အခန်း (၂၁) အရက်မူးကာ ပိုင်ရူယွီကိုဆွဲဆောင်ခြင်း
ပိုင်ရှောင်ယွင် ကချင်းလန်ကို နွေးထွေးစွာကြိုဆိုလိုက်ပြီး သူယူလာတဲ့ လက်ဆောင်တွေကိုလည်း ဧည့်ခန်းထဲမှာဝိုင်းကူ ထားလိုက်လေသည်။
ပိုင်မိသားစု အိမ်တော်တစ်ခုလုံးက စည်ကားလာပြီး မီးဖိုချောင်ကနေ ထမင်းစားပွဲဆီကို ဟင်းလျာတွေ အဆက်မပြတ် ယူဆောင်လာကြလေသည်။
“တူလေး၊ မင်း ဒီအထိလာခဲ့ရတာ၊ ဒီနေ့ ဦးလေးနဲ့အတူ အရက်တစ်ခွက်တော့ သောက်သွားရမယ်။”
ပိုင်ရှောက်ချွမ်က အဓိကနေရာမှာ ထိုင်လိုက်ပြီး သူ့ရဲ့ အရက်ခွက်ထဲကို အရက်ငှဲ့လိုက်လေသည်။
လက်ဖက်ရည်ကိုပြည့်အောင် ငှဲ့တာကတော့ ဧည့်သည်ကို နှင်ထုတ်တဲ့ နည်းလမ်းဖြစ်ပြီး၊ အရက်ခွက်ထဲ အရက်ကိုအပြည့်ငှဲ့တာကတော့ဧည့်သည်ကြိုဆိုတဲ့ နည်းလမ်းဖြစ်ပေသည်။
ချင်းလန်က သူ့မိသားစုနောက်ခံကို အားကိုးပြီး မာနမကြီးပဲ မတ်တပ်ရပ်ကာ ခွက်ကိုကိုင်လိုက်ပြီး အရင်ဆုံး အရက်ခွက်တိုက်ဖို့ ကြိုးစားလိုက်သည်။
သူက ပိုင်ရှောက်ချွမ်ရဲ့ ခွက်နဲ့ သူ့ခွက်ကို ညင်သာစွာ ထိတိုက်လိုက်ပြီး
“တူလေးက အလိုက်မသိဘဲ ဦးလေးကို အရက်ငှဲ့ခိုင်းမိတာပါ။ အပြစ်ပေးတဲ့အနေနဲ့ ကျွန်တော် တစ်ခွက်သောက်ပါ့မယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ ဦးလေး။”
ဟုပြောလိုက်လေသည်။
ပြောပြီးတာနဲ့ သူက ခေါင်းမော့လိုက်ပြီးအရက်တစ်ခွက်လုံးကို တစ်စက်မကျန် မော့ချလိုက်သည်။
“ဟားဟား၊ ငါ့တူလေး၊ မင်းမှာ ဒီလိုယဉ်ကျေးမှုတွေကို ဘယ်ကရလာတာလဲ။ ဒါက ငါ့လိုလူအိုကြီးကိုတောင် နည်းနည်း စိတ်မသက်မသာ ဖြစ်စေတယ်။”
ပိုင်ရှောက်ချွမ်က တစ်ငုံသောက်လိုက်ပြီး သူ့စကားတွေက အပြစ်တင်သလို ဖြစ်နေပေမယ့်တကယ်တမ်းမှာတော့ သူက အလွန်အမင်း ကျေနပ်နေခဲ့သည်။
ပိုင်ရှောက်ချွမ်က ချင်းလန်ကို ကြည့်လေလေ ပိုပြီး သဘောကျလေလေပင်။
ယန်ကျင်းက ချင်းမိသားစုရဲ့ သားအကြီးဆုံး ထိပ်တန်း မိသားစုကြီးရဲ့ ဆက်ခံသူက သူ့ကိုတန်းတူ ဆက်ဆံခဲ့လေသည်။
ချင်းလန်က ရိုင်းစိုင်းခဲ့ရင်တောင်မှ ပိုင်ရှောက်ချွမ်က ဘာမှလုပ်ရဲမှာ မဟုတ်ပေ။
ဒါပေမဲ့ ချင်းလန်က အဲ့ဒီလိုမလုပ်ခဲ့ပဲ သူ့ကိုယ်သူ
အငယ် တစ်ယောက်လိုပြောဆိုနေတာက သူ့ကို ယဉ်ကျေးသိမ်မွေ့ပြီးလူကြီးလူကောင်း တစ်ယောက် ဖြစ်ကြောင်းပြသနေသည်။
ညစာစားပွဲကတော့ အဆုံးထိကိုပျော်စရာကောင်းခဲ့လေသည်။
အရက်ခွက်ပေါင်းများစွာသောက်ပြီးတဲ့နောက်မှာတော့ ပိုင်ရှောက်ချွမ်က နည်းနည်းမူးလာပြီး မျက်နှာတွေ နီလာကာ ပြုံးပြီး မေးလိုက်သည်။
“တူလေး၊ မင်းက ယန်ကျင်း မှာရှိတဲ့ မိသားစု စီးပွားရေးကို ဘာလို့ မဆက်ခံပဲ ထျန်ဟိုင်မြို့မှာကုမ္ပဏီ လာဖွင့်နေတာလဲ”
ထျန်ဟိုင်မြို့က အတော်လေး ချမ်းသာတဲ့ မြို့ကြီးတစ်မြို့လို့ သတ်မှတ်နိုင်ပေမယ့် ယန်ကျင်း နဲ့ယှဉ်လိုက်ရင်တော့ ဘာမှ မပြောပလောက်တော့ပေ။
ဒီလောက်ကြီးမားတဲ့ မိသားစုစီးပွားရေးကို မဆက်ခံဘဲ သူကဘာလို့ ထျန်ဟိုင်မြို့ကို ထွက်ပြေးလာတာလဲ။
ဘာမှမသိတဲ့သူတွေကတော့ ချင်းလန်ကမိသားစုအတွင်းက အမွေဆက်ခံတဲ့နေရာမှာ ရှုံးနိမ့်သွားတယ်လို့ ထင်ကြမှာပင်။
နည်းနည်းပါးပါး သိတဲ့သူတွေကတော့ ဒီလိုတွေးကြမှာ မဟုတ်ပေ၊ ဘာလို့လဲဆိုတော့ ချင်းမိသားစုမှာ ချင်းလန်ဆိုတဲ့ တရားဝင် မြေးတစ်ယောက်ပဲ ရှိတာကြောင့် အမွေဆက်ခံမှု ပြိုင်ပွဲဆိုတာ မရှိပေ။
ချင်းလန်ရဲ့ပါးတွေကလည်း နီလာပြီး နည်းနည်း မူးဝေလာသလို ခံစားလိုက်ရသည်။
သူကရယ်လိုက်ပြီး
“ဦးလေး၊ ဦးလေး မသိလို့ပါ၊ ယန်ကျင်းက လူတိုင်းက ကျွန်တော်က မိသားစုရဲ့ အာဏာကိုပဲအားကိုးတဲ့ အသုံးမကျတဲ့သူလို့ ပြောကြတယ်။ကျွန်တော့်မှာ အရည်အချင်း ဘာမှမရှိဘူးတဲ့။ ပြီးတော့ သူတို့က ပြောကြသေးတယ်၊ ကျွန်တော့်လို နောက်ခံ ရှိရင်
ခွေးတစ်ကောင်တောင်မှ ကျွန်တော့်ထက်ပိုကောင်းအောင် လုပ်နိုင်တယ်တဲ့။”
“အဓိပ္ပာယ်မရှိတာ မနာလိုတဲ့ လူတစ်စုက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာ”
ပိုင်ရှောက်ချွမ်က ကျယ်လောင်စွာ ကျိန်ဆဲလိုက်ပေမယ့် အတွေးထဲမှာတော့ သူက လုံးဝသဘောတူနေလေသည်။
ပြီးတော့သူက ပြုံးရင်း မေးလိုက်သည်။
“ဒါဆို တူလေး၊ မင်းက မိသားစုကိုအားမကိုးဘဲ
တမင်ထျန်ဟိုင်မြို့ကို လာပြီး မင်းကိုသံသယဝင်နေတဲ့သူတွေကို သက်သေပြချင်လို့မလား။ဒါဆို ဘာလို့ ဦးလေး ဆီကိုတစ်ယောက်တည်း လာလည်တာလဲ”
ချင်းလန်က ခေါင်းညိတ်လိုက်ပြီး အိပ်ချင်မူးတူးနဲ့ မျက်လုံးတွေကို ပွတ်သပ်လိုက်ကာ
“ဦးလေး၊ ဦးလေးက ဒီလောက်ကြီးမားတဲ့ စီးပွားရေးကို လင်မယားနှစ်ယောက်အတူ တည်ထောင်ခဲ့ပြီး ထျန်ဟိုင်မြို့မှာ အရမ်း အရေးကြီးတဲ့ နေရာကို ပိုင်ဆိုင်ထားတာလေ။ နေရာသစ်ကို ရောက်လာတဲ့ဂျူနီယာတစ်ယောက် အနေနဲ့ ဦးလေးကို လာဂါရဝပြုပြီး လမ်းညွှန်မှုယူရမှာက ပုံမှန်ပါပဲ။”
ချင်းလန်က အရက်မူးချင်ယောင်ဆောင်ပြီး
“လင်မယား” ဆိုတဲ့ စကားလုံးတွေကို တမင်တကာ ပြောလိုက်တဲ့အခါ တစ်ဖက်မှာ ထိုင်နေတဲ့ ပိုင်ရူယွီက စားပွဲအောက်မှာ သူမရဲ့ လက်သီးလေးကို တိတ်တဆိတ် ဆုပ်ထားလိုက်တာကို ပိုင်ရှောက်ချွမ်တောင် သတိမထားမိလိုက်ပေ။
“အာ... တူလေး၊ မင်း မသိပါဘူး”
ပိုင်ရှောက်ချွမ်က သူ့အကြောင်း ပြောရင်း သက်ပြင်းချလိုက်သည်။
“ငါက အသက်ကြီးလာပါပြီ။ ငါတို့ မိသားစု စီးပွားရေးက ဘယ်လောက်ပဲ ခမ်းနားနေပါစေ၊ သေတဲ့အခါအတူ ယူသွားလို့မရဘူး။ ပိုင်မိသားစုရဲ့ လက်ရှိ ကြွယ်ဝမှုတွေကိုမယုံနဲ့ ငါသာ တစ်ခုခုဖြစ်သွားရင် အဲ့ဒီအခါ ဘာတွေဖြစ်မလဲ ဘယ်သူသိမလဲ”
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”
ချင်းလန်ရဲ့ မျက်လုံးတွေ ကျယ်လာပြီး အပြင်လူတွေအတွက်တော့ အရက်မူးနေတဲ့ လက္ခဏာတွေ ရှင်းရှင်းလင်းလင်း ပြသနေသည်။
သူက ပိုင်ရှောက်ချွမ်ရဲ့ အမြင်ကို ကျယ်လောင်စွာ ငြင်းခုံလိုက်ကာ
“ဦးလေးက ဘယ်လိုလုပ် ဒီလိုစကားမျိုး ပြောနိုင်ရတာလဲ ထျန်ဟိုင်မြို့မှာ ပိုင်မိသားစုရဲ့ သမီးကြီးက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုင်မိသားစု စီးပွားရေးကို ဒီလောက် ကောင်းကောင်း စီမံခန့်ခွဲနိုင်တာကို ဘယ်သူ မသိဘဲ နေမလဲ”
“ဒီလို ထိပ်တန်းစီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ ပိုင်မိသားစုရဲ့ သမီးကြီး အသက်ရှင်နေသရွေ့ ပိုင်မိသားစုရဲ့ အမွေအနှစ်က ဆက်လက်ပြီး ရှင်သန်နေမှာပဲလေ”
တကယ်လား သူက တကယ်အဲ့ဒီလိုပဲ တွေးတာလား။
ပိုင်ရူယွီရဲ့ မျက်လုံးတွေက တောက်ပလာပြီး
ချင်းလန်ရဲ့ စကားလုံးနောက်ကွယ်က တကယ့် ရည်ရွယ်ချက်ကို သိနိုင်ဖို့ ကြိုးစားရင်း ချင်းလန်ရှိရာကို စူးစိုက်ကြည့်နေမိလေသည်။
သူမ ဘယ်လိုပဲ ကြည့်ကြည့်၊ သူမ ရှေ့ကချင်းလန်က မူးနေတဲ့အမူအရာရှိပြီး တမင်တကာ လုပ်နေတာနဲ့ မတူပေ။ ဒါက သူ အရက်မူးနေတုန်းသူ့အတွေးတွေအားလုံးကို ဖွင့်ပြောလိုက်သလိုပင်။
ပိုင်ရှောက်ချွမ်ရဲ့ မျက်နှာက မကောင်းတော့ပေ။ သူက စီးပွားရေးလောကမှာ နှစ်ပေါင်းများစွာ ထင်ရှားခဲ့တဲ့သူတစ်ယောက်ဖြစ်ပြီး အရက်သောက်နိုင်စွမ်းက အလွန်ကြီးမားလေသည်။သူ့မျက်နှာက နီရဲနေပေမယ့် သူ့စိတ်ကတော့ ကြည်လင်နေတုန်းပင်။ ချင်းလန်ရဲ့ စကားတွေကို ကြားလိုက်ရတော့ သူက ပိုပြီး မကျေမနပ် ဖြစ်သွားလေသည်။
မိန်းမတစ်ယောက်ကနောက်ဆုံးမှာလဲ မိန်းမတစ်ယောက်ပဲ၊ နောက်ဆုံး သူကတခြားမိသားစုထဲကို လက်ထပ်ဝင်သွားရမှာပဲ။ ပိုင်မိသားစုရဲ့ ကြီးမားလှတဲ့ စည်းစိမ်တွေကို သူမက ဘယ်လို ဆက်ခံနိုင်မှာလဲ။
သူက စကားကို လှည့်ပတ်မပြောတော့ပဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
“ယွီအာက တကယ် အရည်အချင်းရှိပါတယ်၊ ဒါပေမဲ့ သူမက မိန်းမတစ်ယောက်ပဲလေ။ သူမက အသေးအဖွဲ ကိစ္စတွေနဲ့ပဲ အာရုံများနေပြီး မိသားစု စီးပွားရေးကို စီမံခန့်ခွဲဖို့ အပြည့်အဝ အာရုံစိုက်နိုင်မှာ မဟုတ်ဘူးလို့ ငါ စိုးရိမ်မိတယ်။”
အဲ့ဒီလို စကားတွေထပ်ကြားရပြန်ပြီ၊ ဒါက သူမကို
ကုမ္ပဏီကိုမလွှဲပေးချင်လို့ သူမရဲ့မိန်းမဆိုတာကို အသုံးချပြီး ဆင်ခြေပေးတာပင်။
ပိုင်ရူယွီရဲ့ မျက်လုံးတွေက နီရဲလာပြီး သူမရဲ့ နူးညံ့တဲ့ ခန္ဓာကိုယ်က ဒေါသကြောင့် တုန်ရင်နေလေသည်။
အဲ့ဒါကြောင့် သူမရဲ့ ရင်ဘတ်ပေါ်ကကြယ်သီးနှစ်လုံးက ပိုပိုပြီး လေးလံတဲ့ ဝန်ကို ထမ်းထားရတော့လေသည်။
သူမက ပြန်လည် ချေပဖို့ စကားပြောချင်ပေမယ့် တစ်စုံတစ်ယောက်က လက်ဦးသွားလေသည်။
“ဦးလေး၊ ဦးလေးရဲ့ အတွေးအခေါ်က မှားနေပြီ။”
ချင်းလန်ရဲ့ အသံက ပိုကျယ်လာသည်။
“ဟိုးရှေးခေတ်တုန်းက သူ့အဖေအစား စစ်တပ်ထဲ ဝင်ခဲ့တဲ့ ဟွားမူလန် ရှိခဲ့တာပဲ။ အခုခေတ်မှာတော့ စီးပွားရေးလောကကို စိုးမိုးထားတဲ့ ပိုင်ရူယွီ ရှိနေတယ်လေ။ ဒါကအမှန်ပဲ မဟုတ်ဘူးလား”
“မိန်းကလေးတွေက ဘာမှားနေလို့လဲ၊ ဘယ်သူက မိန်းမတွေက ယောက်ျားတွေထက် နိမ့်ကျတယ်လို့ ပြောတာလဲ။ အနည်းဆုံးတော့ ကျွန်တော့်မျက်စိထဲမှာ မစ္စပိုင်က ကျွန်တော့်ထက် အများကြီး ပိုထူးချွန်တယ်”
“ဦးလေးက စိုးရိမ်နေရင်လည်း မစ္စပိုင်ရဲ့ အရည်အချင်းတွေနဲ့ဆိုရင် သူမနဲ့အတူ
နေမယ့် သမက်တစ်ယောက် ရှာတာကလုံးဝ မခက်ခဲပါဘူး။ ဒီနည်းလမ်းနဲ့ဆိုသူမရဲ့ အနာဂတ်ကို လုံခြုံစေပြီးတော့ စီးပွားရေးမှာစိတ်ရောကိုယ်ပါ မြှုပ်နှံနိုင်လိမ့်မယ် ဒါက တစ်ချက်ခုတ် နှစ်ချက်ပြတ်
မဟုတ်ဘူးလား”
ခဏတာတော့ ပိုင်ရှောက်ချွမ်နဲ့ ပိုင်ရူယွီ နှစ်ယောက်လုံး အတွေးနက်နေကြလေသည်။
သူတို့နှစ်ယောက် လုံးဒီဖြစ်နိုင်ချေကို စဥ်းစားနေလေသည်။
ပိုင်ရူယွီက သူမ မိသားစုနဲ့အတူ နေမယ့် သမက်တစ်ယောက် ရှာဖို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ အချိန်မှာပဲ ပိုင်ရှောက်ချွမ်က လက်ကာပြပြီး
“တူလေး၊ မင်း အရက်သောက်တာများနေပြီ
မင်း စောစော ပြန်သင့်ပြီ။”
လို့ ပြောလိုက်လေသည်။
ဘုန်း!
ဒီစကားကို ကြားလိုက်တာနဲ့ ချင်းလန်က
ကြမ်းပြင်ပေါ်ကို လဲကျကာအရက်မူးပြီး လဲသွားလေသည်။
ပိုင်ရှောက်ချွမ်က အံ့ဩသွားပြီး ဘေးမှာ စောင့်နေတဲ့ အိမ်တော်ထိန်းကို ကြည့်ပြီးပြောလိုက်သည်။
“သခင်လေး ချင်းလန်ရဲ့ ယာဉ်မောင်း ဘယ်မှာလဲ။ ထားလိုက်တော့၊ သူ့အတွက် ဒီည ဒီမှာနားဖို့ အခန်းတစ်ခန်း စီစဉ်လိုက်။”
“သမီးအခန်း၊ သမီးအခန်းကို”
ပိုင်ရှောင်ယွင်က စိတ်လှုပ်ရှားစွာနဲ့ လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး အရမ်း ပျော်သွားသည်။ကောင်းလိုက်တာ အစ်ကိုချောလေးက မူးနေပြီဆိုတော့ ဒီည ပြန်စရာမလိုတော့ဘူး၊ သူ့နဲ့ နှစ်ယောက်တည်း အချိန်ဖြုန်းနိုင်ပြီ။
ပိုင်ရှောက်ချွမ်ရဲ့ အကြည့်က သူမအပေါ်ကိုရောက်လာတာနဲ့ ပိုင်ရှောင်ယွင်ရဲ့ ခန္ဓာကိုယ်လေးက ချက်ချင်း ကျုံ့သွားပြီး
“ကျွန်မ ဘေးက စာကြည့်ခန်းထဲမှာ အိပ်ပါ့မယ်။ အစ်ကိုချောလို နောက်ခံနဲ့လူကို အိမ်ဖော်အခန်းပဲ ပေးလိုက်ရင် မနက်ဖြန် သူနိုးလာတဲ့အခါ စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲ”
“အာဖူ၊ သခင်လေး ချင်းလန်ကို ရှောင်ယွင်ရဲ့ အခန်းကို ခေါ်သွားဖို့စီစဉ်လိုက်။”
ပိုင်ရှောက်ချွမ်က သက်ပြင်းချလိုက်ပြီး ထမင်းစားပွဲကနေ ထကာ စာကြည့်ခန်းဆီကို တန်းတန်းမတ်မတ် ထွက်သွားလေသည်။
ချင်းလန်ကို အပေါ်ထပ်သယ်သွားချိန်မှာ ပိုင်ရူယွီက ထမင်းစားပွဲမှာ ထိုင်ရင်း နှုတ်ခမ်းကိုကိုက်ကာ သူမ အဖေရဲ့ ကျောပြင်ကို ကြည့်နေပြီး သူမ နှလုံးသားထဲကဝမ်းနည်းမှု ပိုပြီးတော့ တိုးလာခဲ့လေသည်။
ကိုယ့်ရဲ့အဖေအရင်းကတောင်မှ သူစိမ်းတစ်ယောက်လောက် ကိုယ့်ကိုမယုံတာ ဘယ်လောက် ရင်နာစရာကောင်းလိုက်လဲ။