အခန်း (၂၁၃) ချူမုန်ယောင်ရဲ့ ကံကြမ္မာကို သတ်မှတ်ပြီးပြီ
တစ်ခုခုတော့ သေချာပေါက် မှားနေပြီ။
ဒီကိစ္စမှာ မသင်္ကာစရာ တစ်ခုခု ရှိနေတာ သေချာလေသည်။
ချင်းလန်က သိချင်စိတ်ဖြင့် “ဂေဟာမှူး အဖွား... ခုနက အရက်သမားက အဖွားရဲ့ သားအရင်း တကယ်ပဲလား” ဟု မေးလိုက်လေသည်။
ဂေဟာမှူး အဖွား က ခေါင်းညိတ်ပြပြီးမှ ပြန်ခါယမ်းလိုက်ပြန်သည်။ သူမ၏ မျက်နှာတွင် ခါးသီးမှုများ ပြည့်နှက်နေ၏။ သူမသည် အတန်ကြာ တွန့်ဆုတ်နေပြီးမှ လူတိုင်းလည်း သူမ၏ အရှက်ရစရာ ကိစ္စကို မြင်သွားကြပြီဖြစ်ရာ ဖုံးကွယ်ထားစရာ ဘာရှိတော့မည်နည်းဟု တွေးကာ ပြောပြလိုက်တော့သည်။
“ချင်းရှန်း က ကျွန်မ ငယ်ငယ်တုန်းက ပထမဆုံး မွေးစားခဲ့တဲ့ ကလေးပါ။ နေရောင်ခြည် မိဘမဲ့ဂေဟာ ကို ပထမဆုံး စဝင်လာတဲ့ မိဘမဲ့ကလေးလို့တောင် ပြောလို့ရပါတယ်။ အဲ့ဒီတုန်းက ကျွန်မမှာ အဆက်အသွယ်တွေ အများကြီး မရှိသလို ထောက်ပံ့ပေးမယ့် စေတနာရှင်တွေလည်း မရှိသေးဘူး၊ အဲ့ဒါကြောင့် ချင်းရှန်း တို့လို ကလေးအနည်းငယ်ကိုပဲ မွေးစားနိုင်ခဲ့တာ”
“အဲ့ဒီတုန်းက ဂေဟာက ဒီမှာ မဟုတ်ဘူး၊ ကျွန်မရဲ့ အိမ်မှာပဲ။ နောက်ပိုင်း ကလေးတွေ ပိုများလာပြီး စေတနာရှင်တွေဆီက အလှူငွေတွေ ရလာတော့မှ အခုလို ဂေဟာလေး ဖြစ်လာတာပါ...”
ဂေဟာမှူး အဖွား သည် နာကျင်စွာဖြင့် အတိတ်ကို ပြန်ပြောင်းသတိရနေမိသည်။ သူမသည် မည်မျှပင် ကိုယ်ကျိုးစွန့်သူ ဖြစ်ပါစေ၊ ပထမဆုံး မွေးစားခဲ့သည့် ကလေးဖြစ်သော ထန်ချင်းရှန်း အပေါ်တွင်တော့ ထူးခြားသော သံယောဇဉ် ရှိနေပေလိမ့်မည်။ သူ့ကို သားအရင်းကဲ့သို့ သဘောထားခဲ့သည်ဟု ပြောလျှင်လည်း မမှားပါချေ။
နောက်ပိုင်းတွင် ထန်ချင်းရှန်း ကြီးပြင်းလာပြီး အိမ်ကနေ ထွက်သွားခဲ့သော်လည်း သူမကတော့ နေရောင်ခြည် မိဘမဲ့ဂေဟာ မှာပဲ ဆက်နေခဲ့ပြီး ထိုကလေးအပေါ် ဂရုစိုက်မှု လျော့နည်းသွားခဲ့သည်။
သူမ မထင်ထားခဲ့သည်မှာ ထန်ချင်းရှန်းသည် ငယ်စဉ်က အလိုလိုက်ခံခဲ့ရသဖြင့် လူလားမြောက်သည့်အခါ ရည်မှန်းချက်မရှိဘဲ အလုပ်အကိုင်မရှိ လေလွင့်နေသူ ဖြစ်လာခြင်းပင်။
ဘာအောင်မြင်မှုမှ မရှိသည့်အပြင် လောင်းကစားလည်း စွဲကပ်သွားခဲ့သည်။ သူ ပင်ပင်ပန်းပန်း လုပ်ကိုင်လို့ရသမျှ ပိုက်ဆံတွေကို လောင်းကစားမှာ အကုန်ဖြုန်းပစ်ကာ သူမထံသို့ မကြာခဏ ပိုက်ဆံလာတောင်းနေတတ်တော့သည်။
“နောက်ပိုင်း ဘာတွေဖြစ်ခဲ့လဲဆိုတာတော့ မင်းတို့ သိကြမှာပါ။ ချင်းရှန်း ဒီလို အမှားမျိုး လုပ်မိတာက ကျွန်မ ငယ်ငယ်တုန်းက သူ့ကို သေသေချာချာ မဆုံးမခဲ့လို့ပါ”
“တကယ်လို့ သူ စပြီး အလုပ်လုပ်တဲ့အချိန်မှာ ကျွန်မ ပိုပြီး ဂရုစိုက်ခဲ့မယ်ဆိုရင်၊ သူ လောင်းကစားထဲ ရောက်သွားတဲ့အချိန်မှာ ကျွန်မ ကူညီပေးနိုင်ခဲ့မယ်ဆိုရင် ဒါမျိုးတွေ ဖြစ်လာမှာ မဟုတ်ဘူး”
ဂေဟာမှူး အဖွား သည် အလွန်ပင် နာကျင်နေရရှာသည်။ သူမ ပြောနေရင်းနှင့်ပင် မျက်ရည်များ စီးကျလာတော့သည်။
ထန်ချင်းရှန်း ၏ တည်ရှိမှုမှာ သူမ၏ ရင်ဘတ်ထဲတွင် စိုက်ဝင်နေသော ဆူးတစ်ချောင်းကဲ့သို့ ဖြစ်နေပြီး အတိတ်က အလိုလိုက်ခဲ့မိသည်များကို နောင်တရနေမိတော့သည်။
“ဂေဟာမှူး အဖွား... သူ လူဆိုးဖြစ်သွားတာက အဖွားနဲ့ ဘာမှမဆိုင်ပါဘူး။ နေရောင်ခြည် မိဘမဲ့ဂေဟာ ကနေ ထွက်သွားတဲ့ ကလေးတွေထဲမှာ ထန်ချင်းရှန်း လို လူမျိုး ဘယ်နှစ်ယောက် ရှိလို့လဲ”
သူတို့ထဲက အများစုက အားလပ်ရက်တွေမှာ အဖွားကို လာတွေ့ကြရုံတင်မကဘဲ နေရောင်ခြည် မိဘမဲ့ဂေဟာ အတွက် သူတို့ရဲ့ မေတ္တာနဲ့ ဂရုစိုက်မှုတွေကို အကြိမ်ကြိမ် ပြန်လည် ပေးဆပ်နေကြတယ် မဟုတ်လား။
“ဒါတွေ အားလုံးက အဖွားရဲ့ ကြိုးစားမှုတွေကြောင့် ရလာတဲ့ ရလဒ်တွေပါ ဂေဟာမှူး အဖွား။ လူတစ်ယောက်ကြောင့်နဲ့ အဖွား လုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်တွေအပေါ် စိတ်ဓာတ်မကျပါနဲ့” ရှောင်းရှောင်း သည် စိတ်မကောင်းဖြစ်နေသော ဂေဟာမှူး အဖွား ကို ညင်သာစွာ ချော့မော့လိုက်ရင်း စိတ်ထဲမှနေ၍ ထန်ချင်းရှန်း ကို အကြိမ်ပေါင်း ထောင်ချီကာ ဆဲဆိုနေမိတော့သည်။
ဂေဟာမှူး အဖွား နှင့် ရှောင်းရှောင်း တို့ ဖက်ထားကြသည်ကို ကြည့်ပြီး ချင်းလန်က ပို၍ မျက်မှောင်ကြုတ်လိုက်မိသည်။
“ဂေဟာမှူး အဖွား... အရမ်း စိတ်မကောင်း မဖြစ်ပါနဲ့တော့။ အဲ့ဒီလူအတွက်နဲ့ အဖွား ခံစားနေရတာ မထိုက်တန်ပါဘူး” ချင်းလန်က အနည်းငယ် နှစ်သိမ့်ပေးပြီးနောက် လိုရင်းကို မေးမြန်းလိုက်လေသည်။ “ကျွန်တော် တစ်ခုလောက် မေးလို့ ရမလား”
“ဘာများလဲ သခင်လေး ချင်း။ ကျွန်မ ကူညီပေးနိုင်တာ ရှိရင် ပြောပါ၊ သေချာပေါက် ကူညီပါ့မယ်” ဂေဟာမှူး အဖွား က ခေါင်းမော့ကာ သူမ၏ မှုန်ဝါးဝါး မျက်ဝန်းများဖြင့် ကြည့်လျက် ဆိုလိုက်၏။
ချင်းလန်က ခေတ္တမျှ စဉ်းစားပြီးမှ ဖြည်းဖြည်းချင်း မေးလိုက်လေသည်။ “ဒီဂေဟာက မွေးစားခဲ့တဲ့ ကလေးတွေထဲမှာ အဘိုးကြီး တစ်ယောက်ယောက်က ရုတ်တရက် ရောက်လာပြီး ကလေးတစ်ယောက်ကို ဆွဲခေါ်သွားတာမျိုး ရှိဖူးလား။ ဥပမာ - ဒီကလေးက ပါရမီရှိတယ်ဆိုပြီး ခေါ်သွားတာမျိုးပေါ့”
ဒါမှမဟုတ် မီးအကြီးအကျယ်လောင်တဲ့အချိန်မှာ ကောင်လေးတစ်ယောက်က မိန်းကလေး ခုနစ်ယောက်ကို ကယ်ထုတ်သွားပြီးနောက် အဲ့ဒီကောင်လေးက မီးထဲမှာ ပျောက်ကွယ်သွားတာမျိုးပေါ့။ သူ့အလောင်းကိုတောင် ရှာမတွေ့တော့တဲ့ ပုံစံမျိုးပေါ့။
ချင်းလန်က အပိုတွေ လျှောက်တွေးနေခြင်း မဟုတ်ပါချေ။ ထန်ချင်းရှန်း ၏ စကားများက ယနေ့ သူ့ကို တစ်ခုခု သတိပေးလိုက်သလို ဖြစ်နေသောကြောင့် ဖြစ်လေသည်။
မိဘမဲ့ဂေဟာ။
ဒါဟာ မိဘမဲ့ဂေဟာလေ၊ ပြီးတော့ နာမည်ကလည်း “နေရောင်ခြည်” တဲ့။
ဒါဟာ ကံကြမ္မာရှင်တွေ စတင် ထွက်ပေါ်လာတတ်တဲ့ နေရာ မဟုတ်ပါလား။
ထန်ချင်းရှန်း ပေါ်လာပုံက တစ်ခုခုကို အရိပ်အမြွက် ပြနေသလိုမျိုး သူ ခံစားနေရသည်။
ရဲ့ဖန် မသေခင်က ဇာတ်လမ်းကို ပြောင်းလဲခဲ့လို့ သွေးနီရောင် မန်ဒါလာ စောစော ပေါ်လာသလို၊ ရှီယာ ထျန်ဟိုင်မြို့ကို ရောက်လာသလိုမျိုး ဖြစ်နေသည်။
ထန်ချင်းရှန်း နှင့် ကံကြမ္မာရှင် မိန်းကလေးများမှာ ဘာမှ မသက်ဆိုင်ပါစေဦး၊ နေရောင်ခြည် မိဘမဲ့ဂေဟာ မှာ ဤကဲ့သို့ ဖြစ်ပျက်ခဲ့ခြင်းက သေသေချာချာ စစ်ဆေးဖို့ လိုအပ်နေပြီ ဖြစ်လေသည်။
ဂေဟာမှူး အဖွား က မျက်မှောင်ကြုတ်လျက် စဉ်းစားနေမိသည်။ “အဲ့လိုမျိုး ဖြစ်ခဲ့ဖူးသလိုပဲ၊ ဒါပေမဲ့ ကျွန်မ သေသေချာချာ မမှတ်မိတော့ဘူး။ ကျွန်မလည်း အိုပြီလေ၊ ဒီဂေဟာကနေ ထွက်သွားတဲ့ ကလေးတွေကလည်း အများကြီးပဲ။ ကြီးလာမှ ပြန်လာတွေ့တဲ့ ကလေးတွေကိုတော့ မှတ်မိသေးပေမဲ့ ထွက်သွားပြီး ပြန်မလာတော့တဲ့သူတွေကိုတော့ မမှတ်မိတော့ဘူး”
“မီးလောင်တဲ့ ကိစ္စကတော့ ကျွန်မ တစ်ခါမှ မကြုံဖူးပါဘူး”
ချင်းလန်သည် စိတ်ထဲမှ ညည်းတွားလိုက်မိသည်။
မမှတ်မိပေမဲ့ ဖြစ်ခဲ့ဖူးသလိုပဲ ဟုတ်လား။
ဒါဟာ သက်သေအထောက်အထား အခိုင်အလုံ မဟုတ်ဘူးလား။
ဒီလို မရေမရာ ပြောဆိုချက်တွေက ကံကြမ္မာရှင် တစ်ယောက် မကြာခင် ပေါ်လာတော့မယ်ဆိုတဲ့ အမှတ်အသား မဟုတ်ပါလား။
“နေရောင်ခြည် မိဘမဲ့ဂေဟာ ကနေ ထွက်သွားတဲ့ မိန်းကလေးတွေထဲမှာ အခု နာမည်ကြီး ကုမ္ပဏီတစ်ခုရဲ့ အမျိုးသမီး ဥက္ကဋ္ဌ ဖြစ်နေတဲ့သူ ရှိလား။ သန်းပေါင်း ထောင်ချီ ပိုင်ဆိုင်တဲ့သူ ဒါမှမဟုတ် ရုပ်ရှင်၊ ဂီတ နယ်ပယ်မှာ ထိပ်တန်း စူပါစတား ဖြစ်နေတဲ့သူ၊ ဒါမှမဟုတ် လေကြောင်းလိုင်းက နာမည်ကြီး လေယာဉ်မယ်တွေကော ရှိလား...”
အမျိုးသမီး လူသတ်သမားလား ဘာလား ဆိုတာကိုတော့ သူ မမေးတော့ပါချေ။ မေးလိုက်လျှင်လည်း ဂေဟာမှူး အဖွား သိလိမ့်မည် မဟုတ်သောကြောင့် ဖြစ်လေသည်။
“မရှိပါဘူး” ဂေဟာမှူး အဖွား က ဆက်ပြီး ခေါင်းခါပြနေလေသည်။
ထိုကဲ့သို့ ပြတ်သားသော အဖြေက ချင်းလန်၏ ရင်ကို အေးစက်သွားစေတော့သည်။
ဒါက တကယ်ကို စိုးရိမ်စရာ ကောင်းလာပြီ။
တကယ်လို့ ဒါဟာ အမျိုးသမီး ဥက္ကဋ္ဌတွေ သို့မဟုတ် လေယာဉ်မယ်တွေ ပါဝင်တဲ့ ညီအစ်မ ခုနစ်ဖော် ဇာတ်လမ်းမျိုးဆိုရင် ကိုင်တွယ်ရတာ ပိုလွယ်ကူပေလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ ရင်ဆိုင်ရမယ့် ဗီလိန်တွေက အစပိုင်းမှာ သူဌေးသားတွေပဲ ဖြစ်သလို ကံကြမ္မာရှင်ရဲ့ စွမ်းအားကလည်း အဲ့လောက် မကြီးမားသေးပါချေ။ ဒါဟာ တဖြည်းဖြည်း တိုးတက်လာမယ့် လုပ်ငန်းစဉ် ဖြစ်လို့ သူက အရင်ဦးအောင် လုပ်ကြံလိုက်လျှင် ကံကြမ္မာရှင်ကို သတ်ဖို့ မခက်ခဲပါချေ။
ဒါပေမဲ့ တကယ်လို့ တစ်စုံတစ်ယောက်က တောင်ပေါ်မှာ ဆရာနဲ့အတူ ကျင့်ကြံနေပြီးမှ ကလဲ့စားချေဖို့ ပြန်ဆင်းလာတာမျိုးဆိုရင်တော့ သူက အံ့ဩစရာကောင်းလောက်အောင် စွမ်းအားကြီးတဲ့သူ ဖြစ်နေပေလိမ့်မည်။
ဒါဆိုရင်တော့ နည်းနည်းတော့ ခက်ခဲပေလိမ့်မည်။
သူက အစကတည်းက တိုက်ခိုက်နိုင်စွမ်း အလွန် မြင့်မားနေမှာ မဟုတ်ပါလား။
အဆင့်မြင့် ကိုယ်ခံပညာတွေနဲ့တော့ မလာပါနဲ့ဦး။
“သခင်လေး... ဘာဖြစ်လို့လဲဟင်။ သခင်လေး အာရုံလွင့်နေသလိုပဲ”
ရှောင်းရှောင်း က စိုးရိမ်တကြီးဖြင့် ရှေ့သို့ တိုးလာကာ ချင်းလန်၏ မျက်မှောင်ကြုတ်နေသည်များကို သူမ၏ လက်ကလေးများဖြင့် ပြန်ပြင်ပေးလိုက်ရင်း
“စိတ်မကောင်းစရာတွေကို မတွေးပါနဲ့တော့။ သခင်လေးမှာလည်း ငယ်ငယ်တုန်းက ပျောက်ဆုံးသွားခဲ့တဲ့ သူငယ်ချင်း ရှိလို့လား”
ဟု မေးလိုက်လေသည်။
ချင်းလန်က စိတ်ထဲမှ ခနဲ့လိုက်မိသည်။
သူငယ်ချင်း ဟုတ်လား။
အနောက်ကနေ ဓားနဲ့ ထိုးမယ့် သူငယ်ချင်းမျိုးလား။
သူ အသေအချာ ပြန်စဉ်းစားကြည့်ပြီးနောက် စိတ်အေးသွားရသည်။ အလွန်အမင်း စိုးရိမ်နေစရာ မလိုပါချေ။
အဆိုးဆုံး အခြေအနေ ရောက်လာလျှင်တောင် ဖျော်ဖြေရေးလောကက ကံကြမ္မာရှင်ရဲ့ ကိစ္စကို အမြန်ဆုံး ဖြေရှင်းလိုက်ရုံပင်။ အခြေအနေတွေ ဘယ်လို ဖြစ်လာမလဲဆိုတာ သိထားပြီးသားပဲလေ၊ အစပိုင်းမှာ သူက တိုက်ခိုက်နိုင်စွမ်း နည်းနည်း မြင့်နေတော့လည်း ဘာဖြစ်သေးလဲ။
သူတို့က တစ်ဆင့်ချင်း တွက်ချက်ပြီး လုပ်ဆောင်သွားမှာပဲ မဟုတ်လား။ ဘယ်လို ကံကြမ္မာရှင်မျိုးပဲ ဖြစ်ဖြစ်ပေါ့။
တကယ်လို့ အခြေအနေမဟန်လို့ မနိုင်တော့ဘူးဆိုရင်လည်း ယန်ကျင်းမြို့ကို ဖုန်းတစ်ချက်ဆက်ပြီး လူတချို့ ငှားခိုင်းလိုက်ရုံပါပင်။
ထိုသို့ နားလည်သွားပြီးနောက် သူ စိုးရိမ်မနေတော့ပါချေ။
နောက်ပိုင်း ရက်များတွင်လည်း ချင်းလန်သည် ရှောင်းရှောင်း နှင့်အတူ ပျော်ရွှင်စရာ ကောင်းသော နေ့ရက်များကို ကုန်ဆုံးစေခဲ့လေသည်။
သူတို့သည် ကစားကွင်းများသို့ သွားကြသလို အမျိုးသမီး အဝတ်အထည် ဆိုင်များသို့လည်း လည်ပတ်ကြလေသည်။ ဘေးမှာ လူမရှိသည့် အချိန်တွင် အဝတ်လဲခန်းထဲသို့ တိတ်တဆိတ် ဝင်ရောက်ကာ အဝတ်အစားတွေက သူမနှင့် တကယ် လိုက်ဖက်ရဲ့လားဆိုတာကို သူ၏ လက်များဖြင့် တိုင်းတာ စစ်ဆေးပေးတတ်သေးသည်။
ဤအတောအတွင်း သူသည် လင်းရွှမ်းချွမ် ထံသို့ သွားရောက်ကာ အိမ်ရာဝင်း လွှဲပြောင်းခြင်း စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သဖြင့် သူ၏ အကောင့်ထဲသို့ နောက်ထပ် ပိုက်ဆံ အမြောက်အမြား ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။
ကြိုတင်ပေးခဲ့သော သန်း ခြောက်ရာ နှင့် ပေးရန် ကျန်ရှိနေသေးသော သန်း ခြောက်ရာ တို့ကို ဖယ်ထုတ်လိုက်လျှင်ပင် လင်းရွှမ်းချွမ်က နည်းမျိုးစုံဖြင့် ရှာဖွေပေးခဲ့သော အသားတင် အမြတ်ငွေ သန်း တစ်ထောင့်နှစ်ရာ ရရှိခဲ့ခြင်း ဖြစ်လေသည်။
သေချာတာပေါ့၊ ဒါဟာ တစ်ဝက်စီ ခွဲဝေရမှာပင်။ သူသည် ချူထျန်ဖုန်း နှင့် ပူးပေါင်းထားခြင်း ဖြစ်သဖြင့် တစ်ယောက် တစ်ဝက်စီ ရကြမည် ဖြစ်သည်။ အမြတ်ငွေတွေ ခွဲဝေပြီးနောက် ချူထျန်ဖုန်းက လက်မခံချင်သော်လည်း ချင်းလန်က သန်း ခြောက်ရာ ကို သူ၏ အကောင့်ထဲသို့ လွှဲပေးလိုက်လေသည်။
ဤကဲ့သို့ သေးငယ်သော ကိစ္စများအတွက် အငြင်းပွားနေစရာ ဘာရှိသနည်း။
အနှေးနှင့် အမြန်ဆိုသလို ဤပိုက်ဆံများ အားလုံးက ချူမုန်ယောင် ဆီကိုပဲ ရောက်သွားမှာ မဟုတ်ပါလား။
ချင်းလန် နှင့် ချူမုန်ယောင် တို့ကြားတွင် အခြေအနေတွေ ဘယ်လိုပဲ ဖြစ်လာပါစေ၊ ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိလေသည်။
ပထမ တစ်ခုကတော့ လူက ရှိနေသေးသော်လည်း ပိုက်ဆံ ကုန်သွားခြင်း ဖြစ်လေသည်။
ဒုတိယ တစ်ခုကတော့ လူရော ပိုက်ဆံရော နှစ်ခုစလုံး ပျောက်ကွယ်သွားခြင်းပင် ဖြစ်လေသည်။