အခန်း (၂၁၆) ချင်းလန်သည် အမှန်တကယ်တော့ တရားမျှတမှုကို ဖော်ဆောင်နေခြင်း ဖြစ်လေသည်
အာ... ဒါက...
ချင်းလန်က ကိုယ့်သေတွင်းကိုယ် တူးလိုက်တာလား။
ချူမုန်ယောင်ပင်လျှင် ဤအခြေအနေကြောင့် ဇဝေဇဝါ ဖြစ်သွားရလေသည်။ သူမသည် ရန်သူကို ခြောက်လှန့်ရန်အတွက် သွယ်ဝိုက်သော နည်းလမ်းများ၊ သတိပေးချက်များစွာကို အသုံးပြုခဲ့သည်။
သူမသည် ချင်းလန်ကို ထိတ်လန့်သွားစေရန် အစွမ်းကုန် ကြိုးစားခဲ့သလို ချန်ဇီချီ အနေဖြင့်လည်း အခြေအနေအရ ပြန်ထွက်သွားနိုင်ရန်အတွက် စကားလမ်းကြောင်း လွှဲရန် ပြင်ဆင်ထားခဲ့သည်။
ထိုအချိန်တွင် သူမသာ ဘာမှမပြောဘဲ နှုတ်ပိတ်နေမည်ဆိုလျှင် သူမ၏အဖေနှင့် လင်းရွှမ်းချွမ်၏ အတွင်းရေးမှူး အပါအဝင် မည်သူက ချင်းလန်ကို ရန်စရဲပါမည်နည်း။
အဲ့ဒီအခါကျလျှင် ချင်းလန်နှင့် လင်းရွှမ်းချွမ်ကြားက ပတ်သက်မှုကို ဘယ်သူ သိနိုင်တော့မည်နည်း။
သူမ ဤမျှအထိ အကွက်ဆင်ခဲ့ရခြင်းမှာ ချင်းလန်၏ အားနည်းချက်ကို ရှာဖွေရန်နှင့် သူလုပ်ခဲ့သော မကောင်းမှုများအတွက် ဝန်ခံတောင်းပန်ခိုင်းစေချင်သောကြောင့် ဖြစ်လေသည်။
သို့သော် ချင်းလန်က ရုတ်တရက်ကြီး အရာအားလုံးကို ဖွင့်ပြောလိမ့်မည်ဟု မည်သူ သိနိုင်ပါမည်နည်း။
သူသည် လင်းရွှမ်းချွမ်နှင့် ပတ်သက်မှုကို ဖွင့်ဟလိုက်ရုံတင်မကဘဲ လူသတ်သမားမှာလည်း သူငှားထားသူ ဖြစ်ကြောင်း ဝန်ခံလိုက်လေသည်။
ဒါက...
ချူမုန်ယောင်မှာ ဆွံ့အသွားရတော့သည်။
“ရှင်... ရှင် ဘာတွေ လျှောက်ပြောနေတာလဲ”
ချူမုန်ယောင်က ချင်းလန်ကို ဒေါသတကြီး အော်ဟစ်လိုက်မိသည်။ သူ စိတ်တိုပြီး အပြစ်အားလုံးကို ခေါင်းခံလိုက်တာ ဖြစ်ရမည်ဟု သူမ ထင်နေမိသည်။
တစ်ချိန်တည်းမှာပင် သူမသည် ချန်ဇီချီကို စိုးရိမ်တကြီး ကြည့်လိုက်မိသည်။ သူမ ဘယ်လို တုံ့ပြန်မလဲဆိုတာကို သိချင်နေမိသည်။
ချန်ဇီချီမှာလည်း စိတ်ရှုပ်ထွေးနေပုံရကာ ဘာလုပ်ရမည်မှန်း မသိဘဲ ဖြစ်နေရှာသည်။ ချင်းလန်၏ ပြတ်သားသော ဝန်ခံမှုအပြီးတွင် သူမ၏ ဦးနှောက်မှာ လုံးဝ ဗလာ ဖြစ်သွားခဲ့ရသည်။
“ပြောသင့်တာလည်း ပြောပြီးပြီ၊ မပြောသင့်တာလည်း ပြောပြီးပြီ” ချင်းလန်က ချူမုန်ယောင်ဘက်သို့ လှည့်ကာ အေးစက်စွာ လှောင်ပြုံးလိုက်လေသည်။ “ကောင်းကင်ကြီးက လှပတဲ့ မိန်းကလေးတွေကို အမြဲ မျက်နှာသာ ပေးလေ့ရှိတယ်၊ ကမ္ဘာကြီးကလည်း ဒါကို ရှောင်လွှဲလို့ မရဘူး။ ဥပမာ - အနောက်ဘက်ဒေသက တူးဖော်ရရှိခဲ့တဲ့ နှစ်ပေါင်း ထောင်ချီသက်တမ်းရှိတဲ့ ရုပ်အလောင်း နှစ်ခုထဲမှာ တစ်ခုကို ‘လောင်လန် နတ်သမီး’ လို့ ခေါ်ကြတယ် မဟုတ်လား”
“မင်းကသာ ဒီလောက်အထိ မလှပခဲ့ဘူးဆိုရင် မင်း ကလဲ့စားချေခံ ရနေလောက်ပြီ”
သူ၏ အကြည့်များမှာ စူးရှလွန်းသလို အေးစက်လှပေသည်။
အလှတရားလား။
ချူမုန်ယောင်သည် အမှန်တကယ်ပင် ရင်သပ်ရှုမောဖွယ် လှပသော မိန်းကလေးတစ်ဦး ဖြစ်လေသည်။ မဟုတ်လျှင် ချန်ဖျင်အန်း ၏ ဇာတ်ညွှန်းထဲတွင် ခေါင်းဆောင်မင်းသမီး ဖြစ်လာစရာ အကြောင်းမရှိပါချေ။
သို့သော် သူမကို အသက်ချမ်းသာပေးရန် ဆုံးဖြတ်ခဲ့ခြင်းမှာ သူမ၏ အလှတရားကြောင့်သာ မဟုတ်ဘဲ ယနေ့ သူမ၏ ပြုမူပုံမှာ လုံးဝ ဆိုးယုတ်သွားသည့် အဆင့်သို့ မရောက်သေးသောကြောင့်လည်း ဖြစ်လေသည်။
သူမက သူ့ကို ခြိမ်းခြောက်ပြီး တောင်းပန်ခိုင်းချင်ရုံသာ ရှိခဲ့သည်။
ချန်ဇီချီကို ခေါ်ယူလိုက်လျှင်ပင် သူမသည် အပြတ်အသတ် ရင်ဆိုင်ခြင်း မပြုဘဲ သူ့ကို အလျှော့ပေးလာအောင် သွယ်ဝိုက်သော နည်းလမ်းဖြင့်သာ ဖိအားပေးခဲ့ခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ချူမုန်ယောင်သည် ယနေ့တွင် သူ့အတွက် ထွက်ပေါက်တစ်ခု ချန်ထားပေးခဲ့သလို ဆက်ဆံရေးကိုလည်း အကုန်အစင် ဖြတ်တောက်ခြင်း မပြုခဲ့ပါချေ။
မဟုတ်ခဲ့လျှင်လား။
ဟွန်း။
လှနေတော့ကော ဘာဖြစ်လဲ။
သူသည် ချူမုန်ယောင်အပေါ် တော်တော်လေး စေတနာထားခဲ့ပြီး ဖြစ်သည်။ ချူလုပ်ငန်းစု ကိစ္စမှာ ဖြစ်စေ၊ လင်းရွှမ်းချွမ်နှင့် ပတ်သက်သည့် ဖြစ်ရပ်မှာ ဖြစ်စေ ချူမိသားစုမှာ အကျိုးအမြတ်များ ရရှိခဲ့ကြသည် မဟုတ်ပါလား။
သေချာတာပေါ့၊ သူက လူကို အနိုင်ကျင့်တတ်တာ မှန်ပေမဲ့ အဲ့ဒါက အရေးမကြီးပေ။
တကယ်လို့ ချူမုန်ယောင်က ရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေကို လျစ်လျူရှုပြီး အမုန်းတရားတွေကိုပဲ မှတ်ထားပြီး သူ့ကို ဒုက္ခပေးဖို့၊ သတ်ဖို့ပဲ ကြံစည်နေမည်ဆိုလျှင်။
ထိုသို့ဆိုလျှင်တော့ နဂါးနိုင်ငံတော်မှာ အလှဆုံး အမျိုးသမီး ဖြစ်နေပါစေဦး၊ သေရမှာပင်။
တင်းမာသော စကားများ ပြောဆိုပြီးနောက် သူမ၏ ရုပ်ရည်ကို ချီးကျူးလိုက်ခြင်းမှာ ပြင်းထန်စွာ ဆုံးမပြီးနောက် ချိုချဉ်ကျွေးလိုက်သည့် ပုံစံမျိုးပင် ဖြစ်လေသည်။
ပါးရိုက်လိုက်သော်လည်း လုံးဝ သတ်ပစ်လိုက်ခြင်း မဟုတ်ပါချေ။
တံခါးမှာ အဟလေး တစ်ခုတော့ ကျန်ရှိနေသေးသည်။ ချူမုန်ယောင် ထိုအခွင့်အရေးကို အရယူနိုင်မလား ဆိုသည်မှာ သူမ၏ ပြုမူပုံပေါ်တွင်သာ မူတည်တော့ပေသည်။
“သွားမယ်”
ချင်းလန်သည် အနောက်သို့ လှည့်ကာ မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ထွက်ခွာသွားတော့သည်။ သူသည် ချန်ဇီချီကိုလည်း အရေးပါသောသူ တစ်ဦးအဖြစ် သဘောမထားပါချေ။
ကျွင်းဇီသည် အနောက်မှ လိုက်လာရင်း စိတ်ထဲမှ တတွတ်တွတ် ရေရွတ်နေမိသည်။ သူသည် သခင်လေးချင်း၏ သင်ခန်းစာများကို သေသေချာချာ နားထောင်နေသော်လည်း ဝေဝေဝါးဝါးသာ နားလည်နေသေးသည်။ “သခင်လေး... တူးဖော်ရရှိတဲ့ ရှေးဟောင်း ရုပ်အလောင်း နှစ်ခုထဲမှာ တစ်ခုက ‘လောင်လန် နတ်သမီး’ ဆိုရင် ကျန်တဲ့ တစ်ခုကို ဘယ်လို ခေါ်လဲဗျ”
ချင်းလန်သည် ဗီလာအပြင်ဘက်သို့ ရောက်ရှိနေပြီဖြစ်ရာ အသံတိုးတိုးလေးသာ ကျန်ရစ်ခဲ့တော့သည်။ “ဒုတိယမြောက် ရုပ်အလောင်း”
…
ချင်းလန် နှင့် ကျွင်းဇီ တို့ ထွက်ခွာသွားကြပြီး နောက်ထပ် အမျိုးသမီး ကိုယ်ရံတော်မှာလည်း အခြေအနေ မဟန်မှန်း သိသဖြင့် စောစောစီးစီးပင် ထွက်သွားခဲ့ပြီ ဖြစ်လေသည်။
ဧည့်ခန်းအတွင်း၌ ချန်ဇီချီ နှင့် ချူမုန်ယောင် တို့သာ ကျန်ရစ်ခဲ့ကြပြီး တစ်ဦးကို တစ်ဦး ကြောင်စီစီဖြင့် စိုက်ကြည့်နေမိကြသည်။
ချူမုန်ယောင်၏ ရင်ထဲတွင် ဗရမ်းဗတာ ဖြစ်နေရကာ အရာအားလုံးကို ဘယ်လို ပြန်ပြင်ရမလဲဆိုတာကို အသည်းအသန် စဉ်းစားနေမိသည်။
အစ်မဇီချီသည် ဖြောင့်မတ်သူ တစ်ဦး ဖြစ်သော်လည်း အနည်းငယ် ခေါင်းမာပြီး စိတ်လိုက်မာန်ပါ လုပ်တတ်သူ ဖြစ်မှန်း သူမ သိထားသည်။ သူမသည် မတရားမှုကို မြင်လျှင် တစ်ဖက်လူက ဘယ်သူပဲ ဖြစ်ဖြစ် ရှေ့သို့ အတင်း တိုးထွက်သွားမည့်သူ ဖြစ်လေသည်။
တကယ်လို့ ဒီကိစ္စကို သေချာ မကိုင်တွယ်နိုင်ရင် ချင်းလန်အတွက်တော့ ဒုက္ခရောက်နိုင်သည် မဟုတ်ပါလား။
အနည်းဆုံးတော့ ပစ်မှတ်ထား ခံရမှာကတော့ သေချာလှပေသည်။
ဒါ့အပြင် ချင်းလန်ကလည်း ရဲတင်းလွန်းလှသည်။ သူက ဘာမဆို ပြောရဲသလို ဘာမဆို ဝန်ခံရဲသူ ဖြစ်သဖြင့် ကိစ္စတွေ ပိုကြီးသွားမှာကိုလည်း သူမ စိုးရိမ်နေမိသည်။
သေချာတာပေါ့၊ ချူမုန်ယောင်သည် ချင်းလန်ဘက်ကနေ ကာကွယ်ပေးနေခြင်း မဟုတ်ဟု ကိုယ့်ကိုယ်ကိုယ် ပြန်လည် ရှင်းပြနေမိသည်။ ထိုလူက သူမကို တောင်းပန်ဖို့ ကြွေးကျန်နေသေးသဖြင့် အစ်မဇီချီ၏ ဖမ်းဆီးခြင်းကို မခံစေချင်သေးခြင်းသာ ဖြစ်လေသည်။
ဖမ်းမယ် ဆိုရင်တောင် သူ့ကို တောင်းပန်ပြီးမှ ဖမ်းရမည် မဟုတ်ပါလား။
ချူမုန်ယောင် တစ်ယောက် အကြောင်းပြချက် ရှာမရခင်မှာပင် ချန်ဇီချီက စကားစလာတော့သည်။ “ယောင်ယောင်... တကယ်တော့ ဒီကိစ္စက မင်းထင်သလို မဟုတ်ပါဘူး။ ထူးဆန်းတဲ့ အချက်တွေ ရှိနေသေးတယ်။ မင်း ချင်းလန်အပေါ် နားလည်မှု လွဲနေတာလည်း ဖြစ်နိုင်တယ်”
တကယ်လို့ အကြောင်းအကျိုးကိုသာ ဆင်ခြင်ကြည့်မည်ဆိုလျှင် လင်းရွှမ်းချွမ် သေတာက ချင်းလန်နဲ့ ပတ်သက်နေတာ မှန်ပေမဲ့ သူက မကောင်းတာ လုပ်ခဲ့တာ မဟုတ်ဘူး၊ တကယ်တော့ သူက အလုပ်ကောင်းတစ်ခု လုပ်ခဲ့တာလို့တောင် ပြောလို့ရလေသည်။
ချန်ဇီချီ အနေဖြင့် ချင်းလန်အပေါ် အမြင်ကောင်း မရှိသေးသည်မှာ မှန်ပေသည်။
သို့သော်လည်း ဓမ္မဓိဋ္ဌာန် ကျကျ ပြောရလျှင် ချင်းလန်သာ ဝင်ရောက် မစွက်ဖက်ခဲ့လျှင် လင်းရွှမ်းချွမ်၏ ဘေးတွင် အမြဲရှိနေတတ်သော ကိုယ်ရံတော်များကြောင့် နောက်ထပ် ဆယ်နှစ်ကြာလျှင်ပင် သူမ၏ ညီမဖြစ်သူမှာ သူတို့အမေအတွက် ကလဲ့စားချေနိုင်မည့် အခွင့်အရေး ရရှိလိမ့်မည် မဟုတ်ပါချေ။
“ဟင်”
ချူမုန်ယောင်မှာ အကြောင်းပြချက် ရှာနေရင်းမှ ချန်ဇီချီ၏ ထိတ်လန့်ဖွယ် စကားများကို ကြားလိုက်ရသဖြင့် မှင်သက်သွားရတော့သည်။
ချန်ဇီချီက ချူမုန်ယောင် မယုံမှာ စိုးသဖြင့် သူမ၏ ဖုန်းထဲမှ စာရွက်စာတမ်း တစ်စောင်ကို လှမ်းပို့လိုက်လေသည်။
တင်းတောင်။
ချူမုန်ယောင်သည် ဆိုဖာပေါ်မှ ဖုန်းကို ယူလိုက်ရာ ဖန်သားပြင်ပေါ်တွင် ဖိုင်တစ်ခု ရောက်ရှိလာသည်ကို တွေ့လိုက်ရသဖြင့် “အစ်မဇီချီ... ဒါက ဘာလဲဟင်” ဟု သံသယဖြင့် မေးလိုက်၏။
“အထဲမှာ လင်းရွှမ်းချွမ်နဲ့ ပတ်သက်တဲ့ အမှုတွဲတချို့ ရှိတယ်။ ခဏလောက် စောင့်ဦးနော်၊ ဖိုင်က နည်းနည်း ကြီးတော့ ဒေါင်းလုဒ် ဆွဲတာ နှေးနေလိမ့်မယ်”
အတော်ကြာမှ ချူမုန်ယောင်သည် ထိုဖိုင်ထဲက အကြောင်းအရာများကို ဖတ်ရှုပြီးသွားခဲ့သည်။ သူမ၏ မျက်နှာမှာ ဖြူဖပ်သွားကာ ဒေါသတကြီးဖြင့် “လင်းရွှမ်းချွမ်က တကယ်ပဲ ကိုယ့်မယားကိုယ်သတ်ပြီး သမီးကို စွန့်ပစ်ခဲ့တဲ့ လူယုတ်မာ တစ်ယောက်လား” ဟု အော်ဟစ်လိုက်မိတော့သည်။
တစ်နေကုန် ဂုဏ်သရေရှိ လူကြီးလူကောင်း တစ်ဦးလို ပြုမူနေတတ်သော လင်းရွှမ်းချွမ်သည် ဂုဏ်ပကာသနအတွက်နှင့် မိမိ၏ ဇနီးနှင့် သူမ၏ မိသားစုကို သတ်ဖြတ်ကာ ကိုယ်ပိုင် သမီးအရင်းကိုပင် စွန့်ပစ်ခဲ့သည့် လူယုတ်မာ တစ်ဦး ဖြစ်လိမ့်မည်ဟု သူမ တစ်ခါမှ မထင်ထားခဲ့ပါချေ။
သူမ အလွန် ဒေါသထွက်သွားရသည်။
မိန်းကလေး တစ်ယောက်အနေနှင့် ထိုကဲ့သို့သော လူစားမျိုးကို အစိတ်စိတ် အမွှာမွှာ ဖြစ်သွားအောင် လုပ်ပစ်လျှင်တောင် ဒေါသပြေနိုင်မည် မဟုတ်ဟု သူမ ခံစားလိုက်ရသည်။
“တကယ်တော့ လင်းရွှမ်းချွမ် စွန့်ပစ်ခဲ့တဲ့ သမီးက ငါ့ရဲ့ ညီမပဲ။ လွန်ခဲ့တဲ့ လအနည်းငယ် အထိ သူမက နိုင်ငံခြားမှာ ဒုက္ခတွေနဲ့ နေထိုင်ခဲ့ရတာ”
“သူမ ပြန်ရောက်လာတဲ့အခါမှာ ဒီထိတ်လန့်စရာ လျှို့ဝှက်ချက်ကို မတော်တဆ သိသွားပြီး သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ လင်းရွှမ်းချွမ်မှာ ကိုယ်ရံတော်တွေ အရမ်းများလွန်းလို့ သူမမှာ အခွင့်အရေး မရခဲ့ဘူး”
“ငါကတော့လား... ဟား...”
ချန်ဇီချီက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ရယ်မောလိုက်ကာ “ယောင်ယောင် မျက်စိထဲမှာတော့ ငါက အာဏာကို မကြောက်တဲ့သူလို့ မြင်နေမှာပေါ့၊ ဒါပေမဲ့ တကယ်တမ်းတော့ စိတ်အားထက်သန်မှု တစ်ခုတည်းနဲ့ ဘာမှ လုပ်လို့ မရဘူး။ လင်းရွှမ်းချွမ်ကို ဖမ်းဖို့ ထားလိုက်ဦး၊ ချင်းလန်သာ ဝင်မပါခဲ့ရင် လင်းရွှမ်းချွမ်ကို တွေ့ဖို့တောင် ငါ့မှာ အခွင့်အရေး ရှိမှာ မဟုတ်ဘူး”
“ဒါတွေ အားလုံးက ချင်းလန်ရဲ့ အကွက်တွေပဲ။ ထျန်ဟွာ အိမ်ရာဝင်းကို ဝယ်ယူခဲ့တာ အပါအဝင်ပေါ့။ ဒါတွေ အားလုံးက လင်းရွှမ်းချွမ်ကို ရှန်ဟိုင်း ကျောက်မိသားစုကနေ စွန့်ပစ်သွားအောင် ချင်းလန် လုပ်ဆောင်ခဲ့တဲ့ ခြေလှမ်းတွေပဲ”
“ယောင်ယောင်... ဒီကိစ္စက မင်းထင်သလို မရိုးရှင်းဘူး။ တကယ်လို့ ကျိုးကြောင်း ဆင်ခြင်ကြည့်မယ်ဆိုရင် ချင်းလန်နဲ့ ပတ်သက်နေတာ မှန်ပေမဲ့ လင်းရွှမ်းချွမ်ကို သတ်ခဲ့တာကတော့ ငါ့ရဲ့ ညီမပါ၊ ဒါမှမဟုတ် ငါကိုယ်တိုင်ပဲ ဒါကို ခွင့်ပြုခဲ့တာလို့ ပြောလို့ ရတယ်”
“တကယ်လို့ အပြစ်ရှိတယ် ဆိုရင်တော့ ငါလည်း အကျဉ်းသား တစ်ယောက်ပါပဲ”
ချန်ဇီချီသည် အားငယ်သွားပုံရသည်။ လင်းရွှမ်းချွမ် သေသွားလို့ ဝမ်းနည်းနေခြင်း မဟုတ်ဘဲ သူမကိုယ်သူမ တရားမျှတမှုကို ဖော်ဆောင်နေသူဟု ယူဆထားသော်လည်း အခုတော့ ထိုခံယူချက်မှာ ပျော့ညံ့နေသည်ဟု ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် ချင်းလန်နှင့် သူမ၏ ညီမကို ဖမ်းဆီးဖို့ စဉ်းစားမည့်အစား သူမသည် ကျေနပ်မှုကိုသာ ခံစားနေရပြီး သူတို့၏ လုပ်ရပ်ကိုပင် အသိအမှတ်ပြုနေမိသည် မဟုတ်ပါလား။
သူမသည် ဆိုဖာပေါ်တွင် အားအင်ကုန်ခမ်းစွာ လဲလျောင်းလိုက်မိသည်။ သူမ၏ အနာဂတ် အလုပ်အကိုင်အတွက်လည်း မျှော်လင့်ချက် ကင်းမဲ့နေသလို ခံစားနေရတော့သည်။
“အစ်မဇီချီ... အစ်မ ထင်သလို မဟုတ်ပါဘူး။ တစ်ခါတလေကျရင် ပြဿနာအချို့ကြောင့် လူဆိုးတွေက ထိုက်တန်တဲ့ ပြစ်ဒဏ် မရတတ်ဘူးလေ၊ အဲ့ဒီအခါမျိုးမှာတော့ မထင်မှတ်တဲ့ နည်းလမ်းတွေကို သုံးရတာပေါ့”
“လင်းရွှမ်းချွမ်က ယုတ်မာတဲ့သူလေ၊ သူ သေထိုက်ပါတယ်။ အစ်မ ဘာမှ မမှားခဲ့ပါဘူး၊ အစ်မရဲ့ ညီမလည်း ဘာမှ မမှားပါဘူး”
ချန်ဇီချီက ခေါင်းမော့လိုက်ပြီး ချူမုန်ယောင်ကို ထူးဆန်းစွာ စိုက်ကြည့်ကာ “မင်းက ချင်းလန်ကို ဒီအတွက် ပေးဆပ်ခိုင်းချင်လို့ ငါ့ကို ခေါ်ခဲ့တာ မဟုတ်ဘူးလား” ဟု ဇဝေဇဝါ မေးလိုက်လေသည်။
ဒီကိစ္စက ချင်းလန်နဲ့ သိပ်မသက်ဆိုင်မှန်း သိလိုက်ရသည့်အခါတွင်တော့ သူမသည် စိတ်အေးသွားသလိုမျိုး၊ ပျော်ရွှင်နေသလိုမျိုး ဖြစ်နေသည် မဟုတ်ပါလား။
“မင်းနဲ့ ချင်းလန်ကြားမှာ တစ်ခုခုများ ရှိနေလို့လား။ ခုနက မင်းတို့ ရန်ဖြစ်နေကြတာလား”
ချူမုန်ယောင်မှာ ထိတ်လန့်သွားရကာ ခေါင်းကို အသည်းအသန် ခါယမ်းလိုက်ပြီး “မဟုတ်ပါဘူး၊ မဟုတ်ပါဘူး အစ်မဇီချီ... ဘာတွေ လျှောက်တွေးနေတာလဲ” ဟု ဆိုလိုက်၏။
“ကျွန်မနဲ့ အဲ့ဒီလူနဲ့ ဘာဆိုင်လို့လဲ။ ရန်ဖြစ်တာလား။ အစ်မတို့ သူ့ကို ဖမ်းသွားပြီး ဆယ်နှစ်လောက် ထောင်ထဲ ထည့်ထားလိုက်တာကိုပဲ ကျွန်မက မြင်ချင်တာပါ။”
“ဒါပေမဲ့ ဒါက ထူးခြားတဲ့ အမှု မဟုတ်လား။ တကယ်လို့ ချင်းလန်သာ မှားခဲ့မယ်ဆိုရင် အစ်မနဲ့ အစ်မရဲ့ ညီမပါ တစ်ပါတည်း ဒုက္ခရောက်ကုန်မှာ မဟုတ်လား။”
အင်း...
ချန်ဇီချီမှာ စကားပင် ဆက်မပြောနိုင်တော့ပါချေ။
ချူမုန်ယောင်၏ နှစ်သိမ့်စကားများမှာ နှစ်သိမ့်တာနှင့် မတူဘဲ ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းနေသည်ဟု သူမ ခံစားလိုက်ရသည်။
“အတိုချုပ် ပြောရရင်တော့ မင်း ဒီနေ့ ချင်းလန်နဲ့ ရန်ဖြစ်လိုက်ပြီလေ။ အဲ့ဒီလူက လူကောင်း မဟုတ်ဘူး။ နောက်ကျရင် သူ့အနား မကပ်တာ ပိုကောင်းမယ်၊ မဟုတ်ရင်တော့ တစ်နေ့နေ့မှာ မင်း ဒုက္ခရောက်လိမ့်မယ်”
ချန်ဇီချီက ချူမုန်ယောင်ကို အလေးအနက် အကြံပေးလိုက်လေသည်။
သူမကိုယ်တိုင်ပင် သက်သေသာဓက မဟုတ်ပါလား။ သူမနှင့် ချင်းလန် ပထမဆုံး တွေ့ဆုံခဲ့ပုံမှာလည်း ဤအတိုင်းပင် ဖြစ်သော်လည်း အခု ရလဒ်ကို ကြည့်လိုက်ဦး။
ချင်းလန်ကို ဖမ်းဆီးဖို့ ထားလိုက်ဦး၊ အခုတော့ သူ့ဘက်ကနေ ကာကွယ်ပေးဖို့တောင် သူမ သင်ယူနေရပြီ မဟုတ်ပါလား။
ချူမုန်ယောင်ကတော့ အပြင်ပန်းတွင် ခေါင်းညိတ်ပြကာ ချန်ဇီချီ၏ စကားကို နားထောင်သလို ပြုမူနေသော်လည်း သူမ၏ ရင်ထဲတွင်မူ ဆန့်ကျင်ဘက်ပင် ဖြစ်လေသည်။
ချင်းလန်နှင့် ဝေးဝေးနေရမည် ဟုတ်လား။
ချူမုန်ယောင်၏ တစ်သက်တာလုံးတွင် ဤမျှအထိ ဒုက္ခ မရောက်ဖူးပါချေ။ အထူးသဖြင့် အရာအားလုံးမှာ လူတစ်ယောက်၏ လက်ထဲတွင် ရှိနေခြင်းမျိုး ဖြစ်လေသည်။
အနှေးနှင့် အမြန်ဆိုသလို သူမသည် ချင်းလန်၏ အမှားတစ်ခုခုကို ရှာတွေ့အောင် ရှာပြီး သူမရှေ့မှာ ဒူးထောက် တောင်းပန်ခိုင်းစေရမည်။
ဒီတစ်ခါတော့လား။
သူမ တကယ်ပဲ နားလည်မှု လွဲခဲ့ပုံရပြီး ကိစ္စတွေကို ပိုဆိုးသွားစေတော့မတတ် ဖြစ်ခဲ့ရသည်။ သူမ ဇီချီကို ခေါ်ခဲ့သည့် တကယ့် အကြောင်းရင်းမှာလည်း ချင်းလန်ကို ဖော်ထုတ်ဖို့ မဟုတ်ဘဲ သူမအတွက် ကာကွယ်ရေး တံတိုင်းတစ်ခုအဖြစ် အသုံးချချင်ရုံသာ ရှိခဲ့ခြင်း ဖြစ်လေသည်။
ဒါပေမဲ့ ဖြစ်ပြီးတာတွေ ဖြစ်ကုန်ပြီ၊ သူမ ချင်းလန်ကို နားလည်မှု လွဲခဲ့လေသည်။
ချင်းလန်သည် ပိုက်ဆံအတွက် လူသတ်ခဲ့သူ မဟုတ်ဘဲ အမှန်တကယ်တော့ သူသည် အလုပ်ကောင်းတစ်ခုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်လေသည်။
နှိုင်းယှဉ်ကြည့်လျှင် သူမကသာ အူကြောင်ကြောင်နိုင်ပြီး အရာရာကို သေချာ မစဉ်းစားခဲ့သဖြင့် လူကောင်းတစ်ယောက်ကို စိတ်ပျက်အောင် လုပ်မိသလို ဖြစ်သွားခဲ့ရသည်။
ဒါမှမဟုတ် နောက်မှ ချင်းလန်ကို တောင်းပန်ဖို့ အခွင့်အရေး ရှာရမလား။
သူမသည် ချင်းလန်၏ တုံ့ပြန်မှုကို သိလိုသဖြင့် မဟုတ်ပါချေ။ သူ တကယ်ပဲ စိတ်ဆိုးနေသလား၊ သူမကို ကလဲ့စားချေချင်နေသလား ဆိုသည်ကိုလည်း မဟုတ်ပါချေ။
အမှားလုပ်မိလျှင် တောင်းပန်ရမည်၊ ထိုက်တန်သော လျော်ကြေး ပေးဆပ်ရမည် ဆိုသည်မှာ ကျိုးကြောင်းဆင်ခြင်တတ်သူတိုင်း လုပ်ဆောင်ရမည့် အရာများပင် မဟုတ်ပါလော။
တစ်ဦးစီ အတွေးများဖြင့် ဤညဉ့်ဦးယံမှာ တိတ်ဆိတ်စွာပင် ကုန်ဆုံးသွားတော့သည်။