အခန်း (၃၃) ဉာဏ်ကောင်းတဲ့ကျွင်းဇီ
“အား ငါ့လက် မင်း လူယုတ်မာ မင်းကိုငါသတ်မယ်”
လူထွားကြီးက နာကျင်စွာအော်လိုက်ပြီး ချင်းလန် ကို ကန်ဖို့ ခြေထောက် မြှောက်လိုက်ပေမဲ့ သူ့ရဲ့အမြန်နှုန်းက ချင်းလန် ရဲ့ခွန်အားနဲ့ ဘယ်လို ယှဉ်နိုင်မှာလဲ။
သူတို့နှစ်ယောက်စလုံး ခြေထောက်ချင်း ယှဉ်ကန်လိုက်ကြတော့
“ဒုန်း” ဆိုတဲ့ အသံနဲ့အတူလူထွားကြီးက မြေပြင်ပေါ်ကို တရွတ်တိုက် လွင့်စင်သွားခဲ့သည်။
သေချာ ကြည့်မယ်ဆိုရင် အဲ့ဒီလူထွားကြီးရဲ့ ဘောင်းဘီဒူးခေါင်းနေရာမှာ ဖုဖောင်းနေပြီး အရိုးကျိုးပြီး အဆစ်လွဲသွားပြီဆိုတာကို ပြသနေသည်။
ဘောင်းဘီ ဖုံးထားလို့သာ မဟုတ်ရင် မြင်ကွင်းက လုံးဝ သွေးထွက်သံယို ဖြစ်နေမှာပင်။
ဒီ ဆူညံသံက အဆောက်အအုံထဲမှာရှိနေတဲ့ ပြန်ပေးဆွဲတဲ့သူတွေ အားလုံးရဲ့ အာရုံစိုက်မှုကိုဆွဲဆောင်သွားလေသည်။
မဟုတ်ဘူး သူတို့ကို ပြန်ပေးဆွဲတဲ့သူတွေလို့ မခေါ်သင့်ဘူး သူတို့ကို နဂါးနက်အသင်း ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်တယ်လို့ ပြောသင့်သည်။
မူလက ဒီနေရာကနဂါးနက် အသင်း ရဲ့စခန်းတစ်ခုဖြစ်ပြီး ပိုင်ရှောင်ယွင်ကို ဒီမှာယာယီဖမ်းထားတာဖြစ်လေသည်။
နဂါးနက်အဖွဲ့ကလူတွေ အုံလိုက်ကျင်းလိုက် ပြေးထွက်လာကြပြီး ကြည့်လိုက်တာနဲ့ ဆယ်ယောက်ထက် မနည်းပေ။ ပြီးတော့ တစ်ယောက်ချင်းစီတိုင်းကရက်စက်တဲ့ လူမိုက်တွေချည်းပင်။
“ဒီကောင်က မသင်္ကာစရာပဲ အားလုံးလက်နက်တွေ ကိုင်ကြ”
အရင်ဆုံး ပြေးထွက်လာတဲ့ နောက်ထပ်လူတစ်ယောက်က သတိလစ်နေတဲ့ သူ့အဖော်ကို ကြည့်လိုက်ပြီး ကျောချမ်းသွားပေမယ့် အံကြိတ်ပြီး ပြောလိုက်သည်။
“အတူတူ တိုက်ကြ ဒီကောင် ပိုင်ရှောင်ယွင်ကိုခေါ်သွားခွင့်မပြုနိုင်ဘူး”
ပိုင်ရှောင်ယွင် ကငွေထုပ်ကြီးပင်။
သတ်မှတ်ထားတဲ့ အချိန်အထိသူမကို ဖမ်းထားနိုင်ရင် သူတို့ ပိုက်ဆံအများကြီးရမှာဖြစ်သည်။
သူမကိုကယ်မလို့လုပ်နေတာကို ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ။
လူမိုက်ဆယ်ယောက်ကျော်က ချင်းလန်ဆီကိုတိုးကပ်လာကြပြီး တချို့ကတုတ်တွေ ကိုင်ထားသလို တချို့ကတော့ဓားတွေကို ကိုင်ဆောင်ထားကြလေသည်။ ဒါတွေအားလုံးက မြေအောက်လောကမှာ သုံးနေကျ လက်နက်တွေပင်။
ချင်းလန် မဆင်မခြင် မလုပ်သရွေ့တော့အသတ်မခံရနိုင်ပေမယ့် ခြေလက်တော့အချိုးခံရနိုင်လေသည်။
ဒါပေမဲ့ ရန်သူ့ဘက်က လူအင်အားပိုများနေတာတောင်မှ ချင်းလန်ကလူမိုက်တွေရောက်လာတာကို စောင့်မနေဘဲရှေ့တိုးပြီးအနီးဆုံး လူဆီက တုတ်ကို အားနဲ့ ဆွဲလုလိုက်၏။
အားက ဘယ်လောက်ပြင်းထန်သလဲဆိုရင် တုတ်က အဲ့ဒီလူမိုက်လက်ကနေ လွတ်သွားပြီးရှေ့ကိုယိုင်ကျသွားကာ သူ့နဖူးကိုတုတ်နဲ့ အားပြင်းပြင်းအဆောင့်ခံလိုက်ရတော့ မျက်လုံးတွေပြူးကျယ်သွားပြီး ခွေးသေတစ်ကောင်လို မြေပြင်ပေါ် လဲကျသွားလေသည်။
“မင်းတို့ ဘယ်လိုလုပ်ရဲတာလဲ ငါ့လူကိုတောင် ပြန်ပေးဆွဲရဲတယ် ဒီနေ့ ငါ ချင်းလန်မင်းတို့ကို သင်ခန်းစာ မပေးရင်မင်းတို့က ငါဘယ်သူလဲဆိုတာ ဘယ်တော့မှ သိမှာမဟုတ်ဘူး”
တုတ်ကိုင်ထားတဲ့ ချင်းလန်က ရှေးခေတ်စစ်သူကြီးတစ်ပါးလို ရဲရင့်နေပေသည်။
သူက တုတ်ကိုတစ်ချက်လွှဲလိုက်တိုင်း လူမိုက်တစ်ယောက် လဲလဲကျသွားလေသည်။
ကန်ချက်တစ်ချက်နဲ့ သူကလူတစ်ယောက်ရဲ့ဗိုက်ကို တည့်တည့် ကန်ထည့်လိုက်ရာလွင့်ထွက်သွားလေသည်။
သူ့ရဲ့ ခွန်အားကကြီးမားလွန်းပြီး ဒီလူမိုက်တွေ ယှဉ်နိုင်တဲ့ အရာထက် အများကြီး ကျော်လွန်နေသည်။
ဒါက ပြန်ပေးဆွဲသူတွေက ချင်းလန် ကို အနိုင်ကျင့်ဖို့ ကြိုးစားနေတာ လုံးဝမဟုတ်ဘဲ ရှင်းရှင်းလင်းလင်းကို ချင်းလန် တစ်ယောက်တည်းက ပြန်ပေးဆွဲသူ တစ်အုပ်စုလုံးကို လိုက်ပြီး နှိပ်စက်နေတာပဲ။
သနားစရာကောင်းတဲ့ အော်ဟစ်သံတွေကြားမှာ ပိုင်ရှောင်ယွင် က ဖြန့်ထားတဲ့ လက်ချောင်းကြားကနေ ရှုံးနိမ့်ခြင်းမရှိတဲ့ ချင်းလန် ကို ချောင်းကြည့်နေခဲ့သည်။
သူမ စိတ်ကူးထဲက မင်းသားလေးရဲ့ ပုံရိပ်က ချင်းလန်ရဲ့ပုံစံနဲ့ လုံးဝ ထပ်တူကျနေလေသည်။
ချင်းလန် ရဲ့ရုပ်ရည်ကြောင့် ဖမ်းစားခံထားရပြီးသား ပိုင်ရှောင်ယွင်ကအခု ဒီအခြေအနေကြောင့် ပိုပြီးတောင် အဖမ်းစားခံလိုက်ရလေသည်။
သူမရဲ့အတွေးတစ်ခုလုံး ချင်းလန် ရဲ့ ပုံရိပ်တွေနဲ့ ပြည့်နှက်နေသည်။
“သွားကြစို့။”
ချင်းလန် က ပိုင်ရှောင်ယွင်ရဲ့ နူးညံ့ပြီး အရိုးမရှိသလိုပျော့ပျောင်းတဲ့ လက်ကလေးကို ဆွဲပြီး တံခါးဝဆီ လျှောက်သွားလိုက်သည်။
လမ်းမှာပိတ်ဆို့နေတဲ့ လူတွေကိုတုတ်နဲ့ တစ်ယောက်ပြီးတစ်ယောက် ရိုက်ထုတ်လိုက်ပြီး အခန်းထဲဝင်လာတဲ့သူတွေကိုလည်း နောက်ကို ပြန်ကန်ထုတ်လိုက်လေသည်။
အဆောက်အအုံထဲမှာ နဂါးနက်အသင်းဝင်တွေနဲ့ ပြည့်နှက်နေပြီး လူဘယ်လောက်ရှိလဲဆိုတာ စဉ်းစားကြည့်လို့တောင်မရပေ။
အထူးတပ်ဖွဲ့ဝင်တစ်ယောက်လိုထိပ်တန်း ကျွမ်းကျင်သူတစ်ယောက်တောင်မှ ဒီနေရာကနေ လွတ်မြောက်ဖို့ ခက်ခဲပေလိမ့်မည်။
ချင်းလန် ကတော့ပန်းခြံထဲအပန်းဖြေလမ်းလျှောက်နေသလိုပဲ လုံးဝ သက်တောင့်သက်သာ ဖြစ်နေလေသည်။
ခွန်အားအမှတ် ၁၀၀ ကိုဘာမှတ်လို့လဲ။
သာမန်လူတစ်ယောက်ရဲ့ခွန်အားအမှတ်က ၁၀ ဝန်းကျင်ရှိပြီး အမှတ် ၂၀ ဆိုရင် ထူးကဲတယ်လို့ သတ်မှတ်လို့ရလေပြီ ဒါက လူတစ်ယောက်တည်းက လူနှစ်ယောက်ရဲ့ခွန်အားကို ပေါင်းထားတာနဲ့ ညီမျှလေသည်။
ခွန်အား ၂၀ ရှိတဲ့လူတစ်ယောက်က ခွန်အား ၁၀ ရှိတဲ့ လူနှစ်ယောက်ကို ရင်ဆိုင်ရရင် တိုက်ပွဲကသရေကျသွားမလား။
မဟုတ်ပေ။
ဒါက နှိပ်စက်မှုတစ်ခုပင်။
သူရဲ့ခွန်အား နှစ်ဆတိုးလာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးနဲ့ စွမ်းဆောင်ရည်တွေ အားလုံးက ထပ်ကိန်းနဲ့ တိုးလာပြီး သူရဲ့ ခွန်အားကလည်း ထပ်ကိန်းနဲ့ တိုးလာလေသည်။
လူအင်အားကို ရိုးရိုးလေး နှစ်ဆတိုးလိုက်ရုံနဲ့ ဘယ်လိုလုပ် အစားထိုးနိုင်မှာလဲ။
ဒါက လူကြီးတစ်ယောက်ကို ကလေးနှစ်ယောက်ကဝိုင်းချနေတာနဲ့တူလေသည်။
အခု ချင်းလန်ဆိုရင်တော့ ပြောစရာတောင် မလိုတော့ပေ။ ဒီလူမိုက်အုပ်စုကို ရင်ဆိုင်ရတာက ကလေးတွေ ခွေးတွေနဲ့ တူတူလိုပင် လက်တစ်ချက် လှုပ်လိုက်ရုံနဲ့ကို ချေမှုန်းပစ်နိုင်လေသည်။
သူရဲ့ ပြန်အထွက်က ချောမွေ့နေပြီး အခက်အခဲတစ်ခုမှမတွေ့ခဲ့ပေ အဓိကဂိတ်တံခါးကို ရောက်တဲ့အထိကို ဘယ်သူကမှသူတို့ကို မတားဆီးခဲ့ကြပေ။
သူတို့နောက်မှာတော့ နဂါးနက်အသင်းဝင်တွေ နေရာတိုင်းမှာလဲကျနေကာ သူတို့ရဲ့နာကျင်စွာအော်ဟစ်သံတွေနဲ့ ပဲ့တင်ထပ်နေပြီး လုံးဝအပျက်အဆီးမြင်ကွင်းတစ်ခုကို ချန်ရစ်ခဲ့လေသည်။
“ဒါပဲလား ဒါကို သူတို့ကိုယ်သူတို့ရက်စက်တဲ့ ပြန်ပေးဆွဲသမားတွေလို့ ခေါ်တာလား”
ချင်းလန် က တုတ်ကိုပစ်ထုတ်လိုက်ပြီး ခေါင်းခါကာ မထီမဲ့မြင်ပုံစံနဲ့ ပြောလိုက်ပြီး သူ့ဘေးကအချစ်စိတ်မွှန်နေတဲ့ ကောင်မလေးကို ဆွဲခေါ်သွားလိုက်လေသည်။
သူမက ရှေ့ကိုမကြည့်ဘဲ သူ့ရဲ့မျက်နှာကိုသာစူးစိုက်ကြည့်နေကာ အဆောက်အအုံကနေထွက်လာလေသည်။
အကွာအဝေးတစ်ခုအထိ လမ်းလျှောက်လာပြီးတော့ နောက်ဆုံးမှာစောင့်ဆိုင်းနေတဲ့ ကားရဲ့ နောက်ခန်းထဲကို ဝင်လိုက်တော့သည်။
သူက မီးတွေလင်းထိန်နေတဲ့ အဆောက်အအုံကို လှမ်းကြည့်လိုက်ပြီး နဂါးနက်အသင်းရဲ့စခန်းတစ်ခုကို ဖျက်ဆီးပစ်လိုက်တာဆိုတော့ နဂါးနက်အသင်း ရဲ့ သဘာဝအရ သူတို့ကဒီကိစ္စကိုအလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး။
ဒါ့အပြင် သူကခုနက အရမ်းမောက်မာစွာ ပြုမူခဲ့ပြီး သူ့နာမည်ကိုလဲ ထပ်ခါထပ်ခါပြောခဲ့ကာ ဗီလာထဲမှာလည်း လုံခြုံရေး ကင်မရာတွေလည်း ရှိတာကြောင့်
သူ့ကို သဲလွန်စအမျိုးမျိုးကနေ အလွယ်တကူ ရှာတွေ့နိုင်လေသည်။
ချူကျူအာ
ဟက်...
သူက ဇာတ်လိုက်မင်းသမီးကို လိုက်ရှာစရာ မလိုတော့ပေ ဆန့်ကျင်ဘက်အနေနဲ့ သူမက သူ့ဆီကို ကိုယ်တိုင် လာရှာလိမ့်မယ်။
သူစိတ်ကြည်နူးနေတုန်းမှာပဲ ချင်းလန် က
ပိုင်ရှောင်ယွင် သူ့ကိုဘေးကနေဆွဲနေတာကို ခံစားလိုက်ရပြီး မသိစိတ်နဲ့ လှည့်ကြည့်လိုက်မိသည်။
အဲ့အချိန်မှာ နူးညံ့ပြီး ချစ်စရာကောင်းတဲ့မျက်နှာလေးတစ်ခုက နီးကပ်လာပြီး နှုတ်ခမ်းရဲရဲလေးတွေက ရုတ်တရတ် သူ့နှုတ်ခမ်းကို ဖိကပ်လာခဲ့လေသည်။
ပိုင်ရှောင်ယွင် က လုံးဝအချစ်စိတ် မွှန်နေပြီး
သူမရဲ့ စိတ်တစ်ခုလုံး ဒီနေ့ချင်းလန် ရဲ့အပြုအမူတွေနဲ့ပြည့်နှက်နေခဲ့လေသည်။
သူမ ဆုံးဖြတ်ချက်ချလိုက်ပြီး ချင်းလန် ကသူမရဲ့ မင်းသားလေးပဲ။
သူမက ချင်းလန် ရဲ့ကောင်မလေးအဖြစ် တစ်သက်လုံး နေသွားဖို့ဆန္ဒရှိပြီး သူ့ရဲ့ကောင်မလေး တစ်ယောက်တည်းပဲ ဖြစ်ချင်လေသည်။
အဲ့ဒီ နှုတ်ခမ်းတွေရဲ့အထိအတွေ့က သကြားလုံးလို ချိုမြိန်ပြီး အရမ်းဆွဲဆောင်မှု ရှိတာကြောင့် လွှတ်မပေးချင်တော့ပေ။
အချိန်အတော်ကြာပြီးတော့ ပိုင်ရှောင်ယွင်က နှုတ်ခမ်းကိုခွာလိုက်ပြီး ရှက်ရွံ့နေကာ သူမကခေါင်းကို ဖြည်းဖြည်းချင်းငုံ့လိုက်ပြီး ချင်းလန် ရဲ့ရင်ခွင်ထဲတိုးဝင်လိုက်ကာ
“အစ်ကိုကြီး ကျွန်မကြီးလာရင် အစ်ကို့ရဲ့မိန်းမ လုပ်မယ်နော် ဟုတ်ပြီလား”
ဟု တိုးတိုးလေး ပြောလိုက်သည်။
အတွေ့အကြုံမရှိတဲ့ယာဉ်မောင်းသာဆိုရင် နောက်ခန်းက ခရီးသည်တွေကို ထိုင်ခုံခါးပတ် ပတ်ဖို့ပြောပြီး လမ်းမှာ လုံခြုံရေးက အရေးကြီးဆုံးလို့ ပြောပေလိမ့်မည်။
ကျွမ်းကျင်တဲ့ယာဉ်မောင်း ကျွင်းဇီ ကတော့ နောက်ကြည့်မှန်ကို တိတ်တဆိတ်ရွှေ့လိုက်ပြီး
သီချင်းတချို့ကို ဖွင့်လိုက်လေသည်။
“သူက မင်းရဲ့သတို့သား ဖြစ်လာလိမ့်မယ် ဒီနေ့ကစပြီး သူက မင်းရဲ့ဘဝလက်တွဲဖော် ဖြစ်လာလိမ့်မယ်...”