိုင်တယ်။ ငါ လုံးဝမနှောင့်ယှက်ဘူးလို့ ကတိပေးတယ် ပြီးတော့ အရင်တုန်းကလို မင်းကို အခက်တွေ့အောင် ဘာမှ လုပ်မှာ မဟုတ်တော့ဘူး။”
မူယွီယန် ၏ အသံသည် မတရားခံရသကဲ့သို့ အားနည်းနေသော်လည်း ဒါကို ကြားလိုက်ရသောအခါ သူမ အလျင်အမြန် ရှင်းပြလိုက်လေသည်။
“ကျွန်မနဲ့ အဲ့ဒီ ရဲ့ဖန် တို့ရဲ့ ဆက်ဆံရေးက ရှင်ထင်သလို မဟုတ်ပါဘူး။ ကျွန်မ သူ့ကို လုံးဝ မသိပါဘူး။ ကျွန်မတို့က စားသောက်ပွဲမှာ မတော်တဆ ဆုံမိရုံပါ”
“ဒီအကြောင်း ဆက်မပြောကြရအောင်။ စာချုပ်က ပျက်သွားပြီ။ မင်း ဘယ်သူနဲ့ ပတ်သက်တယ် ဆိုတာ ငါ့ကိစ္စ မဟုတ်တော့ဘူး။”
ဟု ချင်းလန် ကပြောလိုက်လေသည်။
“လိုရင်းကို ပြော၊ မဟုတ်ရင် ငါ ဖုန်းချလိုက်တော့မယ်။”
မူယွီယန် စိတ်ဓာတ်ကျပြီး စိတ်တိုလာကာ ရှင်းပြလို့မရနိုင်အောင် မတရားခံရသလို ခံစားလိုက်ရသည်။
သူမ ငိုချင်ပြီး သူမရဲ့ ခံစားချက်တွေကို ဖွင့်ထုတ်ကာ သူမရဲ့ နစ်နာမှုတွေကို ချင်းလန် ကို ပြောပြချင်နေမိသည်။
ဒါပေမဲ့ ချင်းလန် က သူမကို ဂရုစိုက်မှာ မဟုတ်သလို အခွင့်အရေး ပေးမှာ မဟုတ်ဘူး ဆိုတာကို သူမ နှလုံးသားထဲမှာ သိနေသည်။ ချင်းလန် ဖုန်းချသွားမှာ ကြောက်တာကြောင့် မူယွီယန် သည် သူမရဲ့ နာကြည်းချက်တွေကို ဖိနှိပ်ထားလိုက်ရသည်။
သူမအမေ ပြောတာ လုံးဝ မှန်တယ်လို့ သူမ ခံစားလိုက်ရသည်။
ဒါတွေအားလုံး သူမရဲ့ အမှားတွေချည်းပဲ
သူမသာ ဝင်မရှုပ်ခဲ့ရင် ကိစ္စတွေက ဒီလို ဘယ်ဖြစ်လာမှာလဲ။
ချင်းလန် ရဲ့ အသံထဲက နက်ရှိုင်းတဲ့ စိတ်မရှည်မှုကို သူမ ကြားနေရတယ်လေ။
“အလှပ ဆေးပြား ပူးပေါင်းဆောင်ရွက်မှု အကြောင်းပါ။ ရေရောတဲ့ အချိုးအစားကို အတည်ပြုပြီးပြီ၊ အဲ့ဒီအကြောင်း ရှင်နဲ့ ထပ်ပြီး ဆွေးနွေးချင်လို့ပါ။ မနက်ဖြန် တစ်ချိန်ချိန် တွေ့ကြမလား။”
ဒါက မူယွီယန် တစ်စုံတစ်ယောက်ကို ပထမဆုံးအကြိမ် စတင် ဖိတ်ခေါ်ဖူးခြင်း ဖြစ်ပြီး၊ ငြင်းပယ်ခံရမှာကို သူမ စိုးရိမ်နေမိသည်။
ချင်းလန် ခဏလောက် စဉ်းစားပြီး ခေါင်းညိတ်လိုက်လေသည်။
“ငါတို့ အခုဆို ရှင်းလင်းသင့်သလောက် ရှင်းလင်းပြီးပြီဆိုတော့ စာချုပ် လက်မှတ်ထိုးတာတို့ ဘာတို့ လုပ်လို့ရပြီ။ မင်း နေရာ ရွေးလိုက်။”
“မနက်ဖြန် ကျွန်မ အားတယ်၊ ရှင့်အိမ်ကို လာခဲ့ရမလား။”
မူယွီယန် ငြင်းပယ်မခံရသည့်အတွက် ဝမ်းသာသွားလေသည်။
သူမ ချင်းလန် ရဲ့ အိမ်ကို သွားနိုင်ရင် မျက်နှာချင်းဆိုင် စကားပြောလို့ ရပြီ။ ရဲ့ဖန် နဲ့ ပတ်သက်တဲ့ ကိစ္စ အပါအဝင်ပေါ့။ သူမ ရဲ့ဖန် ကို လုံးဝ မသိကြောင်း၊ သူနဲ့ ဘာပတ်သက်မှုမှ မရှိကြောင်း၊ ဒါကြောင့် အဲ့ဒီလို လူစားမျိုးနဲ့ ဘယ်လိုလုပ် ဆက်ဆံရေး ရှိနိုင်မှာလဲ ဆိုတာကို သူမ ရှင်းပြရမည်။
“ဒါက နည်းနည်း အဆင်မပြေဘူး မဟုတ်လား”
ချင်းလန် ၏ အသံတွင် တုံ့ဆိုင်းမှု ပါဝင်နေလေသည်။
“ငါတို့က အရင်ကလို ဆက်ဆံရေးမျိုး မဟုတ်တော့ဘူးလေ။ ယောကျ်ားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ဒီလို နှစ်ယောက်တည်း ရှိနေတာက နည်းနည်း မသင့်တော်ဘူး မဟုတ်လား”
ချင်းလန် က မျက်နှာပေါ်မှာ ကစားလိုသော အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။
အခုချိန်မှာ မူယွီယန် ဘာတွေ တွေးနေလဲဆိုတာ သူ ခန့်မှန်းမိပြီးသား။ သူမရဲ့ နှလုံးသားထဲမှာ တစ်ခုခု ရုန်းကန်နေတာ မရှိရင် သူ့ရှေ့မှာ ပထမဆုံးအကြိမ် အနေနဲ့ ဘယ်လိုလုပ် ဒီလောက် နူးညံ့နေနိုင်မှာလဲ။
ဟီးဟီး၊ အလျင်လိုစရာ မရှိပါဘူး၊ ဒါက အစပဲ ရှိသေးတာ။
မူယွီယန် က အရင်တုန်းက အရမ်း မာနကြီးခဲ့တယ်၊ အခုတော့ သူမလည်း အလားတူ နစ်နာမှုကို ခံစားရတော့မှာပေါ့။
ဘယ်သူ့ အပြစ်လဲ မူယွီယန် ကိုယ်တိုင်ရဲ့ အပြစ်ပဲ မဟုတ်ဘူးလား။
“ကျွန်မတို့ ဘာပူစရာ ရှိလို့လဲ ဒါ့အပြင် ကျွန်မတို့က စီးပွားရေး ဆွေးနွေးကြမှာလေ၊ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး။”
မူယွီယန် က ချင်းလန် ကို ပြန်လည် ရယူနိုင်ရန် ကြိုးစားရင်း အခိုင်အမာ ပြောဆိုလိုက်လေသည်။
ဒီတစ်ခါ ချင်းလန် ကို မတွေ့ရရင် နောက်ထပ် ဘယ်တော့ တွေ့ရဦးမလဲ သူမ မသိတော့ပေ။ သူမ အခု ခံစားနေရတာကို ကြာကြာ သည်းမခံနိုင်တော့ပေ။ ချင်းလန် ကို လူချင်းတွေ့ပြီး ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ပြောပြရမည်။
“အို၊ ဒါဆိုလည်း ပြီးတာပဲ။”
ချင်းလန် က သဘောတူကြောင်း ညည်းညူလိုက်ပြီး မူယွီယန် ကို ပြန်ပြောခွင့် မပေးဘဲ ဖုန်းချလိုက်လေသည်။
နောက်တစ်နေ့ နေ့လည်ခင်း
မူယွီယန် သည် ချိန်းဆိုမှုအတွက် သေသေချာချာ ပြင်ဆင် ဝတ်စားထားပြီး ကားပေါ်မှ မဆင်းမီ နှုတ်ခမ်းနီ ကောင်းကောင်း ဆိုးထားရဲ့လား၊ မျက်ခုံးမွှေး ပေါ်နေရဲ့လား ဆိုတာကို နောက်ကြည့်မှန်နှင့် သေချာ စစ်ဆေးနေလေသည်။
သူမ၏ စိတ်လှုပ်ရှားမှုနှင့် အလေးအနက် ထားမှုတို့သည် ထင်ရှားနေသည်။
အမျိုးသမီး ကိုယ်ရံတော်က သက်ပြင်းချလိုက်လေသည်။
“သခင်မလေး၊ ကျွန်မတို့က စီးပွားရေး ဆွေးနွေးဖို့ လာတာပါ၊ ဒီလောက်ထိ စိုးရိမ်နေဖို့ လိုလို့လား။”
“အဲ့ဒါအပြင် သခင်မလေးရဲ့ ရုပ်ရည်နဲ့ဆိုရင် မိတ်ကပ်မပါရင်တောင် အဲ့ဒီ ချင်းလန် ကို လုံးဝ ဖမ်းစားနိုင်မှာ သေချာတယ်။ အခုလို ပြင်ဆင်ထားတော့ သူ လုံးဝ မူးမေ့သွားမှာ မဟုတ်ဘူးလား။”
“နင် စကား အရမ်းများတယ်”
မူယွီယန် က မျက်လုံးလှန်ပြီးဆူလိုက်ပေမယ့် တိတ်တဆိတ် ကျေနပ်နေမိလေသည်။
သူမ ပုံမှန်ဆို ချင်းလန် ကို လုံးဝ ဂရုမစိုက်ဘဲ မိတ်ကပ် မလိမ်းတာများသလို ချင်းလန် ရဲ့ ခံစားချက်ကိုလည်း ဘယ်တုန်းကမှ ထည့်မစဉ်းစားခဲ့ပေ။
ဒါပေမဲ့ အခု ပြန်စဉ်းစားကြည့်တော့ သူမ မိတ်ကပ်မပါဘဲ သိပ်ကြည့်မကောင်းလို့ ချင်းလန် စိတ်ပြောင်းသွားတာ ဖြစ်နိုင်သလား။
အခုတော့ သူမ ချင်းလန် ရှေ့မှာ သူမရဲ့ ပုံရိပ်ကို ဂရုစိုက်ဖို့ လိုအပ်နေပြီ။
မူယွီယန် ရဲ့ ရုပ်ရည်က တကယ် ရင်သပ်ရှုမောဖွယ် ကောင်းတယ်ဆိုတာ သိဖို့ လိုတယ်။
“နင် အရင် ပြန်နှင့်တော့၊ လိုအပ်ရင် ငါ ဖုန်းပြန်ဆက်လိုက်မယ်။”
ကားပေါ်က ဆင်းပြီးနောက် မူယွီယန်က အာနင် ကို မှာလိုက်ကာ ဇိမ်ခံ ဗီလာကြီးဆီ လျှောက်သွားလိုက်လေသည်။
ရှေ့ဝင်းထဲတွင် နွေဦး၏ သက်ဝင်လှုပ်ရှားမှုကို ထုတ်ဖော်ပြသနေသော ရောင်စုံ ပန်းမျိုးစုံ စိုက်ပျိုးထားပြီး ဘေးဘက်တွင် နေရောင်အောက်၌ နက်ပြာရောင်အဖြစ် ပေါ်လွင်နေသောရေကူးကန် တစ်ခုလည်း ရှိလေသည်။
ဗီလာတစ်ခုလုံး၏ ရှေ့ဝင်းသည် အလွန် ကျယ်ဝန်းလှသည်။
ငှက်သံများနှင့် ပန်းရနံ့များကြားတွင် ဒေါက်မြင့်ဖိနပ် စီးထားသော မူယွီယန် သည် တန်းတန်းမတ်မတ် လျှောက်ဝင်သွားပြီး ပွင့်နေသော အပြာရင့်ရောင် သစ်သားတံခါးနှင့် အထဲတွင် တစ်စုံတစ်ယောက် စောင့်နေသည်ကို တွေ့လိုက်ရလေသည်။
ဘာကြောင့်မှန်း မသိပေမယ့် ချင်းလန် ရဲ့ အိမ်ထဲ ဝင်လိုက်တာနဲ့ မူယွီယန် ရဲ့ နှလုံးသားက စတင် ခုန်မြန်လာပြီး သူမ မသိစိတ်ကနေ တင်းမာသွားကာ သူမရဲ့ မျက်နှာထားက အလွန်အမင်း တောင့်တင်းသွားလေသည်။
ဝင်ပေါက်ကို ဖြတ်ပြီး ဧည့်ခန်းထဲ ရောက်သွားတော့ သေသပ်စွာ ပြင်ဆင်ထားပြီး အငွေ့တထောင်းထောင်း ထနေသော လက်ဖက်ရည် နှစ်ခွက်ကို တွေ့လိုက်ရလေသည်။
ဒါ့အပြင် အနီးနားရှိ ရေချိုးခန်းမှ ရေစီးသံကိုလည်း ကြားနေရသည်။
သူမ ရေချိုးခန်းကို ကျောပေးပြီး ထိုင်လိုက်ကာ ပါးပြင်ကို ပုတ်ပြီး ကြောက်ရွံ့မှု မပေါ်စေရန် ကိုယ့်ကိုယ်ကို အတင်းအကျပ် တည်ငြိမ်အောင် လုပ်လိုက်လေသည်။
ငါတို့ တွေ့ရတော့မယ်။
ငါ ချင်းလန် ကို နောက်ဆုံးတော့ တွေ့ရတော့မယ်။
သူမ တစ်ညလုံး စဉ်းစားခဲ့ပေမယ့် အရေးကြီးတဲ့ အချိန်ရောက်လာတော့ မူယွီယန် တွန့်ဆုတ်ပြီး စိတ်မငြိမ်မသက် ဖြစ်နေမိသည်။ သူမ ပြင်ဆင်ထားတဲ့ စကားလုံးတွေက ရှေ့နောက်မညီဘဲ ရှုပ်ထွေးကုန်လေသည်။
သူမရဲ့ ကိုယ်ပိုင် အတွေးတွေထဲမှာ နစ်မြောနေရင်း မူယွီယန် သတိဝင်လာတော့ တစ်စုံတစ်ယောက်က သူမအနားကို ရောက်လာနေပြီ ဆိုတာ တွေ့လိုက်ရသည်။
သူမ မော့ကြည့်လိုက်ပြီး ချင်းလန် ကို နူးညံ့တဲ့ အပြုံးတစ်ခု ပေးဖို့ ပြင်လိုက်ပေမယ့် သူမဘေးက ဖြတ်လျှောက်လာတဲ့ လူကို မြင်လိုက်ရတဲ့အခါ သူမရဲ့ လှပတဲ့ မျက်လုံးတွေက ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားပြီး
“ရှင်”
လို့ အာမေဋိတ် သံဖြင့် အော်လိုက်မိလေသည်။
ရောက်လာတဲ့သူက ချင်းလန် လုံးဝ မဟုတ်ပေ။
ဒါက မနေ့ညက ပိုင်မိသားစု အိမ်မှာ ချင်းလန် နဲ့ ရှုပ်ပွေနေတဲ့ ပိုင်ရူယွီ ဆိုတာ ရှင်းနေလေသည်။