အခန်း (၂၁၁) စုရှောင်းရှောင်းနှင့်အတူ နွေးထွေးဆန်းသစ်သော နေ့စဉ်ဘဝ
သူမ၏ လှပသော မျက်ဝန်းလေးများမှာ တောက်ပနေပြီး ဆွဲဆောင်မှုရှိသော အပြုံးလေးမှာလည်း ရင်ခုန်စရာ ကောင်းလှပေသည်။
စုရှောင်းရှောင်းသည် လခြမ်းကွေးပုံစံ မျက်ဝန်းလေးများဖြင့် ချင်းလန်ကို ကြည့်ကာ သူမ၏ အလစ်အငိုက် တိုက်ခိုက်မှု အောင်မြင်သွားသည့်အတွက် ဂုဏ်ယူနေသည့် ပုံစံလေး ဖမ်းနေတော့သည်။
“အပြင်ထွက်ပြီး လမ်းလျှောက်ရင်း နေရောင်ခြည် မိဘမဲ့ဂေဟာကို သွားကြည့်ကြတာပေါ့။ ငါတို့ မရောက်ဖြစ်တာလည်း ကြာပြီလေ”
ချင်းလန်က စုရှောင်းရှောင်း၏ တောက်ပနက်မှောင်သော ဆံနွယ်လေးများကို အသာအယာ ဖွပေးရင်း နူးညံ့သိမ်မွေ့စွာ ပြောဆိုလိုက်လေသည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ စုရှောင်းရှောင်း၏ မျက်ဝန်းလေးများမှာ ဝင်းခနဲ ဖြစ်သွားတော့သည်။
သူမ၏ အိပ်ချင်စိတ်များသာမက စိတ်ထဲတွင် ကျန်ရှိနေသော အတွေးစများပါ လုံးဝ ပျောက်ကွယ်သွားရသည်။ သူမသည် အတိုင်းထက်အလွန် ဝမ်းသာသွားကာ “တကယ်လား သခင်လေး။ သခင်လေး နောက်နေတာ မဟုတ်ဘူးနော်” ဟု အော်ဟစ်လိုက်မိတော့သည်။
အရေးကြီးကိစ္စများဖြင့် အမြဲ အလုပ်ရှုပ်နေတတ်သော သခင်လေးက သူမနှင့်အတူ မိဘမဲ့ဂေဟာသို့ လိုက်ခဲ့မည်ဟု ပြောလာလိမ့်မည်ကို သူမ မယုံနိုင်အောင် ဖြစ်နေရသည်။
ထိုနေရာက အရာအားလုံးမှာ သခင်လေးနှင့် မလိုက်ဖက်သလို ဖြစ်နေသည် မဟုတ်ပါလား။
ချင်းလန်ကတော့ ဘာကိုမှ ထွေထွေထူးထူး စဉ်းစားမနေပါချေ။ သူဖြစ်ချင်တာက သူမနှင့်အတူရှိနေပေးပြီး အချိန်များများ ကုန်ဆုံးစေချင်ရုံသာ ဖြစ်သည်။
စုရှောင်းရှောင်းသည် သူ၏ စိတ်ကူးကို ချက်ချင်း သဘောပေါက်သွားကာ ပြောပြမတတ်အောင် စိတ်လှုပ်ရှားသွားရသည်။ ချင်းလန်၏ ခါးကို ဖက်ထားသော သူမ၏ လက်ကလေးများမှာ ပို၍ပင် တင်းကျပ်သွားတော့သည်။
“ငါက မင်းအတွက် အဲ့လောက်တောင် ယုံကြည်ရခက်တဲ့သူ ဖြစ်နေလို့လား” ချင်းလန်က သူမ၏ ခေါင်းလေးကို အသာအယာ ခေါက်လိုက်ပြီး ဂရုဏာသက်သော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
ချူမုန်ယောင်နှင့် ပတ်သက်သည့် ကိစ္စများ ကျန်ရှိနေသေးသလို၊ ဖျော်ဖြေရေးလောကမှ ကံကြမ္မာရှင်ကိုလည်း အချိန်ပေး အပြစ်ပေးရဦးမည် ဖြစ်သော်လည်း မနေ့ညက တိုက်ပွဲအပြီးတွင်တော့ ထိုအရာအားလုံးမှာ အရေးမကြီးတော့ပါချေ။
ကံကြမ္မာရှင်ဆိုသည်မှာ ထိုနေရာတွင်ပင် ရှိနေမည်ဖြစ်ရာ အချိန်မရွေး သွားရောက် အပြစ်ပေး၍ ရပေသည်။
ချူမုန်ယောင်ကိုလည်း စောင့်ကြည့်ခိုင်းထားပြီးသား ဖြစ်သဖြင့် မမျှော်လင့်ဘဲ တစ်ခုခု ဖြစ်လာလျှင်ပင် သူ့တွင် ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှိပြီးသားပင်။
အနည်းဆုံးတော့ လက်ရှိအချိန်တွင် ချူမုန်ယောင်၏ အဆင့်အတန်းမှာ စုရှောင်းရှောင်းနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပါချေ။
“မဟုတ်ပါဘူး၊ သခင်လေးက အကောင်းဆုံးပါ” စုရှောင်းရှောင်းသည် သူမ၏ ခန္ဓာကိုယ်မှ မသက်မသာ ဖြစ်မှုများကို အောင့်အည်းကာ ထရပ်လိုက်ပြီး ချင်းလန်ကို ဖက်၍ အကြိမ်ကြိမ် နမ်းလိုက်တော့သည်။
…
တစ်မနက်ခင်းလုံး စုရှောင်းရှောင်းနှင့် ချင်းလန်တို့မှာ ခွဲမရအောင် တတွဲတွဲ ရှိနေကြပြီး သူမ၏ ရင်ထဲတွင်လည်း ခံစားချက်များဖြင့် ပြည့်နှက်နေလေသည်။
တစ်ချိန်က အမြင့်မြတ်ဆုံး ဖြစ်ခဲ့သော သခင်လေးမှာ ယခုတော့ သူမအတွက်ကြောင့် ဂေဟာက ကလေးငယ်များနှင့်အတူ ဆော့ကစားပေးနေပြီး ချမ်းသာသော သခင်လေးတစ်ဦး၏ မာနများကို လုံးဝ မတွေ့ရပါချေ။
ဤကြီးမားသော ပြောင်းလဲမှုကြီးက စုရှောင်းရှောင်း၏ ရင်ကို ပျားရည်စားလိုက်ရသလို ချိုမြိန်စေခဲ့သည်။
ထို့အပြင် သခင်လေးသည် ကလေးများအတွက် မုန့်များနှင့် ကစားစရာ အမြောက်အမြား ယူဆောင်လာခဲ့သဖြင့် ကလေးများမှာလည်း အလွန်ပင် ပျော်ရွှင်နေကြသည်။
အတန်းထဲတွင် ကလေးများစွာမှာ သူမနှင့် သခင်လေး၏ ဘေးတွင် ဝိုင်းအုံနေကြပြီး စကားတွေ တတွတ်တွတ် ပြောနေကြလေသည်။
“အစ်ကိုကြီးက အရမ်းကောင်းတာပဲ၊ သမီးက အစ်ကိုကြီးကို အချစ်ဆုံးပဲ၊ မွမွ” မိန်းကလေးငယ်လေး တစ်ဦးက ချင်းလန်၏ လည်ပင်းကို ဖက်ကာ ပါးကို နမ်းလိုက်ပြီး လက်ထဲက ကစားစရာလေးနှင့် ပျော်ရွှင်စွာ ဆော့ကစားနေတော့သည်။
“အစ်ကိုကြီး... အစ်ကိုကြီးက အစ်မရှောင်းရှောင်းနဲ့ ဘာဆိုင်လို့လဲ။ အစ်မရဲ့ ရည်းစားလား” အသက်နည်းနည်း ပိုကြီးသော ကောင်လေးတစ်ဦးမှာမူ ချင်းလန် ပေးသော လက်ဆောင်ကို ငြင်းဆန်လိုက်ပြီး ချင်းလန်ကို ရန်လိုသော အကြည့်ဖြင့် စိုက်ကြည့်နေလေသည်။
ထိုမျက်ဝန်းလေးများထဲတွင် ရန်လိုမှုနှင့် ကြောက်ရွံ့မှုတို့ ရောပြွမ်းနေသည်။
ကလေးများ၏ စိတ်ထဲတွင် စုရှောင်းရှောင်း၏ နေရာကို လျှော့တွက်၍ မရပါချေ။ ကောင်လေးရော ကောင်မလေးပါ စုရှောင်းရှောင်းကို နတ်သမီးတစ်ပါးကဲ့သို့ သဘောထားကြသူများ ဖြစ်သည်။
သူမက လှပပြီး အဝတ်အစား လှလှပပ ဝတ်တတ်ရုံတင်မကဘဲ သူတို့ကို သူမ၏ မောင်နှမအရင်းများကဲ့သို့ ဂရုစိုက်ပေးသောကြောင့် ဖြစ်လေသည်။
ဤကောင်လေးကဲ့သို့ အသက်နည်းနည်း ကြီးလာသော ကလေးအချို့မှာမူ သူတို့ကိုယ်တိုင်ပင် သတိမထားမိသော ခံစားချက်လေးများ ရှိနေကြပြီး ချင်းလန် ရောက်လာခြင်းကို အလွန်ပင် စိုးရိမ်နေကြခြင်း ဖြစ်သည်။
“မဖြစ်နိုင်တာ။ မင်းတို့က ဘာမှနားမလည်ဘဲနဲ့။ အစ်ကိုကြီးက အစ်မရဲ့ အမျိုးသား ဖြစ်မှာ သေချာတယ်” လူကောင်သေးသေးလေးနှင့် ကောင်လေးတစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် စုရှောင်းရှောင်းကို အတည်ပြုချက် တောင်းသလို လှမ်းကြည့်လိုက်လေသည်။
“မင်းတို့ လူလည်လေးတွေ၊ ဘာတွေ လျှောက်ပြောနေကြတာလဲ။ အခုအချိန်မှာ ဒါတွေက မင်းတို့ တွေးရမယ့် အရာတွေလား။ ဒီမှာပဲ ငြိမ်ငြိမ်နေကြစမ်း။ ကိုယ့်ဘာသာ စာကြည့်ကြဦး”
စုရှောင်းရှောင်းသည် ကလေးများရှေ့တွင် ဩဇာရှိသူ ဖြစ်လေသည်။ သူမက သူတို့ကို ဆူလိုက်ပြီးနောက် ချင်းလန်၏ လက်မောင်းကို ဆွဲကာ “သခင်လေး... တခြားနေရာ သွားရအောင်။ ဒီကလေးတွေ ဒီနေ့ အရမ်း စိတ်လှုပ်ရှားနေကြတယ်” ဟု တိုးတိုးလေး ပြောလိုက်လေသည်။
ချင်းလန်က မငြင်းဘဲ ပြုံးလျက် ခေါင်းညိတ်ပြကာ စုရှောင်းရှောင်းနှင့်အတူ အတန်းထဲမှ ထွက်လာခဲ့သည်။
သူ အနောက်ကို လှည့်ကြည့်လိုက်သည့်အခါ ခုနက သူသည် စုရှောင်းရှောင်း၏ ရည်းစားလားဟု မေးခဲ့သော ကောင်လေးမှာ မျက်ဝန်းလေးများ နီရဲနေသည်ကို တွေ့လိုက်ရသည်။
စင်္ကြံလမ်းပေါ်တွင် ချင်းလန်က “မင်းက ဒီကလေးတွေရဲ့ ရင်ထဲမှာ ထူးခြားတဲ့ နေရာတစ်ခု ရထားပုံပဲနော်” ဟု စနောက်လိုက်လေသည်။
“ငါတို့ ထွက်လာတော့ မင်း ငါ့ကို ဖက်လိုက်တဲ့အချိန်မှာ ကလေးတစ်ယောက်ဆိုရင် မျက်ရည်တောင် ဝဲနေရှာတယ်။ သူက ကြီးလာရင် မင်းကို ဖွင့်ပြောဖို့တောင် ကြိုပြီး စိတ်ကူးထားတာလား မသိဘူး”
စုရှောင်းရှောင်းက မျက်စောင်းလေး ထိုးလိုက်ကာ “သခင်လေးကလည်း... သူတို့က ကလေးလေးတွေပဲ ရှိပါသေးတယ်၊ ဘာသိမှာလဲ” ဟု ဆိုလိုက်၏။
“အဲ့လို ပြောလို့ မရဘူး။ ဒီကလေးတွေက လူကြီးဖြစ်တာစောကြတယ်။ အသက်ငယ်တယ်ဆိုပြီး လျှော့မတွက်နဲ့။ ကလေးတစ်ယောက်ဆိုရင် ‘မင်းက ငါ့ဇနီးပဲ’ လို့တောင် ပြောနေသေးတယ်” ချင်းလန်က ကလေးတွေဘက်ကနေ ရယ်ချင်စဖွယ် ပြောလိုက်လေသည်။
ဇနီး ဟုတ်လား။
သူမ ဘာလို့ မကြားလိုက်ရတာလဲ။
“အဲ့ဒါ ခုနက ကောင်လေးလေ”
စုရှောင်းရှောင်းသည် ချင်းလန်ကို သူမ၏ အမျိုးသားဟု ပြောခဲ့သော ကောင်လေးကို ရုတ်တရက် သတိရသွားပြီး တော်တော်လေး အံ့ဩသွားရသည်။
ဒါက... ဒီကလေးလေးက ဘယ်လောက်ပဲ ရှိသေးလို့လဲ။ သူက ရှစ်နှစ်ပဲ ရှိပါသေးတယ်။ အရင်က မိသားစု အခြေအနေကြောင့် အာဟာရ ချို့တဲ့ခဲ့သဖြင့် တခြားကလေးတွေထက် လူကောင် ပိုသေးနေတာပင်။ အဲ့ဒါကြောင့်လည်း သူ့ကို ‘ပဲစေ့လေး’ လို့ နာမည်ပြောင် ပေးထားကြတာလေ။
ဒီလောက် ငယ်သေးတဲ့ ကလေးက လူကြီးကိစ္စတွေကို သိနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပါချေ။ သူမသည် စိတ်မသက်မသာ ဖြစ်သွားရကာ ထိုကလေးနှင့် သေချာ စကားပြောရန် ဆုံးဖြတ်လိုက်တော့သည်။
ဒီကလေးကို ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ပါချေ။
အတန်းထဲမှာ ကလေးတွေကို ဦးဆောင်နိုင်မယ့် အတန်းခေါင်းဆောင် မရှိသေးဘူးလေ။ အခုတော့ ပဲစေ့လေးက အသင့်တော်ဆုံး ဖြစ်လိမ့်မည်ဟု သူမ ခံစားလိုက်ရသည်။ သူမဘက်က ကူညီပေးရမယ် ဆိုရင်တောင် ပဲစေ့လေးကို ထိပ်ဆုံးရောက်အောင် တွန်းပို့ရမည် ဖြစ်လေသည်။
ထိုကောင်လေး၏ နားလည်တတ်မှုအပေါ် စိတ်လှုပ်ရှားနေစဉ်မှာပင် စုရှောင်းရှောင်းသည် ချင်းလန်ကို သူမ၏ ခံစားချက်များ ပြောပြရန် မမေ့ပါချေ။
ဘေးမှာ လူမရှိသည့် အချိန်ကို အခွင့်ကောင်းယူကာ သူမသည် သူ၏ နှုတ်ခမ်းကို ခပ်ဖွဖွ နမ်းလိုက်ပြီး
“ဘယ်သူပဲ ဖြစ်ဖြစ် ရှောင်းရှောင်းရဲ့ ရင်ထဲမှာတော့ သခင်လေးကလွဲလို့ တခြားသူအတွက် နေရာ မရှိပါဘူး”
ဟု ဆိုလိုက်လေသည်။
ခဏမျှ ကြည်နူးပြီးနောက် စုရှောင်းရှောင်းသည် ကလေးတစ်ဦး ငိုသံကို ကြားလိုက်ရသည်။ သူမသည် ချင်းလန်ကို အခန်းတစ်ခုသို့ ခေါ်သွားရာ အထဲတွင် ဂေဟာဝန်ထမ်းတစ်ဦးက အသက်တစ်နှစ်ခန့်သာ ရှိသေးသော ကလေးငယ်တစ်ဦးကို ချော့မြူနေသည်ကို တွေ့လိုက်ရ၏။
“ရှောင်းရှောင်း... မင်း ရောက်လာတာ အတော်ပဲ။ ဒီကလေးကို ငါ ဘယ်လိုမှ ချော့လို့ မရတော့ဘူး။ ဘယ်လိုပဲ ချော့ချော့ ငိုနေတုန်းပဲ၊ အသံတောင် ဝင်နေပြီ။ ကူညီပါဦး”
ဝန်ထမ်းသည် ကလေးကို အသည်းအသန် ချော့နေရင်း စုရှောင်းရှောင်းကို အကူအညီတောင်းသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။
စုရှောင်းရှောင်းသည် ကလေးကို လွှဲယူလိုက်ကာ ပါးလေးကို တစ်ချက်နှစ်ချက် ဆွဲလိုက်သည်။ ထိုကလေးမှာ အံ့ဩစဖွယ် ငိုသံတိတ်သွားပြီး လက်ကလေးတွေကို ဝှေ့ယမ်းကာ “မေမေ” ဟု စတင် အော်လိုက်တော့သည်။
“ဝါး... ဒီကလေးလေးက စကားတောင် ပြောတတ်နေပြီလား” ချင်းလန်က သိချင်စိတ်ဖြင့် အနားသို့ တိုးလာကာ မေးမြန်းလိုက်လေသည်။
စုရှောင်းရှောင်း ပုခတ်ထဲ ထည့်လိုက်သော ကလေးငယ်ကို ကြည့်ရင်း သူ စိတ်ဝင်စားသွားကာ “ဖေဖေ လို့ ခေါ်စမ်း” ဟု သင်ပေးလိုက်တော့သည်။
ကလေးကတော့ ဂရုမစိုက်ပါချေ။
“ဖေဖေ လို့ ခေါ်ရင် မုန့်ပေးမယ်နော်”
“ဖေဖေ လို့ ခေါ်စမ်း။ ဖေဖေ... ဖေဖေ...”
ချင်းလန်က စိတ်ရှည်လက်ရှည် သင်ပေးနေမိသည်။
ကလေးငယ်သည် ဒိုင်ပါးဝတ်လျက် ထိုင်နေပြီး ကြာပန်းစေ့လေးလို သေးငယ်သော လက်ကလေးနှစ်ဖက်ဖြင့် ကစားနေကာ ဘေးက ချင်းလန်ကို လုံးဝ လျစ်လျူရှုထားလေသည်။ သူသည် စုရှောင်းရှောင်းကိုသာ စိုက်ကြည့်နေတော့သည်။
ခဏအကြာတွင် ထိုစကားလုံး နှစ်လုံးကို ခဏခဏ ကြားနေရသဖြင့် စိတ်ဝင်စားသွားပုံရကာ ခေါင်းလေးကို လှည့်ကြည့်လိုက်ပြီး ဝိုင်းစက်နေသော မျက်ဝန်းလေးများဖြင့် ချင်းလန်ကို ဇဝေဇဝါ ကြည့်ကာ “ဟေး...” ဟု တိုးတိုးလေး အော်လိုက်တော့သည်။