အခန်း (၃၉) ရိတ်သိမ်းခြင်း
“သခင်မလေး၊ ဥက္ကဋ္ဌကြီးက သခင်မလေးနဲ့ ပြောစရာ ရှိလို့တဲ့။”
နှင်းဆီခန်းမဆောင်မှ အမျိုးသမီးက သူမ၏ ဖုန်းကို ထုတ်လိုက်သော်လည်း စိတ်ထဲမှာတော့ ခါးသက်သက်သာ ပြုံးနိုင်လေသည်။
သခင်မလေးနှင့် ဥက္ကဋ္ဌကြီးတို့သည် အမြဲတမ်း သဘောထား ကွဲလွဲလေ့ရှိကြသည်။ သူတို့ တစ်ခါမှ မတွေ့သည့်အပြင် ဖုန်းနံပါတ် အချင်းချင်း ဘလော့ ထားကြသေးသည်။
သို့သော် ယနေ့တွင်ဥက္ကဋ္ဌကြီးက သခင်မလေးနှင့် တွေ့ဆုံလိုပြီး ဖုန်းခေါ်ပေးရန် သူမကို ကိုယ်တိုင် စေခိုင်းခဲ့သည်။
သူမ ဘာအမှားများ လုပ်မိလို့ ဒီလို ကံဆိုးမိုးမှောင်ကျပြီး ဒီမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြုံနေရတာလဲ။
အတွင်းစိတ်က ညည်းတွားနေသော်လည်း သူမသည် ဖုန်းကို ကိုင်လျက် လေးစားစွာ ရှေ့သို့ တိုးသွားရုံမှတပါး အခြားရွေးချယ်စရာ မရှိပေ။
ချူကျူအာ သည် ဖုန်းဖြေလိုစိတ် လုံးဝ မရှိချေ။
သူမက မျက်လုံးလှန်လိုက်ပြီး
“ငါ မအားဘူး၊ အချိန်မရှိဘူးလို့သာ ပြောလိုက်”
ဟု ဆိုလေသည်။
အမျိုးသမီးက ခါးသက်သက် ပြုံးလိုက်သည်။
“ဥက္ကဋ္ဌကြီး ပြောတာက သခင်မလေး ဖုန်းမကိုင်ရင် သူ ကိုယ်တိုင် လာတွေ့မယ်တဲ့။”
ရူးနေတာလား။
သူမကို အခု လာတွေ့မယ် ဟုတ်လား။
သူမ လုပ်ထားတာတွေ ပေါ်သွားရင် သူမ သွားပြီ မဟုတ်လား။
ချင်းလန် က သူမကို ဖျက်ဆီးလိုက်ပြီ ဆိုတာကိုသာ ဖခင်ဖြစ်သူ သိသွားခဲ့ရင် နောက်ထပ် ဘလိုင်းဒိတ် တောင် မလုပ်ခိုင်းတော့ဘဲ အခြားယောက်ျား တစ်ယောက်ယောက်နဲ့ အတင်းအကျပ် လက်ထပ်ပေးပစ်လိုက်မှာ သေချာသလောက်ပင်။
ဒေါသတွေ တောက်လောင်နေဆဲဖြစ်သော ချူကျူအာ သည် ဖုန်းကို ဆွဲယူလိုက်ပြီး နံပါတ်ကို နှိပ်ကာ စိတ်တိုတိုဖြင့် ပြောလိုက်သည်။
“မနက်အစောကြီး ရှိသေးတယ်၊ လူကို အိပ်ခွင့်တောင် မပေးတော့ဘူးလား ပြောစရာ ရှိတာ မြန်မြန်ပြော”
တစ်ဖက်မှ တည်ငြိမ်သော အမျိုးသား အသံတစ်သံ ထွက်ပေါ်လာသည်။
“မင်းအဖေကို ပြောတဲ့ ပုံစံက ဒီလိုလား”
ချူကျူအာ
“ပြောမှာလား မပြောဘူးလား။ မပြောချင်ရင် ဖုန်းချလိုက်တော့မယ်။”
ချူလောင် က အေးစက်စွာ နှာမှုတ်လိုက်သည်။
“မနေ့ညက စခန်းမှာ ဖြစ်ပျက်ခဲ့တာတွေကို ငါ သိပြီးပြီ။ ပိုင်မိသားစု ကိစ္စတွေမှာ နောက်ထပ် ဝင်မပါနဲ့တော့။ ပြီးတော့ ချင်းလန် က လူကို ကယ်သွားပြီးပြီ ဆိုတော့ သူ့ကို သွားပြီး ပြဿနာ မရှာနဲ့တော့။”
ဘာ...
ဘာလို့ ချင်းလန် ကို သွားပြီး ပြဿနာ မရှာရမှာလဲ။
ချူကျူအာ ၏ ဒေါသများ တဟုန်းဟုန်း တောက်လောင်လာပြန်သည်။
“မဖြစ်နိုင်ဘူး ကျွန်မနယ်မြေထဲက လူကို လာကယ်သွားတာက ကျွန်မပါးကို လာရိုက်တာနဲ့ အတူတူပဲ။ ရှင်က ရှင့်ဂုဏ်သိက္ခာကို ဂရုမစိုက်ရင်နေ၊ကျွန်မ ချူကျူအာ ကတော့ ဂရုစိုက်တယ်။ ဒီကိစ္စကို ဒီအတိုင်း ထားလိုက်လို့ မရဘူး”
ပုံမှန်ဆို ဝင်မပါလေ့ရှိသော သူမ၏ ဖခင်က ချင်းလန် ကိစ္စနှင့် ပတ်သက်၍ သူမကို အဘယ်ကြောင့် အထူးတလည် ညွှန်ကြားနေရသနည်း ဆိုတာကို သူမ နားမလည်နိုင်ပေ။
သို့သော် သေချာသည်မှာ တစ်ခုရှိသည် ဒီကိစ္စက လုံးဝ မပြီးသေးပေ။
သူမ တစ်သက်လုံး ဒီလောက် မတရားတာမျိုး တစ်ခါမှ မခံစားခဲ့ရဖူးဘူး။
ဒီဒေါသကိုဘယ်လို လုပ်ပြီး ထိန်းထားနိုင်မှာလဲ။
ချူလောင် က သက်ပြင်းချလိုက်သည်။
“ငါတို့ မစော်ကားနိုင်တဲ့ လူတချို့ ရှိတယ်။ ချင်းလန်က အားကောင်းတဲ့ နောက်ခံ ရှိတယ်၊ ငါတို့ သူ့ကို ရန်မစသင့်ဘူး။”
ချူကျူအာ က ရယ်မောလိုက်သည်။
“ထင်သားပဲ၊ တစ်ခုခု မှားနေတယ်လို့။ ဥက္ကဋ္ဌကြီးက ကြောက်နေတာလား နဂါးနက် အသင်း ဆိုတာ ထျန်ဟိုင်မြို့ ရဲ့ အကြီးဆုံး အင်အားစု မဟုတ်ဘူးလား ဘာလဲ၊ ဒုတိယမျိုးဆက် သူဌေးသား တစ်ယောက်ကိုတောင် မစော်ကားရဲတော့ဘူးလား”
“ရှင် အသက်ကြီးသွားပြီလား သတ္တိ မရှိတော့ရင် နဂါးနက်အသင်း ကို ကျွန်မလက်ထဲ လွှဲပေးလိုက်ပါလား။ ရှင့်လက်ထဲ ဆက်ထားနေရင် ကြာလာရင် ပျက်စီးသွားရုံပဲ ရှိမှာ။”
ချူလောင် က ဒေါသတကြီး ပြန်ပြောလိုက်သည်။
“အဓိပ္ပာယ်မရှိတာတွေ ပြောမနေဘဲ အိမ်ထောင်ဘက်တွေ့ဖို့အတွက် ဒီကို ပြန်လာခဲ့။နင်သာတစ်ယောက်ယောက်ကို မရှာရင် ငါ နဂါးနက် အသင်း ကိုတင်မကဘူး၊ နှင်းဆီ ခန်းမဆောင် ကိုပါ ပြန်သိမ်းလိုက်မယ်!”
“ဘာကိစ္စ ပြန်သိမ်းရမှာလဲ နှင်းဆီ ခန်းမဆောင် ကကျွန်မဘဝပဲ။ ရှင်သာ နှင်းဆီ ခန်းမဆောင်ကိစ္စထဲကို ဝင်ပါရဲရင် ယုံလိုက်၊ ရှင့်ကို သေတဲ့အထိ ပြန်တိုက်ခိုက်ပစ်မယ်”
ချူကျူအာ က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“ဟေး အဖိုးကြီး၊ ရှင် ဘယ်လို စကားမျိုး ပြောလိုက်တာလဲ။ ကျူအာ က ဘယ်လို လူမျိုးလဲဆိုတာ ရှင် မသိဘူးလား။ ရှင် သူ့ကို အရမ်း ဖိအားပေးလွန်းလို့ သူ မိုက်မဲတာတစ်ခုခု လုပ်လိုက်ရင်ဘယ်လိုလုပ်မလဲ။ ဖုန်းပေး၊ ကျွန်မ သူ့ကို ပြောမယ်”
ဖုန်းတစ်ဖက်ခြမ်းတွင် ချူကျူအာ ၏ မိခင်က ဖခင်ကို ခေတ္တ ဆူပူလိုက်ပြီးနောက် ဖုန်းကို လွှဲယူလိုက်သည်။ သူမ၏ အသံသည် နူးညံ့မှုနှင့် ချစ်ခင်မှုတို့ဖြင့် ပြည့်နှက်နေသည်။
“ကျူအာ၊ သမီး နားထောင်နေသေးလား အမေပါ”
“သမီး နားထောင်နေတယ်”
ချူကျူအာ ၏ ဒေါသများ အတော်လေး လျော့ကျသွားလေသည်။
ဖန်ချွန်းယာ က ဖြည်းဖြည်းချင်းနှင့် လေးလေးနက်နက် ပြောလိုက်သည်။
“ကျူအာ၊ သမီးက ဒီနှစ် ၂၆ နှစ် ရှိနေပြီ၊ မငယ်တော့ဘူး။ သမီးအရွယ် တခြား မိန်းကလေးတွေဆို ကလေးနှစ်ယောက်တောင် ရနေကြပြီ၊ သမီးကျတော့ရော ရည်းစားတောင် မရှိသေးဘူး။ မိဘတွေက ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲ”
“ကျူအာ၊ အမေ့စကား နားထောင်ပါ၊ အပြင်မှာ လျှောက်သွားနေတာတွေ ရပ်လိုက်ပြီး ပြန်လာခဲ့တော့။ မကြာသေးခင်က သမီးအတွက် ကောင်လေးကောင်းကောင်း တစ်ယောက် ရှာတွေ့ထားတယ်။ သူက အရပ် ၁.၈ မီတာ ရှိတယ်၊ အသားဖြူတယ်၊ ပြီးတော့ နိုင်ငံခြားမှာ ပညာသင်ခဲ့တဲ့ ထူးချွန် ကျောင်းသားတစ်ယောက်။”
ဒါကို ကြားလိုက်ရတော့ ချူကျူအာ လုံးဝ စိတ်ရှုပ်ထွေးသွားတော့သည်။
သူမ ဘယ်လောက်ပဲ ပြတ်သားပါစေ၊ နှင်းဆီခန်းမဆောင် တွင် သူမ၏ စကားက ဘယ်လောက်ပဲ အာဏာရှိပါစေ၊ သူမ၏ မိသားစု၊ အထူးသဖြင့် မိခင်ဖြစ်သူ၏ ပူညံပူညံ လုပ်ခြင်းကိုတော့ မလွန်ဆန်နိုင်ပေ။
အံကြိတ်လျက် သူမက ခေါင်းမာစွာ ပြောလိုက်သည်။
“ထူးချွန် ကျောင်းသား မလိုပါဘူး။ သမီးမှာ ရည်းစား ရှိပြီးသား။”
“တကယ်လား အမှန်ပဲလား ကျူအာ၊ အမေ့ကို မလိမ်နဲ့နော်”
ဖန်ချွန်းယာ က ဖုန်းတစ်ဖက်ခြမ်းတွင် စိတ်လှုပ်ရှားသွားပြီး ချူလောင် ၏ အသံကို ဝေဝါးဝါး ကြားလိုက်ရသည်။
“အဲ့ကောင်လေးက ဘယ်သူလဲလို့ မေးလိုက်။”
“ရှင်လည်း သူ့ကို သိတာပဲ၊ သူက ရှင်ကြောက်နေတဲ့ ချင်းလန် လေ။”
ချူကျူအာ က စိတ်ထဲကနေ လှောင်ပြောင်လိုက်သည်။
“အခု ကျေနပ်ပြီလား”
“မဖြစ်နိုင်တာ”
ချူလောင် က ဖုန်းကို လုယူလိုက်သည်။
“ချင်းလန် က နင်နဲ့ ဘယ်လိုလုပ် ပတ်သက်မှာလဲ သူက သူ့မိသားစု နောက်ခံကို မသိလို့လား”
ချူကျူအာ ဒေါသထွက်သွားသည်။
“ရှင် ဘာကို ဆိုလိုတာလဲ ငါက ချင်းလန် နဲ့ မတန်ဘူးလို့ ပြောချင်တာလား”
ချူလောင် က ခေါင်းညိတ်လိုက်သည်။
“နင်က သူ့အတွက် မကောင်းဘူး ဆိုတာကတော့ သေချာတယ်၊ ဒါပေမဲ့ နင် ပြောပြီးမှတော့ အကြောင်းမဲ့ မဖြစ်နိုင်ဘူး။ တိတိကျကျ ဘာဖြစ်ခဲ့တာလဲ”
ဒေါက်...
ဖုန်းလိုင်း ပြတ်တောက်သွားသည်။
တိတိကျကျ ပြောရရင် ချူကျူအာ က သူမ၏ ဖုန်းကို ရိုက်ခွဲပစ်လိုက်ခြင်း ဖြစ်သည်။
ဖခင်နှင့် သမီးကြား စကားပြောဆိုမှု ပျက်ပြားသွားခဲ့လေပြီ။
တစ်ချိန်တည်းမှာပင်ချင်းလန် သည် ဗီလာသို့ ပြန်ရောက်နေပြီဖြစ်ပြီး စနစ် အသိပေးချက်ကို ဖွင့်လိုက်သည်။
“ဒင်! ဇာတ်လမ်း ပြောင်းလဲသွားပါတယ်။ ဂုဏ်ယူပါသည် အိမ်ရှင်သည် ဗီလိန်အမှတ် +2000 ရရှိသွားပါပြီ။”
“ဒင်! အိမ်ရှင်သည် ဇာတ်လိုက်မင်းသမီး ချူကျူအာ ကို သိမ်းပိုက်လိုက်နိုင်ပါပြီ။ ဂုဏ်ယူပါတယ် အိမ်ရှင်သည် ဗီလိန်အမှတ် +50000 + 1000*6 ရရှိသွားပါပြီ။”
“…”
သူ့အကောင့်ထဲသို့ ဝင်ရောက်လာသော ဗီလိန်အမှတ်များကို တိတ်တဆိတ် စစ်ဆေးကြည့်ရင်း ချင်းလန် ၏ နှလုံးသားသည် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။
ဘုရားရေ....
ဇာတ်လိုက်မင်းသမီး တစ်ယောက်ကို အနိုင်ယူလိုက်တာနဲ့ ဗီလိန်အမှတ် ၅၀၀၀၀ ချက်ချင်း တိုးလာတာလား။
ပြီးတော့ နောက်က *6 ဆိုတာကရော၊ ဗီလိန်အမှတ်တွေ ဆက်ပြီး ထွက်လာဦးမယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။
ရေရှည်မှာ ထပ်ရဦးမှာပေါ့လေ။
ငါတော့ ရွှေတွင်း တွေ့ပြီ။
ဗီလိန်အမှတ် အမြောက်အမြားရရှိလိုက်သဖြင့်
ချင်းလန်သည် စနစ်မှဆွဲဆောင်မှု အမှတ်အချို့ကို ချက်ချင်း ဝယ်ယူလိုက်သည်။ ကျန်တာတွေကိုတော့ မသုံးဘဲ စုထားပြီးခွန်အား တိုးမြှင့်ဖို့ အသုံးပြုရန် စီစဉ်ထားလိုက်သည်။
ဇာတ်ကောင်: ချင်းလန်။
အသက်: 25
ခွန်အား: 100 (အဆင့်မြှင့်တင်နေဆဲ)
ဆွဲဆောင်မှု: 99
ဗီလိန်အမှတ်: 42500
စွမ်းရည်များ: ရင်းနှီးမှု LV8 (အဖွဲ့လိုက် ရင်းနှီးမှု +80)၊ အဆင့်မြင့် စန္ဒရားတီးခတ်မှု၊ အဆင့်မြင့် လက်ဖက်ရည်ဖျော်စပ်မှု၊ အဆင့်မြင့် အလှအပအာရုံခံစားမှု။
စတိုး: ဖွင့်ထားသည်
ကံစမ်းမဲ: ဖွင့်ထားသည် (တစ်ကြိမ် ကံစမ်းတိုင်း ဗီလိန်အမှတ် ၁၀၀ သုံးစွဲရမည်)
စနစ်သိုလှောင်ခန်း: မစ္စချိုးရဲ့ ဓာတ်ပုံစာအုပ်၊ ချင်ဖုန်း တစ်ရှူး +1၊ မစ္စပိုင် ရဲ့ ဓာတ်ပုံစာအုပ်၊ လျှပ်စစ် ဆေးဘက်ဆိုင်ရာ ကိရိယာ +1...
ဆွဲဆောင်မှု အနည်းငယ်သာ တိုးလာသော်လည်း ၎င်းသည် အမှတ် ၉၈ ပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။ ချင်းလန် သည် သူ့ခန္ဓာကိုယ် တစ်ခုလုံး အေးမြသော ခံစားမှုဖြင့် ဆေးကြောသန့်စင် ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ကျွင်းဇီ ဝင်လာပြီး ချင်းလန် ကို မြင်သောအခါ ခေတ္တမျှ မှင်တက်သွားသော်လည်း အလျင်အမြန် ပြန်လည် သတိဝင်လာသည်။
“သခင်လေး၊ ကျွန်တော့်ကို တစ်ခုခုခိုင်းဖို့ ခေါ်လိုက်တာလား”
ချင်းလန် က စားပွဲထောင့်ကို လက်ချောင်းများဖြင့် ခပ်ဖွဖွ ခေါက်လိုက်ပြီး နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
“မနေ့ညက ပျော်ခဲ့ရဲ့လား အဆင်ပြေခဲ့လား”
ကျွင်းဇီ က လက်နှစ်ဖက်ကို ပွတ်သပ်ပြီး ရယ်မောလိုက်သည်။
“အဆင်ပြေခဲ့ပါတယ် ဟီးဟီး၊ သခင်လေးရဲ့ ကျေးဇူးကြောင့်ပါ၊ မဟုတ်ရင် ကျွန်တော် ဘယ်လောက်ကြာကြာ စောင့်နေရဦးမလဲ မသိဘူး တကယ်ပဲ မန်နေဂျာကျန်း က တကယ့်ကို မယုံနိုင်စရာပဲ။”
“ဒါနဲ့ သခင်လေး၊ ချန်ကျိလျန် မှာ လစဉ်ကြေး ပေးထားတယ် ဆိုပေမယ့် ကျွန်တော်တို့ အမြဲ သွားဖို့ မဖြစ်နိုင်ဘူး။ ကျွန်တော် မန်နေဂျာ ကျန်း နဲ့ ပြောပြီးပြီ၊ ကျွန်တော်တို့ဘိုကင်လုပ်ထားသရွေ့ ကြိုက်တဲ့အချိန် သွားလို့ရတယ်တဲ့။”
ချင်းလန် က လက်ကာပြလိုက်သည်။
“ဒီကိစ္စတွေကို မင်းဘာသာမင်း စီစဉ်လိုက်၊ ငါ့ကို တစ်ခုချင်းစီ လာပြောစရာ မလိုဘူး။”
“ငါတို့ ပျော်ပြီးကြပြီဆိုတော့ အလုပ်ကိစ္စ လုပ်ရဦးမယ်။ ငါ့ဆီမှာ နဂါးနက် အသင်း စခန်း တချို့ရဲ့ နေရာတွေ ရှိတယ်၊ မင်း လူတွေ ခေါ်ပြီး အဲ့ဒီနေရာတွေကို သွားသိမ်းပိုက်လိုက်။”