အခန်း (၂၁၈) ဝတ်စုံဖြူနှင့် သခင်မလေး
“ကျိုးဟောင်ရဲ့ လက်ရာတွေကို ဘာဖြစ်လို့ ဒီလောက်အထိ ပိုက်ဆံအများကြီးပေးပြီး အပိုင်ဝယ်ချင်ရတာလဲ”
ကျိုးဇယ်ချင်းသည် ကြောင်စီစီဖြစ်နေကာ ဤကိစ္စကို နားလည်ရန် အလွန်ခက်ခဲနေလေသည်။
“ငါက သူ့လက်ရာကို သဘောကျလို့ပါ။ ဒါက စီးပွားရေးဆွေးနွေးတဲ့ နည်းဗျူဟာတစ်ခု သက်သက်ပဲလေ၊ စိတ်ခံစားချက်ကို ကစားလိုက်တဲ့ သဘောပေါ့။ တကယ်လို့ သူ သဘောတူရင်တောင် ငါက တကယ်လုပ်ချင်မှ လုပ်မှာပါ”
ချပြလို့မရသည့် အကြောင်းအရာအချို့လည်း ရှိနေသေးသည် မဟုတ်ပါလော။ ကျိုးဟောင်၏ အတိတ်ဘဝ အမှတ်တရများထဲတွင် နောင်တစ်ချိန်၌ အကြီးအကျယ် ပေါက်ကွဲအောင်မြင်မည့် လက်ရာများစွာ ရှိနေသည်ကို သူ သိထားသော်လည်း ကိုယ်တိုင်လိုက်ပြီး ခိုးချရန် ပျင်းရိနေခြင်းကြောင့် ဖြစ်ကြောင်းကိုတော့ ကျိုးဇယ်ချင်းအား သူ ရှင်းပြ၍ မရပါချေ။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါမည်နည်း။
“ကောင်းပါပြီ… ဒါဆို အခု ဘာဆက်လုပ်ဖို့ ပြင်ထားလဲ။ ဒီကျိုးဟောင်ဆိုတဲ့ ကောင်လေးက သူ့လက်ရာအပေါ် ယုံကြည်ချက် အပြည့်ရှိနေပုံပဲ၊ သူ့ရဲ့ လောဘကလည်း မသေးဘူးနော်” ကျိုးဇယ်ချင်းသည် ကူညီပေးနိုင်မည့် မျှော်လင့်ချက်ဖြင့် လိုက်လာခဲ့ခြင်း ဖြစ်သော်လည်း ယခု ဆွေးနွေးပွဲမှာ အဆင်မပြေဖြစ်သွားသဖြင့် အနည်းငယ် အားနာနေမိတော့သည်။
ချင်းလန်သည် ထိုအချက်ကို စိတ်ထဲမထားပါချေ။ သူသည် ကျိုးဇယ်ချင်း၏ သွယ်လျသော ခါးလေးကို ဖက်လိုက်ကာ အေးအေးလူလူ ဆိုလိုက်လေသည်။ “စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ရုံပါပဲ။ လူတွေက မျှော်လင့်ချက် မရှိတော့တဲ့ အခါမျိုးမှာ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်တတ်ကြပြီး အလုပ်ထဲမှာ အနှိပ်စက်ခံရတာကို တဖြည်းဖြည်း ကျင့်သားရသွားတတ်ကြတယ်။ ဒါပေမဲ့ မျှော်လင့်ချက် ရောင်ခြည်လေး မြင်လိုက်ရပြီဆိုရင်တော့ အဲ့ဒါက နောက်ဆုံး ကောက်ရိုးတစ်မျှင်လိုပဲ ဖြစ်သွားလိမ့်မယ်။ မကြာခင်မှာ ကျိုးဟောင်က ငါ့ဆီကို သူ့အလိုလို လာရှာလိမ့်မယ်”
ချင်းလန်သည် လူတို့၏ စိတ်ပညာကို ကစားရာတွင် အလွန် ကျွမ်းကျင်သူ ဖြစ်လေသည်။
သူက ကျိုးဟောင်ကို ဒီအတိုင်း အလွယ်တကူ လွှတ်ပေးပြီး ပြဿနာကို မဖြေရှင်းဘဲ ထားလိမ့်မည်ဟု ထင်နေတာလား။
အိပ်မက်မက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
နောက်ထပ် ဇာတ်ညွှန်းက စတင်နေပြီ ဖြစ်သည်။ တကယ်လို့ သူက ဇာတ်ကွက်ကို ကြိုတင် မထိန်းချုပ်နိုင်ခဲ့လျှင် နောင်ကျရင် ဘာပြဿနာတွေ တက်လာဦးမလဲ မသိနိုင်ပါချေ။
ဒီနေရာကို ရောက်လာပြီဆိုမှတော့ ကျိုးဟောင်၏ ကိစ္စကို သေချာပေါက် ဖြေရှင်းရမည် ဖြစ်လေသည်။
ထိုညတွင်၊
ကျိုးဇယ်ချင်း ဘေးမှာ မရှိသည့် အချိန်ကို အခွင့်ကောင်းယူကာ ကျွင်းဇီသည် ချင်းလန် ထံသို့ တိတ်တဆိတ် လာခဲ့သည်။ သူသည် ရိုးအသော အမူအရာဖြင့် ခေါင်းကို ကုတ်ရင်း “သခင်လေး… ဟိုလေ၊ သခင်လေး စောင့်ကြည့်ခိုင်းထားတဲ့ မင်းသမီးတွေ အကုန်လုံး ကျွန်တော်တို့ဆီ ရောက်လာကြပြီဗျ။ သူတို့ရဲ့ မန်နေဂျာတွေ ပြောပုံအရဆိုရင် ဒုတိယမင်းသမီး နေရာဖြစ်တဲ့ ‘မုန့်နျန်ချီ’ နေရာကို အတော်လေး စိတ်ဝင်စားနေကြပြီး အချင်းချင်း လုနေကြတယ်လို့ သိရပါတယ်” ဟု ဆိုလိုက်လေသည်။
ဒါအကုန်ပဲလား။
ချင်းလန်သည် အိပ်ခန်းရှိ ဇိမ်ခံဆိုဖာကြီးပေါ်တွင် မှီထိုင်လိုက်ကာ လက်ထဲက ဝိုင်ခွက်ကို လှည့်ရင်း အေးအေးလူလူ တစ်ငုံ သောက်လိုက်လေသည်။
ကျွင်းဇီက ဆက်လက်၍ ရိုးအစွာ ပြောပြပြန်သည်။ “သေချာတာပေါ့၊ ဒါအကုန် မဟုတ်ပါဘူး။ မန်နေဂျာတစ်ယောက်ကတော့ သခင်လေးကို သူမရဲ့ မင်းသမီးနဲ့အတူ ထမင်းလက်ဆုံစားဖို့ ဖိတ်ခေါ်ချင်တယ်လို့ ပြောပါတယ်”
ဖျော်ဖြေရေးလောကက လူတွေ စကားပြောပုံက တော်တော်လေး နက်နဲလှပေသည်။
သူတို့မျက်လုံးထဲတွင် ဒါဟာ အထက်တန်းလွှာ လောကဖြစ်သဖြင့် တချို့အရာများကို ပွင့်ပွင့်လင်းလင်း ပြော၍မရသောကြောင့် ဖြစ်လေသည်။
သို့သော် ဤအရိပ်အမြွက်မှာ ချင်းလန်အတွက်တော့ ရှင်းလင်းလှပေသည်။ သူမ၏ မင်းသမီးသာ ‘မုန့်နျန်ချီ’ နေရာကို ရမည်ဆိုလျှင် ထိုထမင်းဝိုင်းကို စားသောက်ဆိုင်မှာ စားစား၊ အခန်းထဲမှာပဲ စားစား ကိစ္စမရှိပါဘူးဟု အဓိပ္ပာယ်ရသည် မဟုတ်ပါလော။
“တင်း။ ကံကြမ္မာရှင် ကျိုးဟောင် ၏ ကံတရား တန်ဖိုး ကျဆင်းသွားပါသည်။ ဂုဏ်ယူပါသည် အိမ်ရှင်၊ သင်သည် ကံကြမ္မာ ဗီလိန်ရမှတ် +၂၀၀၀ ရရှိခဲ့ပါသည်”
“တင်း။ ကံကြမ္မာရှင် ကျိုးဟောင် ၏ ကံတရား တန်ဖိုး ကျဆင်းသွားပါသည်။ ဂုဏ်ယူပါသည် အိမ်ရှင်၊ သင်သည် ကံကြမ္မာ ဗီလိန်ရမှတ် ၂၀၀၀၀*၂ ရရှိခဲ့ပါသည်”
“တင်း။ ကံကြမ္မာရှင် ကျိုးဟောင် ၏ ကံတရား တန်ဖိုး ကျဆင်းသွားပါသည်။ ဂုဏ်ယူပါသည် အိမ်ရှင်၊ သင်သည် ကံကြမ္မာ ဗီလိန်ရမှတ် ၂၀၀၀၀*၃ ရရှိခဲ့ပါသည်”
စနစ်၏ သတိပေးသံကို ကြားလိုက်ရသည့်အခါ ချင်းလန်သည် မျက်လုံးများကို အသာမှိတ်ကာ ဤရမှတ်များ ရရှိသည့် အချိန်ကို အေးအေးဆေးဆေး ခံစားနေတော့သည်။
ဤအချိန်တွင် ကျိုးဟောင်သည် သူ၏ အရည်အချင်းများကို စတင် ပြသနေရမည် ဖြစ်ပြီး ဖျော်ဖြေရေးလောကတွင် နေရာတစ်ခု ရကာ အမျိုးသမီး နာမည်ကြီး အချို့နှင့် အဆက်အသွယ် ရနေရမည် ဖြစ်လေသည်။
သို့သော် ချင်းလန် ဝင်ရောက် စွက်ဖက်ခဲ့ကတည်းက ဖြစ်ပျက်ရမည့် ဇာတ်ကွက်များ အားလုံးကို လုံးဝ ပြောင်းလဲပစ်ခဲ့ပြီ ဖြစ်သည်။
ထိုအမျိုးသမီး နာမည်ကြီးများမှာလည်း ကျိုးဟောင် ပေးမည့် လက်ရာများ မရှိတော့သဖြင့် ဖျော်ဖြေရေးလောက၏ အဆုံးသတ်သို့ ရောက်ရှိကာ ပျက်စီးလုနီးပါး ဖြစ်နေကြပြီ ဖြစ်လေသည်။
သူတို့သည် လမ်းမှားသို့ပင် ရောက်ရှိကုန်ကြတော့သည်။
သေချာတာပေါ့၊ ထိုမန်နေဂျာများ၏ စကားမှာ မင်းသမီးများ၏ သဘောတူညီချက် ဟုတ်မဟုတ် မသေချာသော်လည်း ဒါကို ကြည့်ခြင်းဖြင့် ထိုမင်းသမီးများ ယခုအချိန်တွင် ဘယ်လောက်အထိ အကျပ်ရိုက်နေသလဲဆိုတာ သိသာလှပေသည်။
“ဒီကိစ္စတွေကို ခဏ ဖယ်ထားလိုက်ဦး။ အခု အရေးကြီးဆုံးက ကျိုးဟောင်ရဲ့ အခြေအနေကို စောင့်ကြည့်ဖို့ပဲ”
ချင်းလန် စကားပြောပြီးရုံမျှ ရှိသေးသည်။ ကျွင်းဇီ၏ ဖုန်းမြည်လာတော့သည်။ တစ်ဖက်မှ ရှင်းပြချက်ကို နားထောင်ပြီးနောက် သူ၏ မျက်လုံးများမှာ ထိတ်လန့်တကြား ပြူးကျယ်သွားရကာ “သခင်လေး… မိုင်းတွင်းမှာ တစ်ခုခု ဖြစ်နေပြီ ထင်တယ် လူတချို့ လာပြီး ပြဿနာရှာနေကြတယ်လို့ သိရပါတယ်” ဟု အော်ဟစ်လိုက်လေသည်။
အသေးစိတ် ရှင်းပြနေရန် အချိန်မရှိတော့သဖြင့် ချင်းလန်သည် မိုင်းတွင်းရှိရာသို့ ချက်ချင်း ထွက်ခွာခဲ့တော့သည်။
…
မှောင်မိုက်နေသော ညကောင်းကင်ယံအောက်တွင် ထူထပ်သော တိမ်တိုက်များက လရောင်ကို ကွယ်ထားလေသည်။
မိုင်းတွင်း၏ ဘေးပတ်ပတ်လည်တွင် မြင့်မားလှသော သံတံတိုင်းကြီးများ ကာရံထားပြီး အထဲတွင် ဝန်ထမ်းများ နေထိုင်သည့် ယာယီအိမ်ရာများစွာ ရှိလေသည်။
ထိုအချိန်တွင် လင်းထိန်နေသော မီးမောင်းကြီးများအောက်၌ အလုပ်သမားများမှာ ပူလောင်နေသော အိုးထဲက ပုရွက်ဆိတ်များကဲ့သို့ ဗြာများနေကြကာ “မိုင်းတွင်း ပြိုကျပြီ။ မိုင်းတွင်း ပြိုကျပြီ။ သူဌေး အထဲမှာ ပိတ်မိနေတယ်။ ကယ်ကြပါဦး” ဟု အော်ဟစ်နေကြလေသည်။
“ကယ်ကြပါဦး”
“မြန်မြန်လုပ်ကြစမ်းပါ၊ လူသေတော့မယ်”
အလုပ်သမားခေါင်းဆောင်၏ နှိုးဆော်မှုကြောင့် အလုပ်သမားများမှာ အိမ်ထဲမှ ထွက်လာကြပြီး ပြိုကျသွားသော မိုင်းတွင်းဝကို ကိရိယာမျိုးစုံဖြင့် အသည်းအသန် တူးဖော်နေကြတော့သည်။
“တကယ်တမ်း ဘာဖြစ်တာလဲ။ မိုင်းတွင်းက ဘာလို့ ရုတ်တရက် ပြိုကျရတာလဲ။ ကျိုးဟောင် အထဲမှာ ရှိလား” ချင်းလန်က မျက်မှောင်ကြုတ်လိုက်ကာ ထိုနေ့က ဆွေးနွေးပွဲတွင် ကျိုးဟောင်နှင့်အတူ လိုက်ပါလာခဲ့သော “ကိုယ်ရံတော်” တစ်ဦးကို လှမ်းဖမ်းပြီး အေးစက်စွာ မေးမြန်းလိုက်လေသည်။
ထိုကိုယ်ရံတော်မှာ ချင်းလန်ကို ချက်ချင်း မှတ်မိသွားကာ သူသည် သူတို့သူဌေးပင်လျှင် ရန်မစရဲသော အရှိန်အဝါကြီးသူ ဖြစ်မှန်း သိထားသဖြင့် မရိုမသေ မလုပ်ရဲဘဲ အလျင်အမြန် ရှင်းပြတော့သည်။ “ဒီည ဒီမိုင်းတွင်းက အလုပ်လုပ်တဲ့ ညမဟုတ်ပါဘူး၊ ကျိုးဟောင်လည်း အထဲမှာ မရှိပါဘူး။ ဘာဖြစ်လို့လဲတော့ ကျွန်တော်လည်း မသိဘူး၊ သူဌေးက မိုင်းတွင်းရဲ့ လုံခြုံရေးကို ရုတ်တရက် လာစစ်တဲ့အချိန်မှာ မိုင်းတွင်းက ပြိုကျသွားတာပါ”
သူဌေးတင်မကဘဲ မိုင်းတွင်းက အဆင့်မြင့် အရာရှိတချို့ပါ အထဲမှာ ပိတ်မိနေခြင်း ဖြစ်လေသည်။
ထိုသို့ ပြောပြီးနောက် ကိုယ်ရံတော် ဖြစ်သူ လူမိုက်မှာ အမြန် ပြေးထွက်သွားတော့သည်။
ချင်းလန်သည် ဖြတ်သန်းသွားလာနေသော အလုပ်သမားများစွာကို အသာအယာ စိုက်ကြည့်နေမိသော်လည်း ကျိုးဟောင်ကိုမူ မတွေ့ရပါချေ။
ရုတ်တရက်၊ သူ၏ ရင်ထဲတွင် အန္တရာယ် အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။
မနီးမဝေးရှိ တောင်ကုန်းငယ်လေး တစ်ခုပေါ်မှနေ၍ ပြင်းထန်သော ရန်လိုမှု နှစ်ခု ထွက်ပေါ်လာခြင်း ဖြစ်လေသည်။
ထိုနေရာတွင် လူရှိနေသည်။
ဒါ့အပြင် ထိုသူများမှာ သွေးနီရောင် မန်ဒါလာ နှင့် ရဲ့ဖန် တို့ထက်ပင် စွမ်းအား ပိုမို ကြီးမားသော သခင်အဆင့်များ ဖြစ်ကြသည်။
ထိုအရာကို ခံစားမိလိုက်သည်နှင့် ချင်းလန်သည် ထိုလမ်းကြောင်းဆီသို့ ချက်ချင်း ပြေးထွက်သွားတော့သည်။
“သခင်လေး… သတိထားဦး” ကျွင်းဇီက အနောက်မှ အော်ဟစ်ရင်း အမှီလိုက်လာလေသည်။
မကြာမီမှာပင် သူတို့သည် ကျောက်ဆောင်များနှင့် သဘာဝအတိုင်း ပုန်းကွယ်စရာ များစွာရှိသော တောအုပ်ထူထပ်သည့် နေရာတစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။
ကျွင်းဇီမှာ အသက်ကို ပြင်းပြင်းရှူနေရပြီး ချင်းလန်၏ အရှိန်ကို မမှီနိုင်တော့ပါချေ။ သူ အကြီးအကျယ် အံ့အားသင့်သွားရသည်။ သခင်လေးတွင် အစွမ်းအစအချို့ ရှိလိမ့်မည်ဟု သူ ထင်ထားခဲ့သော်လည်း ဤမျှအထိ စွမ်းအားကြီးလိမ့်မည်ဟု သူ မထင်ထားခဲ့ပါချေ။ သူကိုယ်တိုင် ခွေးသေတစ်ကောင်လို မောဟိုက်နေရသော်လည်း သခင်လေး၏ အသက်ရှူသံမှာ မှန်ကန်နေဆဲ ဖြစ်ပြီး မျက်နှာအမူအရာမှာလည်း ပုံမှန်အတိုင်းပင် ရှိနေသည် မဟုတ်ပါလော။
“သခင်လေး… ဒီမှာ ဘယ်သူမှ မရှိပါဘူး။ သခင်လေး အာရုံမှားတာ မဟုတ်ဘူးမလား” ကျွင်းဇီက သံသယဖြင့် တိုးတိုးလေး မေးလိုက်၏။
ချင်းလန်ကမူ ကျောက်ဆောင်ကြီး တစ်ခု ရှိရာသို့ လှည့်ကြည့်လိုက်ပြီး လှောင်ပြုံးဖြင့် “ငါ ရောက်လာပြီပဲဥစ္စာ၊ မင်းတို့အားလုံး ဘာလို့ ပုန်းနေကြတာလဲ” ဟု ဆိုလိုက်လေသည်။
“မင်းတို့ဘာသာ ထွက်လာကြမလား၊ ဒါမှမဟုတ် ငါကိုယ်တိုင် လာပြီး ဖိတ်ခေါ်ရမလား”
“ဒီလောက် မြန်တဲ့ အရှိန်အဝါမျိုး ဆိုတော့… မင်းနဲ့ အဲ့ဒီ တတိယမြောက် လူမည်းကြီးနဲ့ကတော့ တကယ်ပဲ ပတ်သက်မှု မရှိလောက်ဘူး ထင်တယ်နော်”
ကျောက်ဆောင်ကြီး၏ အနောက်မှနေ၍ ဝတ်စုံဖြူ ဝတ်ဆင်ထားသော လူငယ်တစ်ဦး ထွက်ပေါ်လာခဲ့သည်။ သူနှင့်အတူ အလွန်လှပသော အမျိုးသမီးတစ်ဦးလည်း ပါလာခဲ့သော်လည်း သူမသည် မျက်နှာဖုံး စွပ်ထားသဖြင့် ပန်းချီကားထဲမှ ထွက်လာသည့် ရှေးခေတ် သခင်မလေးတစ်ဦးကဲ့သို့ အရှိန်အဝါမျိုး ရှိနေတော့သည်။