အခန်း (၂၀၉) အထင်ကြီးလွန်းခြင်း
ချင်းလန်မှာ ထိတ်လန့်သွားရသည်။
ဘုရားရေ။
ဒီဇနီးမောင်နှံကို သင်ခန်းစာကောင်းကောင်းပေးဖို့ လူလွှတ်ရမည်ဟု သူ ဆုံးဖြတ်လိုက်မိသည်။
သူတို့လုပ်ခဲ့သည့် ရွံရှာဖွယ်ကိစ္စများက သူ၏ကလေးမလေးကို ဤမျှအထိ ထိတ်လန့်သွားစေခဲ့သည် မဟုတ်ပါလား။ သူမ၏ကိုယ်လေးမှာ တုန်ရင်နေရှာသည်။
တကယ်လို့များ သူမ၏စိတ်ထဲတွင် ကလေးယူရမှာကို ကြောက်ရွံ့သွားသည့် အတွေးဆိုးမျိုး ဝင်သွားခဲ့လျှင် သူတော့ ဒုက္ခရောက်ပေလိမ့်မည်။
စုရှောင်းရှောင်းမှာမူ သူမ၏စိတ်ထဲတွင် ထိုသို့သောအတွေးမျိုး မရှိသည့်အပြင် ဤကဲ့သို့သော လူယုတ်မာများအကြောင်း သိလိုက်ရသည့်အတွက် သူမ၏မိဘအရင်းများအပေါ် ထားရှိသည့် မျှော်လင့်ချက်များမှာ ပို၍ပင် ကုန်ဆုံးသွားခဲ့ရသည်။
ဤကမ္ဘာပေါ်တွင် သူမအတွက် တစ်ဦးတည်းသော အားကိုးရာမှာ သခင်လေးသာ ဖြစ်သည်ဟု သူမ ခံစားလိုက်ရတော့သည်။
သူမသည် အရာရာကို ပို၍တန်ဖိုးထားတတ်လာသလို သခင်လေး၏ စိတ်ကြိုက်ဖြစ်စေရန် သူမ၏မနှစ်သက်မှုများကို မည်သို့ဖုံးကွယ်ရမည်ကိုလည်း သင်ယူလာခဲ့သည်။
သခင်လေး နှစ်သက်သမျှ သို့မဟုတ် လုပ်ဆောင်ချင်သမျှ အားလုံးကို သူမသည် အစွမ်းကုန် ဖြည့်ဆည်းပေးမည် ဖြစ်လေသည်။
“သခင်လေး... ထမင်းကို နောက်မှ ပြန်စားကြမလားဟင်။ ဟင်းတွေကို ပြန်နွှေးလို့ ရတာပဲကို”
စုရှောင်းရှောင်းသည် ချင်းလန်၏လည်ပင်းကို မှီတွယ်ရင်း တိုးတိုးလေး ရေရွတ်လိုက်၏။
သခင်လေးသည် စိတ်မရှည်ဖြစ်နေပြီဟု သူမ ခံစားမိနေသည်။ အဲ့ဒါကြောင့်လည်း သူမကို ဖက်ထားသည့် သူ၏လက်အင်အားက ရုတ်တရက် ပို၍ပြင်းထန်လာခြင်း ဖြစ်ပေလိမ့်မည်။
ပင်ပင်ပန်းပန်းဖြင့် ဟင်းပွဲအမြောက်အမြား ပြင်ဆင်ပြီးသည်နှင့် သူမသည် ဤအနက်ရောင်ဝတ်စုံလေးကို လဲဝတ်ခဲ့ခြင်း ဖြစ်သည်။
ဒါတွေအားလုံးက သခင်လေးကို ပျော်ရွှင်စေချင်လို့ မဟုတ်ပါလား။
သခင်လေး စိတ်ကျေနပ်စေရန်အတွက် သူမ ဘာမဆို ပေးဆပ်ရန် အသင့်ရှိနေခဲ့သည်။
အရင်ကထက်စာလျှင် စုရှောင်းရှောင်းသည် အခုအခါ ပို၍ ကိုယ့်ကိုယ်ကိုယ် သိနားလည်လာခဲ့ပြီ ဖြစ်သည်။
ယခင်ကကဲ့သို့ တစ်ကနေ ငါးအထိ တစ်သမတ်တည်း ရေတွက်နေသည့် ငတုံးမလေး မဟုတ်တော့ပါချေ။ ဂေဟာမှူးကြီးထံမှ ယောကျ်ားတစ်ယောက်ကို မည်သို့ ပြုစုရမည်ဆိုသည့် နည်းလမ်းအချို့ကို သင်ယူလာခဲ့ပြီး ယခုအခါ ထိုနည်းလမ်းအားလုံးကို ချင်းလန်အပေါ်တွင် အသုံးပြုနေခြင်း ဖြစ်လေသည်။
ဗီလိန်ရမှတ်များ ရရှိတော့မည့် အချိန်မှာပင် တံခါးအပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာတော့သည်။
ရောက်လာသူမှာ အခြားသူမဟုတ်ဘဲ ချင်းလန်ကို လာရောက် မေးခွန်းထုတ်ရန် အပြေးအလွှား လာခဲ့သည့် ချူမုန်ယောင်ပင် ဖြစ်လေသည်။
ချင်းလန်၏ သဘောထားက ဘာကြောင့် ဤမျှအထိ ပြောင်းလဲသွားရသနည်းဆိုသည်ကို သူမ သိချင်နေခြင်း ဖြစ်သည်။
ဗီလာ၏ ဒုတိယအိမ်အကူအဖြစ် အလုပ်လုပ်ခဲ့သူ ဖြစ်သဖြင့် သူမသည် ဗီလာ၏ လျှို့ဝှက်နံပါတ်ကို ကောင်းကောင်း သိထားလေသည်။
ဧည့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် သူမ မြင်လိုက်ရသော မြင်ကွင်းကြောင့် လှပသောမျက်ဝန်းများမှာ အံ့ဩတကြီး ဝိုင်းစက်သွားတော့သည်။
“ရှင်... ရှင်တို့ အရှက်မရှိလိုက်တာ။ ဘယ်လိုတောင် ဒီလောက်အထိ အရှက်ကင်းမဲ့နေကြတာလဲ”
ချူမုန်ယောင်သည် ချင်းလန်ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်ပြီးနောက် ချင်းလန်၏ဘေးတွင် အဝတ်အစားများ ပြန်ပြင်နေသည့် စုရှောင်းရှောင်းကို လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများမှာ သိသိသာသာ တုန်လှုပ်သွားရသည်။ ထိုမြင်ကွင်းက သူမ၏ စိတ်ဓာတ်ကို ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့ခြင်း ဖြစ်လေသည်။
“ချင်းလန်... ရှင် တကယ်ကို အရှက်မရှိဘူး။ ရှင့်ရဲ့ နောက်ခံနဲ့ ပိုက်ဆံကိုသုံးပြီး ရှင့်ရဲ့ ရွံစရာကောင်းတဲ့ အလိုရမ္မက်တွေကို ဖြည့်ဆည်းဖို့ ဒီမင်းသမီးတွေကို တမင်တကာ မြှူဆွယ်ခေါ်ထားတာပေါ့လေ”
ချူမုန်ယောင် ဤသို့ တွေးမိသည်မှာလည်း မထူးဆန်းပါချေ။ ခုနက ကျန်းမေယု ရောက်လာခဲ့သည့် မြင်ကွင်းက သူမ၏စိတ်ထဲတွင် စွဲထင်နေခဲ့သလို ချင်းလန်က ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးရန် ပြင်ဆင်နေသည်ကိုလည်း သူမ သိရှိထားသည်။
သူမသည် ချင်းလန်က ဖျော်ဖြေရေးလောကက မင်းသမီးများနှင့် ပတ်သက်ရန် အဆင့်အတန်း မြင့်မားလွန်းသည်ဟု ထင်ထားခဲ့သော်လည်း ယခု မျက်မြင်တွေ့လိုက်ရသည့်အခါတွင်မူ မယုံကြည်ဘဲ မနေနိုင်တော့ပါချေ။
“မင်းက ဒီမှာ ဘာလုပ်နေသေးတာလဲ။ ဆက်ပြီး လုပ်နေချင်သေးတာလား။ အခုချက်ချင်း ထွက်သွားစမ်း”
အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် ချူမုန်ယောင်သည် စုရှောင်းရှောင်းအပေါ် အလွန်အမင်း ရန်လိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။
ချင်းလန်ကမူ သူမကို လူတစ်ယောက်လိုပင် သဘောမထားဘဲ လျစ်လျူရှုထားခဲ့သည်။ သူမကို ရှင်းပြခွင့်ပင် မပေးဘဲ ဤရုပ်ရှင်မင်းသမီးနှင့် ပတ်သက်ရန်သာ သူက အလျင်စလို ပြန်လာခဲ့ခြင်း ဖြစ်လေသည်။
ဤကဲ့သို့ ခွဲခြားဆက်ဆံခံရမှုက သူမကို အလွန်ပင် မကျေမနပ် ဖြစ်စေတော့သည်။
အထူးသဖြင့် စုရှောင်းရှောင်း၏ ရင်သပ်ရှုမောဖွယ် အလှတရားကို မြင်လိုက်ရသည့်အခါ သူမ၏ရင်ထဲတွင် ကြီးမားသော စိုးရိမ်စိတ်များ ဖြစ်ပေါ်လာရသည်။
“ကျွန်မက...” စုရှောင်းရှောင်းသည် ခေါင်းလေးငုံ့ကာ သခင်လေးကို လှမ်းကြည့်လိုက်မိပြီး ဘာပြန်ပြောရမည်မှန်း မသိတော့ပါချေ။
သူမသည် သူမ၏ အဆင့်အတန်းနှင့် ပတ်သက်ပြီး ဇဝေဇဝါ ဖြစ်နေရကာ ရုတ်တရက် ဝင်လာသည့် ဤမိန်းကလေးက ဘယ်သူလဲ၊ သခင်လေးအတွက် ဘယ်လောက်အထိ အရေးပါသလဲဆိုတာကိုလည်း သူမ မသိပါချေ။
သူမ သိလိုက်တာကတော့ ဤမိန်းကလေးမှာ အလွန်လှပသလို သူဌေးသမီးတစ်ဦး၏ ဂုဏ်အင်္ဂါရပ်များလည်း ရှိနေသည် ဆိုခြင်းပင်။ ထိုအရာက မည်သို့ပင် ပြင်ဆင်ပါစေ အတုလုပ်၍ မရနိုင်သော အရာမျိုး ဖြစ်လေသည်။
သူမသည် မောင်းထုတ်ခံရမှာကို အလွန် ကြောက်လန့် စိုးရိမ်နေမိတော့သည်။
“မကြောက်နဲ့” ချင်းလန်က စုရှောင်းရှောင်းကို သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး ချူမုန်ယောင်ကို အေးစက်စက် အကြည့်ဖြင့် လှမ်းကြည့်လိုက်ကာ
“မင်းကို ဘယ်သူက အထဲဝင်ခိုင်းလို့လဲ”
ဟု မေးလိုက်လေသည်။
မင်းက ငါနဲ့ ဘာဆိုင်လို့လဲ။
ငါ့အိမ်က လူကို မင်းက ဘာလို့ မောင်းထုတ်နေရတာလဲ။
“မင်း ငါ့လျှာကို ကိုက်ခဲ့လို့လား၊ ဒါမှမဟုတ် မင်းက ချူလုပ်ငန်းစုရဲ့ ဆက်ခံသူမို့လို့လား”
ချူမုန်ယောင်သည် ဝမ်းနည်းစိတ်များ ဖြစ်ပေါ်လာကာ မျက်ဝန်းများမှာ ချက်ချင်းပင် နီရဲလာတော့သည်။ သူမသည် နှုတ်ခမ်းကို ကိုက်လျက် စုရှောင်းရှောင်းကို လက်ညှိုးထိုးကာ သွားကြိတ်ပြီး
“ချင်းလန်... ရှင်က ဒီမင်းသမီးတစ်ယောက်ကြောင့်နဲ့ ကျွန်မကို ဒီလောက်အထိ နှိမ့်ချပြောဆိုရသလား”
ဟု မေးလိုက်လေသည်။
ရှင့်မျက်လုံးထဲမှာ ကျွန်မက မင်းသမီးတစ်ယောက်လောက်တောင် အဖိုးမတန်ဘူးလား။
သူ မနာလို ဖြစ်နေတာလား။
မဟုတ်ဘူး၊ လုံးဝ မဟုတ်ပေ။
ချူမုန်ယောင်သည် ချင်းလန်အပေါ် ဘာသံယောဇဉ်မှ မရှိခဲ့ပါချေ။ သူမသည် သူမ၏ သိက္ခာကို အစော်ကားခံလိုက်ရသည်ဟုသာ ခံစားနေရခြင်း ဖြစ်သည်။
ချင်းလန်နှင့် ဤမျှအထိ အချိန်ကုန်ခဲ့ပြီးနောက် သူမ၏ အရေးပါမှုမှာ မင်းသမီးတစ်ယောက်ထက်ပင် နိမ့်ကျနေသည်ကို သူမ တစ်ခါမှ မတွေးခဲ့ဖူးပါချေ။
ဒါဟာ တကယ့်ကို ရယ်စရာကောင်းတဲ့ လှောင်ပြောင်မှု တစ်ခုပင်။
တကယ်လို့သာ စုရှောင်းရှောင်းက သာမန်မိန်းကလေးတစ်ယောက် ဖြစ်နေလျှင် သူမ ဤမျှအထိ အရှက်ရပြီး ဝမ်းနည်းနေမည် မဟုတ်ပါချေ။
ဒါပေမဲ့ စုရှောင်းရှောင်းက ဇာတ်ညွှန်းရဖို့အတွက် ကိုယ်ခန္ဓာကို ရောင်းမယ့် မင်းသမီးတစ်ယောက်လေ၊ အဲ့ဒီလို လူမျိုးကမှ ပိုပြီး အရေးပါနေရသလား။
“ကျွန်မက မင်းသမီး မဟုတ်ပါဘူး၊ သရုပ်ဆောင်လည်း မဟုတ်ပါဘူး” စုရှောင်းရှောင်းက သူမကိုယ်သူမ ပြန်လည် ခုခံကာကွယ်လိုက်သည်။ ရုတ်တရက် ဝင်လာသည့် ဤမိန်းကလေးမှာ တစ်ခုခုကို မှားယွင်းစွာ နားလည်နေသည်ဟု သူမ ခံစားလိုက်ရသည်။
သခင်လေး၏ ပေါင်ပေါ်တွင် ထိုင်နေရသဖြင့် သူမသည် စိတ်အေးသွားရကာ ချင်းလန်၏ အကြည့်များက မတည်မငြိမ် ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။
သူမက တမင်တကာ ရှင်းပြလိုက်ခြင်း ဖြစ်သလို ချူမုန်ယောင်၏ ပရိယာယ်ကိုလည်း ဖော်ထုတ်လိုက်ခြင်း ဖြစ်လေသည်။
“ရှင်းပြနေစရာ မလိုဘူး” ချင်းလန်က စုရှောင်းရှောင်း၏ နှာခေါင်းလေးကို ချစ်စနိုးဖြင့် ဆွဲညှစ်လိုက်ပြီးနောက် ချူမုန်ယောင်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ အကြည့်များမှာ အေးစက်သွားတော့သည်။ “မင်း ငါ့အပေါ်မှာ စိတ်ဆိုးတာကို ငါ ခွင့်လွှတ်ပေးနိုင်ပါတယ်”
“ဒါပေမဲ့ ငါ့ရဲ့ ကလေးမလေးကိုတော့ ဘယ်သူမှ အနိုင်ကျင့်လို့ မရဘူး။ တောင်းပန်လိုက်၊ အခုချက်ချင်း ငါ့ကလေးမလေးကို တောင်းပန်လိုက်စမ်း”
“မတောင်းပန်ဘူး” ချူမုန်ယောင်သည် သူမ၏ ဖြူလွလွ လည်တိုင်လေးကို မာနတကြီး မော့လိုက်ကာ မျက်ရည်များ ကျမလာအောင် အတင်းအောင့်ထားလိုက်လေသည်။
စုရှောင်းရှောင်းနှင့် ချင်းလန်တို့ သူမရှေ့တွင် အချင်းချင်း ချွဲနွဲ့နေကြသည်ကို မြင်ရသည်မှာ သူမ၏ နှလုံးသားကို အပ်နှင့် ထိုးနေသလိုမျိုး အလွန်ပင် နာကျင်လှပေသည်။
သူမသည် ချင်းလန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီးနောက် သူမ၏ ရှည်လျားလှပသော ခြေထောက်များဖြင့် အပြင်သို့ လှမ်းထွက်သွားတော့သည်။
“မင်း လုပ်ရဲရင် ထွက်သွားကြည့်လေ” ချင်းလန်၏ အသံမှာ တိုးညှင်းသွားသော်လည်း အရှိန်အဝါမှာ ပို၍ ပြင်းထန်လာတော့သည်။
“မင်း မတောင်းပန်ဘဲနဲ့ ဒီဗီလာကနေ တစ်လှမ်း ထွက်သွားမယ်ဆိုရင် မင်းနဲ့ မင်းအဖေကို ဒီအတွက် အဆပေါင်း သောင်းချီပြီး ပေးဆပ်ခိုင်းဖို့ ငါ့မှာ နည်းလမ်းပေါင်း ထောင်ချီ ရှိတယ်”
ဒါဟာ ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်လိုက်ခြင်းပင် ဖြစ်သည်။
ချူမုန်ယောင်၏ အကျင့်မှာ တော်တော်လေး ဆိုးလှပေသည်။ သူမသည် အလိုလိုက်ခံထားရသည့် ကလေးဆိုး တစ်ယောက်လိုပါပင်။ သုံးရက်လောက် ဆုံးမ မပေးလိုက်လျှင် ခေါင်းပေါ်တက်ချင်နေသူ ဖြစ်လေသည်။
သူမကို အခုလို ထိန်းမထားလျှင် သူမသည် သူမကိုယ်သူမ ဘယ်သူမှန်းတောင် သိတော့မည် မဟုတ်ပါချေ။
သူမက သူမကိုယ်သူမ ဒီဗီလာရဲ့ သခင်မလို့ တကယ်ပဲ ထင်နေတာလား။
သူနှင့် ချူမုန်ယောင်ကြားတွင် ဘာမှ မရေရာသေးသည့် အခြေအနေကို ထားလိုက်ဦး၊ တကယ်လို့ တစ်ခုခု ရှိနေလျှင်ပင် စုရှောင်းရှောင်း၏ နေရာကို သူမ ယှဉ်နိုင်မည် မဟုတ်ပါချေ။
ဥပမာပေးရလျှင် စုရှောင်းရှောင်းက ထိပ်တန်းမှာ ရှိနေသူဆိုလျှင် ချူမုန်ယောင်ကတော့ နံပါတ်စဉ် အဝေးကြီးမှာ ရှိနေသူသာ ဖြစ်လေသည်။
စုရှောင်းရှောင်းကို စိန်ခေါ်ဖို့ သူမမှာ ဘာအခွင့်အရေး ရှိလို့လဲ။
“သခင်လေး... သူမက တစ်ခုခု မှားယွင်းသွားလို့ ဖြစ်မှာပါ။ စိတ်မဆိုးပါနဲ့နော်။ ရှောင်းရှောင်းကတော့ ဘာမှ မဖြစ်ပါဘူး။ ဒါက နားလည်မှု လွဲတာပါ” စုရှောင်းရှောင်းက ချင်းလန်၏ လက်မောင်းကို ဆွဲကာ ချူမုန်ယောင်အတွက် အသနားခံပေးလိုက်လေသည်။
“ဒါကို ခဏ ထားလိုက်ဦး” ချင်းလန်က သူမကို နွေးထွေးစွာ ချော့မော့လိုက်ပြီးနောက် ရပ်တန့်သွားသော ချူမုန်ယောင်၏ ကျောပြင်ကို ကြည့်ကာ ဘာသနားစိတ်မှ မရှိဘဲ ပြောလိုက်လေသည်။ “မင်း ထွက်သွားချင်တာ မဟုတ်လား။ ဆက်သွားလေ”
“ဒီနေ့ မင်းရဲ့ မာနက အနိုင်ရမလား၊ ငါ့ရဲ့ နည်းလမ်းတွေက ပိုရက်စက်မလား ဆိုတာ ငါ ကြည့်ချင်သေးတယ်”