အခန်း (၄၁) ရဲ့ဖန်ငါးစာဟပ်ပြီ
သုံးနာရီကြာပြီးနောက်
“ဒင်! ဂုဏ်ယူပါသည် အိမ်ရှင် သင်သည် ဗီလိန်အမှတ် 1000*2 ရရှိသွားပါပြီ။”
“ဝမ်ထောင်.....ထျန်းဟန်.....ချင်းလန် ပြောတာသာ အမှန်ဖြစ်ပြီး နဂါးနက်အသင်းကို သစ္စာဖောက်ရဲတယ်ဆိုရင် မင်းတို့ကိုမမှန်းနိုင်တဲ့တန်ဖိုးပြန်ပေးဆပ်စေရမယ်”
ချူကျူအာ သည် အနက်ရောင် မာစီးဒီး ကား၏ နောက်ခန်းတွင် ထိုင်နေပြီး သူမ၏ ရင်ထဲတွင် ဒေါသများ တဟုန်းဟုန်း တောက်လောင်နေလေသည်။
ဒီနှစ်ယောက်ထဲကတစ်ယောက်က နဂါးနက် အသင်း ရဲ့ လူသိရှင်ကြား အသိအမှတ်ပြုထားတဲ့ ခေါင်းဆောင် ဖြစ်ပြီး ပွင့်ပွင့်လင်းလင်း ပြောရရင် အခုလက်ရှိ နဂါးနက်အသင်းကိုတရားဝင်ဖြစ်အောင် ကြိုးစားနေတဲ့ ကိုယ်စားလှယ်တစ်ယောက် ဖြစ်သည်။
နောက်တစ်ယောက်ကတော့ ချူကျူအာ လိုပဲ နဂါးနက်အသင်း ရဲ့ ခန်းမဆောင်မှူး တစ်ယောက် ဖြစ်ပြီး နဂါးနက်အသင်း ရဲ့ အဓိကခန်းမဆောင် သုံးခုထဲက တစ်ခုဖြစ်တဲ့ စစ်ဝိညာဉ် ခန်းမဆောင်ကိုဦးစီးနေသူ ဖြစ်သည်။
ချူကျူအာ ဘယ်လောက်ပဲ သံသယဝင်ဝင် ဒီလူနှစ်ယောက်ကိုတော့ သံသယမဝင်ခဲ့ပေ။
ဒါပေမဲ့ အခုတော့ ချင်းလန် ရဲ့ စကားတွေက ထက်မြက်ပြီး အချက်ကျလေသည်။ သူက ဒီလူနှစ်ယောက်ရဲ့ မိသားစု နောက်ခံတွေနဲ့ သူတို့ ရရှိခဲ့တဲ့ လာဘ်ငွေ ပမာဏတွေအထိ အကုန်လုံး သိနေသည်။ ဘာများ မဖြစ်နိုင်စရာ ရှိတော့မှာလဲ။
သူမ သီးသန့် စုံစမ်းစစ်ဆေးပြီးတာနဲ့ တိုက်ရိုက် အရေးယူတော့ပေမည်။
ဒီနှစ်ယောက်ကိုဆုံးရှုံးလိုက်ရတာက နဂါးနက် အသင်း အနေနဲ့ကိုယ့်လက်မောင်း ကိုယ်ဖြတ်ပစ်လိုက်သလို ဖြစ်သွားနိုင်ပေမယ့်၊ အရေးကြီးတဲ့ အချိန်ကျမှ ဒီကောင်နှစ်ကောင်ရဲ့ သစ္စာဖောက်တာခံရပြီး အကုန်ပျက်စီးသွားတာထက်တော့ ပိုကောင်းသေးသည်။
ချူကျူအာ ထွက်သွားပြီး မကြာခင်မှာပဲ ချင်းလန် ဆီကို မူယွီယန် ဖုန်းဆက်လာလေသည်။
“ရှင် အလှပဆေးပြား ဖော်မြူလာကို ဘယ်ကရလာတာလဲ။”
မူယွီယန် ၏ အသံသည် ဖုန်းထဲတွင် အံ့ဩတုန်လှုပ်မှုများနဲ့ ပြည့်နှက်နေသည်။
ဖော်မြူလာအတိုင်း ဖော်စပ်ထားတဲ့ အလှပဆေးပြား တွေက ဒီလောက် အစွမ်းထက်လိမ့်မယ်လို့ သူမ မယုံကြည်နိုင်လောက်အောင် ဖြစ်နေလေသည်။
အသားအရေကို သိသိသာသာ ဖြူစေရုံသာမက သိပ္ပံနည်းကျ စမ်းသပ်မှုတွေအရ ဒီအလှပဆေးပြား က ဒဏ်ရာတွေကိုပျောက်ကင်းစေပြီး အမာရွတ်တွေကို ဖယ်ရှားရာမှာလည်း အံ့မခန်းအာနိသင် ရှိကြောင်း တွေ့ရှိခဲ့ရသည်။
ဒါက ဘာကို ဆိုလိုတာလဲ။
အလှပ ဆေးပြားကိုရေရှည် အသုံးပြုတာက ကုသဆေးတစ်မျိုးနဲ့ တူညီနေပြီးဘေးထွက်ဆိုးကျိုးလည်း မရှိဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလား။
အလှကုန် လုပ်ငန်းမှာ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့တဲ့ မူယွီယန်ကအလှပ ဆေးပြားရဲ့အရေးပါမှုကို သဘောပေါက်လာခဲ့ပြီ ဖြစ်သည်။
ဒီ အလှပ ဆေးပြားကိုသာ ဈေးကွက်တင်လိုက်ရင် သေချာပေါက် ရူးသွပ်စရာကောင်းလောက်အောင် ရောင်းကောင်းသွားမှာ ဖြစ်ပြီးအနာဂတ် အလားအလာက အကန့်အသတ် မရှိပေ။
“ဘယ်က ရလာလဲ ဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက မင်း ရေရောပြီးပြီလား။ ဈေးကွက်ထဲမှာ အလှကုန် ပစ္စည်းအဖြစ် သတ်မှတ်ဖို့ ဘယ်လောက်အထိ ရေရောဖို့ လိုမလဲ။”
ချင်းလန် က ဆင်ခြေတစ်ခုစဉ်းစားရမှာ ပျင်းတာကြောင့် ဘာမှ မပြောဖို့ ဆုံးဖြတ်လိုက်လေသည်။ ဒီပစ္စည်းက စနစ်ကပေးတဲ့ပစ္စည်းလို့ မူယွီယန် ကို ပြောပြလို့မှ မဖြစ်နိုင်တာ။
မူယွီယန် က အလေးအနက် ပြောလိုက်သည်။
“ကျွန်မတို့ စမ်းသပ်မှုတွေ လုပ်ပြီးပြီ။ လောလောဆယ် အဆ ၅၀ လောက်ပဲ ရေရောရသေးတယ် ဒါပေမဲ့ သူ့ရဲ့ အာနိသင်က ဈေးကွက်ထဲက အကောင်းဆုံး အသားဖြူကပ်ခွာ တွေထက် အများကြီး သာနေတုန်းပဲ။”
“ဒီလို ပစ္စည်းမျိုးကို သေချာပေါက် တိုက်ရိုက် ဈေးကွက်တင်လို့ မရဘူး၊ ဈေးကွက်ကို ကမောက်ကမဖြစ်သွားစေလိမ့်မယ်။ ဈေးနှုန်းကိုလည်း စိတ်ထင်သလို သတ်မှတ်လို့ မရဘူး။ အတိကျဆုံး ရေရောမယ့်အချိုးအစားကို ဆုံးဖြတ်ဖို့
နောက်ထပ် စမ်းသပ်မှုတွေ လိုအပ်သေးတယ်။”
အဆ ၅၀......
ချင်းလန် အသက်ပြင်းပြင်း ရှူလိုက်မိသည်။ သူက မူယွီယန် အတွက် ဖော်မြူလာကို အဆ ၁၀၀ ရေရောပေးပြီးသားလေ။ ဒါဆိုရင် စနစ်ထဲက မူရင်း ဖော်မြူလာကို အဆ ၅၀၀၀ လောက် ရေရောလိုက်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။
ဒါတောင်မှ ဈေးကွက်ထဲက အကောင်းဆုံးကပ်ခွာ တွေထက် ပိုပြီး ထိရောက်နေသေးတာလား။
သိထားဖို့ လိုတာက မျက်နှာကပ်ခွာတွေမှာ အဆင့်အတန်းအမျိုးမျိုး ရှိသည်။ တစ်ခုကို ဒေါ်လာ အနည်းငယ်သာ ကျသင့်တဲ့ သက်သာတဲ့ အမျိုးအစားတွေ ရှိသလို၊ ထောင်နဲ့ချီ သို့မဟုတ် သောင်းနဲ့ချီ ကျသင့်တဲ့ ထိပ်တန်း အမျိုးအစားတွေလည်း ရှိသည်။
အဲ့ဒီ မျက်နှာကပ်ခွာတွေလုပ်တဲ့ ပစ္စည်းတွေက အလှပဆေးပြားဖော်မြူလာထဲက ရှားပါး ဆေးဖက်ဝင်အပင်တွေလိုပဲတန်ဖိုးရှိသည်။
ကြည့်ရတာ အနာဂတ်မှာဒီအလှပဆေးပြားကကြီးမားတဲ့ငွေရှာစက်ကြီး ဖြစ်လာတော့မယ့်ပုံပင်။
မူယွီယန် က နည်းနည်း စိတ်လှုပ်ရှားနေလေသည်။
“ကျွန်မက ဈေးကွက်ထဲက ပစ္စည်းတွေ အကုန်လုံးကို စာရင်းပြုစုပြီးတော့ သုတေသနအဖွဲ့ရဲ့ စမ်းသပ်မှုတွေအပေါ်အခြေခံပြီး မတူညီတဲ့ရေရော အချိုးအစားတွေအတိုင်း အဆင့်မြင့် အလယ်အလတ်နဲ့ အနိမ့်တန်းစား ဆိုပြီး ဈေးနှုန်း သုံးမျိုးနဲ့ ဈေးကွက်တင်ဖို့ စီစဉ်ထားတယ်။”
ဖုန်းထဲမှာ မူယွီယန် က စက်သေနတ် ပစ်သလို တရစပ် စိတ်လှုပ်ရှားစွာ ပြောနေလေသည်။
သူမလည်း မတတ်နိုင်ပေ။ မူယွီယန် က ယန်ကျင်း ကနေ ထွက်လာပြီး ထျန်ဟိုင် မှာ အလုပ်လုပ်နေတာ နှစ်အနည်းငယ် ရှိပြီဖြစ်သည်။
ဒါပေမဲ့ ဒီကာလအတွင်းမှာ သူမက မိသားစုရဲ့ ပိုင်ဆိုင်မှုတွေအပေါ် မှီခိုနေရတာမျိုး မဟုတ်ပေမယ့် ဘယ်လောက်ပဲ ကြိုးစားကြိုးစား အမြတ်ငွေ သန်း ဆယ်ဂဏန်း၊ အများဆုံး သန်း ၁၀၀ လောက်ပဲ ရရှိခဲ့သည်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သူမ ချထားခဲ့တဲ့ အခြေခံအုတ်မြစ်တွေနဲ့ လူအင်အားအရင်းအမြစ်တွေ အများကြီး သုံးစွဲခဲ့တာကြောင့် တည်ငြိမ်စွာဖွံ့ဖြိုးနေသရွေ့ နှစ်စဉ် အမြတ်ငွေသန်းရာချီ ရရှိလိမ့်မယ်လို့ သူမ ထင်ခဲ့ဖူးသည်။ အဲ့ဒီအခါကျရင် မိသားစုအတွင်းမှာတောင် ဘယ်သူမှ သူမအကြောင်း အတင်းအဖျင်း ပြောကြတော့မှာ မဟုတ်ဘူးပေါ့။
ဒါပေမဲ့ အခုတော့....
အလှပဆေးပြား ရဲ့ ကြီးမားတဲ့ အလားအလာကို မြင်လိုက်ရတော့ ဒါကိုသာဈေးကွက်တင်လိုက်ရင် သေချာပေါက် ဈေးကွက်ကိုလှုပ်ခတ်သွားစေမယ်လို့ မူယွီယန် ယုံကြည်လိုက်သည်။
မိသားစုထဲက ဘယ်သူမဆို သူ့အကြောင်း အတင်းပြောရဲရင် သူတို့မျက်နှာကို ရိုက်ပစ်လိုက်သလို ဖြစ်သွားမှာပင်။
စိတ်မလှုပ်ရှားဘဲ ဘယ်နေနိုင်ပါ့မလဲ။
မူယွီယန် က အနည်းငယ် ရပ်တန့်လိုက်ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“ချင်းလန်၊ ရှင်က အလှပ ဆေးပြား ရဲ့ ထုတ်လုပ်မှုနဲ့ ရောင်းချမှုကို ဘယ်လို ခွဲဝေဖို့ စီစဉ်ထားလဲ။”
ချင်းလန် က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
“ဘယ်လို ခွဲဝေရမှာလဲ။ မင်းဆီမှာ မှာ သုတေသနအဖွဲ့ ရှိတယ် ပြီးတော့ ကောင်းတဲ့ရောင်းဝယ်ရေး လမ်းကြောင်းတွေလည်း ရှိပြီးသား။ ဒါတွေက တစ်ညတည်းနဲ့ တည်ဆောက်လို့ရတဲ့ အရာတွေ မဟုတ်ဘူး။ အဆင်သင့် ရှိနေတဲ့ အရာတွေကို ငါ ဘာလို့ ပင်ပန်းခံပြီး လုပ်နေရမှာလဲ။”
“အလှပ ဆေးပြား ရဲ့ ထုတ်လုပ်မှုနဲ့ ရောင်းချမှု အားလုံးကို မင်း ကိုင်တွယ်လိုက်၊ ငါက ပိုက်ဆံပဲ လာယူမယ်။”
မူယွီယန် က ချက်ချင်း လက်ခံလိုက်သည်။
“ကောင်းပြီ! ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ကျွန်မတို့ အသေးစိတ် ဆွေးနွေးဖို့ လိုသေးတယ်။ ရှင် အခု အားလား ကျွန်မ ကုမ္ပဏီမှာ စောင့်နေမယ်၊ ဒါမှမဟုတ် ရှင်နည်းနည်းနောက်ကျမှလာခဲ့မလား။”
“ပူးပေါင်းဆောင်ရွက်မှုအတွက် စိတ်မပူပါနဲ့။ မင်းနဲ့ ညှိနှိုင်းဖို့ တစ်ယောက်ယောက် လာလိမ့်မယ်။”
ချင်းလန် က မေးခွန်းကို တိုက်ရိုက် မဖြေဘဲ အဓိပ္ပာယ်ပါပါ ပြုံးလိုက်လေသည်။
သုံးရက်တိုင်တိုင် သူနဲ့ မူယွီယန် အဆက်အသွယ် မလုပ်ခဲ့ကြပေ။
သူက တမင်တကာလုပ်ခဲ့ပေမဲ့ မူယွီယန် ကျတော့ရော သူမ တကယ်ပဲ အလှပဆေးပြားကိစ္စနဲ့ အလုပ်ရှုပ်နေခဲ့တာလား။
အပိုတွေပင်.....
အဲ့ဒါတွေ အကုန်လုံးက သုတေသန အဖွဲ့ရဲ့ အလုပ်တွေဖြစ်ပြီး မူယွီယန်ကအစီရင်ခံစာကို စစ်ဆေးရုံပဲ ရှိတာ။
သူမက သုံးရက်လောက် စောင့်ပြီးမှသူ့ကိုဆက်သွယ်လာတယ် ပြီးတော့ အဲ့ဒီညက ဖြစ်ပျက်ခဲ့တဲ့ အကြောင်း တစ်လုံးမှ မဟဘူး။
သူမ အလုပ်ရှုပ်လွန်းလို့ မေ့နေတာလား၊ ဒါမှမဟုတ် စာချုပ်ကိစ္စကိုတမင်ရှောင်လွှဲနေတာလား။
ဖုန်းတစ်ဖက်ခြမ်းက မူယွီယန် က ပြောစရာ အကြောင်းအရာတွေ ရှာဖွေနေပြီး ဖုန်းချမယ့် ပုံစံမရှိပေမယ့် ချင်းလန် က ဆင်ခြေတစ်ခုပေးပြီး ဖုန်းကို ပေါ့ပေါ့ပါးပါး ချလိုက်လေသည်။
တစ်ချိန်တည်းမှာပင် ပြည်ပရှိအဆင့်မြင့်ဟိုတယ်ခန်း တစ်ခုတွင်။
ပြတ်သားသော မျက်နှာထားဖြင့် ရဲ့ဖန် သည် စီးကရက် တစ်လိပ်ကို ပေါ့ပါးစွာ မီးညှိလိုက်ပြီး မီးခိုးများကို မှုတ်ထုတ်လိုက်သည်။
အချိန်အတော်ကြာမှ သူက အောက်ဘက်ရှိ အမျိုးသားကို ဖြည်းညှင်းစွာ ငုံ့ကြည့်လိုက်ပြီး လျစ်လျူရှုထားသော လေသံဖြင့်
“ဘာကိစ္စလဲ”
ဟု မေးလိုက်လေသည်။
ထိုအမျိုးသားက
“ဆရာ၊ ကျွန်တော်တို့လူတွေ ကွန်ဂို မှာချုံခိုတိုက်ခိုက် ခံလိုက်ရပါတယ်။အဲ့ဒါက ဒေသခံ စစ်ဌာနချုပ်နဲ့ဆက်စပ်နေတယ် သူတို့ သစ္စာဖောက် ခံလိုက်ရတာပါ။”
ဟု ပြောလိုက်သည်။
သွေးဝံပုလွေကြေးစားအဖွဲ့ သည် နိုင်ငံတကာ ကြေးစားစစ်မြေပြင်တွင် ကျော်ကြားပြီး ဒေသအသီးသီးမှ တိုက်ပွဲ ဖိတ်ခေါ်မှုများကို မကြာခဏ လက်ခံရရှိလေ့ ရှိသည်။
ဒီတစ်ကြိမ်တွင် ကွန်ဂို သို့ ဦးတည်သွားနေသော အဖွဲ့သည် စစ်မြေပြင်သို့ မဝင်ရောက်မီမှာပင် ချုံခိုတိုက်ခိုက် ခံခဲ့ရပြီး လူ ၅ ဦး သေဆုံးကာ စုစုပေါင်း ထိခိုက်သေဆုံးသူ အရေအတွက် ၂၀ ကျော်သွားခဲ့လေသည်။
“သွေးလင်းယုန်တွေကို ပြန်ခေါ်လိုက်၊ ပြီးတော့ သွေးမိစ္ဆာကိုလွှတ်လိုက်။”
ရဲ့ဖန် ၏ မျက်နှာထားက မပြောင်းလဲသော်လည်း သူ့စကားများတွင် အလွန်အမင်း သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
“ဘယ်သူပဲ ဖြစ်ဖြစ်၊ ငါ့ရဲ့ သွေးဝံပုလွေအဖွဲ့က
လူတွေကို ထိပါးရဲသူတိုင်းပြန်ပေးဆပ်စေရမယ်”
“သူက အရာရှိကြီးဖြစ်ဖြစ်၊ ကွန်ဂို က ခေါင်းဆောင် ဖြစ်ဖြစ် သစ္စာဖောက်ရဲ့ ခေါင်းကို မှောင်ခိုဈေးကွက်မှာ ချိတ်ဆွဲထားဖို့ သွေးမိစ္ဆာကိုပြောလိုက် သွေးဝံပုလွေ ကို သစ္စာဖောက်ခြင်းရဲ့ တန်ဖိုးက ဒါပဲ ဆိုတာ ကြေးစားလောက တစ်ခုလုံး သိစေရမယ်။”
ရဲ့ဖန် က ခဏ ရပ်တန့်လိုက်ပြီး ဆက်ပြောသည်။
“မနက်ဖြန်ကစပြီး ငါ ခဏထွက်သွားဦးမယ်။ သွေးမိစ္ဆာ က သွေးဝံပုလွေကြေးစားအဖွဲ့ ရဲ့ ကိစ္စ အားလုံးကို တာဝန်ယူလိမ့်မယ်။ ငါ မရှိတဲ့အချိန်မှာ သွေးမိစ္ဆာ က သွေးဝံပုလွေ ရဲ့ ခေါင်းဆောင်ပဲ”
သူ့စကားကို မေးခွန်းထုတ်စရာ မလိုပေ ဒါက သွေးဝံပုလွေများရဲ့ သံမဏိစည်းမျဉ်းပင် ဖြစ်သည်။
သူ့လက်အောက်ငယ်သားများကအခန်းထဲမှ ဖြည်းညှင်းစွာ ဆုတ်ခွာသွားကြသည်။ ရဲ့ဖန် က ပြတင်းပေါက် အပြင်ဘက်ရှိ နီယွန်မီးရောင်များကို မော့ကြည့်လိုက်ပြီး သူ့မျက်နှာတွင် လွမ်းဆွေးမှု အရိပ်အယောင် အနည်းငယ် ပေါ်လာလေသည်။
ဘာကြောင့်မှန်း မသိပေမယ့် ဒီကာလအတွင်းမှာ သူ ထူးဆန်းတဲ့ ခံစားချက် တစ်ခု ခံစားနေရလေသည်။ အရာရာ အများကြီး ဆုံးရှုံးလိုက်ရသလိုပဲ၊ ဒါပေမဲ့ သူ ဘယ်လောက်ပဲ ကြိုးစား ရှာဖွေပါစေ ဆုပ်ကိုင်လို့ မရနိုင်ခဲ့ပေ။
ဒီ ရှင်းပြလို့မရတဲ့ ခံစားချက်နဲ့ စုရှောင်းရှောင်း ရဲ့ စွပ်စွဲချက်တွေကြောင့်ပဲ သူ အစီအစဉ်တွေကို ပြောင်းလဲပြီး တရုတ်ပြည်ကို အချိန်မတိုင်မီ ပြန်လာဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။