အခန်း (၂၁၄) သွေးနီရောင် မန်ဒါလာ - ကလဲ့စားချေတာ အောင်မြင်တယ်
ရက်အနည်းငယ် ကြာပြီးနောက် ဗီလာတစ်ခု တည်ရှိရာ နေရာတွင် ဖြစ်လေသည်။
လင်းရွှမ်းချွမ်သည် အင်တာနက်ပေါ်တွင် အသစ်ထွက်ပေါ်လာသော ကြေညာချက်ကို ကြည့်ရင်း မှင်သက်နေမိသည်။ ဖန်သားပြင်ပေါ်ရှိ မြေပုံပေါ်တွင် အနီရောင်ဖြင့် မှတ်သားထားသော နယ်မြေများကို ကြည့်ကာ သူသည် အကြီးအကျယ် တုန်လှုပ်သွားရတော့သည်။
“မဖြစ်နိုင်ဘူး။ ဒါ မဖြစ်နိုင်ဘူး။ ဘာလို့ ဒီလို ဖြစ်ရတာလဲ။ ဘာလို့ ထျန်ဟွာ အိမ်ရာဝင်း အနားမှာ မဟုတ်ရတာလဲ။ ဘာလို့လဲ”
သူသည် အလွန်ပင် ထိတ်လန့်နေမိသည်။ ရှန်ဟိုင်းရှိ ကျောက်မိသားစုထံမှ ဤမျှများပြားသော ငွေသားများကို ရရှိရန် သူသည် ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ခဲ့ရသည် မဟုတ်ပါလား။
သန်းပေါင်း တစ်ထောင့်နှစ်ရာ။
လည်ပတ်ရန် အသင့်ရှိသော ငွေသားများ ဖြစ်လေသည်။
ကျောက်မိသားစု၏ မျိုးဆက်များကြားတွင်ပင် ဤပမာဏမှာ သေးငယ်လှသည် မဟုတ်ပါချေ။ အထူးသဖြင့် သူသည် ထိုငွေများကို ချေးယူခဲ့စဉ်က အမြတ်အစွန်း သေချာပေါက် ရရှိစေရမည်ဟု အာမခံခဲ့သလို သူ၏ဇနီးဖြစ်သူကပါ အာမခံချက် ပေးခဲ့သောကြောင့်သာ ဤမျှများပြားသော ပမာဏကို ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခု ထွက်ပေါ်လာသော စီမံကိန်း မြေပုံမှာ ထျန်ဟွာ အိမ်ရာဝင်းနှင့် လုံးဝ မသက်ဆိုင်သည့်အပြင် ဆယ်ကီလိုမီတာကျော်ပင် ဝေးကွာနေသည်ကို မည်သူ သိနိုင်ပါမည်နည်း။
“ကျောင်းနီးရာ ဝန်းကျင် အိမ်ရာ” ဆိုသည်မှာ ရယ်စရာတစ်ခု ဖြစ်သွားခဲ့ပြီ ဖြစ်လေသည်။
သူ အကြီးအကျယ် ရှုံးနိမ့်သွားခဲ့ပြီ။
သူသည် သူ၏ “သတင်းပေးတဲ့လူ” ထံသို့ ဖုန်းအမြန် ခေါ်လိုက်သော်လည်း တစ်ဖက်မှ ပြန်ထူးသူမှာ ထိုသူ မဟုတ်ဘဲ အတွင်းရေးမှူးသာ ဖြစ်လေသည်။ ထိုသူ၏ အကြောင်းကို မေးမြန်းသည့်အခါတွင်မူ ထိုသူမှာ မနေ့တစ်နေ့ကပင် ရာထူးတိုး၍ အခြားဌာနသို့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ရာ ဤနေရာတွင် မရှိတော့ကြောင်း သိလိုက်ရတော့သည်။
ဘုန်း။
လင်းရွှမ်းချွမ်သည် ဖုန်းထဲမှ အချက်ပေးသံကို နားထောင်ရင်း သူ၏ စိတ်ထဲတွင် လုံးဝ ဗလာ ဖြစ်သွားရလေသည်။
သူ အသိမဝင်သေးခင်မှာပင် ဖုန်းများ တဆက်တည်း ဝင်လာတော့သည်။
“လင်းရွှမ်းချွမ်... မင်း ဘာတွေ လုပ်နေတာလဲ။ ထျန်ဟွာ အိမ်ရာဝင်းက ကျောင်းနီးရာ ဝန်းကျင် ဖြစ်လာမယ်ဆို။ အခု ထျန်ဟိုင်မြို့က ထုတ်ပြန်လိုက်တဲ့ စီမံကိန်း မြေပုံထဲမှာ မင်းပြောတဲ့ နေရာက ဘာလို့ မပါရတာလဲ”
“လင်းရွှမ်းချွမ်... မင်းလို လူယုတ်မာ။ မနက်ဖြန်ကျရင် ငါ့ရဲ့ သန်းသုံးရာကို ပြန်ပေးစမ်း။ မဟုတ်ရင်တော့ မင်းကို နောင်တရအောင် ငါ လုပ်ပစ်မယ်”
“ငါ့ပိုက်ဆံတွေ ပြန်ပေးစမ်း လင်းရွှမ်းချွမ်။ ရှန်ဟိုင်းကို အခုချက်ချင်း ပြန်လာပြီး ပိုက်ဆံတွေ အကုန်ပြန်ပေးစမ်း”
“…”
စီးပွားရေးလောကတွင် သတင်းအချက်အလက်၏ အချိန်မီမှုအပေါ် အခြေခံ၍ အမြတ်ထုတ်ကြသည် မဟုတ်ပါလား။
ထို့အပြင် ရှန်ဟိုင်း ကျောက်မိသားစုမှ လူအများအပြားမှာလည်း လင်းရွှမ်းချွမ်၏ စကားကြောင့် ဤလှေပေါ်သို့ တက်ခဲ့ကြခြင်း ဖြစ်ရာ စီမံကိန်း မြေပုံ ထွက်လာသည်နှင့် သူတို့ ချက်ချင်း သိရှိသွားကြခြင်း ဖြစ်သည်။
လင်းရွှမ်းချွမ် ကတိပေးထားသည်များနှင့် လက်တွေ့မှာ လုံးဝ ကွဲပြားနေသည်ကို သိလိုက်ရသည့်အခါ သူတို့မှာ ဒေါသထွက်ကုန်ကြတော့သည်။
သူတို့သည် လင်းရွှမ်းချွမ် အပေါ် မူလကတည်းက သဘောမကျကြပါချေ။ ဤလူမှာ မိသားစု၏ တိုက်ရိုက် သွေးရင်း မဟုတ်ဘဲ အပြင်လူ တစ်ဦးသာ ဖြစ်လေသည်။ လင်းရွှမ်းချွမ် ဇနီး၏ အာမခံချက်သာ မရှိခဲ့လျှင် သူတို့သည် ဤမျှများပြားသော ပိုက်ဆံများကို ချေးပေးကြမည် မဟုတ်ပါချေ။
ယခုအခါ တစ်ခုခု မှားနေပြီဟု သိလိုက်ရသည့်အခါတွင်မူ သူတို့သည် ဆွေမျိုးသားချင်း ခံစားချက်များကို ဂရုမစိုက်တော့ဘဲ လင်းရွှမ်းချွမ်၏ လက်ကျန် ပိုက်ဆံများကို အခြားသူများထက် အရင်ဦးအောင် ရလိုသဖြင့် ဝိုင်းဝန်း တောင်းဆိုကြတော့သည်။
သို့သော်လည်း လင်းရွှမ်းချွမ်က ဖုန်းတွေ အကြိမ်ကြိမ် ဖြေဆိုခဲ့သော်လည်း ပိုက်ဆံ ပြန်ပေးမည့် အချိန်ကိုတော့ ထည့်မပြောခဲ့ပါချေ။
သူ မပေးချင်လို့ မဟုတ်ပေ၊ သူ့မှာ ပေးစရာ မရှိတော့လို့ ဖြစ်လေသည်။
သူ၏ ကိုယ်ပိုင် ကုမ္ပဏီမှာလည်း အခက်အခဲများနှင့် ရင်ဆိုင်နေရသဖြင့် ပိုက်ဆံရှာရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သို့သော် သူသည် အမြတ်မရခဲ့သည့်အပြင် သန်းပေါင်း တစ်ထောင့်နှစ်ရာ အကြွေး တင်သွားခဲ့ပြီ ဖြစ်လေသည်။
မူလ အခြေအနေမှာပင် သူသည် လမ်းပိတ်နေခဲ့ပြီ ဖြစ်သော်လည်း ယခုမူ။
လမ်းပိတ်နေရုံတင်မကဘဲ အနောက်မှ လက်နက်ကိုင် စစ်သည်များကပါ လိုက်လံ တိုက်ခိုက်နေသလိုမျိုး ခံစားနေရတော့သည်။
သူသည် အခြား နည်းလမ်း မရှိတော့သဖြင့် ဇနီးဖြစ်သူ၏ ဖုန်းနံပါတ်ကို ခေါ်လိုက်လေသည်။
…
ညဉ့်နက်သန်းခေါင်တွင် လမ်းဘေး ဓာတ်တိုင်များမှ ဝါကျင်ကျင် အလင်းရောင်များအောက်၌။
လင်းရွှမ်းချွမ်သည် လက်ထဲတွင် အရက်ပုလင်း တစ်လုံးကို ကိုင်ထားကာ စိတ်မချမ်းမြေ့စရာများကို မေ့ပျောက်ရန် အရက်ကိုသာ အတင်း သောက်နေမိတော့သည်။
သို့သော်လည်း ဘေးပတ်ပတ်လည်တွင် အရက်ပုလင်းခွံများ ပြန့်ကျဲနေသော်လည်း သူ၏ အတွေးများကိုမူ သူ မထိန်းချုပ်နိုင်ပါချေ။
“လူယုတ်မာ”
“ချင်းလန်။ မင်းလို အယုတ်တမာကောင်။ မင်း ငါ့ကို ဘယ်လိုတောင် လိမ်ရဲရတာလဲ”
“ငါ မင်းကို ဒီအတိုင်း လွှတ်မထားဘူး”
“…”
သူ၏ မျက်ဝန်းများမှာ နီရဲနေကာ ခွေးရူးတစ်ကောင်ကဲ့သို့ အော်ဟစ်နေမိသည်။
ယခုအချိန်တွင် သူ မည်မျှပင် မူးနေပါစေ၊ ဒါတွေ အားလုံးမှာ ချင်းလန်၏ အကွက်ဆင်မှု ဖြစ်မှန်း သူ သဘောပေါက်လိုက်ပြီ ဖြစ်သည်။
ချင်းလန်ကို သူ မရည်ရွယ်ဘဲ ရန်စခဲ့မိသလို သူ့ကို လုပ်ကြံဖို့လည်း စိတ်ကူးမရှိခဲ့ပါချေ။ သူသည် ထျန်ဟွာ အိမ်ရာဝင်းကို သင့်တော်သော ဈေးနှုန်းဖြင့် ပြန်ဝယ်ချင်ခဲ့ရုံသာ ရှိလေသည်။ သို့သော်လည်း ထိုလူငယ်က သူ၏ ကိစ္စတွင် ဝင်ရောက် နှောင့်ယှက်ကာ သူ့ကို တမင်တကာ ကျော့ကွင်းဆင်ခဲ့လိမ့်မည်ဟု မည်သူ သိနိုင်ပါမည်နည်း။
တကယ်လို့သာ ချင်းလန်၏ ဝင်ရောက် စွက်ဖက်မှု မရှိခဲ့လျှင် ထို “အဆက်အသွယ်” က ဘာကြောင့် သတင်းမှားတွေကို ပြောပြရမည်နည်း၊ ထို့ပြင် ထိုသူက ဘာကြောင့် ရာထူးတိုးသွားရမည်နည်း။
သူ မုန်းလှပေသည်။
ဒေါသလည်း ထွက်လှပေသည်။
ယခုမူ သူ၏ ဇနီးသည်ပင်လျှင် သူ့ကို စွန့်ပစ်သွားခဲ့ပြီ ဖြစ်သည်။ သူ တင်ရှိနေသော အကြွေးများကို လျစ်လျူရှုထားရုံတင်မကဘဲ ကုမ္ပဏီရှိ သူ၏ အာဏာများကိုပါ ရုပ်သိမ်းကာ စာရင်းရှင်းလင်းရန် ပြင်ဆင်နေကြပြီ ဖြစ်လေသည်။
“ဘာလို့လဲ။ ဘာလို့ ဒါမျိုးတွေ ဖြစ်ရတာလဲ။ ငါ လင်းရွှမ်းချွမ် က ဘာတွေ အမှားလုပ်ခဲ့လို့လဲ။ ဘုရားသခင်... ဘာလို့ ငါ့ကို ဒီလို လုပ်ရတာလဲ”
လင်းရွှမ်းချွမ်သည် ကောင်းကင်ယံကို မော့ကြည့်ကာ အော်ဟစ်လိုက်မိပြီး မျက်ရည်များမှာ ပါးပြင်ပေါ်သို့ စီးကျလာတော့သည်။
ရှင်ကတော့ ဒီလိုမျိုး မဖြစ်သင့်ဘူးလို့ ထင်နေတာလား။
အနက်ရောင် အရိပ်တစ်ခု ပေါ်ထွက်လာသည်။ ဘေးပတ်ပတ်လည်တွင် လူသူ ကင်းမဲ့နေကာ ဖြတ်သွားဖြတ်လာပင် မရှိပါချေ။
သွေးနီရောင် မန်ဒါလာသည် အမှောင်ထုထဲမှ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ သူမသည် ညဘက် ဝတ်ဆင်လေ့ရှိသော အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားလေသည်။
လင်းရွှမ်းချွမ်သည် ရုတ်တရက် ပေါ်လာသော ထူးဆန်းသည့် အမျိုးသမီးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး “မင်း ဘယ်သူလဲ။ ငါ့ရှေ့ကနေ အမြန် ဖယ်စမ်း၊ ငါ့ကို လာမနှောင့်ယှက်နဲ့” ဟု ဒေါသတကြီး ဆိုလိုက်၏။
သူသည် စိတ်တိုတိုဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ တစ်နေ့တည်းနှင့် အာဏာတွေ ဆုံးရှုံးသွားခဲ့ရသဖြင့် သူသည် အထီးကျန်နေရခြင်း ဖြစ်သည်။ တကယ်လို့သာ သူ့မှာ အရင်လို အာဏာရှိနေသေးလျှင် သူ၏ ဘေးတွင် ကိုယ်ရံတော်များစွာ ရှိနေမည် ဖြစ်သဖြင့် ဤကဲ့သို့သော အမျိုးသမီးမျိုးကို သူ့ရှေ့တွင် ပေါ်လာခွင့် ပေးမည် မဟုတ်ပါချေ။
“ကျွန်မ ဘယ်သူလဲ ဟုတ်လား။ အင်း... နှစ်တွေ အများကြီး ကုန်ဆုံးသွားခဲ့ပြီဆိုတော့ ကျွန်မရဲ့ နာမည်ကိုတောင် ကျွန်မ မေ့နေခဲ့ပြီ” သွေးနီရောင် မန်ဒါလာ၏ အကြည့်များမှာ အဝေးသို့ ရောက်ရှိသွားတော့သည်။ “ဒါပေမဲ့ လူတိုင်းက မေ့သွားနိုင်ပေမဲ့ ရှင်ကတော့ မေ့လို့ မရဘူးလေ”
“မယားကို သတ်၊ သမီးကို စွန့်ပစ်ခဲ့တဲ့ ရှင့်လို လူမျိုးက လူလို့တောင် ခေါ်လို့ ရပါဦးမလား။ ရှင်က ဘာမျက်နှာနဲ့၊ ဘာအခွင့်အရေးနဲ့ ကောင်းကင်ကို မေးခွန်းထုတ်နေရတာလဲ။”
“ဒီရလဒ်က ရှင့်အတွက်တော့ အရမ်းကို သက်သာလွန်းနေသေးတယ်။ ကျွန်မကတော့ ဒါကို ခွင့်မပြုနိုင်ဘူး၊ အဲ့ဒါကြောင့်ပဲ အခုလို ဖြစ်လာရတာပေါ့။”
လင်းရွှမ်းချွမ်သည် အမူးပြေသွားသလို ဖြစ်သွားရကာ အရက်ပုလင်းကို ယူပြီး သွေးနီရောင် မန်ဒါလာ ရှိရာသို့ လှမ်းပေါက်လိုက်သည်။ ထို့နောက် အနောက်သို့ လှည့်ကာ အမြန် ပြေးတော့သည်။
သို့သော် သူ၏ အရှိန်မှာ သွေးနီရောင် မန်ဒါလာနှင့် ယှဉ်လျှင် ဘာမှ မဟုတ်ပါချေ။
အနက်ရောင် ဓားမြှောင် တစ်စင်းသည် လေထဲသို့ ပျံထွက်သွားပြီး သူ၏ ခြေသလုံးကို ထိမှန်သွားတော့သည်။ လင်းရွှမ်းချွမ်သည် ဟန်ချက်ပျက်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားရသည်။ သူသည် အသည်းအသန် ထွက်ပြေးချင်နေသော်လည်း ခြေသလုံးမှ စူးရှသော နာကျင်မှုကြောင့် ထရပ်ရန်ပင် မစွမ်းသာတော့ပါချေ။
သူသည် အနောက်သို့ ဆုတ်ရင်း ထိတ်လန့်တုန်လှုပ်သော လေသံဖြင့် “မင်း ဘယ်သူလဲ။ ဘာတွေ လျှောက်ပြောနေတာလဲ” ဟု မေးမြန်းလိုက်ရလေသည်။
သွေးနီရောင် မန်ဒါလာသည် သူမ၏ မျက်နှာဖုံးကို အေးစက်စွာ ချွတ်လိုက်ရာ အလွန်လှပသော မျက်နှာတစ်ခု ပေါ်ထွက်လာတော့သည်။
ငယ်စဉ်က သူမသည် ထိုမျှအထိ မလှပခဲ့သော်လည်း ကြီးပြင်းလာသည့်အခါ သူမ၏ ရုပ်ရည်မှာ ကွယ်လွန်သွားသော သူမ အမေနှင့် အလွန် တူလှပေသည်။
လင်းရွှမ်းချွမ်၏ မျက်လုံးများမှာ ဝိုင်းစက်သွားရပြီး စကားတစ်လုံးမှပင် မပြောရသေးခင်မှာပင် ဓားမြှောင် တစ်စင်းက သူ၏ ရင်ဘတ်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားတော့သည်။
ဘယ်လိုမှ တွန့်ဆုတ်မနေဘဲ ပြတ်သားလှပေသည်။
သွေးအိုင်ထဲတွင် လဲကျနေသော လင်းရွှမ်းချွမ်သည် ရင်ဘတ်ကိုလက် တစ်ဖက်ဖြင့် ဖိထားကာ အခြား တစ်ဖက်ဖြင့် မနီးမဝေးတွင် ရပ်ကြည့်နေသော သွေးနီရောင် မန်ဒါလာကို လက်ညှိုးထိုးနေမိတော့သည်။
သေခါနီး အချိန်မှာတောင် သေခြင်းတရားထက် ကြောက်စရာ ကောင်းသော အရာတစ်ခုက သူ့ကို ဝန်းရံထားလေသည်။
သွေးနီရောင် မန်ဒါလာသည် အဝေးမှ ကြည့်နေသော ချင်းလန် ဆီသို့ လျှောက်သွားလိုက်သည်။ သူမ၏ အသံမှာ အေးစက်သော်လည်း ကြည်လင်လှပေသည်။ “ကျွန်မ နည်းနည်းတော့ နောင်တရမိတယ်။ သူ့ကို ဒီလောက် လွယ်လွယ်နဲ့ မသေခိုင်းသင့်ဘူး သေခြင်းတရားရဲ့ နာကျင်မှုကို သူ ပိုပြီး ခံစားသွားစေရမှာ”
ချင်းလန်က ခပ်ဖွဖွ ရယ်မောလိုက်ကာ “သူ့ရဲ့ မျက်လုံးတွေကို ကြည့်လိုက်လေ။ သူ သေဆုံးသွားတဲ့ အချိန်အထိ ကြောက်ရွံ့မှုတွေက စွဲကျန်နေခဲ့တာ။ နှစ်တွေ အများကြီး သတိထားပြီး နေထိုင်လာခဲ့ပေမဲ့ နောက်ဆုံးမှာ ကိုယ့်သမီးအရင်းရဲ့ လက်ချက်နဲ့ သေရလိမ့်မယ်လို့ သူ တစ်ခါမှ ထင်ထားမှာ မဟုတ်ဘူး” ဟု ဆိုလိုက်၏။
သွေးနီရောင် မန်ဒါလာက ခေါင်းခါပြကာ “သူက ကျွန်မကို ကွယ်လွန်သွားတဲ့ ကျွန်မ အမေရဲ့ ဝိညာဉ် ကလဲ့စားလာချေတာလို့ ထင်သွားပုံရတယ်” ဟု ဆိုလေသည်။
သူမသည် သူမ အမေနှင့် အလွန် တူလှသည် မဟုတ်ပါလား။
လင်းရွှမ်းချွမ် အနေဖြင့် သူ၏ သမီး ဖြစ်သူ အသက်ရှင်နေသေးလိမ့်မည်ဟု ထင်ထားမည် မဟုတ်ပါချေ။
အမေဖြစ်သူ ဆုံးပါးသွားခဲ့ရသလို အခုလည်း အဖေဖြစ်သူကို သူမ၏ လက်ဖြင့် ကိုယ်တိုင် သတ်လိုက်ရသဖြင့် သွေးနီရောင် မန်ဒါလာ၏ ရင်ထဲတွင် ခါးသီးလှပေသည်။
ထိုအထီးကျန် ဆန်သော ခံစားချက်ကို စကားလုံးဖြင့် ဖော်ပြရန် ခက်ခဲလှပေသည်။
သူမသည် ချင်းလန်ကို ကြည့်လိုက်ပြီး လင်းရွှမ်းချွမ် ဘက်သို့ ထပ်မံ လှည့်မကြည့်တော့ပေ။ ကျေးဇူးတင်စကားလည်း မဆိုခဲ့ပါချေ။
သူတို့ နှစ်ယောက်ကြားတွင် အပို စကားလုံးများ မလိုအပ်တော့ပေ။ သူမသည် အနည်းငယ် စိတ်အေးသွားဟန်ဖြင့် “လင်းရွှမ်းချွမ် က စီးပွားရေးလောကမှာ နာမည်ကြီးသူ တစ်ယောက် ဖြစ်သလို မကြာသေးမီက ရှင့်နဲ့လည်း နီးနီးကပ်ကပ် ရှိနေခဲ့တာလေ။ တကယ်လို့ သူ တစ်ခုခု ဖြစ်သွားရင် ရှင့်အတွက် အနှောင့်အယှက် ဖြစ်လာနိုင်တယ်” ဟု အလေးအနက် ဆိုလိုက်လေသည်။
ဒါမှမဟုတ် အစအန ဖျောက်လိုက်ရမလား။
သူမသည် လင်းရွှမ်းချွမ်ကို မုန်းတီးရုံသာ ရှိသော်လည်း ယခုအခါ ချင်းလန်၏ အခြေအနေကို စတင် ထည့်သွင်း စဉ်းစားပေးနေခြင်း ဖြစ်လေသည်။
“အထူးသဖြင့် ချူမုန်ယောင် ဘက်က ပြဿနာတွေ ရှိလာနိုင်တယ်”
ချင်းလန်က သိချင်စိတ်ဖြင့် “ဒါက ချူမုန်ယောင်နဲ့ ဘာဆိုင်လို့လဲ” ဟု မေးမြန်းလိုက်၏။
ခဏမျှ တွန့်ဆုတ်နေပြီးနောက် သွေးနီရောင် မန်ဒါလာက ပွင့်ပွင့်လင်းလင်းပင် ဆက်ပြောလိုက်လေသည်။ “မကြာသေးမီက ကျွန်မ လင်းရွှမ်းချွမ် အနောက်ကို လိုက်နေရင်းနဲ့ ချူထျန်ဖုန်း နဲ့ အကြိမ်ကြိမ် တွေ့ခဲ့ဖူးတယ်။ မတော်တဆ ကြားလိုက်ရတာကတော့ ချူမုန်ယောင် က ရှင့်အကြောင်း မကောင်းတွေ ပြောနေသလို ကလဲ့စားချေမယ်လို့တောင် ခြိမ်းခြောက်နေတာပဲ”
“မတော်တဆ ဟုတ်လား” ချင်းလန်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာတော့သည်။
မတော်တဆ ဆိုတာတွေက ဒီလောက်တောင် များနေတာလား။
ချူမုန်ယောင်က ဒေါသထွက်တတ်ပြီး သူဌေးသမီး မာန ရှိတာ မှန်ပေမဲ့ ဒီလို စကားမျိုးကို တခြားလူ ရှေ့မှာတော့ ပြောမှာ မဟုတ်ပါချေ။
သွေးနီရောင် မန်ဒါလာသာ ချူမုန်ယောင် အနောက်ကို အတော်ကြာအောင် လိုက်မနေခဲ့လျှင် ထိုကဲ့သို့သော ရင်ထဲက စကားများကို ကြားနိုင်စရာ အကြောင်း မရှိပါချေ။
သေချာတာပေါ့၊ ချင်းလန် အနေဖြင့် ဤအချိန်မျိုးတွင် ဟာသ မလုပ်ချင်ပေ။ သွေးနီရောင် မန်ဒါလာမှာ မည်မျှပင် ရက်စက်ဟန် ဆောင်ပါစေ၊ သေဆုံးသွားသူမှာ သူမ၏ အဖေအရင်း ဖြစ်နေသည် မဟုတ်ပါလား။ စိတ်အေးသွားရသလို တစ်ဖက်မှာလည်း ဝမ်းနည်းမှုနှင့် မတတ်သာမှုများ ရှိနေပေလိမ့်မည်။
“ကျန်တာတွေကိုတော့ မင်းအစ်မ ကိုပဲ လွှဲပေးလိုက်ပါတော့။ မင်းအနေနဲ့ ထပ်ပြီး ပတ်သက်နေဖို့ မလိုတော့ပါဘူး။ အခု မင်းရဲ့ ကြီးမားတဲ့ ကလဲ့စားချေမှုက အောင်မြင်သွားပြီဆိုတော့ အတိတ်က ကိစ္စတွေ အကုန်လုံးလည်း ပေါ်ပေါက်လာတော့မှာပါ။ အနည်းဆုံးတော့ မင်း အမေရဲ့ နာမည်ကို သန့်ရှင်းအောင် လုပ်ပေးနိုင်ပြီပေါ့”
ချူမုန်ယောင် ကတော့ ဒေါသတကြီး ခုန်ပေါက်နေဦးမှာလား။
သူမ စိတ်ကြိုက် ဖြစ်ပါစေလေ။
အခု သူမ ပိုပြီး လုပ်လေလေ နောက်ကျရင် နောင်တတွေက ပိုပြီး နာကျင်ရလေလေ ဖြစ်မှာပဲ။
သွေးနီရောင် မန်ဒါလာသည် သွားကြိတ်ကာ “ဒါပေမဲ့ ရှန်ဟိုင်းက ကိစ္စတွေက...”
ချင်းလန်က နှာခေါင်းရှုံ့လိုက်ကာ “ရှန်ဟိုင်းဆိုတော့ ဘာဖြစ်လဲ။ ချမ်းသာတဲ့ မိသားစု တစ်ခုပဲလေ။ သူတို့က လင်းရွှမ်းချွမ် လို လူမျိုးကို မောင်းထုတ်ချင်နေကြတာ။ ဒါတွေ အားလုံးက ရှန်ဟိုင်းက အဲ့ဒီ အမျိုးသမီးရဲ့ လက်ချက်တွေကြောင့် လင်းရွှမ်းချွမ် က ဒီအခြေအနေကို ရောက်လာခဲ့ရတာလေ”
တကယ်လို့ ဒီကိစ္စက အဲ့ဒီ အမျိုးသမီးနဲ့ မသက်ဆိုင်ဘူးဆိုရင် ထားလိုက်ပါတော့၊ ဒါပေမဲ့ သက်ဆိုင်နေမယ်ဆိုရင်တော့ သူမလည်း လွတ်မှာ မဟုတ်ပေ။
“အင်း” သွေးနီရောင် မန်ဒါလာက ခေါင်းညိတ်ပြလိုက်လေသည်။ သူမ၏ လှပသော မျက်ဝန်းလေးများမှာ ချင်းလန်ကို ကြည့်ရင်း နူးညံ့သွားရတော့သည်။ “ကျွန်မ ပင်ပန်းနေပြီ၊ ပြန်ပြီး အနားယူချင်တယ်”
“မိုးလည်း ချုပ်နေပြီဆိုတော့ အမြန် ပြန်နှင့်လိုက်တော့။ လူတွေ ရောက်လာတော့မှာမို့လို့ ငါလည်း သွားရတော့မယ်” ချင်းလန်က သူမ၏ ခေါင်းလေးကို ပုတ်ကာ တိုက်တွန်းလိုက်လေသည်။
သူ အနောက်သို့ လှည့်ထွက်သွားမည် ပြုစဉ်မှာပင် သွေးနီရောင် မန်ဒါလာက သူ၏ လက်မောင်းကို လှမ်းဖမ်းလိုက်သည်။ သူမ၏ မျက်နှာတွင် နူးညံ့မှုများ ပြည့်နှက်နေပြီး
“အတူတူ ပြန်ရအောင်”
ဟု တိုးတိုးလေး ပြောလိုက်တော့သည်။