အခန်း (၃၁) ပိုင်ရူယွီကို စည်းရုံးခြင်း
ချင်းလန် က ဒီအချိန်မှာမူယွီယန် ဘာတွေတွေးနေလဲဆိုတာကို ဂရုစိုက်ဖို့ အချိန်မရှိပေ။ မနေ့က
ပိုင်မိသားစု မှာဖြစ်ခဲ့တဲ့ ကိစ္စကြောင့် ပိုင်ရူယွီက
စားသောက်ပွဲကို တတ်ပါ့မလားလို့ စိုးရိမ်နေခဲ့သည်။
ဒါပေမယ့် အခုပိုင်ရူယွီ တစ်ယောက်တည်းရပ်နေတာကို မြင်တော့ ဒီအခွင့်အရေးကို ဘယ်လိုများ လက်လွတ်ခံနိုင်မှာလဲ။ သူမဆီကိုချက်ချင်း သွားပြီး ပြုံးလိုက်ကာ
“မစ္စပိုင် တိုက်ဆိုင်လိုက်တာ ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီနော်။”
လို့ ပြောလိုက်သည်။
ပိုင်ရူယွီ မျက်မှောင်ကြုတ်လိုက်ပြီး လှည့်ကြည့်လိုက်တော့ အဲ့ဒီနေ့က သူမအိမ်ကို လာခဲ့တဲ့ ချင်းလန် ကို တွေ့လိုက်လေသည်။ သူမက အားယူပြီးပြုံးလိုက်ရင်း ခေါင်းညိတ်အသိအမှတ်ပြုလိုက်ကာ အကြည့်လွှဲလိုက်သည်။
သူမက နှုတ်ဆက်စကား ပြောဖို့ လုံးဝ စိတ်မပါပေ။ သူမ ညီမလေး ပြန်ပေးဆွဲခံရပြီး ခုထိပျောက်ဆုံးနေတုန်းဖြစ်ကာ ဘာသတင်းမှ မရသေးတာကြောင့် သူမရဲ့ နှလုံးသားကစိုးရိမ်ပူပန်နေသည်။သူမ ညီမလေးကို ရှာတွေ့မှသာ စိတ်အေးနိုင်ပေမည်။
ချင်းလန် ကို သူမအမြင်ကောင်းတော့ရှိလေသည်။ ဘာပဲဖြစ်ဖြစ် အဲ့ဒီညကညစာစားပွဲမှာ သူ့ရဲ့စကားတွေက သူမရဲ့ နှလုံးသားကို ထိမိခဲ့တာကြောင့်ပင်။
ဒါပေမဲ့ အခုညီမလေးကို မတွေ့သေးခင်မှာ သူမ တခြားကိစ္စတွေလုံးဝစဥ်းစားလို့မရပေ။ အပြင်လူတွေနဲ့ ဆက်ဆံဖို့မပြောနဲ့၊ သူမရဲ့ ကုမ္ပဏီမှာဖြစ်နေတဲ့ ကိစ္စတွေကိုတောင် အာရုံစိုက်လို့မရသေးပေ။
“မစ္စပိုင်၊ ခင်ဗျားတစ်ခုခု စိုးရိမ်နေပုံပဲ တစ်ခုခု ပြဿနာကြုံနေရတာများလား ကျွန်တော်ကိုပြောကြည့်လေ ကျွန်တော်ကူညီကောင်းကူညီနိုင်လောက်မှာပါ”
ချင်းလန် က ပိုင်ရူယွီ ရဲ့ခပ်စိမ်းစိမ်း အမူအရာကို လုံးဝ သတိမထားမိသလိုအနားကို တိုးသွားလေသည်။
ပိုင်ရူယွီ မျက်မှောင်ကြုတ်လိုက်ပြီး
“သခင်လေးချင်း တောင်းပန်ပါတယ်။ ကျွန်မ ဒီရက်ပိုင်း စိတ်မကြည်နေလို့ နောက်တစ်ခါမှ စကားပြောကြရအောင်လား”
“စိတ်ရှုပ်နေတာလား”
ချင်းလန် က သံသယဖြစ်စွာ
“ဦးလေးပိုင်မှာ တရားမဝင်သား ရှိတယ်ဆိုတာ
မစ္စပိုင် သိသွားလို့များလား”
ဖြတ်ခနဲ ပိုင်ရူယွီ ကလှည့်လိုက်ပြီး ချင်းလန်ကို စူးစိုက်ကြည့်လိုက်ကာ သူမရဲ့ လှပတဲ့မျက်လုံးတွေက ထိတ်လန့်မှုတွေနဲ့ ပြည့်နှက်နေခဲ့သည်။
“ဒါကြောင့် မဟုတ်ဘူး ထင်တယ်”
ချင်းလန် က သူ့ဘာသာသူ ရေရွတ်လိုက်ပြီး
“ဒါမှမဟုတ် ဦးလေးပိုင်က သူ့ရဲ့တရားမဝင်သား အတွက်ငွေပေးဖို့ ကုမ္ပဏီ ရှယ်ယာတွေကို ခိုးပြီး ထုတ်ခဲ့တာကို မစ္စပိုင် တွေ့သွားတာများလား”
ပိုင်ရူယွီ က ကြောက်လန့်တကြားနဲ့ ချင်းလန် ကို လုံးဝ သူစိမ်းတစ်ယောက်လို စိုက်ကြည့်လိုက်သည်။
“ရှင် တခြား ဘာတွေ သိသေးလဲ”
ချင်းလန် ရဲ့ စကားနှစ်ခွန်းက သူမမိသားစုရဲ့ အရှုပ်တော်ပုံတွေ အားလုံးကို တိုက်ရိုက်ဖော်ထုတ်လိုက်လေသည်။
ဟုတ်ပေသည်။ ပိုင်ရှောက်ချွမ်မှာ တရားမဝင် ကလေးတစ်ယောက် ရှိလေသည်။ ပြီးတော့ သူက အရွယ်ရောက်ခါနီး ယောက်ျားလေးတစ်ယောက်ဖြစ်ပြီး ပိုင်ရှောင်ယွင် ထက်တောင်နှစ်အနည်းငယ် ပိုကြီးလေသည်။
ဒါက ဘာကို ဆိုလိုတာလဲဆိုတော့ သူမရဲ့ အမေ
မဆုံးခင်ကတည်းက သူမအဖေမှာ မယားငယ် ရှိနေခဲ့တယ်လို့ ဆိုလိုတာပဲ။
အခု အဲ့ဒီသား အတွက်သူက ကုမ္ပဏီကနေ တိတ်တဆိတ်တောင် မဟုတ်ဘဲ ပေါ်ပေါ်တင်တင်ကြီးကို ငွေတွေထုတ်နေပြီး အဲ့ဒီ တရားမဝင်သားကို အမွေတွေပေးချင်နေတာပင်။
ပြီးတော့ ဒီကိစ္စတွေက ပိုင်မိသားစု ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေချည်းပဲ ပိုင်ရှောင်ယွင်
နဲ့ ကုမ္ပဏီကရာထူးကြီးတွေတောင် မသိကြပေ။
ပိုင်ရူယွီ သာ မတော်တဆ မတွေ့ခဲ့ရင် သူမလည်းပဲ
ဆက်အလိမ်ခံနေရ ဦးမှာပင်။
ဒါကြောင့်ပဲ ပိုင်ရူယွီကအရင်က ဖခင်ရဲ့ ခပ်စိမ်းစိမ်း ဆက်ဆံတာကို ခံရတဲ့အခါ သူ့ရဲ့စွမ်းရည်တွေကို သက်သေပြချင်လို့ ကြိုးစားပြီး တိုးတက်ဖို့ အားထုတ်ခဲ့ရတာဖြစ်သည်။
ဒါကြောင့်ပဲ သူမအဖေကမိန်းမတွေက ယောက်ျားတွေထက် နိမ့်ကျတယ်လို့ ပြောတိုင်း သူမ ဒေါသထွက်ရတာပင်။
အဲ့ဒီ တရားမဝင်သားကြောင့်ပဲ ပိုင်ရူယွီ ရဲ့ ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲသွားသလို ခံစားခဲ့ရတာ။
စီးပွားရေးလောကမှာ သမာသမတ်ကျတယ် တာဝန်ယူတတ်တယ် ပြီးတော့ ဇနီးနဲ့သားသမီးတွေကို ချစ်မြတ်နိုးပြီး ဆယ်နှစ်ကျော်ကြာတောင် အိမ်ထောင်ထပ်မပြုခဲ့တဲ့ အဖေက အမေ မဆုံးခင်ကတည်းက ဖောက်ပြန်ခဲ့တယ်ဆိုတာကို ဘယ်သူ ထင်ထားမိမှာလဲ။
အခု အဲ့ဒီမယားငယ်ရဲ့သားအတွက် သူမရဲ့
အမေတစ်ချိန်က ကြိုးစားအားထုတ်ခဲ့တဲ့ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေ အပါအဝင် မိသားစုပိုင်ဆိုင်မှုတွေကို
အလွဲသုံးစားလုပ်နေတာ။
“ဒီကိစ္စတွေ အားလုံးကို ရှင် ဘယ်လို သိတာလဲ”
ပိုင်ရူယွီ က ထိတ်လန့်တကြားဖြစ်နေကာ သူမနဲ့ ပတ်သက်တဲ့ အရာအားလုံးကို တစ်ခုမကျန် ထွင်းဖောက်အကြည့်ခံလိုက်ရသလိုပင်။
သူမက ချင်းလန် ကို သတိထားတဲ့ အမူအရာနဲ့ စိုက်ကြည့်နေခဲ့လေသည်။
ချင်းလန် က ပခုံးတွန့်လိုက်ပြီး
“မစ္စပိုင် မကြောက်ပါနဲ့။ ကျွန်တော်တကယ်တော့ နည်းနည်းလေးပဲ သိတာပါ။ ဥပမာအားဖြင့် ခင်ဗျားရဲ့ ညီမလေး ပြန်ပေးဆွဲခံရတာကို ကျွန်တော်မနေ့
နေ့လည်ပိုင်းကမှ သိလိုက်တာ။”
နေ့လည်ပိုင်း....
ပိုင်ရူယွီက သူမရဲ့ညီမလေး ပြန်ပေးဆွဲခံရတာကိုအဲ့ဒီနေ့ ညနေပိုင်းကျမှ ထူးဆန်းတဲ့ဖုန်းခေါ်မှုတစ်ခု ရမှ သိခဲ့ရတာ။
ဒါပေမယ့် ချင်းလန်ကနေ့လည်ကတည်းက သိခဲ့တာလား။
“ရှင် ဘာလိုချင်တာလဲ ယွင်ယွင် ကိုထိခိုက်အောင်မလုပ်ပါနဲ့ ရှင် ယွင်ယွင် ကိုမထိခိုက်သရွေ့ ရှင်တောင်းဆိုတဲ့ တောင်းဆိုမှုမှန်သမျှ ကျွန်မဖြည့်ဆည်းပေးနိုင်တယ်။”
ပိုင်ရူယွီ ကမသိစိတ်ကနေ ချင်းလန် ကိုအရာအားလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူလို့ သတ်မှတ်လိုက်လေသည်။
မဟုတ်ရင် သူမထက်အရင် သူ့ညီမပြန်ပေးဆွဲ ခံရတာကို ဘယ်လိုလုပ်သိမှာလဲ။
သူမတောင် သတင်းမရသေးခင် သူကသတင်းရခဲ့တာလား။
ဒီကောင်က ပိုင်မိသားစု အကြောင်းအများကြီး သိနေတာမဆန်းပါဘူး၊ သူ ဒါကိုအချိန်အကြာကြီး စီစဉ်နေခဲ့တာကိုး။
“မစ္စပိုင် ဒီလောက် ထိတ်လန့်စရာလိုလို့လား ခင်ဗျားရဲ့ညီမလေးကိစ္စက ကျွန်တော့်နဲ့ လုံးဝ မဆိုင်ဘူး”
ချင်းလန်ကခါးခါးသီးသီး ပြုံးလိုက်ပြီး
“ဒါ့အပြင် ခင်ဗျားကိုယ့်ဘာသာကိုယ် သိပြီးသား မဟုတ်ဘူးလား ဘာလို့ ကျွန်တော့်ကို ဒီအပြစ်တွေ ပုံချဖို့ ကြိုးစားနေရတာလဲ”
ပိုင်ရူယွီ လို ထက်မြက်ပြီးဉာဏ်ကောင်းတဲ့သူက ဒီလို သေးငယ်တဲ့ လှည့်ကွက်မျိုးကို မမြင်နိုင်ဘူးလို့ သူ မယုံကြည်နိုင်ပေ။ဒါမှမဟုတ် သူမ မသိချင်ယောင်ဆောင်နေတာလား။
ပိုင်ရူယွီ က အသက်ပြင်းပြင်းရှူလိုက်ပြီးသူမရဲ့ နှလုံးသားက တဒိတ်ဒိတ် ခုန်နေခဲ့သည်။ သူမက ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး ချင်းလန် ကို စိုက်ကြည့်လိုက်ကာ
“ရှင် မသိသင့်တဲ့အရာတွေ အများကြီးသိနေပြီဆိုတော့ ယွင်ယွင်ကို ဘယ်မှာဝှက်ထားတယ်ဆိုတာရော သိလား”
ချင်းလန် က ခေါင်းညိတ်လိုက်ပြီး
“သိရုံတင်မကဘူး၊ သူမကို ကယ်ပေးနိုင်တယ်။”
“ရှင် ဘာလိုချင်လဲ ရှင် ယွင်ယွင် ကို ကယ်ပေးနိုင်သရွေ့ ရှင် တောင်းဆိုတဲ့ တောင်းဆိုမှု မှန်သမျှ ကျွန်မ ဖြည့်ဆည်းပေးမယ်”
ပိုင်ရူယွီ ကပြတ်သားတဲ့ အမူအရာနဲ့ ပြောလိုက်သည်။
ပြန်ပေးဆွဲတဲ့သူက ချင်းလန် ဖြစ်သည်ဖြစ်စေ၊ သူမ
မတွေးချင်တဲ့ တစ်စုံတစ်ယောက် ဖြစ်သည်ဖြစ်စေ ဂရုမစိုက်တော့ပေ။
သူမ ညီမလေးကို ကယ်ဆယ်ဖို့အတွက်ဆို ဘာမဆို ပေးဆပ်ဖို့ သူမ ဆန္ဒရှိလေသည်။
ချင်းလန် ကကွေ့ပတ်မနေတော့ပဲ တိုက်ရိုက်ပြောလိုက်တယ်
“ငါ မင်းကို လိုချင်တယ်”
ပိုင်ရူယွီ မတုံ့ပြန်ခင်မှာပဲသူက အလေးအနက်ဆက်ပြောလိုက်သည်။
“ပိုင်မိသားစုကုမ္ပဏီကနောက်ဆုံးမှာတော့ မင်းအဖေရဲ့ စီးပွားရေးပဲ။မင်းဘယ်လောက်ပဲ ကိုယ့်ကိုယ်ကို သက်သေပြဖို့ ကြိုးစားပါစေ မင်းအဖေရဲ့ဆန္ဒကို ကျော်လွန်နိုင်မှာ မဟုတ်ဘူး။ မင်းအဖေက ကုမ္ပဏီကို မင်းကို လွှဲပေးဖို့ရည်ရွယ်ထားရင် မင်းဆီကနေ ဒီလောက်အကြာကြီး လျှို့ဝှက်ထားမှာ မဟုတ်ဘူး။”
“သူက ဒီလိုအချိန်မျိုးမှာ ကုမ္ပဏီက ငွေသားတွေထုတ်တာက သူ့သားက မင်းကို မယှဥ်နိုင်ဘူးဆိုတာသိလို့ပဲ သူသေသွားရင် သူ့သားက ဘာတစ်ခုမှမရမှာစိုးလို့လေ”
“ဒါကြောင့် သူကရိုးရိုးရှင်းရှင်းငွေထုတ်ပြီး သူ့သားအတွက်ပိုက်ဆံတချို့ ချန်ထားပေးခဲ့တာ”
ပိုင်ရူယွီ ရဲ့ ပုံစံကနူးညံ့သိမ်မွေ့ပုံရပေမယ့်
တကယ်တော့ သူမက စီးပွားရေးလောကမှာ အလွန်ရက်စက်တဲ့ သူတစ်ယောက်ပင်။
သူမက အလွန်ပြတ်သားပြီး တချို့ယောက်ျားတွေထက်တောင် ပိုပြီး ရက်စက်လေသည်။
သူမအဖေက သူ့ရဲ့တရားမဝင်သား အတွက် နှစ်ပေါင်းများစွာ လုပ်ပေးခဲ့တဲ့အရာတွေကို ကြည့်ပြီး ပိုင်ရူယွီ က အဲ့ဒီတရားမဝင်သားကို အသက်ထိခိုက်အောင် မလုပ်ရင်တောင် ပိုင်မိသားစု ကနေ ပိုက်ဆံတစ်ပြားတောင်မရအောင်တော့ လုပ်ပေလိမ့်မည်။
ချင်းလန် လိုအပြင်လူတစ်ယောက်ကတောင် သူ့ကို
ဒီလောက် ကောင်းကောင်း သိနေရင် ပိုင်ရူယွီ ရဲ့
မွေးဖခင်က ဘယ်လောက်တောင် ပိုသိနေမလဲ။
သူက သူသေပြီးရင် ဖြစ်လာမယ့် အရာတွေကို ကြိုတင် စဥ်းစားထားပြီးလေပြီ။
ချင်းလန် က အတွေးနက်နေတဲ့ပိုင်ရူယွီ ကိုကြည့်လိုက်ပြီး ဆွဲဆောင်တဲ့လေသံနဲ့ ပြောလိုက်သည်။
“ဒါဆို ဘာလို့ ငါနဲ့ ပူးပေါင်းဖို့ မလုပ်တာလဲ မင်းရဲ့ အရည်အချင်းတွေကို အပြည့်အဝအသုံးချနိုင်ဖို့ လုံလောက်တဲ့နေရာကို ငါပေးနိုင်တယ်လို့ အာမခံတယ်။”
“ဒါ့အပြင် ငါ့ကုမ္ပဏီအတွင်းက အာဏာအားလုံးကို
မင်းကိုလွှဲပေးမယ်၊ မင်းလုပ်တဲ့ ဘယ်ဆုံးဖြတ်ချက်ကိုမှ ဝင်မစွက်ဖက်ဘူး။ မင်းကုမ္ပဏီအတွင်းမှာ လုံးဝ အာဏာပိုင်လိမ့်မယ် မင်းရဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်သူမှ မနာခံဘဲ မနေနိုင်ဘူး။”
“အကျိုးအမြတ်ကတော့ 60:40 ဒါမှမဟုတ် 50:50 ပေါ့”
သူမရှေ့က စိတ်အားထက်သန်နေတဲ့ ချင်းလန် ကို ကြည့်လိုက်တော့ ပိုင်ရူယွီ က ကောင်းကင်ကနေ ကျလာတဲ့ ပိုင်မုန့်ကို ရလိုက်သလိုပဲခံစားလိုက်ရလေသည်။
သူမက သံသယဖြစ်စွာ
“အာဏာကိုအပြည့်ပေးရင်ရှယ်ယာတွေကို ရောင်းပြီး ကုမ္ပဏီကိုသိမ်းလိုက်မှာကို မကြောက်ဘူးလား”
ချင်းလန် က ပခုံးတွန့်လိုက်ပြီး
“ငါယုံကြည်ဖို့ ရွေးလိုက်ပြီပဲ အကယ်၍ ဒီလိုဖြစ်ခဲ့ရင်တောင် ဒါက ငါ့ရဲ့ အမှားပဲ၊ မင်းနဲ့ ဘာမှ မဆိုင်ဘူး ဒါပေမယ့် ငါမင်းကို လုံးဝယုံကြည်တယ်”
သူက ပိုင်ရူယွီ ကို ကောင်းကောင်း သိသည်။ သူမအပေါ် နည်းနည်းလေး ကောင်းခဲ့ရင်တောင် သူမက အနာဂတ်မှာ ဆယ်ဆ ဒါမှမဟုတ် အဆတစ်ရာ ပြန်ကောင်းပေးလိမ့်ပေမည်။
ဒီလိုမျိုး အချစ်နဲ့ အမုန်းကို ရှင်းရှင်းလင်းလင်း ခွဲခြားတတ်တဲ့ ဇာတ်လိုက်မင်းသမီးတစ်ယောက် ရှိနေတာကို ချင်းလန် ဘာများ စိုးရိမ်စရာရှိဦးမှာလဲ။
ကုမ္ပဏီကို သိမ်းတာလား။
ပိုင်ရူယွီ က ဒီလို ကျေးဇူးကန်းတဲ့ အလုပ်မျိုးလုပ်မယ့်သူ မဟုတ်ဘူးဆိုတာကို ခဏထားလိုက်ဦး၊ သူမ လုပ်ခဲ့ရင်တောင် ဘာဖြစ်လဲ။
သူမက မြို့ငယ်လေးကကုမ္ပဏီ ဥက္ကဋ္ဌ တစ်ယောက်ပဲ ရှိသေးတယ်၊ သူမရဲ့ စီးပွားရေးအင်ပါယာကိုတောင် မတည်ဆောက်ရသေးဘူး။
ဘယ်လို ဒုက္ခကို ပေးနိုင်မှာမလို့လဲ။
မှန်ပေသည်။ ဒါက သူ တကယ်တွေးနေတာဖြစ်ပြီး အပြင်မှာတော့ သူမကို အပြည့်အဝ ယုံကြည်ကြောင်း ပြရမည်ပင်။
“ကျွန်မ ဒါကိုစဉ်းစားဖို့လိုတယ်။ ယွင်ယွင်ကိုပြန်တွေ့ တဲ့အခါ ကျွန်မ ရှင့်ကို အဖြေပေးပါ့မယ်၊ ကောင်းပြီလား”
ပိုင်ရူယွီ က စိတ်လှုပ်ရှားနေတာကြောင့် ချက်ချင်း ပြန်မဖြေဘဲအချိန်ခဏယူလိုက်လေသည်။
တစ်ဖက်မှာ ချင်းလန် ကမသိသင့်တဲ့အရာတွေ အများကြီးကို သိနေတာက သူမကို အံ့ဩစေပြီး နောက်တစ်ဖက်မှာတော့ သူက သူမအပေါ် ထားရှိတဲ့ လွန်ကဲတဲ့ ယုံကြည်မှုကြောင့် သူမကလုံးဝလက်တွေ့မကျဘူးလို့ ခံစားနေရလေသည်။