အခန်း ( ၂၁၉) အားလုံးက ရက်စက်တဲ့သူတွေချည်းပဲ
“သခင်လေး…”
ကျွင်းဇီက ခပ်တိုးတိုးလေး ခေါ်လိုက်ရင်း အသက်ကို ပြင်းပြင်းရှူကာ စိတ်ကို အတင်းငြိမ်အောင် ထားလိုက်လေသည်။ ထို့နောက် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးကာ ချင်းလန်၏ ရှေ့တွင် ကာကွယ်ပေးထားလိုက်၏။
သူက သတိပေးခေါင်းလောင်း တီးလိုက်ခြင်း ဖြစ်လေသည်။ တစ်ချက်ကြည့်ရုံမျှဖြင့် ထိုဝတ်စုံဖြူနှင့်လူထံမှ သာမန်ထက်ထူးခြားသော အရှိန်အဝါကို သူ ခံစားမိလိုက်သည်။ အထူးသဖြင့် ထိုသူ၏ မျက်ဝန်းများနှင့် တည်ငြိမ်လွန်းသော အမူအရာမှာ စစ်မြေပြင်တွင် လူသတ်ခဲ့ဖူးသည့် စစ်ပြန်များထက်ပင် ပို၍ အေးစက်နေတော့သည်။
ဒီကောင်က ရက်စက်မယ့်သူပဲ။
“မင်းပဲ လူမည်းကြီး သုံးယောက်မြောက်ကို သတ်လိုက်တာလား။ မဟုတ်သေးပါဘူး၊ မင်းက သူ့ကို မိုင်းတွင်းထဲမှာ ပိတ်မိအောင် လုပ်ထားပြီး ချက်ချင်း မသတ်ခဲ့တာပဲ။ မင်းတို့အချင်းချင်း အငြိုးရှိလို့လား” ချင်းလန်က အသာအယာ ပြုံးလိုက်ရင်း မျက်နှာဖုံးစွပ်ထားသော အလွန်လှပသည့် သခင်မလေးကို မျက်လုံးထောင့်မှနေ၍ မသိမသာ လှမ်းကြည့်လိုက်လေသည်။
ဤကဲ့သို့ ထူးထူးခြားခြား ပေါ်လာပုံအရ သူမသည် ကံကြမ္မာရှင် အမျိုးသမီးတစ်ဦး သို့မဟုတ် ထိုထက်မက အစွမ်းကြီးသူ ဖြစ်ရပေမည်။
အရေးကြီးဆုံးအချက်မှာ ထိုမျက်နှာဖုံးစွပ် သခင်မလေး ပေးစွမ်းသည့် အန္တရာယ်အငွေ့အသက်မှာ သွေးနီရောင် မန်ဒါလာထက်ပင် အဆပေါင်းများစွာ ပိုမို ပြင်းထန်နေခြင်း ဖြစ်လေသည်။
သူမကလည်း တကယ့်ကို ရက်စက်မယ့်သူပဲ။
ဝတ်စုံဖြူနှင့် လူငယ်က နှာခေါင်းရှုံ့လိုက်ကာ “ငါ့ကိစ္စတွေကို မင်းကို ဘာလို့ ပြောပြရမှာလဲ။ ဒီမှာ ဖြစ်ပျက်သမျှက မင်းနဲ့ ဘာမှမဆိုင်ဘူး၊ ကိုယ့်အလုပ်ကိုယ်ပဲ လုပ်စမ်းပါ” ဟု ဆိုလိုက်၏။
“ပြီးတော့… ငါ့ရဲ့ အစ်မတော်ကို မင်းရဲ့ ညစ်ညမ်းတဲ့ မျက်လုံးတွေနဲ့ လာမကြည့်နဲ့။ မင်းရဲ့ စိတ်ရိုင်းတွေကို ရုပ်သိမ်းလိုက် မဟုတ်ရင် မင်း ကိုသတ်မယ်”
သူကတော့ ရယ်ချင်နေလေသည်။
ချင်းလန်သည် ဝတ်စုံဖြူနှင့်လူ၏ စကားကြောင့် သဘောကျသွားရသည်။
သူက ပြန်မပြောဘဲ ထိုလူငယ်ကို စိုက်ကြည့်လိုက်ပြီးနောက် သူ၏ အကြည့်များကို ရွှေ့ကာ မျက်နှာဖုံးစွပ် သခင်မလေး ဆီသို့ ပို့ထားလိုက်ပြန်သည်။ ထိုသို့ ရှေ့နောက် လှည့်ပတ်ကာ တမင် စိုက်ကြည့်နေခြင်း ဖြစ်လေသည်။
သူသည် ထိုလူငယ်၏ သတိပေးချက်ကို သူ၏မျက်စိရှေ့တင်ပဲ ချိုးဖောက်ပြလိုက်ခြင်း ဖြစ်သည်။
ဟင်း။
မင်းက မကြည့်ခိုင်းလေ၊ ငါက ပိုကြည့်လေပဲ။
ငါက တစ်ချက်ပဲ ကြည့်တာ မဟုတ်ဘူး၊ တစိမ့်စိမ့်ကို ကြည့်နေတာ။
“ချန်ဖန်… သွားကြစို့” မျက်နှာဖုံးစွပ် သခင်မလေး၏ အသံမှာ ချိုသာလှပြီး တောတောင်အလယ်က ရေစင်ရေအေး စီးဆင်းလာသလိုမျိုး ရင်ကို အေးချမ်းစေသည်။
သူမသည် ပြဿနာ မရှာချင်သလို ဤနေရာတွင်လည်း ဆက်မနေချင်တော့ပါချေ။ တစ်ခုခုကို မသက်မသာ ခံစားနေရသောကြောင့် ဖြစ်လေသည်။
ကိစ္စတွေက ပြီးသွားပြီ ဖြစ်သဖြင့် အချိန်ပိုပြီး မဖြုန်းချင်တော့ပေ။
ဝတ်စုံဖြူနှင့် ချန်ဖန် က ခေါင်းခါပြကာ ချင်းလန် ရှိရာဘက်သို့ အေးစက်စွာ စိုက်ကြည့်လိုက်ပြီး “ငါပြောရင် ပြောတဲ့အတိုင်းပဲ။ မှတ်ထားစမ်း၊ ဒါက မင်းဘာသာမင်း ရှာတဲ့ ပြဿနာမို့လို့ ဘယ်သူ့ကိုမှ အပြစ်မတင်နဲ့တော့” ဟု ဆိုလိုက်လေသည်။
စကားဆုံးသည်နှင့်၊ သူသည် မျက်နှာဖုံးစွပ် သခင်မလေး၏ ဘေးမှနေ၍ ရုတ်တရက် ပျောက်ကွယ်သွားကာ အရှိန်အဟုန်ပြင်းစွာဖြင့် ချင်းလန် ဆီသို့ တိုးဝင်လာတော့သည်။
၎င်းကို မြင်လိုက်ရသည့်အခါ ရှေ့တွင် ကာကွယ်ပေးထားသော ကျွင်းဇီသည် ချက်ချင်း သတိဝင်လာကာ လက်နှစ်ဖက်ကို ဆန့်တန်းလျက် ချန်ဖန် ၏ လမ်းကြောင်းကို ပိတ်ဆို့ရန် အတင်း တိုးဝင်သွားတော့သည်။
ဘုန်း။
ကျွင်းဇီသည် လူတစ်ဖက်စာမက ကြီးမားလှသော သစ်ပင်ကြီးတစ်ပင်ကို ပြင်းထန်စွာ ဝင်တိုက်မိသွားရသဖြင့် သစ်ရွက်များပင် ကြွေကျကုန်တော့သည်။
ချန်ဖန် က ရှောင်တိမ်းလိုက်ပြီးနောက် သစ်ပင်ကို အတင်းဝင်တိုက်မိသွားသော ကျွင်းဇီကို လှမ်းကြည့်လိုက်လေသည်။ သူသည် ကျွင်းဇီကို အထင်သေးခြင်း မပြုဘဲ ပို၍ပင် တည်ကြည်သွားတော့သည်။
သူက ဖိအား ခံစားရလို့ မဟုတ်ပါချေ။ သို့သော် ပိုင်ကျိချွန် ရဲ့ အနှစ်သာရကို ကောင်းကောင်း တတ်မြောက်ထားသူ တစ်ဦးက ဘာဖြစ်လို့ ချင်းလန်ရဲ့ လက်အောက်ခံ ခွေးတစ်ကောင် ဖြစ်နေရသလဲ ဆိုတာကို သူ စဉ်းစားမိသွားသောကြောင့် ဖြစ်သည်။
ဤချင်းလန်၏ နောက်ခံမှာ သာမန် မဟုတ်မှန်း သိသာလှပေသည်။
“မင်းက တော်တော် ရဲတင်းတာပဲ။ မိုင်းတွင်းပိုင်ရှင်ကို လုပ်ကြံရုံတင်မကဘဲ အခုလည်း အစဖျောက်ဖို့ ကြံနေတာပေါ့လေ။ ငါနဲ့ သခင်လေးကိုပါ နှုတ်ပိတ်ချင်တာလား”
ကျွင်းဇီသည် ကျောပြင်မှ နာကျင်ထုံကျင်မှုများကို အောင့်အည်းကာ စိတ်ထဲမှ ဆဲဆိုနေမိသည်။ ဤဝတ်စုံဖြူနှင့်ကောင်က အရမ်း မြန်လွန်းလှသည်။ သူက လူကို တိုက်ဖို့ ပြင်လိုက်သော်လည်း မထိမှန်ဘဲ သစ်ပင်ကိုသာ အရှိန်ပြင်းစွာ တိုက်မိသွားခြင်း ဖြစ်လေသည်။
ဤ ကိုယ်ခံပညာ အကွက်ကို သုံးလိုက်ပြီဆိုလျှင် အရှိန်သတ်ရန် ခက်ခဲလှပေသည်။
သူသည် အခုတော့ ငတုံးတစ်ယောက်လို ကိုယ့်ကိုယ်ကိုယ် ပြန်တိုက်မိသလို ဖြစ်သွားရသဖြင့် တစ်ကိုယ်လုံး ပူထူးနေတော့သည်။
ဒေါသထွက်ထွက်ဖြင့်၊ သူသည် သက်သေအစဖျောက်ရန် ယူလာသော ဆေးပုလင်းကို ချန်ဖန် ၏ ခေါင်းပေါ်သို့ လှမ်းပေါက်လိုက်တော့သည်။
“မင်းရဲ့ ဘယ်မျက်လုံးက ငါ့ကို သက်သေဖျောက်နေတယ်လို့ မြင်လို့လဲ။ မင်းရဲ့ သခင်လေးသာ စိတ်ပုပ်စိတ်ယုတ်တွေ မရှိရင် ငါက ဘာလို့ လက်ပါရမှာလဲ” ချန်ဖန် က အလွန်ပင် မကျေမနပ် ဖြစ်လျက် နှာခေါင်းရှုံ့လိုက်လေသည်။
နဂါးမှာ အထိမခံတဲ့ အကြေးခွံ ရှိသလို၊ သူ့အတွက်တော့ အစ်မတော်သည် သူ၏ အထိမခံနိုင်ဆုံး အသည်းနှလုံးပင် ဖြစ်လေသည်။
ကျွင်းဇီက အံကြိတ်ကာ အတွင်းဒဏ်ရာများကို သက်သာအောင် အားယူပြီး လှောင်ပြုံး ပြုံးလိုက်ရင်း “စိတ်ပုပ် စိတ်ယုတ် ဟုတ်လား။ မင်းရဲ့ ဘယ်မျက်လုံးက ငါ့သခင်လေးမှာ စိတ်ပုပ်စိတ်ယုတ်တွေ ရှိနေတယ်လို့ မြင်လို့လဲ” ဟု ဆိုလိုက်၏။
“ငါတို့က မင်းတို့ ဘယ်သူလဲဆိုတာ သိချင်လို့ ကြည့်တာလေ။ မင်းတို့က မျက်နှာဖုံးတွေ စွပ်ထားတော့ မျက်နှာကို သေချာ မမြင်ရဘူးလေ။ အဲ့ဒါကို နည်းနည်းလောက် ပိုကြည့်မိတာကော မရဘူးလား။ ပိုကြည့်လိုက်လို့ မင်းရဲ့ အစ်မတော်မှာ အသားတစ်ဖဲ့ လျော့သွားလို့လား”
“ဒါတင်မကသေးဘူး၊ မင်းရဲ့ အစ်မတော်ကတောင် ဘာမှမပြောတာကို မင်းက ဘာဖြစ်လို့ ဒီလောက်အထိ ခုန်ပေါက်ပြီး ပြဿနာရှာနေရတာလဲ။ ဘာဖြစ်လဲ… ငါ့သခင်လေးက မင်းထက် ပိုချောလို့ မနာလို ဖြစ်ပြီး တမင် လာရန်ရှာနေတာ မလား”
ချင်းလန်ပင်လျှင် ကျွင်းဇီ၏ စကားနာထိုးနိုင်စွမ်းကို စိတ်ထဲကနေ လက်မထောင်ပြမိတော့သည်။
ဒါဟာ တကယ့်ကို အံ့ဩစရာပဲ။
မထင်မှတ်ဘဲ ကျွင်းဇီ၏ စိတ်ထဲတွင် သူ၏သခင်လေးမှာ ဖြောင့်မတ်သူတစ်ဦး ဖြစ်နေရရှာသည်။
သူတို့က ချင်းလန်၏ စိတ်ရင်းအမှန်ကို လုံးဝ လွဲမှားစွာ ထင်မှတ်နေကြခြင်း ဖြစ်လေသည်။
ဒါကို ဘယ်သူ့ဆီက သင်လာတာလဲ မသိပါချေ။
ဤကျွင်းဇီသည်လည်း ရှေးခေတ်ရော ခေတ်သစ်ပါ ဗဟုသုတ ကြွယ်ဝလှသော ပါရမီရှင်တစ်ဦး ဖြစ်ရပေမည်။
“ချန်ဖန်… သူ့ကို စကားတွေ အများကြီး ဖက်ပြောမနေနဲ့တော့” မျက်နှာဖုံးစွပ် သခင်မလေး၏ သတိပေးသံက ချင်းလန်၏ အတွေးကမ္ဘာကို ဖြိုခွင်းလိုက်လေသည်။
“အစ်မတော် စိတ်မပူပါနဲ့၊ ဒါက စကားပြောရုံသက်သက်ပါ၊ ဘာမှ မဟုတ်ပါဘူး” ချန်ဖန် က လှည့်၍ နှစ်သိမ့်လိုက်ပြီးနောက် ကျွင်းဇီကို အေးစက်စွာ ကြည့်ကာ “ပါးစပ်သရမ်းတဲ့ကောင်” ဟု ဆိုလိုက်၏။
သူ စကား ထပ်မပြောတော့ပါချေ။ စကားပြိုင်ပြောလျှင် ကျွင်းဇီကို သူ မနိုင်မှန်း သိထားသဖြင့် သူ၏ အရည်အချင်းကိုသာ လက်တွေ့ ပြသရန် ဆုံးဖြတ်လိုက်တော့သည်။
သူသည် တစ်ချက် ခုန်လိုက်ရုံမျှဖြင့် သုံးလေးမီတာခန့် ရောက်ရှိသွားကာ လေထုကို ဖြတ်သန်း၍ လက်ဝါးတစ်ချက် ပြင်းထန်စွာ ရိုက်ထုတ်လိုက်လေသည်။
ကျွင်းဇီကလည်း အလျင်အမြန် လက်မြှောက်၍ ခုခံလိုက်၏။
ဖျောက်။
လက်ဝါးနှစ်ခု ထိပ်တိုက် ဆုံမိသွားကြသည်။ ကျွင်းဇီမှာ ချန်ဖန် ကို မယှဉ်နိုင်ဘဲ လက်ကို အမြန်ပြန်ရုတ်ကာ အနောက်သို့ အရှိန်ပြင်းစွာ ဆုတ်လိုက်ရတော့သည်။ သူ၏ လက်မောင်းတစ်ဖက်မှာ ခါးဘေးတွင် အားမရှိသလို လျှောကျသွားရကာ မျက်နှာမှာလည်း နာကျင်မှုကြောင့် ပျက်ယွင်းသွားတော့သည်။ သူက အနောက်သို့ လှည့်ကာ ချင်းလန်ကို “သခင်လေး… ပြေးတော့” ဟု အော်ဟစ်လိုက်လေသည်။
ဒီကောင်က တော်တော် စွမ်းတာပဲ၊ ကျွန်တော် သူ့ကို မယှဉ်နိုင်ဘူး။
“ပြေးချင်တယ် ဟုတ်လား။ ငါက မင်းတို့ကို ပြေးခွင့်ပြုမယ်လို့ ပြောလို့လား”
ချန်ဖန် က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း ကျွင်းဇီကို လျစ်လျူရှုထားလိုက်သည်။ သူ၏ ပစ်မှတ်မှာ ဤကိုယ်ရံတော် မဟုတ်သဖြင့် ချင်းလန် ရှိရာသို့ ချက်ချင်း တိုးဝင်သွားတော့သည်။
သို့သော် ကျွင်းဇီသည် ရုတ်တရက် ဝက်ဝံတစ်ကောင်ကဲ့သို့ ချန်ဖန် ၏ ကိုယ်ပေါ်သို့ အတင်း လှမ်းဖက်လိုက်တော့သည်။
ဒါဟာ ယောကျ်ားလေးအချင်းချင်း ဖက်လှဲတကင်း လုပ်နေခြင်း မဟုတ်ပါချေ။
ဒါဟာ စစ်တပ်သုံး အသေဖမ်းနည်း အကွက် ဖြစ်လေသည်။
ကျွင်းဇီသည် လက်ဝါးကို လက်သည်းကဲ့သို့ ပြောင်းလဲလိုက်ကာ ချန်ဖန် ၏ လည်ချောင်းဆီသို့ တိုက်ရိုက် ထိုးနှက်လိုက်တော့သည်။ တကယ်လို့သာ ထိမှန်သွားခဲ့လျှင် ချန်ဖန် ၏ ခန္ဓာကိုယ်မှာ သံမဏိဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပါက လည်ချောင်း ပြတ်တောက်သွားမည် ဖြစ်သဖြင့် မည်သည့် နတ်ဝိဇ္ဇာမှ ကယ်နိုင်တော့မည် မဟုတ်ပါချေ။
“သေချင်နေတာပဲ”
ချန်ဖန် က ချက်ချင်း တုံ့ပြန်လိုက်ကာ အေးစက်စွာ နှာခေါင်းရှုံ့လျက် လက်ကို အပေါ်သို့ မြှောက်ကာ ကျွင်းဇီ၏ လက်ကောက်ဝတ်ကို လှမ်းဖမ်းပြီး အားဖြင့် လိမ်ချိုးပစ်လိုက်လေသည်။ အရိုးချင်း ရိုက်ခတ်သံမှာ အလွန်ပင် နားမခံသာအောင် ထွက်ပေါ်လာတော့သည်။
ချက်ချင်းဆိုသလို သူသည် ကျွင်းဇီ၏ တိုက်ကွက်ကို ဖျက်ဆီးပစ်လိုက်ပြီး ကျွင်းဇီ၏ လက်မောင်းကို ကိုင်ကာ သူ၏ခါးအားဖြင့် ကျွင်းဇီကို ကိုယ်ပေါ်မှ ဝှေ့ယမ်းထုတ်လိုက်လေသည်။ သူသည် ရှေ့သို့ တိုးကာ အရှိန်ဖြင့် ကျွင်းဇီကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီးနောက် ကျွင်းဇီ၏ ရင်ဘတ်ပေါ်သို့ ခြေထောက်ဖြင့် အားပြင်းစွာ နင်းခြေရန် ပြင်လိုက်တော့သည်။
လူတစ်ယောက်သည် အလွန်အမင်း စိုးရိမ်ထိတ်လန့်နေချိန် သို့မဟုတ် စိတ်လှုပ်ရှားနေချိန်တွင် အမြင်အာရုံ တုံ့ပြန်မှုမှာ ပုံမှန်ထက် ပိုမို နှေးကွေးသွားတတ်သည် မဟုတ်ပါလော။
ကျွင်းဇီသည် ဝတ်စုံဖြူနှင့် ချန်ဖန် ၏ စွမ်းအားကို ကိုယ်တိုင် ခံစားခဲ့ရသူ ဖြစ်သဖြင့် ဤခြေထောက်ဖြင့် အနင်းခံရလျှင် သူ သေရင်သေ မဟုတ်ရင် မသန်မစွမ်း ဖြစ်သွားမည်ကို ကောင်းကောင်း သိလေသည်။
သို့သော် သူ့တွင် ခုခံရန် အားအင် မရှိတော့သဖြင့် သခင်လေး ရှိရာဘက်သို့သာ မသိမသာ လှမ်းကြည့်လိုက်မိသည်။
သခင်လေး လွတ်မြောက်သွားပြီလား ဆိုတာကို သူ သိချင်နေမိသည်။
ထိုနေရာတွင် ဘယ်သူမှ မရှိတော့တာကို မြင်လိုက်ရသည့်အခါ ကျွင်းဇီသည် စိတ်အေးသွားကာ ပြုံးလျက် မျက်လုံးများကို မှိတ်ပြီး အရှုံးပေးလိုက်တော့သည်။
ဒိုင်း။
မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော ရိုက်ခတ်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကျွင်းဇီသည် ဇဝေဇဝါဖြင့် မျက်လုံးပင့်ကြည့်လိုက်ရာ သူ၏ ရင်ဘတ်အထက်တွင် ခြေထောက်နှစ်ဖက် တိုက်ဆိုင်လျက် အချင်းချင်း အားပြိုင်နေကြသည်ကို မြင်လိုက်ရသည်။ ထိုခြေထောက်များမှာ ပြင်းထန်လွန်းသဖြင့် တုန်ရင်နေကြသည်ကိုပင် မြင်တွေ့နေရတော့သည်။
“သခင်လေး…”
ကျွင်းဇီ မှင်သက်သွားရသည်။ သခင်လေးသည် ထွက်မပြေးသည့်အပြင် သူ့ကို ကယ်တင်ရန်အတွက် ဝင်ရောက် ခုခံပေးခဲ့ခြင်း ဖြစ်လေသည်။
“ဘာလို့ ပြုံးနေတာလဲ။ ဘာဖြစ်လို့ မျက်လုံးမှိတ်ထားတာလဲ။ မင်းကိုယ်မင်း သေတော့မယ် ထင်နေတာလား”
ချင်းလန်သည် ကျွင်းဇီကို ဆူပူလိုက်ပြီးနောက် ချန်ဖန် ကို စိုက်ကြည့်ကာ ရုတ်တရက် ခြေထောက်ကို အောက်သို့ လျှောချလျက် ပြင်းထန်စွာ ကန်ထုတ်လိုက်လေသည်။
၎င်းကို မြင်လိုက်ရသည့်အခါ ချန်ဖန် ၏ မျက်နှာမှာ ဖြူဖပ်သွားတော့သည်။ သူသည် ကျွင်းဇီ၏ လက်ကို မလွှတ်ခင်မှာပင် သူ၏ အရှိန်အဝါဖြင့် ကျွင်းဇီ၏ ဒဏ်ရာကို ပိုမို ပြင်းထန်အောင် ထပ်မံ ပြုလုပ်လိုက်ပြီးနောက် ချင်းလန်၏ မသမာသော တိုက်ကွက်ကို ရှောင်ရှားရန် အနောက်သို့ အလျင်အမြန် ဆုတ်ခွာသွားတော့သည်။
ရှူး…
ကျွင်းဇီသည် လက်မောင်းများကို ပွတ်သပ်ရင်း မျက်နှာတစ်ခုလုံး နာကျင်မှုကြောင့် ပျက်ယွင်းလျက် “သခင်လေး… ဒီကောင်က တော်တော် သန်တာပဲ” ဟု ဆိုလိုက်ရရှာသည်။
ချင်းလန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကာ “မင်း အလုပ်မလုပ်တာ ကြာပြီဆိုတော့ မင်းရဲ့ စွမ်းအားကို ပြသဖို့ အခွင့်အရေး ပေးလိုက်တာလေ။ အခုတော့ မင်းက ဘာမှ သုံးစားလို့ မရဘူး။ သူတပါးကို မနှိမ်နင်းနိုင်တဲ့အပြင် ကိုယ့်လက်မောင်းကိုတောင် အကျိုးခံလိုက်ရတယ် ဟုတ်လား”
“ကြည့်ရတာ… နောက်ကျရင် ကြာပန်းကလပ်ရဲ့ နေရာကနေ မင်းဘာသာမင်း နှုတ်ထွက်လိုက်တာ ပိုကောင်းမယ် ထင်တယ်”
“မလုပ်ပါနဲ့…” ကျွင်းဇီက စကားများ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေတော့သည်။
သူက ဟန်ဆောင်ချင်သော်လည်း ယခုအခါ သူ၏ လက်မောင်းနှစ်ဖက်စလုံးမှာ သုံးစားမရအောင် အဆစ်ပြုတ်နေပြီ ဖြစ်သဖြင့် အချိန်တိုအတွင်း ပြန်ကောင်းဖို့ မလွယ်ကူမှန်း သိနေသည်။
ကိုယ်ခံပညာ မရှိတော့လျှင် သခင်လေး၏ ကိုယ်ရံတော်အဖြစ် သူ ဘယ်လို ဆက်လုပ်ပါမည်နည်း။ ကားမောင်းတဲ့ အလုပ်တောင် သေချာ လုပ်နိုင်တော့မည် မဟုတ်ပါချေ။
ချင်းလန်သည် စနစ်၏ သိုလှောင်ခန်းထဲမှ ဆေးပြားနှစ်ပြား ဖြစ်သော အလှအပဆေးပြားနှင့် သွေးကြောသန့်စင်ဆေးပြားကို ထုတ်ယူကာ ကျွင်းဇီ၏ ပါးစပ်ထဲသို့ လှမ်းပစ်ထည့်ပေးလိုက်လေသည်။
ဤကောင်၏ လက်များမှာ သုံးမရတော့သဖြင့် ဆေးပြားကို ကိုယ်တိုင် မသောက်နိုင်တော့ဘဲ ပါးစပ်ထဲ တိုက်ရိုက် ထည့်ပေးလိုက်ရခြင်း ဖြစ်သည်။
ကျွင်းဇီ၏ စိတ်ပျက်အားငယ်နေသော ပုံစံကို ကြည့်ခြင်းဖြင့် သူသည် နောင်ကျရင် အသုံးမကျသူတစ်ဦး ဖြစ်သွားမှာကို စိုးရိမ်နေမှန်း ချင်းလန် သိလေသည်။
သူ ဘယ်လိုလုပ် နားမလည်ဘဲ နေပါမည်နည်း။
သို့သော်လည်း ကျွင်းဇီသည် ယုံကြည်ရသော တပည့်ရင်းတစ်ဦး ဖြစ်ပြီး ကောင်းမွန်သော ဘဝကို ရောက်ရှိနေသည့်တိုင် သူ၏ သခင်လေးအတွက် အသက်ကိုပါ စွန့်စားကာ လမ်းပိတ်ပေးခဲ့သူ ဖြစ်ရာ ချင်းလန်အနေဖြင့် သူ့ကို ဒုက္ခိတတစ်ဦးအဖြစ် ဘယ်လိုလုပ် ပစ်ထားနိုင်ပါမည်နည်း။
ကျွင်းဇီကို ဒီအတိုင်း ပစ်ထားမှာ မဟုတ်သည့်အပြင် ဤဖြစ်ရပ်အပြီးတွင် ကျွင်းဇီ၏ စွမ်းအားကို ပိုမို ကြီးမားအောင် မြှင့်တင်ပေးမည် ဖြစ်လေသည်။
ဒါဟာ တကယ့် တပည့်ရင်း ဖြစ်သဖြင့် သေသေချာချာ ပြုစုပျိုးထောင်ပေးရမည် ဖြစ်လေသည်။
“ချန်ဖန်… သွားကြစို့”
မျက်နှာဖုံးစွပ် သခင်မလေးက ထပ်မံ ပြောဆိုလိုက်ပြန်သည်။ သို့သော် ဤအကြိမ်တွင် သူမသည် ချင်းလန်ကို ကြည့်ရာ၌ ယခင်ကကဲ့သို့ ပေါ့ပေါ့ဆဆ မဟုတ်တော့ဘဲ သတိကြီးစွာဖြင့် စိုးရိမ်စိတ်များ ရှိနေတော့သည်။
ချင်းလန်သည် ခုနက အားပြိုင်မှုတွင် သူမ၏ မောင်လေးထက် မနိမ့်ကျသည့်အပြင် ချင်းလန် ထုတ်ပေးလိုက်သော ဆေးပြားနှစ်ပြားထံမှ တစ်ခုခုကို သူမ ရိပ်မိလိုက်သောကြောင့် ဖြစ်လေသည်။
၎င်းမှာ ဒဏ်ရာများကို ချက်ချင်း သက်သာစေနိုင်သော နတ်ဆေးပြား ဖြစ်ရပေမည်။
အဘယ်ကြောင့်ဆိုသော် ဆေးသောက်ပြီးသည်နှင့် ဒဏ်ရာရထားသော ကိုယ်ရံတော်၏ ပြုတ်ထွက်သွားသော အရိုးများမှာ တဖြည်းဖြည်းချင်း ပြန်လည် လှုပ်ရှားလာပြီး သက်ရောက်မှုများ ရှိနေသောကြောင့် ဖြစ်လေသည်။
ဒါဟာ သာမန် ကိုယ်ခံပညာရှင်တစ်ဦး ထုတ်လုပ်နိုင်သော အရာမျိုး လုံးဝ မဟုတ်ပါချေ။
“အစ်မတော်” ဝတ်စုံဖြူနှင့် ချန်ဖန် က အသံနက်ကြီးဖြင့် ခေါ်လိုက်သည်။
မျက်နှာဖုံးစွပ် သခင်မလေးက ဘာမှ ထပ်မပြောတော့ဘဲ အနောက်သို့ လှည့်ကာ ကျောက်ဆောင်ကြီးပေါ်မှ ခုန်ချလျက် ချင်းလန်၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားတော့သည်။
ချန်ဖန် သည် အနောက်သို့ လှည့်ကာ ချင်းလန်ကို အတော်ကြာအောင် စိုက်ကြည့်လိုက်ပြီးမှ မကျေမနပ်ဖြင့် လှည့်ထွက်သွားတော့သည်။
ချင်းလန်သည် ထိုသူနှစ်ဦးကို လိုက်လံ ပိတ်ဆို့ရန် ပြင်လိုက်သော်လည်း သူ၏ ရင်ထဲတွင် ရင်းနှီးနေသော အန္တရာယ် အငွေ့အသက်တစ်ခု ထပ်မံ ရရှိလိုက်ပြန်သည်။ ထိုအရာက ပျောက်ကွယ်မသွားပါချေ။ သူက မျက်မှောင်ကြုတ်လျက် ခေတ္တမျှ စဉ်းစားပြီးမှ ဘာမှ ထပ်မလုပ်တော့ရန် ဆုံးဖြတ်လိုက်တော့သည်။
“အရင်ဆုံး မိုင်းတွင်းထဲ ပြန်သွားပြီး ကျိုးဟောင် ရဲ့ အခြေအနေကို ကြည့်ရအောင်”
သူက အေးဆေးစွာ ပြောလိုက်သော်လည်း ကျွင်းဇီ၏ အော်ဟစ်သံက ပြန်လည် ထွက်ပေါ်လာတော့သည်။ “သခင်လေး… ကျွန်တော့်ရဲ့ လက်တွေ ပြန်လှုပ်ရှားလို့ ရနေပြီဗျ”
ဘုရားရေ။
ဒါဟာ တကယ်ကို မယုံနိုင်စရာပဲ။ ခုနလေးတင်ပဲ လိမ်ချိုးခံလိုက်ရတာလေ၊ နောက်ထပ် ဘာမှ ကိုင်လို့ရတော့မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့တာ။
ဒါကို မျက်စိတစ်မှိတ်အတွင်းမှာတင် လုံးဝ ပြန်လည် ကောင်းမွန်သွားရတယ် ဟုတ်လား။
ကျွင်းဇီသည် မှင်သက်လျက် ရပ်နေမိပြီး သူ၏ လက်ဆယ်ချောင်းကို ဆန့်တန်းလိုက်၊ ကွေးလိုက်ဖြင့် အတိုင်းထက်အလွန် ဝမ်းသာနေတော့သည်။