အခန်း (၄၀) မင်းအတွက်လုပ်ပေးတာ
နောက်သုံးရက်အတွင်းမှာတော့ ကျွင်းဇီကသူ့လူတွေကို ဦးဆောင်ပြီး တစ်ရက်လျှင်တစ်ခုနှုန်းဖြင့် နဂါးနက်အသင်းရဲ့ စခန်းသုံးခုကို ဆက်တိုက် ဖျက်ဆီးပစ်လိုက်လေသည်။
မထနိုင်တော့ဘဲ လဲလျောင်းနေရတဲ့ နဂါးနက်အသင်းဝင်တွေကို ထားလိုက်ဦး ဖမ်းဆီးခံရတဲ့ လူအရေအတွက်ကပင် ၃၀ ကျော်သွားခဲ့လေသည်။
ဒါ့အပြင် သူတို့ရဲ့အပြစ်အပေါ် မူတည်ပြီး တစ်ယောက်ချင်းစီက ထောင်ဒဏ် ဆယ်နှစ်နီးပါးလောက် ကျခံရဖွယ်ရှိလေသည်။
ဒီထိုးနှက်ချက်က နဂါးနက်အသင်းအနေဖြင့် မိမိလက်မောင်းကို မိမိဖြတ်ပစ်လိုက်သကဲ့သို့ ဖြစ်သွားစေခဲ့သည်။
ချူကျူအာက စိတ်ဓာတ်ခိုင်မာသူ ဖြစ်ပြီးအန္တရာယ် ကြားထဲမှာ ညှပ်မိနေရတာကို သူမ လုံးဝ သည်းမခံနိုင်တော့ပေ။
သူမက သူ့ရဲ့တံခါးဝဆီကို တန်းတန်းမတ်မတ် သွားလိုက်လေသည်။
ဒုန်းခနဲ တံခါးကို ကန်ဖွင့်လိုက်ပြီး
ချူကျူအာရဲ့အနောက်မှာ နဂါးနက်အသင်းက ထွားကြိုင်းပြီး ရန်လိုတဲ့ မျက်လုံးတွေနဲ့ လူမိုက် ဒါဇင်ပေါင်းများစွာ ပါလာကြသည်။
ဒါတွေက နဂါးနက်အသင်းရဲ့ စစ်မှန်တဲ့လူတွေဖြစ်ပြီး မရေမတွက်နိုင်တဲ့ အခက်အခဲတွေကို ကျော်ဖြတ်လာခဲ့ကြကာ တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကြောက်စရာကောင်းတဲ့ အမာရွတ် အများအပြား ရှိကြလေသည်။
အဲ့ဒီ အရှိန်အဝါ တစ်ခုတည်းနဲ့တင် သာမန်လူတစ်ယောက်ကို ထိတ်လန့်သွားစေနိုင်သည်။
စုရှောင်းရှောင်းက မကြာသေးမီက မိဘမဲ့ဂေဟာမှာအလုပ်ရှုပ်နေပြီး အိမ်မှာ မရှိလို့သာ မဟုတ်ရင် ဒီမြင်ကွင်းကို မြင်ပြီး တော်တော်လေး လန့်သွားလောက်ပေသည်။
“ဘာလို့ ဒီလောက် ဆူညံနေရတာလဲ။ ခင်ဗျား ဒီလောက် ဝေးဝေး လာခဲ့တာတောင်မှ ကျွန်တော့်ကို ကာကွယ်ဖို့ လူတွေ အများကြီး ခေါ်လာသေးတယ်။ ကျွန်တော်တောင် ရှက်သလို ဖြစ်လာပြီ။”
ချင်းလန်က ရယ်မောလိုက်ပြီး အနက်ရောင် ဂါဝန် ဝတ်ထားတဲ့ ချူကျူအာကို လက်ယပ်ခေါ်လိုက်လေသည်။
“အဲ့ဒီမှာ ရပ်မနေပါနဲ့၊ အထဲဝင်ပြီး တစ်ခွက်လောက် သောက်ပါဦး။”
“ချင်းလန်”
ချူကျူအာရဲ့ အသံက ရေခဲတမျှ အေးစက်နေသည်။
“အကျိုးအမြတ်ရပြီးမှ အပြစ်ကင်းချင်ယောင် မဆောင်နဲ့။ ဒီနေ့ ကျွန်မ ဘာလို့ လာတွေ့လဲဆိုတာ ရှင် မသိဘူးလား။”
“ကျွန်တော်တို့ ဆက်ဆံရေးအရ ဒီလောက် စိမ်းကားဖို့ လိုလို့လား။”
ချင်းလန်က စိတ်တိုတိုနဲ့ မျက်လုံးလှန်လိုက်သည်။
“မင်းရဲ့ လူအုပ်ကြီးနဲ့ဝင်လာဖို့ မလိုပါဘူး။ သူတို့အားလုံး အပြင်မှာ စောင့်နေလို့ ရတယ်။ အရက်မသောက်ချင်ရင် လက်ဖက်ရည် သောက်လို့ ရတယ်။”
“သခင်မလေး”
ကိုယ်ရံတော် တစ်အုပ်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ချင်းလန်ကို ကြည့်တဲ့ အကြည့်တွေက ရန်လိုမှုတွေနဲ့ ပြည့်နေလေသည်။
ချူကျူအာ မျက်မှောင်ကြုတ်လိုက်ပြီး လက်ကာပြလိုက်သည်။
“နင်တို့ အပြင်မှာ စောင့်နေကြ။ တစ်ခုခု ဖြစ်ရင် ငါ ခေါ်လိုက်မယ်။”
သူမ ချင်းလန်နောက်ကို လိုက်ပြီး အပေါ်ထပ်က လက်ဖက်ရည်ခန်းဆီ တက်သွားလိုက်လေသည်။
ချင်းလန်က လက်ဖက်ခြောက် ဆေးကြောတာ၊ ရေနွေးပူလောင်းတာနဲ့ လက်ဖက်ရည် ဖျော်တာတွေကို ကိုယ်တိုင် ဦးစီးပြီး လက်ဖက်ရည်ကိုသေသေချာချာ လုပ်လိုက်လေသည်။
ပျံ့လွင့်နေတဲ့ စန္ဒကူးနံ့လေးနဲ့အတူ လတ်လတ်ဆတ်ဆတ် ဖျော်ထားတဲ့လက်ဖက်ရည်ရဲ့ ရနံ့က ချူကျူအာရဲ့ ဒေါသကို တဖြည်းဖြည်း ငြိမ်သက်သွားစေသည်။
ဒါပေမယ့်သူမ မျက်နှာချင်းဆိုင်မှာ အေးအေးဆေးဆေး လက်ဖက်ရည် သောက်နေတဲ့ ချင်းလန်ကို ကြည့်လိုက်တော့ သူမ ရင်ထဲက မကျေနပ်မှုတွေက အဲ့ဒီ ငြိမ်းချမ်းမှုကို ချက်ချင်း ဖုံးလွှမ်းသွားပြန်သည်။
သူမက နစ်နာခဲ့ရတဲ့သူပါ ပြီးတော့ သူမ လက်တုံ့တောင် မပြန်ရသေးခင်မှာ ချင်းလန်က အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်သည်။
ဒီ မကျေနပ်ချက်ကို သူမ ဘယ်လိုလုပ်သည်းခံ နိုင်မှာလဲ။
သူမကဒေါသတကြီးနဲ့ ပြောလိုက်လေသည်။
“ချင်းလန် ရှင်နည်းနည်း လွန်လွန်းမနေဘူးလား။ အဲ့ဒီညက ကိစ္စအတွက်တောင် ကျွန်မ ရှင်နဲ့ စာရင်းမရှင်းရသေးဘူး၊ အခု ရှင့်လူတွေက ကျွန်မရဲ့ နဂါးနက်အသင်း နေရာကို လာပြီး ဖျက်ဆီးပစ်လိုက်ကြတယ်။ သုံးရက်ဆက်တိုက် ရှင်က ကျွန်မရဲ့ နဂါးနက်အသင်း နယ်မြေ သုံးခုကို ဖျက်ဆီးပစ်တယ် ဘာလဲ ရှင်က နဂါးနက်အသင်းနဲ့တိုက်ဖို့ စီစဉ်နေတာလား”
ချင်းလန်က ခွက်ကို ချလိုက်ပြီး နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခု ပေါ်လာသည်။
“နဂါးနက်အသင်းနဲ့တိုက်ဖို့ ငါ့မှာ
စိတ်ဝင်စားမှုမရှိဘူး။”
သုံးရက် ကြာသွားပြီ ဖြစ်ပေမယ့် ချင်းလန်ရဲ့ ပျော်ရွှင်နေတဲ့ မျက်နှာထားကို မြင်လိုက်ရတော့ ချူကျူအာက အဲ့ဒီနေ့က အိပ်မက်ဆိုးကို ပြန်သတိရသွားသလိုပင်။
ရုတ်တရက် ဒေါသတွေ ထွက်လာပြီး သူမက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ပြီး ပစ်ပေါက်လိုက်ပေမယ့် ချင်းလန်က လက်မြှောက်ပြီး တားလိုက်လေသည်။
“ဒေါသ မထွက်ပါနဲ့ဦး။ငါဒါတွေ အကုန်လုံး လုပ်တာ မင်းအတွက်ပါ။”
“ငါ့အတွက်လား ငါ့အတွက်နဲ့ နဂါးနက်အသင်းကို ဖျက်ဆီးတာလား။”
ချူကျူအာက ရယ်စရာကောင်းတယ်လို့ ထင်ပြီး လှောင်ပြောင်လိုက်သည်။
“ရှင် ကျွန်မအတွက် အကြောင်းပြချက် တစ်ခုလောက်တော့ လုပ်ကြံပြီး ပြောပါဦး။”
ချင်းလန်က တောက်ခေါက်လိုက်ပြီး အော်ပြောလိုက်လေသည်။
“အဲ့ဒီ ဝင်စီးခံလိုက်ရတဲ့ စခန်းသုံးခုက ဘယ်လို မရိုးသားတဲ့ စီးပွားရေးမျိုး လုပ်နေလဲ ဆိုတာကို မင်း မသိသေးဘူးလို့တော့ မပြောနဲ့နော်။”
“စခန်းထဲက နို့မှုန့်တွေက ငါတို့ နဂါးနက်အသင်းနဲ့ ဘာမှ မဆိုင်ဘူး”
ချူကျူအာရဲ့ လှပတဲ့ မျက်လုံးတွေ ကျဉ်းမြောင်းသွားပြီး လေးနက်လာလေသည်။
နေရာသုံးခု ဝင်စီးခံရပြီး လူ ၃၀ ကျော် အဖမ်းခံရရတဲ့ အကြောင်းရင်းက သူတို့ နို့မှုန့် စီးပွားရေး (မူးယစ်ဆေးဝါး ရောနှောထားသော) မှာ ပါဝင်ပတ်သက်နေလို့ ဖြစ်ပေသည်။
နဂါးနက်အသင်းက မြေအောက်မှာ လှုပ်ရှားနေပေမယ့် ချူလောင်က သူတို့ကို ဒီလို စီးပွားရေးမျိုး ဘယ်တော့မှ မလုပ်ဖို့ သတိပေးထားဖူးသည်။
ဒါပေမဲ့ အခုတော့ ဒီလို အရောင်းအဝယ်တွေ တွေ့ရှိသွားတာက ချူကျူအာကို ဒီကိစ္စကို အလေးအနက်ထားဖို့ တွန်းအားပေးလိုက်သလို ဖြစ်သွားသည်။
ချင်းလန်က လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီး
“သေချာပေါက် မင်းနဲ့ မဆိုင်ပါဘူး၊ ဒါပေမဲ့ မင်းရဲ့ စခန်းထဲမှာ တွေ့ခဲ့တာဆိုတော့ နဂါးနက်အသင်းနဲ့ ရှောင်လွှဲလို့မရတဲ့ ဆက်စပ်မှု ရှိနေတာပေါ့။”
ချူကျူအာ မျက်မှောင်ကြုတ်လိုက်ပြီး နှုတ်ခမ်းကို ကိုက်ကာ အတွေးထဲ နစ်မြောသွားသည်။
“ရှင့်ဆိုလိုရင်းက နို့မှုန့်တွေကို ငါ့အဖေက တိတ်တဆိတ် လုပ်ခဲ့တာလား။”
ဖူး...
ချင်းလန်တောင် မနေနိုင်တော့ဘဲ လက်ဖက်ရည်
တစ်ငုံကို ချူကျူအာရဲ့ မျက်နှာပေါ်ထွေးထုတ်လိုက်မိလေသည်။
သူက ခါးသက်သက် ပြုံးလိုက်ပြီး ရေစက်တွေကို သုတ်ပေးဖို့ ရှေ့တိုးသွားလိုက်ကာ အဲ့ဒီနောက် သူက ကြောင်တောင်တောင်နဲ့ ပြောလိုက်လေသည်။
“မင်းက သူ့သမီးဖြစ်ပြီးတော့ မစ္စတာချူက ဘယ်သူလဲဆိုတာ မသိဘူးလား။ ဒါက သူ့နဲ့ ဘာမှ မဆိုင်ပါဘူး။”
“ဒါက ဗုံးတစ်လုံးလိုပဲ အဲ့ဒီ နို့မှုန့်တွေ အရမ်းများလာရင် ဒါမှမဟုတ် ရောင်းထုတ်လိုက်ရင်မင်းရဲ့ နဂါးနက်အသင်းက ပြဿနာအကြီးကြီး တက်တော့မှာ ပြီးတော့ မြစ်ဝါမြစ်ထဲ ခုန်ချရင်တောင် မင်းရဲ့ နာမည်ကို ရှင်းလို့ရမှာ မဟုတ်တော့ဘူး”
“ဗုံးမကွဲခင် ငါက မင်းအတွက် ရှင်းထုတ်ပေးလိုက်တာလေ။ အများဆုံးတော့ မူးယစ်ဆေးဝါး စွဲနေတဲ့ နို့မှုန့်နဲ့ ပတ်သက်တဲ့ လူ လေးငါးဆယ်လောက်ကိုပဲ အပြစ်ပုံချလိုက်ရုံပဲ။ ဒါ မင်းအတွက် ကောင်းတာ မဟုတ်ဘူးလား။”
သေချာ စဉ်းစားပြီးတဲ့နောက် ချူကျူအာက ဒါက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရသည်။ ချင်းလန်မှာ စွမ်းရည်တွေ အများကြီး ရှိရင်တောင် သူတို့ နဂါးနက်အသင်းက လူ ဒါဇင်ပေါင်းများစွာကို ရက်ပေါင်းများစွာ ကြိုတင်ပြီး ဆက်သွယ်ထားဖို့ဆိုတာ မဖြစ်နိုင်ပေ။
“ရှင့်ဆိုလိုရင်းက နဂါးနက်အသင်းထဲမှာ သစ္စာဖောက် ရှိနေတာလား။”
ချူကျူအာက မေးခွန်းထုတ်လိုက်ပြီး သူမ ပါးပြင်ပေါ်က လက်ဖက်ရွက် တစ်ရွက်ကို ဖယ်ရှားလိုက်သည်။ လက်ဖက်ရည် စားပွဲပေါ်ကိုပေါ့ပေါ့ဆဆ ပစ်ထားတဲ့ သူမမျက်နှာကိုသုတ်လိုက်တဲ့ အဝတ်စကို ကြည့်ပြီး သူမ ဒေါသတကြီး ပြောလိုက်သည်။
“…”
“ခုနက ရှင် ယူလိုက်တာ အဝတ်စုတ်ကြီးလား။ဒါနဲ့ ကျွန်မမျက်နှာကို သုတ်လိုက်တာလား”
ချင်းလန်က ခေါင်းခါလိုက်သည်။
“အဲ့ဒါ အရေးမကြီးပါဘူး။ အရေးကြီးတာက တစ်စုံတစ်ယောက်က နဂါးနက်အသင်းကို တကယ်ပဲ ကြံစည်နေတာ မဟုတ်ဘူးလား။ ဒါက သတိပေးချက် တစ်ခုပဲ ရှိပါသေးတယ် နဂါးနက်အသင်း အထဲမှာ အချိန်ကိုက်ဗုံး တစ်လုံးမက ရှိနေနိုင်တယ်။”
“ငါ အမုန်းဆုံးက သစ္စာဖောက်တွေပဲ ဘယ်သူပဲ ဖြစ်ဖြစ် နဂါးနက်အသင်းကို သစ္စာဖောက်ရဲတဲ့သူ ဘယ်သူမဆိုမခံနိုင်တဲ့တန်ဖိုးကို ပေးဆပ်ရလိမ့်မယ်”
ချူကျူအာ သွားကြိတ်လိုက်လေသည်။
“ရှင်က သတင်းရောင်းဝယ်သူ မဟုတ်ဘူးလား။ ပြောစမ်းပါဦး နဂါးနက်အသင်းထဲမှာ ဘယ်သစ္စာဖောက်တွေရှိနေသေးလဲ။”
ချင်းလန် တိတ်ဆိတ်နေတာကို မြင်တော့ သူမက ဆက်ပြောလိုက်သည်။
“ဆုကြေး ဘယ်လောက် လိုချင်လဲ ကျွန်မပေးမယ် လောဘကြီးတဲ့ ကောင်”
ချင်းလန်က ခေါင်းညိတ်ပြီး ပြုံးလိုက်ကာ သူ့မျက်နှာချင်းဆိုင်က ဆွဲဆောင်မှုရှိတဲ့ ချူကျူအာကို ကြည့်လိုက်သည်၊ သူ့အဓိပ္ပာယ်က ရှင်းလင်းနေလေသည်။
“မဖြစ်နိုင်ဘူး ချင်းလန် ကိုယ့်ကိုယ်ကို အရမ်းအထင်မကြီးနဲ့ ကျွန်မချူကျူအာ ဘယ်လောက်ပဲဒေါသထွက်ထွက် ကိုယ့်ကိုယ်ကိုတော့ ဆုကြေးအဖြစ် ဘယ်တော့မှ သဘောထားမှာမဟုတ်ဘူး။ ဒီနေ့ရှင်မရှိလည်း ဘယ်သူက သစ္စာဖောက်လဲဆိုတာကျွန်မရှာနိုင်သေးတယ်”