အခန်း (၂၂၀) ကျိုးဟောင်သည် သူ၏ဘဝတစ်လျှောက်လုံး ဒုက္ခခံခဲ့ရရှာလေသည်
“မင်းက ခုနက ဝတ်စုံဖြူနဲ့ ချန်ဖန် ကို ကလဲ့စားချေဖို့ မစဉ်းစားဘူးလား”
ချင်းလန်သည် ကျွင်းဇီကို ကြည့်ကာ ဆွံ့အလျက် ဆိုလိုက်လေသည်။
ဤကောင်သည် လက်မောင်းဒဏ်ရာ ပျောက်သွားသည်နှင့် နာကျင်ခဲ့သည်များကို မေ့သွားပုံရ၏။ ချန်ဖန် က သူ့ကို ဒုက္ခိတဖြစ်အောင် လုပ်ခဲ့သည်ကို သူ လုံးဝ ဂရုမစိုက်တော့ဘူးလား။
ကျွင်းဇီက ရိုးအစွာ ရယ်မောလိုက်ရင်း “ကျွန်တော်က သူ့ကို မနိုင်ဘူး မဟုတ်လား ကလဲ့စားချေဖို့ ဘာလို့ အပင်ပန်းခံနေတော့မလဲ။ ဒါက သခင်လေးအတွက် အနှောင့်အယှက် ဖြစ်စေရုံပဲ ရှိမှာပါ။ အဲ့ဒီကောင်က အလွယ်တကူ ရန်စလို့ရတဲ့သူ မဟုတ်ဘူး” ဟု ဆိုလိုက်၏။
“ငါကော အလွယ်တကူ ရန်စလို့ရတဲ့ ပုံစံမျိုး ပေါက်နေလို့လား” ချင်းလန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။
ယောကျ်ားကောင်းတစ်ဦးအတွက် ကလဲ့စားချေရန် ဆယ်နှစ်ကြာလျှင်ပင် မနှောင်းပါချေ။
ချင်းလန်သည် ကလဲ့စားချေဖို့ကိုသာ စိတ်စွဲလမ်းနေသူ ဖြစ်လေသည်။
ကျွင်းဇီက ဂရုမစိုက်ခြင်း သို့မဟုတ် ဂရုမစိုက်ချင်ဟန် ဆောင်နေခြင်းကို သူ နားလည်နိုင်ပါသော်လည်း သူ့ဘက်ကတော့ ဤအတိုင်း လွှတ်ထား၍ မရပါချေ။
တကယ်လို့သာ မျက်နှာဖုံးစွပ် သခင်မလေးထံမှ ပြင်းထန်သော အန္တရာယ် အငွေ့အသက်များကို မခံစားခဲ့ရလျှင် မဟုတ်သေးဘူး ထိုလူသတ်ငွေ့ နှစ်ခုလုံးက မနီးမဝေးတွင် ရှိနေခဲ့ခြင်း ဖြစ်လေသည်။
မဟုတ်ရင် သူသည် ထိုသူနှစ်ဦး အေးအေးလူလူ ထွက်ခွာသွားသည်ကို ဘယ်လိုလုပ် ဒီအတိုင်း ကြည့်နေပါမည်နည်း။
တကယ်လို့သာ သူ၏ အလှအပဆေးပြားနှင့် သွေးကြောသန့်စင်ဆေးပြားများ မရှိခဲ့လျှင် ကျွင်းဇီသည် ယနေ့တွင် သေချာပေါက် မသန်မစွမ်း ဒုက္ခိတ ဖြစ်သွားခဲ့ရပေလိမ့်မည်။
သူ့လူကို ဒုက္ခိတဖြစ်အောင် လုပ်ပြီးမှ လွယ်လွယ်နဲ့ ထွက်သွားနိုင်မယ်လို့ ထင်နေသလား။
အိပ်မက်မက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
နောက်ထပ် ဇာတ်လမ်းထဲက ကံကြမ္မာရှင် ဖြစ်နေရင်ကော ဘာဖြစ်လဲ။
“အဘိုးကြီးဟွမ် တို့ကို သူတို့ရဲ့ လက်နက်ကိရိယာတွေ အဆင်သင့် ပြင်ထားခိုင်းလိုက်” ချင်းလန်က တောင်ပေါ်မှ ဆင်းရင်း အေးဆေးစွာ မှာကြားလိုက်လေသည်။
၎င်းကို ကြားလိုက်ရသည့်အခါ ကျွင်းဇီ၏ မျက်နှာအမူအရာမှာ တည်ကြည်သွားကာ ဘေးပတ်ပတ်လည်ကို မကြည့်ရဲတော့ပါချေ။ သူသည် ဘာဖြစ်တော့မည်ကို ခန့်မှန်းမိသွားပုံရပြီး သတိကြီးစွာဖြင့် “သခင်လေး… ကျွန်တော်တို့ ကြိုတင်ပြီး အကြောင်းမကြားထားတော့ ဒီပစ္စည်းတွေကို အလွယ်တကူ ရဖို့ မလွယ်ဘူး။ အဟောင်းအနည်းငယ်ပဲ ရှိလိမ့်မယ်” ဟု ဆိုလိုက်၏။
“အဲ့ဒါဆို ရပြီ၊ ပြင်ဆင်ထားလိုက်”
…
မိုင်းတွင်းတစ်ခုလုံးမှာ ဆူညံသံများနှင့်အတူ ရှုပ်ထွေနေတော့သည်။
ဦးထုပ်ဆောင်းထားသော လူများမှာ နေရာအနှံ့ လှုပ်ရှားနေကြပြီး အထူးသဖြင့် ပြိုကျသွားသော မိုင်းတွင်းဝအရှေ့တွင် ပို၍ များပြားလှပေသည်။
“သူတို့ ထွက်လာပြီ။ ကယ်တင်နိုင်ခဲ့ပြီ”
“ဘာလို့ နောက်ထပ် လူတစ်ယောက် ပါလာသေးတာလဲ”
“သောက်ကျိုးနည်း… ဒါ ကျိုးဟောင် မဟုတ်ဘူးလား”
ဤမိုင်းတွင်းသည် ညဘက်တွင် အလုပ်လုပ်လေ့မရှိသဖြင့် ကျိုးကြောင်းဆင်ခြင်ကြည့်လျှင် ဝန်ထမ်းများ ရှိမနေသင့်ပါချေ။
သို့သော်လည်း ယခုအခါ သူဌေးဖြစ်သူ လူမည်းကြီး သုံးယောက်မြောက်နှင့် အဆင့်မြင့်အရာရှိများတင်မကဘဲ အပိုပစ္စည်းတစ်ခုလို ဖြစ်နေသော ကျိုးဟောင် ပါ မြေကြီးထဲမှ ဆွဲထုတ်ခြင်း ခံလိုက်ရသည်။
ဒါဟာ တကယ့်ကို ထိတ်လန့်စရာပင်။
အထူးသဖြင့် အဆင့်မြင့်အရာရှိများနှင့် လူမည်းကြီး သုံးယောက်မြောက်တို့မှာ ရုပ်ပျက်ဆင်းပျက်ဖြင့် သေဆုံးနေကြပြီဖြစ်ရာ အလုပ်သမားများပင်လျှင် ကြောက်လန့်နေကြတော့သည်။
ပြန်ရောက်လာသော ချင်းလန်နှင့် ကျွင်းဇီတို့သည် ကျိုးဟောင်ကို ထမ်းစင်ပေါ်တင်၍ သယ်ဆောင်လာသည်ကို ကြုံကြိုက်လိုက်ကြရသည်။
သူ၏ ပုံစံမှာ အလွန်ပင် စက်ဆုပ်ရွံရှာဖွယ် ကောင်းလှပေသည်။ တစ်ကိုယ်လုံး မည်းတူးနေကာ အသားများလည်း စုတ်ပြတ်နေတော့သည်။ သူ၏ လက်မောင်းတစ်ဖက်မှာ မိုင်းတွင်းထဲတွင် ပြတ်တောက်ကျန်ရစ်ခဲ့ပုံရပြီး အကြမ်းဖျင်း ပတ်တီးစည်းထားသော်လည်း မျက်နှာပြင်မှာ သွေးနီရောင်များဖြင့် ရဲရဲတောက်နေတော့သည်။
“ဒါ ကျိုးဟောင် လား”
ကျွင်းဇီက အနားသို့ တိုး၍ ကြည့်လိုက်သော်လည်း ယနေ့မနက်က တွေ့ခဲ့ရသော မာနကြီးလှသည့် လူငယ်နှင့် လုံးဝ တူမနေတော့ပါချေ။
ကျိုးဟောင်၏ ယာယီ “ကိုယ်ရံတော်” က အဝတ်အစားပေါ်က နာမည်ကို ညွှန်ပြကာ “ဒါ ကျိုးဟောင် ပါပဲ” ဟု ဆိုလိုက်လေသည်။
ကျွင်းဇီက နှုတ်ခမ်းများ တွန့်သွားလျက် “ဒီမိုင်းတွင်းက အလုပ်မလုပ်ဘူးလို့ သဘောတူထားတာ မလား။ ကျိုးဟောင်က ဘာဖြစ်လို့ အထဲကို ရောက်နေရတာလဲ” ဟု မေးလိုက်၏။
သခင်လေးသည် ဤကျိုးဟောင်ကို အလွန် တန်ဖိုးထားသဖြင့် သူ့တွင် သခင်လေး စိတ်ဝင်စားမည့် အချက်တစ်ခုခု ရှိနေရပေမည်။
သို့သော် ယခုမူ ကျိုးဟောင်သည် အသက်ငင်နေပြီး နောက်ဆုံးထွက်သက်ဖြင့်သာ မနည်း အသက်ဆက်နေရရှာတော့သည်။
ကိုယ်ရံတော် လူမိုက်က စိတ်ပျက်လက်ပျက်ဖြင့် “ဒီကောင်က ကိုယ့်ကိုယ်ကိုယ် လူလည်ကြီး ထင်နေတာလေ။ ညဘက် ဆူပူအပြစ်ပေးတဲ့ အချိန်တွေမှာ သူ့ကို မတွေ့ရလို့ ရှာနေတာ၊ မိုင်းတွင်းထဲမှာ သွားပုန်းနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အခုတော့ အပြစ်ပေးမခံရတဲ့အပြင် မိုင်းတွင်းထဲမှာ မြေပိသွားတာပဲ” ဟု ရှင်းပြတော့သည်။
“သခင်လေး… ဒါကတော့…” ကျွင်းဇီက စိုးရိမ်တကြီးဖြင့် အနောက်သို့ လှည့်ကြည့်လိုက်လေသည်။
စိုးရိမ်နေသော ကျွင်းဇီနှင့် ယှဉ်လျှင် ချင်းလန်ကတော့ လက်တွေ့အခြေအနေကို ချက်ချင်း လက်ခံလိုက်နိုင်သည်။
မထင်မှတ်ထားသော်လည်း ကျိုးကြောင်းဆင်ခြင်၍ ရနိုင်ပေသည်။
ကျိုးဟောင်သည် မကြာသေးမီကပင် ကံဆိုးမှုများနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်။ မဟုတ်လျှင် ဤမှောင်ခိုမိုင်းတွင်းသို့ ရောင်းစားခံရပြီး ကံတရား တန်ဖိုးများစွာ ဆုံးရှုံးသွားစရာ အကြောင်းမရှိပါချေ။
ယနေ့တွင်လည်း ကံကြမ္မာရှင် အမျိုးသမီးအချို့က သူ့အပေါ်တွင် ဒုက္ခများ ပေးခဲ့သဖြင့် ဗီလိန်ရမှတ်များစွာ ရရှိခဲ့သည် မဟုတ်ပါလော။ ကျိုးဟောင်၏ ကံဆိုးမှုများမှာ ထပ်ဆင့် တိုးလာခဲ့သဖြင့် ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိသွားခြင်းမှာ နားလည်ရ လွယ်ကူလှပေသည်။
ချင်းလန်သည် ထမ်းစင်အနားသို့ လျှောက်သွားကာ ငုံ့ကြည့်လိုက်ပြီး သက်ပြင်းချလျက် “တကယ့်ကို တက်ကြွလန်းဆန်းတဲ့ လူငယ်လေးပါ။ ဒီနေ့မနက်က တွေ့တုန်းကတော့ မာနတခွဲသားနဲ့ ယုံကြည်ချက်တွေ ရှိနေခဲ့တာ၊ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဒီလို ဖြစ်သွားရတယ်နော်” ဟု ဆိုလိုက်၏။
“လူနာတင်ကားကော ဘယ်မှာလဲ။ ဘာလို့ အခုထိ ရောက်မလာသေးတာလဲ”
မိုင်းတွင်း ကိုယ်ရံတော်က စကားများ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေတော့သည်။ “သခင်လေးချင်း… ဟိုလေ၊ ကျွန်တော်တို့ ရှိတဲ့နေရာက လူသူဝေးတော့ လူနာတင်ကားက လမ်းမှာပဲ ရှိသေးတယ်ခင်ဗျ၊ အချိန်နည်းနည်း ထပ်ကြာဦးမယ်။ ဒါ့အပြင် ကျိုးဟောင်ရဲ့ ဒဏ်ရာတွေက အရမ်း ပြင်းထန်လွန်းလို့ပါ”
“ကျွန်တော်တို့ သူ့ကို ကျောက်ဆောင်ကြီးအောက်ကနေ ဆွဲထုတ်ခဲ့တာပါ။ လက်တစ်ဖက် ပြတ်သွားပြီး သွေးတွေ အများကြီး ထွက်ထားတဲ့အပြင် ရင်ဘတ်ကလည်း ကျောက်ခဲတွေ ဖိမိထားတာမို့… ကြည့်ရတာ သူ အသက်ရှင်ဖို့ မလွယ်တော့ဘူး ထင်တယ်…”
“အင်း…” ချင်းလန်က စကားကို ခေတ္တရပ်လိုက်ပြီး မျက်လုံးများကို မနည်းမှိတ်ထားကာ အသက်ရှူရ ခက်ခဲနေပုံရသော ကျိုးဟောင်ကို ကြည့်လျက် ဝမ်းနည်းဟန်ဖြင့် ခေါင်းခါပြကာ “ဒါဆိုရင်လည်း… နာရေးအတွက်ပဲ ပြင်ဆင်ထားကြတော့” ဟု ဆိုလိုက်လေသည်။
“ဈာပန ကိစ္စတွေကိုသာ စီစဉ်ကြတော့…”
“…”
ကျိုးဟောင်သည် အသက်ငင်နေပြီး သေလုမြောပါး ဖြစ်နေသော်လည်း ချင်းလန်၏ စကားကို ကြားလိုက်ရသည့်အခါ သူ၏ အအားနည်းနေသော နှလုံးခုန်သံမှာ သုံးစက္ကန့်ခန့် မြန်ဆန်သွားရတော့သည်။
သူသည် ဒေါသထွက်လွန်းသဖြင့် သေခါနီးအချိန်မှာပင် ရုန်းကန်ချင်စိတ်များ ပေါ်လာရသည်။
ဒါဟာ လုံးဝ ကျိုးကြောင်းဆင်ခြင်လို့ မရတဲ့ ကိစ္စပဲ။
ကျိုးကြောင်းဆင်ခြင်ကြည့်လျှင် ချင်းလန်သည် ဤအချိန်တွင် ဒေါသထွက်ကာ လူနာတင်ကားကို အမြန်လာရန် တိုက်တွန်းပြီး သူ့ကို ဆေးရုံသို့ ပို့ဆောင်ပေးရမည် မဟုတ်လား။
ဘာဖြစ်လို့ တခြားလူတွေက ကယ်ဖို့ မလွယ်ဘူးလို့ ပြောတာနဲ့တင် ချင်းလန်က ဘာမှ မငြင်းဆန်တော့ဘဲ သူ၏ နာရေးအတွက် ချက်ချင်း စီစဉ်နေရသနည်း။
သူ မသေသေးပါဘူး။
သူ့မှာ အသက်ရှူသံ ကျန်သေးသည်။
သူသည် နောက်ဆုံးအချိန်အထိ ရုန်းကန် ကြိုးစားချင်ပါသေးသည်။
ငါးခြောက်ပင်လျှင် ပြန်လည် အသက်ဝင်လာနိုင်သည် မဟုတ်ပါလော။
“တင်း။ ကံကြမ္မာရှင် ကျိုးဟောင် အလွန်အမင်း နာကျည်းသွားပါသည်။ ဂုဏ်ယူပါသည် အိမ်ရှင်၊ သင်သည် ကံကြမ္မာ ဗီလိန်ရမှတ် +၅၀၀၀ ရရှိခဲ့ပါသည်”
စနစ်၏ သတိပေးသံကို ကြားလိုက်ရသည့်အခါ ချင်းလန်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး ကျိုးဟောင်ကို ကြည့်သော အကြည့်များမှာ ပိုမို ဝမ်းနည်းစိတ်မကောင်း ဖြစ်မှုများဖြင့် ပြည့်နှက်လာတော့သည်။
သူက မိုင်းတွင်း ကိုယ်ရံတော်များကို မော့ကြည့်ကာ တည်ကြည်စွာဖြင့် “မင်းတို့ သိတဲ့အတိုင်း ငါက စီအီးအို ကျိုးဟောင်နဲ့ ပူးပေါင်းဖို့ လာခဲ့တာလေ” ဟု ဆိုလိုက်၏။
“အခု စီအီးအို ကျိုးဟောင် ဆုံးပါးသွားပြီ ဆိုပေမဲ့ ငါ ချင်းလန် အနေနဲ့ သူ့ကို ဒီအတိုင်း အထီးကျန်စွာ ထွက်ခွာသွားခွင့် မပြုနိုင်ဘူး”
“နာရေး ကိစ္စတွေကိုတော့ မင်းတို့ သေသေချာချာ စီစဉ်ပေးရမယ်၊ အကြီးအကျယ် ခမ်းခမ်းနားနား လုပ်ပေးလိုက်စမ်းပါ”
“ဟောင်ဇီ ရယ်… မင်းကတော့ မင်းရဲ့ ဘဝတစ်လျှောက်လုံး ဒုက္ခတွေနဲ့ပဲ ကုန်ဆုံးခဲ့ရရှာတယ်”
“ငါ့ကို လိမ်ပြီး ဒီနေရာအထိ ခေါ်လာခဲ့ပြန်ပြီ၊ ဟင်း…”
“သေဆုံးသွားရင်တောင် အနည်းဆုံးတော့ ဂုဏ်သိက္ခာရှိရှိ ထွက်ခွာသွားသင့်တယ် မဟုတ်လား”
မိုင်းတွင်း ကိုယ်ရံတော်များက အလျင်အမြန် ခေါင်းညိတ်ပြကာ “ကောင်းပါပြီ သခင်လေးချင်း… စိတ်ချပါ၊ ကျွန်တော်တို့ ဒီအရေးကြီးတဲ့ ကိစ္စကို အကောင်းဆုံး ဖြစ်အောင် စီစဉ်ပါ့မယ်” ဟု ဆိုကြတော့သည်။
ချင်းလန်၏ မျက်နှာမှာ တည်ကြည်လှပေသည်။ “ငွေကြေး ကိစ္စအတွက်တော့ စိုးရိမ်မနေနဲ့၊ ငါ အကုန်အကျခံမယ်”
“ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ” မိုင်းတွင်း ကိုယ်ရံတော်များ၏ မျက်နှာတွင် ဂန္ဓမာပန်းပွင့်ကြီးများကဲ့သို့ အပြုံးများ ပြည့်နှက်သွားတော့သည်။
ထိုအချိန်တွင် ကျွင်းဇီက အနားသို့ တိုးလာကာ တိုးတိုးလေး ရေရွတ်လိုက်၏။ “သခင်လေး… ကျိုးဟောင် က သေသွားပြီပဲဥစ္စာ၊ ဘာဖြစ်လို့ သူ့အတွက် အားအင်တွေ အကုန်ခံပြီး ပိုက်ဆံတွေ အများကြီး သုံးပြီး ဈာပန အကြီးအကျယ် လုပ်ပေးနေရတာလဲ။ ဒီကောင်က ဒီနေ့မနက်က ကျွန်တော်တို့အပေါ် သဘောထား သိပ်ကောင်းတာ မဟုတ်ဘူးလေ”
သူသည် အနည်းငယ် အံ့အားသင့်နေမိသည်။ သခင်လေးသည် ကျိုးဟောင်၏ ကိစ္စတွင် သူနှင့်မတူဘဲ ထူးခြားစွာ ပြုမူနေသည်ဟု သူ ခံစားရသောကြောင့် ဖြစ်သည်။
သူတို့ကြားက ဆက်ဆံရေးမှာ တော်တော်လေး ရင်းနှီးလွန်းနေသဖြင့် သူ မသက်မသာ ဖြစ်နေရခြင်း ဖြစ်လေသည်။
ချင်းလန်က ခေါင်းခါပြကာ ကျွင်းဇီ၏ ပုခုံးကို ပုတ်လျက် အလေးအနက် ဆိုလိုက်လေသည်။ “လူကတော့ သေသွားပြီ၊ ဒါပေမဲ့ သူ ရေးခဲ့တဲ့ လက်ရာတွေက ကျန်သေးတယ်လေ”
“သူ့ရဲ့ နောက်ဆုံး ထွက်သက်ချုပ်သွားတာနဲ့တင် အဲ့ဒီ လက်ရာတွေကို ငါ ယူလိုက်ရင် ဒါကို သူ ဖန်တီးခဲ့တာလို့ ဘယ်သူ သိနိုင်တော့မလဲ”
“ပိုက်ဆံ နည်းနည်းလောက် သုံးလိုက်ရင် စိတ်အေးရတာပေါ့”
“နားလည်လား”
“အင်း…”
အု…
အု…
ကျွင်းဇီ မဖြေရသေးခင်မှာပင် ထမ်းစင်ပေါ်ရှိ ကျိုးဟောင်သည် ရုတ်တရက် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်သွားရတော့သည်။ ပြင်းပြင်းထန်ထန် အသက်ရှူပြီးနောက် သူ၏ ခြေထောက်နှစ်ဖက်မှာ ဆန့်ထွက်သွားကာ လှုပ်ရှားမှု လုံးဝ မရှိတော့ပါချေ။
တစ်ချိန်တည်းမှာပင် စနစ်၏ သတိပေးသံ ထွက်ပေါ်လာပြန်တော့သည်။
“တင်း။ ကံကြမ္မာရှင် ကျိုးဟောင် ကို ဒေါသထွက်အောင် ပြုလုပ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည် အိမ်ရှင်။ သင် ရရှိမည့် ကံကြမ္မာ ဗီလိန်ရမှတ်များကို တွက်ချက်နေပါသည်…”