အခန်း (၂၃) မိဘမဲ့ဂေဟာကိုဖျက်ဆီးခြင်း
ပိုင်မိသားစုအိမ်မှာ မနက်စာ စားပြီးတော့
ပိုင်ရှောက်ချွမ်ရဲ့
“တူလေး၊ နောက်အားရင် အိမ်ကို မကြာမကြာ လာလည်ပါဦး”
ဟူသော ဟန်ဆောင်ဖိတ်ခေါ်မှုတွေကြားထဲကနေ
ချင်းလန်သည် ကားနောက်ခန်းထဲသို့ ဝင်ရောက်လိုက်လေသည်။
ကားမောင်းထွက်သွားပြီးတော့ ကျွင်းဇီက စိတ်လှုပ်ရှားစွာဖြင့်
“သခင်လေး၊ အခုကစပြီး ကျွန်တော် သခင်လေးကိုပဲ အရာရာ မှီခိုတော့မယ်ဗျာ” ဟု ရေရွတ်လိုက်သည်။
ပိုင်မိသားစုသည် ထျန်ဟိုင်မြို့တွင် အရှိန်အဝါကြီးတဲ့ မိသားစုဖြစ်တဲ့အပြင် ပိုင်ရှောက်ချွမ်ကလည်း
ငယ်ငယ်တည်းက ကြိုးစားခဲ့ပြီး အခုအခါတွင် ပိုင်ဆိုင်မှု တန်ဖိုးမှာ ဆယ်ဘီလီယံနှင့်ချီ၍ ရှိနေပြီဖြစ်သည်။
“သခင်လေးက တစ်ခေါက်တည်းနဲ့ပဲ ပိုင်ရှောက်ချွမ်ကိုဆွဲဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော် လုံးဝမထင်ထားခဲ့မိဘူး”
ဟု ကျွင်းဇီကပြောလိုက်လေသည်။
“ဆွဲဆောင်တယ်”
ချင်းလန်က နှာခေါင်းရှုံ့လိုက်ပြီး
“ပိုင်ရူယွီလို အလှလေး မျိုးကိုမှ ဆွဲဆောင်နိုင်တယ်လို့ ခေါ်နိုင်တာ။ ပိုင်ရှောက်ချွမ်လို အဘိုးကြီးမျိုးကိုတော့ အများဆုံး ခေါ်နိုင်တာက လက်အောက်ကို သွတ်သွင်းတာပဲ”
ဟုပြောလိုက်သည်။
“နောက်ပြီး၊ မင်းက ပိုင်ရှောက်ချွမ်နဲ့ ငါနဲ့က တကယ်ပဲ အဆင်ပြေနေတယ်လို့ ထင်နေတာလား။ သူ့ရဲ့ခင်မင်နေတဲ့ ပုံကိုကြည့်ပြီး မယုံနဲ့။ သူက ငါ့ကိုသူ့ဆီကနေ အတတ်နိုင်ဆုံး ဝေးဝေးနေစေချင်နေတာပဲ ဖြစ်လိမ့်မယ်”
“ပိုင်ရှောက်ချွမ်တဲ့လား ဒီနာမည်က သိပ်မကောင်းဘူး ငါ့အထင်တော့ သူ့ကို ညစ်ပတ်တဲ့ အဖိုးကြီး လို့ နာမည်ပြောင်းသင့်တယ်”
ဟု ချင်းလန်က ပြက်ရယ်ပြုလိုက်သည်။
ကျွင်းဇီမှာ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်လိုက်မိသည်။
ပိုင်ရှောက်ချွမ်က အရမ်းကို ဂရုစိုက်ရှိပြီး ယဉ်ကျေးခဲ့သော်လည်း သခင်လေးကတော့ ထုံးစံအတိုင်းပင်။
ပိုင်ရှောက်ချွမ်ရှေ့မှာတော့သူက အကြီးအကဲ ကို ရိုသေလေးစားတဲ့ အငယ်တစ်ယောက်လို ပြုမူခဲ့ပေမယ့် အိမ်အပြင်ကိုရောက်တာနဲ့ ပိုင်ရှောက်ချွမ်ရဲ့ နာမည်ကို ညစ်ပတ်တဲ့အဖိုးကြီး အဖြစ်ပြောင်းလိုက်လေပြီ။
မည်သို့ပင်ဆိုစေ သူသတိထားမိသည်မှာ သခင်လေးသည် မကြာသေးခင်က အများကြီး ပြောင်းလဲသွားခဲ့လေသည်။ မျက်နှာက ပြုံးနေပေမယ့် စိတ်ထဲမှာတော့ ကျိန်ဆဲချင် ကျိန်ဆဲနေပေလိမ့်မည်။
ကျွင်းဇီက ချောင်းဟန့်လိုက်ပြီး အလေးအနက်အမူအရာဖြင့်
“သခင်လေး၊ သခင်လေး စုံစမ်းနေတဲ့ သွေးဝံပုလွေ အဖွဲ့က ထျန်ဟိုင်မြို့ကို ရောက်နေပါပြီ။ စုရှောင်းရှောင်းရဲ့ အခြေအနေကလည်း ပုံမှန်မဟုတ်ဘူး ဖြစ်နေတယ်”
ဟု ပြောလိုက်လေသည်။
စုရှောင်းရှောင်းသည် ရဲ့ဖန်နှင့် ဆက်သွယ်ခဲ့မည်မှာသေချာပေသည်။ ဒါပေမယ့် စုရှောင်းရှောင်းရဲ့ အခြေအနေအရ သူမရဲ့ စကားပြောမှတ်တမ်းကို အဆင်ပြေပြေ စစ်ဆေးလို့မရပေ။
သွေးဝံပုလွေအဖွဲ့သည် ပြည်ပတွင် တည်ထောင်ထားသော အဖွဲ့တစ်ခု ဖြစ်ပြီး ၎င်း၏စွမ်းအားသည် အလွန်အမင်း ကြီးမားခြင်း မရှိသော်လည်း
ရှုပ်ထွေးနေသော အာဖရိကတိုက်တွင် နေရာတစ်ခုတော့ရထားလေသည်။
ရဲ့ဖန်သည် ထိုအဖွဲ့၏ တည်ထောင်သူဖြစ်ပြီး နာမည်မှာလည်းကျော်ကြားလေသည်။
ဟုတ်ပါတယ်၊ ဒါက ပြည်ပမှာဆိုရင်ပေါ့။
ဟွာရှကို ပြန်ရောက်တာနဲ့ ကျားတစ်ကောင်ဆိုရင်တောင်မှ ဝပ်နေရပြီး နဂါးတစ်ကောင်ဆိုလျှင်လည်း ကုပ်နေရမည်ပင်။
သွေးဝံပုလွေအဖွဲ့လား။
AK47 လား။
ဟွာရှထဲကို ဝင်လာတာနဲ့ သွေးဝံပုလွေအဖွဲ့က သေနတ်တွေ မယူနိုင်တော့ဘဲ သူတို့ရဲ့ ခွန်အားက အနည်းဆုံး ၁၀% လျော့ကျသွားပေလိမ့်မည်။
အများဆုံးအနေနဲ့ သူတို့ဟာ လက်နက်မပါတဲ့ အထူးတပ်ဖွဲ့ဝင်တွေနဲ့ ညီမျှရုံသာ ရှိပြီး ဘာပြဿနာမှ ဖန်တီးနိုင်မည် မဟုတ်ပေ။
သို့သော် ရဲ့ဖန် ပြန်လာဖို့ တစ်လခွဲကျော်ကျော်ကျန်နေသေးတာကြောင့် သွေးဝံပုလွေအဖွဲ့ဝင်များသည် ဤအချိန်တွင် ထျန်ဟိုင်မြို့မှာ ရှိမနေသင့်ပေ။ သူဇာတ်လမ်းကို ပြောင်းလဲပစ်လိုက်တာကြောင့်
ရဲ့ဖန်၏ ပြန်လာတာကို စောစေခဲ့တာလား။
“ထပ်စုံစမ်းထား.... ပြီးတော့ ချိုက်ယုံလည်း ရှိသေးတယ်၊ သူ့ကို…”
ချင်းလန်သည် နောက်လုပ်ဆောင်ရမည့်အရာများကို စနစ်တကျ ညွှန်ကြားလိုက်သည်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူရိုက်နှက်ခဲ့သော ချိုက်ယုံသည် နည်းလမ်းအမျိုးမျိုးဖြင့် သူ့ဆီလာရောက် တောင်းပန်ခဲ့ပြီး သူထိုက်တန်အောင်ပြန်ပေးဆပ် မည်ဟုပြောခဲ့လေသည်။
အခုက အိမ်ခြံမြေကုမ္ပဏီက လူတွေလိုနေတာနဲ့ အတော်ပဲ အလကား ရမယ်ဆိုရင် ဘာလို့ မယူရမှာလဲ။
မဟုတ်ဘူး၊ အခြေအနေအရ
သူကဘယ်လိုလုပ် အလကားယူတာ ဖြစ်နိုင်မှာလဲ။
ချိက်ယုံ ကသူ့ကို ပြန်အလျော်ပေးတာပဲလေ။
“ငါတို့မှာ လူအင်အား မလုံလောက်သေးဘူး”
ချင်းလန်သည် ထိုင်ခုံပေါ်သို့ မှီချလိုက်ပြီး လေကို ရှိုက်သွင်းလိုက်ကာ ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်သည်။
ရဲ့ဖန်မှာ သွေးဝံပုလွေအဖွဲ့လို အဖွဲ့အစည်းမျိုး
ရှိနေပေမယ့် သူ့ဘေးမှာတော့ ကျွင်းဇီလိုကိုယ်ရံတော် အယောက်အနည်းငယ်သာ ရှိလေသည်။သူလူတွေ ထပ်တိုးဖို့ လိုနေလေပြီ။
ထိုညတွင် ကောင်းကင်မှာ ကြယ်တွေ တလက်လက်တောက်ပနေလေ သည်။
စုရှောင်းရှောင်းသည် အနက်ရောင် ပိုးသားဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ သွယ်လျသော ခန္ဓာကိုယ်ကို ထင်းခနဲ ပေါ်လွင်နေလေသည်။
သူမသည် မိဘမဲ့ဂေဟာကို သွားတဲ့လမ်းမှာ အတွေးများဖြင့် ရှုပ်ထွေးနေလေသည်။
ရှောင်းဖန်းသည် ဒီကို ပြန်ရောက်လာခဲ့ပြီး သူ့ပြောတဲ့
စကားတွေက တစ်မျိုးဖြစ် နေလေသည် အဲ့ဒါက သခင်လေး မျှော်လင့်ထားသလိုပင်။
ဒါ့အပြင်၊ သူသည် သူမနှင့် တွေ့ဆုံရန် လူတစ်ဦးကို စေလွှတ်ခဲ့သေးသည်။
သူမ သွားတွေ့သင့်လား။
တစ်ဖက်တွင် သူမ ငယ်စဉ်ကတည်းက ကာကွယ်ခဲ့သော သူမ၏ မောင်ငယ်၊ အခြားတစ်ဖက်တွင်မူ ညတိုင်း သူမရဲ့အိပ်မက်ထဲကိုဝင်လာတဲ့ သခင်လေး ဖြစ်လေသည်။
ဘယ်ဘက်ကိုမဆို ရွေးရခက်နေသည်။
ရှောင်းဖန်း ရဲ့စကားတွေက တစ်မျိုးဆိုပေမယ့် သူမကပဲ အလွန်အကျွံ စဉ်းစားနေတာများ ဖြစ်နိုင်မလား။
အဆိုးဆုံးအနေကတော့
သူတို့ တကယ်ပြန်တွေ့တဲ့အခါ ရှောင်းဖန်းကို
အခြေအနေတွေကို သေသေချာချာ ရှင်းပြပြီး သူမက သူ့ကို မောင်တစ်ယောက်လိုပဲ အမြဲသဘောထားကြောင်း ပြောပြရမည်ပင်။
စဉ်းစားပြီးနောက် စုရှောင်းရှောင်း၏ မျက်နှာပေါ်တွင် တဖြည်းဖြည်း အပြုံးတစ်ခု ပေါ်လာပြီး
“အဲ့ကောင်လေး ရှောင်းဖန်း၊ အခု သူချမ်းသာသွား
ပြီဆိုတော့ ပိုပြီးရဲရင့်လာပြီ။ အရင်တုန်းက ငါ့ကို အစ်မစုလို့ ခေါ်ခဲ့တာ၊ ဒါပေမဲ့ အခုတော့ရိုင်းလာပြီး ရှောင်းရှောင်းလို့တောင် ခေါ်နေပြီ”
ဟု ဆူပူလိုက်သည်။
မိဘမဲ့ဂေဟာကျောင်းအုပ် ကဘာလို့ ဒီလောက်ညဉ့်နက်တဲ့ အချိန်ကြီးမှ သူမကို ခေါ်လိုက်တာလဲ၊ ပြီးတော့ ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေတဲ့ အသံမျိုးနဲ့ ပြောနေ တာလဲ မသိဘူး။
သိချင်စိတ်ကြောင့် စုရှောင်းရှောင်းသည် သူမ၏ ခြေလှမ်းကို နည်းနည်းမြန်လိုက်ပြီး မိဘမဲ့ဂေဟာသို့ ရောက်ရှိလာခဲ့လေသည်။
ထို့နောက် စုရှောင်းရှောင်းသည် သူမရှေ့ကမြင်ကွင်း ကို မြင်လိုက်ရသောအခါအလွန် အံ့အားသင့်သွားလေသည်။
နေရာတိုင်းတွင် အပျက်အစီးများနှင့် ပြည့်နှက်နေပြီး
မိဘမဲ့ဂေဟာရဲ့ တစ်ဝက်ခန့်သာကျန်ရှိတော့လေသည်။
ဝင်ပေါက်အနီးတွင် ထောင်ထားသော နေရောင်ခြည် မိဘမဲ့ဂေဟာ ဟူသည့်ဆိုင်းဘုတ်မှာလဲ နှစ်ပိုင်း ဆုတ်ဖြဲခံထားရပြီး မြေပြင်ပေါ်တွင် ပျက်စီးလျက် ရှိနေလေသည်။
ဘာတွေ ဖြစ်နေတာလဲ။
မိဘမဲ့ဂေဟာကို ဖျက်ဆီးနေတာလား။
“ရှင် ဘယ်သူလဲ ဘာလုပ်နေတာလဲ နေရောင်ခြည် မိဘမဲ့ဂေဟာကို ဖြိုချဖို့ ရှင်မှာဘာအခွင့်အရေး ရှိလို့လဲ။ ဒါက တရားမဝင်ဘူး”
စုရှောင်းရှောင်းသည် ပြေးသွားပြီး ညွှန်ကြားနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကို ဆွဲကိုင်ကာ ကျယ်လောင်စွာ မေးမြန်းလိုက်၏။
အိမ်ခြံမြေကုမ္ပဏီတွေက နေရောင်ခြည် မိဘမဲ့ဂေဟာကို လိုချင်နေတာ ကြာပြီမှန်း သူမသိထားလေ သည်။
ဒါပေမယ့် လျော်ကြေးကို သဘောမတူသေးဘဲ စာချုပ်မှာလဲ လက်မှတ်မထိုးရသေးပေ။ဘာကြောင့်ဆို အိမ်ခြံမြေကုမ္ပဏီက ပေးသည့် ပိုက်ဆံသည် မိဘမဲ့ဂေဟာ တစ်ဝက်ကိုပင် ဆောက်လုပ်ရန် လုံလောက်မှု မရှိပေ။
အခုလို ဖြိုပစ်လိုက်ပါက ကလေးတွေ သွားစရာ နေရာမရှိတော့ပေ။
“မင်း ဘယ်သူလဲ။ ဒီကို ဘာလာလုပ်တာလဲ။ ဖြိုနေတာ မမြင်ဘူးလား”
ထိုဆောက်လုပ်ရေးလုပ်ငန်းရှင်သည် မျက်မှောင်ကြုတ်လိုက်ပြီး
“ငါ့ကို လာမပြောနဲ့။ ငါက အလုပ်လုပ်နေတဲ့ အလုပ်သမားပဲ မင်းက အဲဒီလောက်တားချင်နေရင် သူဌေးချင်း ကို သွားရှာလိုက်။ ဖြိုချဖို့ အမိန့်ပေးခဲ့တာ သူဌေးချင်းပဲ” ဟု ပြောလိုက်လေသည်။
သူဌေး ချင်းတဲ့လား။
“ဘယ်က သူဌေးချင်းလဲ”
ဟု
စုရှောင်းရှောင်းက မခံမရပ်နိုင်ပဲ ပြန်ပြောလိုက်သည်။
နေရောင်ခြည် မိဘမဲ့ဂေဟာသည် သူမ၏ ငယ်ဘဝ အမှတ်တရများနှင့် ပြည့်နှက်နေလေသည်။
ပြီးတော့
သူမသည် ကျေးဇူးဆပ်ချင်တာကြောင့် ပိုက်ဆံ ရှာပြီး ကလေးတွေအတွက် အိမ်ဆောက်ပေးမယ်လို့တောင် ဆုံးဖြတ်ထား လေသည်။
ဒါပေမယ့် အခုတော့ သူမရှေ့ကအပျက်အစီးတွေကို ကြည့်လိုက်တဲ့အခါ စုရှောင်းရှောင်းသည် သူမ၏ အိပ်မက် ခဏအတွင်းမှာ ပျက်စီးသွားသလို ခံစားလိုက်ရသည်။
ခေါင်းဆောင်ကစိတ်ပျက်စွာ မျက်လုံးများကို လှန်လိုက်ပြီး
“ချင်း ရင်းနှီးမြုပ်နှံမှုကုမ္ပဏီရဲ့ သူဌေး ချင်းလန်ပဲ လမ်းပိတ်မနေနဲ့ ဖယ်လိုက်တော့” ဟု ပြောလိုက်လေသည်။
တွန်းထုတ်ခံရတာကြောင့် လဲသွားသော စုရှောင်းရှောင်း၏ လှပသော မျက်လုံးများသည် ဗလာဖြစ်သွားလေသည်။
သူမ၏ စိတ်ထဲတွင် နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးသိမ်မွေ့သော သခင်လေးသည် မိဘမဲ့ဂေဟာကို ဖြိုခိုင်းသော အကျင့်မကောင်းသည့် သူဌေး၏ ပုံရိပ်နှင့် တဖြည်းဖြည်းကူးပြောင်း သွားလေသည်။
“သခင်လေး”
ဘာလို့ သခင်လေး ဖြစ်နေရတာလဲ။
ဒါ မဖြစ်နိုင်ဘူး။
စုရှောင်းရှောင်းသည် မြေပြင်ပေါ်တွင်
ဒူးထောက်ထိုင်လိုက်ကာ ပြိုလဲကျတော့မလို ဖြစ်သွားလေသည်။
မျက်ရည်စတွေက သူမရဲ့မျက်လုံးမှာ ရစ်ဝဲလာပြီး ပါးပြင်ပေါ်သို့ စီးကျလာကာ ထိုမှတဆင့် ပျက်ဆီးနေတဲ့ မြေပြင်ပေါ်ကို ကျသွားတော့သည်။