အခန်း (၂၁၅) ဒါက သတိပေးချက်လား
နောက်တစ်နေ့၊ မနက်စောစော။
ချင်းလန်သည် သူ၏ဖုန်းတုန်ခါမှုကြောင့် နိုးလာခဲ့၏။
အိပ်မောကျနေသည့် သွေးနီရောင် မန်ဒါလာသည် မသက်မသာဖြစ်သွားကာ ခုတင်ဘေးစားပွဲပေါ်မှ ဖုန်းကိုယူပြီး ချင်းလန်၏လက်ထဲသို့ ထိုးထည့်ရင်း မကျေမနပ် ရေရွတ်လိုက်လေသည်။
“အိပ်ချင်လိုက်တာ။ မနက်စောစောစီးစီး ဘယ်သူက ဖုန်းဆက်နေတာလဲ”
“ဘာလို့ အနားမပေးတာလဲ။ ဘာလို့ ဒီအချိန်မှ ဆက်ရတာလဲ”
ချင်းလန် ဖုန်းနံပါတ်ကို ကြည့်လိုက်ရာ ချူမုန်ယောင် ဖြစ်နေသည်။ သူသည် ဘာမှစဉ်းစားမနေဘဲ ချက်ချင်းပင် ဖုန်းကို ချပစ်လိုက်တော့သည်။
ထို့နောက် သူ၏ဖုန်းကိုပါ ပိတ်လိုက်ပြီး ဘေးသို့ ပစ်တင်ကာ “သူ့ကို ဂရုမစိုက်နဲ့၊ ဆက်အိပ်ရအောင်” ဟု ဆိုလိုက်၏။
သူသည် စောင်ကို ဆွဲခြုံကာ သွေးနီရောင် မန်ဒါလာကို ဖက်ထားရင်း မျက်လုံးများကို ပြန်မှိတ်လိုက်လေသည်။
သူတို့နှစ်ဦးသည် မွန်းလွဲပိုင်းအထိ ဆက်အိပ်ခဲ့ကြသည်။
သူ ပြန်နိုးခါနီးအချိန်တွင် ဟင်းနံ့မွှေးမွှေးလေးကို ခပ်သဲ့သဲ့ ရလိုက်၏။
ချင်းလန် မျက်လုံးဖွင့်လိုက်ပြီး ကိုယ်ကိုအသာအယာ ရွှေ့ကာ ခုတင်ခေါင်းရင်းကို မှီလျက် စီကရက်တစ်လိပ် မီးညှိလိုက်လေသည်။
သွေးနီရောင် မန်ဒါလာသည် ခေါက်စားပွဲလေးတစ်ခုကို ခုတင်ဘေးသို့ ယူလာပြီး ဟင်းပွဲအချို့ကို သပ်ရပ်စွာ ပြင်ဆင်ထားသည်ကို တွေ့လိုက်ရသည်။
ချင်းလန်က အေးအေးလူလူ ဆေးလိပ်သောက်ရင်း ကြည့်နေသည်ကို မြင်သည့်အခါ သွေးနီရောင် မန်ဒါလာက တွန့်ဆုတ်စွာဖြင့် “ဒါတွေက အပြင်ကနေ မှာထားတာပါ။ ကျွန်မက ဟင်းမချက်တတ်တော့ ဗိုက်ဖြည့်ဖို့ ရှိတာနဲ့ပဲ စားလိုက်ပါဦး” ဟု ဆိုလိုက်လေသည်။
သူမသည် ကျွမ်းကျင်သော လူသတ်သမားတစ်ဦး ဖြစ်သဖြင့် ဓားနှင့် လူထိုးရမည်ဆိုလျှင် ကျွမ်းကျင်သော်လည်း ယောက်မကို ကိုင်ကာ ဟင်းချက်ရန်မူ သူမ တကယ်ပင် မတတ်ပါချေ။
အပြင်မှ မှာထားသော ဟင်းပွဲများကို အိမ်ချက်ဟင်းနှင့် တူစေရန် ပန်းကန်များထဲသို့ သေသေချာချာ ပြန်ထည့်ကာ ပြင်ဆင်ထားခြင်း ဖြစ်သည်။ ချင်းလန် သတိထားမိသွားသည့်အခါတွင်မူ သူမ ဝန်ခံလိုက်ရတော့သည်။
“မင်းကိုယ်တိုင် ချက်တာ ဟုတ်မဟုတ်က အရေးမကြီးပါဘူး၊ မင်းရဲ့ စေတနာ ရှိနေရင် ပြီးတာပါပဲ” ချင်းလန်က နားလည်မှုရှိစွာ ပြုံးပြလိုက်၏။ “မင်းမှတ်မိလား၊ ငါနဲ့ စတွေ့တုန်းက မင်းက ငါ့ကို ဓားနဲ့ထိုးဖို့ပဲ အမြဲ ပြင်နေတာလေ။ အခုတော့ အချိန်ခဏလေးအတွင်းမှာပဲ အများကြီး ပြောင်းလဲသွားပြီနော်”
ကိုယ့်အိမ်မှာလို အေးအေးဆေးဆေး အိပ်နိုင်ရုံတင်မကဘဲ နိုးလာသည့်အခါ ဗိုက်ဖြည့်ဖို့အတွက် အရသာရှိတဲ့ ဟင်းပွဲတွေက အဆင်သင့် စောင့်ကြိုနေသည် မဟုတ်ပါလား။
ချင်းလန်သည် လက်ကျန်ဆေးလိပ်တိုကို ပြာခွက်ထဲ ထည့်လိုက်ပြီးနောက် စားပွဲဆီသို့ လျှောက်သွားကာ ငါးချဉ်ဟင်းတစ်ဖဲ့ကို ယူရန် တူကို ကိုင်လိုက်သည်။ သို့သော် သွေးနီရောင် မန်ဒါလာက သူ၏လက်ကို ပုတ်ထုတ်လိုက်ကာ “မျက်နှာအရင်သွားသစ်၊ သွားတိုက်ဦး။ မဟုတ်ရင် စားခွင့်မပြုဘူး” ဟု တိုက်တွန်းလိုက်လေသည်။
ချင်းလန်က သံသယဖြင့် “လူသတ်သမားတွေမှာလည်း ဒီလိုမျိုး သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး စည်းကမ်းကြီးတတ်တာမျိုး ရှိလို့လား” ဟု မေးလိုက်၏။
သူ့အမြင်တွင် လူသတ်သမားဆိုသည်မှာ ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် နေထိုင်ရသူများ မဟုတ်ပါလား။ တစ်ခါတလေ ပစ်မှတ်ကို စောင့်ကြည့်ရန်အတွက် ရက်အတော်ကြာအောင် အစားမမှန်ဘဲ နေရတတ်သလို၊ စားခါနီး သွားတိုက်ဖို့ကိုကော အရေးတကြီး စဉ်းစားနေကြပါမည်လော။
သွေးနီရောင် မန်ဒါလာက သူ၏စကားကို လျစ်လျူရှုကာ ပလုတ်ကျင်းရည် ပုလင်းကို ကမ်းပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမသည် တဘက်စိုလေးဖြင့် ချင်းလန်၏ မျက်နှာပေါ်မှ နှုတ်ခမ်းနီရာများကို သုတ်ပေးနေတော့သည်။
နှုတ်ခမ်းနီရာများ အကုန်ပျောက်သွားမှသာ သူမ သက်ပြင်းချနိုင်တော့သည်။
သူမ၏ ရင်ထဲတွင် ရှက်သွေးဖြန်းသွားရသည်။ သူမသည် အရင်က ထိုသို့သောသူ မဟုတ်ပါချေ။ သို့သော် မနေ့ညကမူ သူမ ရူးသွားသလားဟုပင် ထင်ရသည်။ ချင်းလန်ကို ဖက်ကာ နမ်းရှိုက်ခဲ့သဖြင့် သူ၏မျက်နှာတစ်ပြင်လုံး နှုတ်ခမ်းနီရာများ ပြည့်နှက်ခဲ့သည် မဟုတ်ပါလား။
ဤကဲ့သို့သော အရာမျိုးကို နောက်တစ်ခါ ထပ်မလုပ်ရန် သူမ ဆုံးဖြတ်လိုက်မိသည်။
ဒါဟာ တကယ်ကို မယုံနိုင်စရာပဲ။
ထိပ်တန်း လူသတ်သမား သုံးဦးထဲတွင် ပါဝင်သော သူတစ်ဦးနှင့် လုံးဝ မလိုက်ဖက်ပါချေ။ ဒါဟာ သူမ၏ ပုံမှန်ဟန် မဟုတ်ပေ။သူမသည် မိမိအလုပ်အပေါ် ဂုဏ်ယူတတ်သော ထိပ်တန်း လူသတ်သမားတစ်ဦး မဟုတ်ပါလား။
နောက်တစ်ခါကျရင်တော့... သေချာပေါက် နှုတ်ခမ်းနီ ထပ်မဆိုးတော့ဘူး။
“ဒါနဲ့ မနက်စောစောစီးစီး ဘယ်သူက ဒီလောက် အလိုက်မသိ ဖုန်းဆက်နေတာလဲ” သွေးနီရောင် မန်ဒါလာက သိချင်စိတ်ဖြင့် မေးရင်း ချင်းလန်၏ ရှေ့သို့ နံရိုးစွပ်ပြုတ် တစ်ခွက် ချပေးလိုက်လေသည်။
ချင်းလန်က ငုံ့ကြည့်လိုက်ပြီး တစ်ငုံ သောက်လိုက်ကာ “ချူမုန်ယောင်ပေါ့၊ တခြားဘယ်သူ ရှိဦးမှာလဲ။ သူမက လင်းရွှမ်းချွမ် သေတာကို သိသွားလို့ တစ်ခုခုများ ရိပ်မိသွားပြီး ပြဿနာလာရှာတာ နေမှာပါ” ဟု ဂရုမစိုက်သလို ဆိုလိုက်၏။
“သူမ နောက်တစ်ခါ ပြန်ပေါ်လာပြန်ပြီလား” သွေးနီရောင် မန်ဒါလာက မျက်မှောင်ကြုတ်လျက် မကျေမနပ် ဖြစ်သွားရသည်။
ချင်းလန်က တမင်တကာ စနောက်လိုက်၏။ “ဘာလဲ၊ မင်းက လက်စသတ်ပေးချင်လို့လား”
သွေးနီရောင် မန်ဒါလာက ခေါင်းခါပြကာ “ဒါတော့ မဖြစ်ဘူး။ လူသတ်သမား တစ်ယောက်အနေနဲ့ ကျွန်မမှာ အလုပ်ကျင့်ဝတ် ရှိတယ်။ အကြောင်းမဲ့တော့ လူမသတ်ဘူးလေ။ အခကြေးငွေ ရမှသာ ကျွန်မ အလုပ်လုပ်တာ” ဟု ဆိုလေသည်။
“ငါကတောင် ပေးရမှာလား” ချင်းလန်သည် သွေးနီရောင် မန်ဒါလာ၏ မျက်လုံးများကို စိုက်ကြည့်ကာ သူမ၏ ရည်ရွယ်ချက်ကို သိရန် ကြိုးစားလိုက်သည်။ သို့သော် သွေးနီရောင် မန်ဒါလာက အကြောင်းပြချက် ခိုင်ခိုင်လုံလုံဖြင့် “တခြားလူတွေဆိုရင်တော့ ဆွေးနွေးလို့ ရပါတယ်။ ဒါပေမဲ့ ဒီ ချူမုန်ယောင် ကတော့ ကျွန်မ သိပ်သဘောမကျပေမဲ့ အစ်မရဲ့ သူငယ်ချင်း ဖြစ်နေပြီး သူတို့က အရမ်းရင်းနှီးကြတာလေ” ဟု ပြန်ပြောလိုက်၏။
ချင်းလန် ခေတ္တမျှ တွန့်ဆုတ်သွားကာ “ဘာကို ဆိုလိုတာလဲ” ဟု မေးလိုက်သည်။
သွေးနီရောင် မန်ဒါလာက နောက်ထပ် စွပ်ပြုတ်တစ်ခွက် ထပ်ထည့်ပေးလိုက်ပြီး ဖြည်းဖြည်းချင်း ဆိုလိုက်လေသည်။ “အခကြေးငွေ ပိုပေးရမယ်”
“အဟွတ် အဟွတ်” ချင်းလန် ရုတ်တရက် သီးသွားရတော့သည်။
သွေးနီရောင် မန်ဒါလာက မျက်စောင်းလေး ထိုးလိုက်ကာ “ဒီစွပ်ပြုတ်က ကျန်းမာရေးအတွက် ကောင်းမှန်း သိပါတယ်၊ ဒါပေမဲ့ ဒီလောက်အထိတော့ မလောပါနဲ့ဦး” ဟု ဆိုလိုက်၏။
မနေ့ညက ချင်းလန်က သူ ခါးနည်းနည်း နာနေတယ်လို့ ညည်းမိတဲ့အတွက် အခုတော့ နံရိုးစွပ်ပြုတ် ငါးခွက်တောင် အတင်း တိုက်ခံလိုက်ရတော့သည်။
ထမင်းစားပြီးနောက် သွေးနီရောင် မန်ဒါလာသည် သူမ၏ အလုပ်များကို ပြန်စတော့သည်။ အဝတ်အစားများကို ပြင်ဆင်ရင်း နံရံပေါ်ရှိ လက်နက်များထဲမှ အချို့ကို ရွေးချယ်နေလေသည်။
ချင်းလန် ပြန်ခါနီးတွင် သူမကို ကြည့်ကာ “ဘာလဲ၊ ဒီညလည်း အလုပ်ရှိသေးလို့လား” ဟု ထူးဆန်းစွာ မေးလိုက်၏။
“အင်း” သွေးနီရောင် မန်ဒါလာက ခေါင်းပင် လှည့်မကြည့်ဘဲ “အစ်မ ဆီကို သွားပြောလိုက်ဦး၊ ကျွန်မ အပြင် ခဏ ထွက်သွားမယ်လို့။ ပြီးရင်တော့ ပြန်လာပြီး ချူမုန်ယောင် ရဲ့ ကိစ္စကို ဖြေရှင်းပေးမယ်” ဟု ဆိုလေသည်။
ထိုစကားကြောင့် ချင်းလန် ကြောင်သွားရသည်။ “ဟမ်... ငါက အခကြေးငွေ ပေးမယ်လို့ မပြောရသေးဘူးလေ”
“ဒါက အလကားပါ၊ စိတ်မပူပါနဲ့” သွေးနီရောင် မန်ဒါလာက အနက်ရောင် ဝတ်စုံကို ကိုင်ကာ လှည့်ကြည့်လိုက်ပြီး “ရှင် ဒီည ပြန်လာမယ် ဆိုရင်တော့ ဒီအလုပ်က ထိုက်တန်သွားပါပြီ” ဟု ဆိုလိုက်တော့သည်။
ဘုရားရေ။
တကယ့် ဗီလိန်ကြီး ဖြစ်တဲ့ ချင်းလန်တောင် ဤမြင်ကွင်းကြောင့် အနည်းငယ် ထိတ်လန့်သွားရသည်။
သောက်ကျိုးနည်း၊ သွေးနီရောင် မန်ဒါလာ ကမှ တကယ့် ဗီလိန်အစစ် ဖြစ်နေတာလား။
သူမက ပိုက်ဆံကိုတောင် ဂရုမစိုက်တော့ဘဲ သူ့ရဲ့ ခန္ဓာကိုယ်ကိုပဲ အလိုရှိနေတာလား။
ဘာလို့ နံရိုးစွပ်ပြုတ် ငါးခွက်တောင် အတင်း တိုက်နေသလဲဆိုတာ အခုမှ သဘောပေါက်တော့သည်။
ဒါဟာ တမင် ကြိုတင် ကြံစည်ထားတာပဲ။
ချင်းလန်သည် သူ၏ စိတ်လှုပ်ရှားမှုများကို အတော်ကြာအောင် ပြန်လည် ထိန်းသိမ်းပြီးနောက် အပြင်သို့ ထွက်လာခဲ့သည်။
သူက စနောက်လိုက်ရုံတင် ရှိသေးတယ်၊ ချူမုန်ယောင် ကတော့ ကျော့ကွင်းထဲ မိနေပြီ မဟုတ်ပါလား။
သူတို့ကို သတ်ပစ်မယ် ဟုတ်လား။ အဲ့ဒါက ဖြုန်းတီးရာ ရောက်မှာပေါ့။
သူသည် အပြင်တွင် စောင့်နေသော မေဘက်ခ် ကားကြီးပေါ်သို့ တက်လိုက်ရာ ကျွင်းဇီက ချူမုန်ယောင် ပေးထားသည့် လိပ်စာအတိုင်း ဖြည်းဖြည်းချင်း မောင်းနှင်သွားတော့သည်။
…
ရွိုင်ရယ် ဒရာဂွန်ဘေး ဗီလာရပ်ကွက်။
ချူမုန်ယောင်၏ အိမ်တံခါးမှာ အဟောင်းသား ပွင့်နေပြီး သူမသည် အတော်ကြာအောင် စောင့်နေခဲ့ပုံရသည်။
“ရှင်က ကိုယ်ရံတော်တောင် ခေါ်လာတာလား။ ဘာလဲ၊ ရှင့်လို ယောကျ်ားကြီးက ကျွန်မလို မိန်းကလေး တစ်ယောက်ရဲ့ အနိုင်ကျင့်တာကို ခံရမှာ စိုးလို့လား”
ချူမုန်ယောင်က အနောက်မှ လိုက်လာသော ကျွင်းဇီကို ကြည့်ကာ မကျေမနပ် နှာခေါင်းရှုံ့လိုက်လေသည်။
ချင်းလန်ကို စိုက်ကြည့်နေသော သူမ၏ လှပသော မျက်ဝန်းများထဲတွင် မကျေနပ်မှုများ ပြည့်နှက်နေတော့သည်။
“လူများနေလို့လား။ ဒါဆိုရင်လည်း ငါ ပြန်တော့မယ်လေ” ချင်းလန်က ထရပ်လိုက်သည်။
ချူမုန်ယောင်က ဒေါသတကြီးဖြင့် “ရှင် ဘာလို့ ဒီလောက်တောင် အလျင်လိုနေရတာလဲ။ အပြစ်မကင်းလို့လား၊ ဒါမှမဟုတ် လုပ်ထားတဲ့ ကိစ္စတွေက လက်စမသတ်ရသေးလို့ ပြန်ပြီး အစဖျောက်ဖို့ ကြံနေတာလား” ဟု ဆိုလိုက်၏။
သူမ၏ စကားလုံးများမှာ ဖိအားပေးသည့် ပုံစံမျိုး ဖြစ်နေသလို သူမ၏ မျက်ဝန်းများတွင်လည်း ယုံကြည်မှုများ ပြည့်နှက်နေကာ အခြေအနေအရပ်ရပ်ကို ထိန်းချုပ်ထားနိုင်သည့် ပုံစံမျိုး ပေါက်နေလေသည်။
ချင်းလန်က ရယ်မောလိုက်ပြီး စိတ်မလောပါချေ။ သူသည် ဆိုဖာပေါ်တွင် ခြေထောက်ချိတ်လျက် ထိုင်လိုက်ကာ “မင်း ပြောပုံအရဆိုရင် ငါ့ကို လက်ပူးလက်ကြပ် မိထားတဲ့ ပုံစံမျိုးပဲနော်။ ပြောပါဦး၊ ဘာမှ အားမနာနဲ့။ ငါတို့က တစ်ဖက်တည်းသားတွေပဲလေ၊ ဖုံးကွယ်နေစရာ မလိုပါဘူး” ဟု စိတ်ဝင်တစား ဆိုလိုက်၏။
“ရှင် သေချာလား” ချူမုန်ယောင်က ကျွင်းဇီကို တစ်ချက်ကြည့်လိုက်သည်။ “ရှင် လုပ်ခဲ့တဲ့ မကောင်းမှုတွေကို တခြားလူ သိသွားမှာ မကြောက်ဘူးလား။ လင်း...”
သူမသည် စကားကို ခဏရပ်ကာ သတိပေးလိုက်သလိုမျိုး လုပ်လိုက်လေသည်။
“လင်း ဘာလဲ။ လင်းရွှမ်းချွမ် လား။ မဟုတ်ပါဘူး၊ မင်းက လင်းရွှမ်းချွမ် သေတာ ငါနဲ့ ပတ်သက်နေတယ်လို့ ထင်နေတာလား” ချင်းလန်က ချူမုန်ယောင်ကို ငတုံးတစ်ယောက်လိုမျိုး လှောင်ပြုံးဖြင့် စိုက်ကြည့်လိုက်လေသည်။
ဤပြုမူပုံက ချူမုန်ယောင်ကို ရူးသွပ်သွားစေတော့သည်။
သူမ ထင်ထားတာက ချင်းလန်သည် ထိတ်လန့်သွားမည်၊ စိုးရိမ်သွားမည်၊ သို့မဟုတ် ဒေါသထွက်ကာ သူမကို ခြိမ်းခြောက်လိမ့်မည်ဟု ဖြစ်သည်။
သို့သော် ယခုမူ သူသည် ဘာမှမဖြစ်သလိုမျိုး၊ သူနှင့် လုံးဝ မသက်ဆိုင်သလိုမျိုး ပြုမူနေသည် မဟုတ်ပါလား။
“ချင်းလန်... ရှင် မသိသလို မလုပ်နဲ့။ တခြားလူတွေ မသိရင်တောင် ကျွန်မကတော့ သိတာပေါ့”
“လင်းရွှမ်းချွမ် သေတာက တိုက်ဆိုင်မှု မဟုတ်တာ သေချာတယ်။ ကမ္ဘာပေါ်မှာ ဒီလို တိုက်ဆိုင်မှုမျိုး ဘယ်မှာ ရှိမှာလဲ”
“ရှင် သူ့ဆီကနေ သန်းပေါင်း တစ်ထောင့်နှစ်ရာ လိမ်ယူပြီးတာနဲ့ သူက ရုတ်တရက် သေသွားရတယ် ဟုတ်လား”
“ရှင် ကိုယ်တိုင် မလုပ်ခဲ့ရင်တောင် လင်းရွှမ်းချွမ် သေတာက ရှင့်နဲ့ မကင်းဘူးဆိုတာ သေချာတယ်”
ချူမုန်ယောင်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့သည်။
“ဒါဆို မင်းက ဘာဖြစ်စေချင်တာလဲ။ ငါ့ကို ဘာလုပ်ခိုင်းချင်လို့လဲ” ချင်းလန်က အေးအေးလူလူ မေးမြန်းလိုက်ရင်း အနားတွင် အသင့်စောင့်နေသော ကျွင်းဇီကို တစ်ချက် ကြည့်လိုက်သည်။
ပြင်ပလူ တစ်ယောက်သာ ကျွင်းဇီ၏ တုံ့ပြန်ပုံကို မြင်လျှင် သူသည် စိုးရိမ်နေပြီး ချူမုန်ယောင်ကို ဖမ်းဆီးရန် ပြင်နေသည်ဟု ထင်နိုင်ပေသည်။
သို့သော် ချင်းလန်ကတော့ ကျွင်းဇီ ဘာတွေးနေသလဲဆိုတာကို ကောင်းကောင်း သိလေသည်။ ကျွင်းဇီသည် စိုးရိမ်နေခြင်း မဟုတ်ဘဲ သင်ခန်းစာကို သေချာ နားထောင်ကာ အရေးကြီးအချက်အလက်များကို မှတ်သားနေခြင်းသာ ဖြစ်သည်။
သူသည် မှတ်စုစာအုပ် ထုတ်ပြီး အရေးကြီးတာတွေကို မှတ်သားဖို့တောင် ပြင်နေသလိုမျိုးပင်။
တကယ်ကို ကြိုးစားတဲ့ တပည့်လေး တစ်ယောက်ပါပဲ။
“ကျွန်မကို တောင်းပန်လိုက်၊ အရင်က ရှင် ကျွန်မအပေါ် လုပ်ခဲ့တာတွေကို တောင်းပန်လိုက်စမ်း။ မဟုတ်ရင်တော့ ကျွန်မ သိထားတဲ့ သတင်းတွေ အကုန်လုံးကို ရဲစခန်းက ကျွန်မ အသိတွေဆီ ပြောပြပစ်မယ်” ချူမုန်ယောင်က ဒေါသများကို ထိန်းချုပ်ရင်း ချင်းလန်ကို အေးစက်စွာ စိုက်ကြည့်လိုက်လေသည်။
“ရှင် လုပ်ခဲ့တဲ့ မကောင်းမှုတွေကို ရှင့်လူတွေ သိသွားမှာ မကြောက်ဘူးလား။ ဖြောင့်မတ်တဲ့သူတွေ သိသွားမှာကို မကြောက်ဘူးလား”
“ကျွန်မ ဒီမှာပဲ ပြောလိုက်မယ်၊ ရှင် ဆုံးဖြတ်ချက် မချခင် သေသေချာချာ စဉ်းစားပါ။ မဟုတ်ရင်တော့ ကျွန်မ အဲ့ဒီလူကို ခေါ်လိုက်တာနဲ့ ရှင့်မှာ ဘယ်လောက်ပဲ အဆက်အသွယ် ရှိရှိ သူမက ရှင့်ကို သေချာပေါက် စုံစမ်းစစ်ဆေးလိမ့်မယ်”
ချင်းလန်က ခေါင်းခါပြကာ “ဖြောင့်မတ်တဲ့သူ ဆိုတာ မင်းပါးစပ်က ထွက်လာတော့ နည်းနည်းတော့ တစ်မျိုးကြီးပဲနော်” ဟု ဆိုလိုက်၏။
ထိုသူမှာ ဘယ်သူလဲဆိုတာ စဉ်းစားနေစရာပင် မလိုပါချေ။ ထိုကဲ့သို့သော သူမှာ ချန်ဇီချီ သာ ဖြစ်နိုင်ပေသည်။
မူရင်းဝတ္ထုထဲတွင် ချန်ဇီချီ နှင့် ချူမုန်ယောင် တို့မှာ အဆက်အသွယ် ရှိကြပြီး တော်တော်လေး ရင်းနှီးကြသည် မဟုတ်ပါလား။
မထင်မှတ်ဘဲ ချူမုန်ယောင်သည် သူမ၏ သိက္ခာကို ပြန်ဆယ်ရန်အတွက် ချန်ဇီချီ ကိုပါ ခေါ်ယူထားသည်မှာ တကယ်ကို အကွက်စေ့လှပေသည်။
“ချင်းလန်... ရှင် မာနမထောင်နဲ့။ ရှင်က ပိုက်ဆံအတွက်နဲ့ လူ့အသက်ကိုတောင် ဂရုမစိုက်တဲ့သူပဲ။ ရှင်က အမြတ်အတွက် လူသတ်တဲ့ ဗီလိန်တွေနဲ့ ဘာထူးလို့လဲ” ချူမုန်ယောင်သည် ရုတ်တရက် ထရပ်လိုက်ရာ ဒေါသကြောင့် သူမ၏ ရင်ဘတ်မှာ နိမ့်ချည် မြင့်ချည် ဖြစ်နေပြီး အသက်ရှူသံများလည်း မြန်လာတော့သည်။
ဒါဟာ ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုနှင့် တူလှပေသည်။
သူမ ဆက်ပြီး အောင့်အည်း မထားနိုင်တော့ဘဲ ဆိုဖာအောက်တွင် ဝှက်ထားသော စကားပြောစက်ကို ယူကာ ခလုတ်တစ်ခုကို နှိပ်လိုက်လေသည်။
မကြာမီမှာပင် ချူမိသားစု၏ အမျိုးသမီး ကိုယ်ရံတော် တစ်ဦးသည် ရိုးရိုးဝတ်စုံ ဝတ်ထားသည့် ချန်ဇီချီ နှင့်အတူ ရောက်ရှိလာတော့သည်။
ဤကိုယ်ရံတော်မလေးမှာ ချန်ဇီချီ ၏ လုပ်ဖော်ကိုင်ဖက်ဟောင်း တစ်ဦး ဖြစ်လေသည်။ ပြဿနာ အချို့ကြောင့် အလုပ်မှ ထွက်ခဲ့ပြီးနောက် ချူမုန်ယောင်က သူမ၏ အိမ်တွင် ကိုယ်ရံတော်အဖြစ် ခန့်အပ်ထားခြင်း ဖြစ်လေသည်။
ဒီနေ့ သူမသည် ချင်းလန်နှင့် ကိစ္စအဝဝကို အပြတ်ရှင်းရန် အားလုံး ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
ချင်းလန် မရောက်ခင်ကတည်းက သူမသည် ချန်ဇီချီ ကို အခန်းတစ်ခုတွင် သီးသန့် ထားရှိကာ စကားပြောနေစေခဲ့ခြင်း ဖြစ်သည်။
ချင်းလန်က ခေါင်းမာပြီး ဝန်မခံသည့်အတွက် သူမသည် ချန်ဇီချီ ကို ခေါ်ထုတ်လိုက်ခြင်း ဖြစ်လေသည်။
ဒါဟာ ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်လိုက်ခြင်းပင်။ ဒီတစ်ခါတော့ သူမ အတည်လုပ်နေခြင်း ဖြစ်လေသည်။
“ယောင်ယောင်... ဒါက ဘာသဘောလဲ”
ချန်ဇီချီ သည် ချင်းလန် ရှိရာဘက်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် အမြန် ပြန်လှည့်သွားကာ သူ့ကို မမြင်သလို ဟန်ဆောင်လျက် ချူမုန်ယောင်ကို မေးမြန်းလိုက်လေသည်။
ချူမုန်ယောင်သည် ချင်းလန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီးနောက် ချန်ဇီချီ ဘက်သို့ လှည့်ကာ ပြုံးလျက် “အစ်မဇီချီ... ကိစ္စက ဒီလိုပါ၊ ကျွန်မမှာ ချမ်းသာတဲ့ သူငယ်ချင်း တစ်ယောက် ရှိတယ်လေ၊ သူမက မိသားစုရဲ့ ပထမဆုံး အမွေဆက်ခံသူပေါ့။ ကျိုးကြောင်းဆင်ခြင်ကြည့်ရင် သူမကပဲ အမွေတွေ အကုန် ရရမှာလေ” ဟု ဆိုလိုက်၏။
“ဒါပေမဲ့ မကြာသေးခင်ကမှ သူမက ရုတ်တရက် သေဆုံးသွားခဲ့ပြီး သူမရဲ့ အမျိုးသားက ပိုင်ဆိုင်မှုတွေ အကုန်လုံးကို ကိုယ်ပိုင် အကောင့်ထဲ လွှဲပြောင်းယူလိုက်တယ်လေ။ ဒါက ထူးဆန်းတယ်လို့ အစ်မ မထင်ဘူးလား”
ချန်ဇီချီ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဤစကားကို ကြားရသည်မှာ ချင်းလန်နှင့် မသက်ဆိုင်ပါချေ။ ထိုလူမှာ မျိုးရိုးကြီး မိသားစုမှ သားကြီး တစ်ဦး ဖြစ်သလို အိမ်ထောင်လည်း မရှိသေးသည် မဟုတ်ပါလား။
သူမက ချက်ချင်း ခေါင်းညိတ်ပြကာ “မင်းပြောပုံအရဆိုရင်တော့ ဒါဟာ မသင်္ကာစရာ ကောင်းတာ အမှန်ပဲ။ ပိုက်ဆံအတွက် လူသတ်တာလည်း ဖြစ်နိုင်တာပေါ့” ဟု ဆိုလိုက်၏။
ချူမုန်ယောင်က ပြန်လည် စိုးရိမ်သွားဟန်ဖြင့် “ဒါပေမဲ့ အဲ့ဒီ အမျိုးသားရဲ့ မိသားစုက အရမ်း အရှိန်အဝါ ကြီးတယ်လေ” ဟု ဆိုလေသည်။
“အဆက်အသွယ် ရှိတာက ဘာဖြစ်လဲ။ အဆက်အသွယ် ရှိတဲ့သူ မှားရင်လည်း အပြစ်ပေးခံရမှာပဲ။ ယောင်ယောင် မကြောက်နဲ့။ မင်းမှာ တခြား သက်သေတွေ ရှိသေးလား။ ရှိရင် ပြောပြပါ။ သက်သေ အထောက်အထား ခိုင်လုံမယ်ဆိုရင်တော့ မင်းသူငယ်ချင်း အတွက် ငါ အမှန်တရားကို ရှာပေးပါ့မယ်”
ချန်ဇီချီ သည် တည်ကြည်သွားကာ အလေးအနက် ကတိပေးလိုက်လေသည်။
သို့သော် ချူမုန်ယောင်မှာတော့ ကြောင်သွားရသည်။
တခြား ဘာသက်သေတွေ ရှိဦးမှာလဲ။
ဒါတွေ အကုန်ပဲလေ။
ဒါတွေက ချင်းလန်ကို ခြောက်လှန့်ဖို့အတွက် သူမ တမင် လုပ်ကြံပြောဆိုနေခြင်းသာ ဖြစ်လေသည်။
သူမ ပြောချင်တာတွေ အကုန်ပြောပြီး တောင်ကို ရိုက်ကာ ကျားကို ခြောက်ခဲ့သော်လည်း ချင်းလန်ဘက်က ဘာတုံ့ပြန်မှုမှ မရှိပါချေ။
သူမ ဆွံ့အသွားရတော့သည်။
နောက်ထပ် ဘာဆက်လုပ်ရပါမည်နည်း။
ချင်းလန်ကို တကယ်ပဲ ဖော်ထုတ်ရမည်လား။
အဲ့ဒီ အဆင့်အထိတော့ မရောက်သေးပါဘူး မဟုတ်လား။
လင်းရွှမ်းချွမ် သေတာက ချင်းလန်နဲ့ ပတ်သက်နေပြီး တစ်ခုခုတော့ မှားနေပြီဟု သူမ ခံစားရသော်လည်း အရေးကြီးသည့် သက်သေ တစ်ခုမှ သူမ လက်ထဲမှာ မရှိပါချေ။
ဒါ့အပြင် သူမ၏ ရည်ရွယ်ချက်မှာ ချင်းလန်ကို ထောင်ထဲပို့ဖို့ မဟုတ်ဘဲ သူ့ကို ခြိမ်းခြောက်ကာ တောင်းပန်ခိုင်းဖို့နှင့် နောက်ထပ် အနိုင်မကျင့်စေဖို့သာ ဖြစ်လေသည်။
“ယောင်ယောင်... ဘာဆက်ဖြစ်လဲ။ ဘာလို့ ဘာမှ မပြောတော့တာလဲ။ ပြောရခက်နေတဲ့ အကြောင်းအရာ ရှိလို့လား။ မစိုးရိမ်နဲ့၊ ငါကတော့ ဒီသတင်းတွေကို လျှို့ဝှက်ထားပေးမှာပါ” ချန်ဇီချီ က အားပေးစကား ဆိုလိုက်လေသည်။
ချူမုန်ယောင်မှာ အကျပ်ရိုက်နေသဖြင့် စကားများ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေတော့သည်။
“မင်းက တောင်ကို ရိုက်ပြီး ကျားကို ခြောက်တဲ့ နည်းလမ်းကို သုံးလို့ မရဘူးလေ။ မင်း ငါ့ကို တိုင်ချင်တာ မဟုတ်ဘူးလား။ ဆက်မပြောနိုင်တော့ဘူးလား။ ကောင်းပြီလေ၊ မင်း မပြောရင် ငါပဲ ပြောပေးမယ်”
ချင်းလန်က အေးစက်စွာ ရယ်မောလိုက်ရင်း ကျယ်လောင်စွာ ဆက်ပြောလိုက်လေသည်။ “လင်းရွှမ်းချွမ် သေတာက ငါနဲ့ ပတ်သက်တယ်။ သူ မသေခင်မှာ ငါက သူ့ဆီကနေ သန်းပေါင်း တစ်ထောင့်နှစ်ရာ လိမ်ယူခဲ့ပြီး သူ့ကို အကြွေးတွေ ပတ်လည် ဝိုင်းအောင် လုပ်ခဲ့တာ”
“ဒါတင်မကသေးဘူး၊ သူက အကြွေးတွေကြောင့် သူ့ကိုယ်သူ သတ်သေတာ မဟုတ်ဘူး၊ ငါ ကိုယ်တိုင် လူလွှတ်ပြီး သတ်ခိုင်းလိုက်တာ။ မနေ့ညက ငါ အဲ့ဒီ လူသတ်သမားနဲ့ အတူတူ ရှိနေခဲ့ပြီး လင်းရွှမ်းချွမ် ရဲ့ ရင်ဘတ်ကို ဓားနဲ့ အထိုးခံရတာကိုလည်း ငါ ကိုယ်တိုင် ကြည့်နေခဲ့တာ”