အခန်း (၂၀၈) ကြောက်ရွံ့တတ်မှသာ တန်ဖိုးထားခြင်းရဲ့ အနှစ်သာရကို နားလည်နိုင်ပေမည်။
စုရှောင်းရှောင်းသည် အလွန်အမင်း ရှက်သွေးဖြန်းနေသဖြင့် ခေါင်းပင် မမော့ရဲတော့ပါချေ။ သို့သော် သူမ၏ ကျောပြင်လေးကိုတော့ မတ်မတ်ထားကာ အနောက်သို့ အနည်းငယ်ပင် ကော့ထားမိလေသည်။
“မင်း ပိန်သွားတယ်နော်။ ဒီရက်ပိုင်း ဘာတွေ အလုပ်ရှုပ်နေလို့လဲ” ချင်းလန်က စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်၏။
သူမကို ချီမကြည့်လိုက်သည့်အခါ စုရှောင်းရှောင်း၏ ကိုယ်အလေးချိန်မှာ ပေါင် ၉၀ ကျော်ကျော်လေးသာ ရှိတော့မည်ဟု သူ ခံစားလိုက်ရသည်။ သူမ၏ အရပ်မှာ ငါးပေ လေးလက်မခွဲခန့် ရှိသည် မဟုတ်ပါလား။
“မပိန်ပါဘူး၊ တကယ်တော့ ပိုတောင် ကြီးလာသေးတယ်။ အရင် အဝတ်အစားတွေတောင် တစ်ခုမှ မတော်တော့ဘူး” စုရှောင်းရှောင်းက ချင်းလန်၏ ရင်ခွင်ထဲတွင် ကွေးကွေးလေး မှီတွယ်ရင်း တိုးတိုးလေး ရေရွတ်လိုက်လေသည်။
သွေးကြောသန့်စင်ဆေးပြားကို သောက်သုံးပြီးကတည်းက သူမ၏ ခန္ဓာကိုယ်ထဲမှ အညစ်အကြေးများ စင်ကြယ်သွားရုံတင် မကဘဲ ကိုယ်ခန္ဓာ တည်ဆောက်ပုံမှာလည်း ပိုမို ကြံ့ခိုင်လာခဲ့သည်။ အထူးသဖြင့် သူမ အမြဲ စိုးရိမ်နေခဲ့ရသည့် ရင်သားများမှာ သိသိသာသာ ကြီးထွားလာခဲ့ခြင်း ဖြစ်လေသည်။
တစ်လအတွင်းမှာပင် သူမသည် ယခင်ကထက် ပိုမို ပြည့်ဖြိုးလာခဲ့ပြီ ဖြစ်သည်။
အဲ့ဒါကြောင့်သာ သူမသည် အရင်ကထက် ပိုမို ယုံကြည်မှုရှိရှိဖြင့် ရင်ကို မတ်ထားနိုင်ခြင်း ဖြစ်လေသည်။
“မင်း ဂေဟာမှူးကြီးနဲ့ ဒီလို အကြောင်းအရာတွေ သိပ်မပြောနဲ့တော့။ တစ်နေ့တစ်နေ့ ဘာတွေ လျှောက်တွေးနေတာလဲ။ ငါက ကိုယ်အလေးချိန်ကို ပြောတာလေ၊ မင်းက ဘာတွေ လာပြောနေတာလဲ” ချင်းလန်က ပြုံးစစဖြင့် စနောက်လိုက်လေသည်။
အင်း။
စုရှောင်းရှောင်း၏ ပါးပြင်လေးများမှာ နီရဲသွားရကာ သူမ၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်တော့သည်။ သူမ၏ မျက်နှာလေးမှာ ပူထူနေပြီ ဖြစ်လေသည်။
သူမသည် အကြောင်းအရာကို တမင်တကာ ပြောင်းလိုက်ကာ “ဂေဟာမှူး အဖွားက သခင်လေး ထင်သလောက် မဆိုးပါဘူး” ဟု ဆိုလိုက်၏။
ဂေဟာမှူးကြီးသည် အလွန် စိတ်ထားကောင်းသူ တစ်ဦး ဖြစ်သည်။ သူမသည် ကလေးအချို့၏ မိဘများအကြောင်း သတင်းရသည်နှင့် ထိုကလေးများကို မိဘများထံ ပြန်လည် ပို့ဆောင်ပေးရန် ချက်ချင်းပင် စီစဉ်ပေးခဲ့သည်။
“ရှောင်းရှောင်းလည်း ဂေဟာမှူးကြီး တစ်ယောက်တည်း အလုပ်ရှုပ်နေမှာ စိုးလို့ အနားမှာ ကူညီပေးနေတာနဲ့ အချိန်တွေ ကုန်သွားတာပါ”
စုရှောင်းရှောင်းသည် သူမ မကြာသေးမီက အလုပ်ရှုပ်ခဲ့ရသည့် ကိစ္စများကို အားတက်သရော ပြောပြနေမိသည်။ သူမ၏ စကားများထဲတွင် ဂေဟာမှူးကြီးအပေါ် ကြည်ညိုလေးစားမှုများ ပါဝင်သလို လက်တွေ့လောက၏ ခါးသီးမှုများအပေါ် စိတ်မကောင်း ဖြစ်နေသည့် ခံစားချက်များလည်း ပါဝင်နေသည်။
နေရောင်ခြည် မိဘမဲ့ဂေဟာကို ဂေဟာမှူးကြီးကိုယ်တိုင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ဘာအမြတ်အစွန်းမှ မယူပါချေ။ စိတ်ထားကောင်းသူများ၏ အလှူငွေများနှင့် အကူအညီများကြောင့်သာ ယနေ့အထိ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
ဂေဟာမှူးကြီးသည် ဂေဟာတွင် ပိုက်ဆံ ရှားပါးနေသည့် အချိန်မျိုးတွင်ပင် ကလေးများ၏ ထမင်းဝိုင်းမှာ အသားဟင်း ပိုပါလာစေရန် ညဘက်တွင် ဟိုတယ်များ၌ ပန်းကန်ဆေးသည့် အလုပ်ကို လုပ်ကိုင်ကာ ပိုက်ဆံ ရှာဖွေခဲ့သူ ဖြစ်လေသည်။
ယခုတစ်ခေါက်တွင်လည်း ကလေးအချို့၏ မိဘများအကြောင်း သိလိုက်ရသည့်အခါ သူမသည် ကလေးများကို ထိုသူများထံ ချက်ချင်း ပေးမထည့်လိုက်ဘဲ သေချာစွာ စုံစမ်းစစ်ဆေးခဲ့သည်။
ဂေဟာမှူးကြီးအတွက်တော့ ဂေဟာက ကလေးတွေဟာ သူမ၏ မြေးအရင်းတွေလိုပင်။ သူမက ကလေးတွေကို အရမ်း တန်ဖိုးထားတာလေ။ တကယ်လို့ တစ်ခုခု မှားယွင်းသွားရင် ဘယ်လိုလုပ်မလဲ။
သူမသည် ကလေးများ၏ လုံခြုံရေးအတွက် သူမ၏ အချိန်နှင့် ငွေကြေးများကို အပင်ပန်းခံကာ အသုံးပြုခဲ့သည်။
ဥပမာအားဖြင့် ကလေးနှစ်ယောက်၏ မိဘများမှာ လွန်ခဲ့သော နှစ်များစွာက ကလေးများ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ပြီး ယခုတိုင် နောင်တများစွာဖြင့် ရှာဖွေနေကြသူများ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ဂေဟာမှူးကြီးသည် ကောင်မလေးကို ခွဲခွာရမည် ဖြစ်သဖြင့် စိတ်မကောင်း ဖြစ်သော်လည်း ကလေးအတွက် မိဘမေတ္တာ ပြန်လည် ရရှိစေရန် စေလွှတ်ပေးခဲ့သည်။
ဒါပေမဲ့ တချို့သော သူတွေကတော့ ကလေးတွေကို လိမ်ညာ ခေါ်ယူချင်နေကြတဲ့ အယောင်ဆောင်တွေ ဖြစ်နေကြတယ်လေ။
အဲ့ဒီမှာ ပြဿနာ အချို့ တက်ခဲ့ကြပြီး လူဆိုးတချို့က ဂေဟာမှူးကြီးကို အနိုင်ကျင့်ဖို့ ကြိုးစားခဲ့ကြပေမဲ့ တစ်နည်းနည်းနဲ့ ထိုကိစ္စက ပြီးသွားခဲ့ရသည်။
“သခင်လေး... အဲ့ဒါ သခင်လေး လုပ်ပေးတာ မလား”
အရင်က လူဆိုးတစ်အုပ်က ကလေးကို လိမ်ညာခေါ်ဖို့ ကြိုးစားခဲ့ကြသည်။ ဂေဟာမှူးကြီးက ငြင်းဆန်လိုက်သည့်အခါ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြသည်။ ရဲတိုင်ခဲ့သော်လည်း သက်သေမရှိသဖြင့် ထိုလူများကို ဖမ်းဆီး၍ မရခဲ့ပါချေ။
ဒါပေမဲ့ သူတို့ဘက်က လက်စားပြန်မချေနိုင်ခင်မှာပဲ ထိုလူဆိုးအားလုံး ဖမ်းဆီးခံလိုက်ရသည်။ သူတို့ကို ကာကွယ်ပေးတဲ့ ရဲမေက ပြောတာတော့ စေတနာရှင် ပြည်သူတစ်ဦးက သူတို့ရဲ့ ပြစ်မှုသက်သေတွေကို ပေးပို့ခဲ့တာကြောင့်လို့ ဆိုလေသည်။
“သခင်လေးပဲ မဟုတ်လား။ သခင်လေးက ရှောင်းရှောင်းကို အမြဲတမ်း ကာကွယ်ပေးနေတာ မလား”
စုရှောင်းရှောင်း၏ လှပသော မျက်ဝန်းလေးများမှာ တောက်ပနေတော့သည်။
သူမသည် အားကိုးရာမဲ့သည့် မိန်းကလေးတစ်ဦး ဖြစ်သလို သူမ၏ မိဘတွေက ဘယ်သူလဲဆိုတာတောင် မသိရပါချေ။ သူမသည် အမြဲတမ်း ကံဆိုးတတ်သူ တစ်ဦးလည်း ဖြစ်သည်။ အိမ်သန့်ရှင်းရေး လုပ်ရင်းနှင့်ပင် ရှေးဟောင်း ပစ္စည်းတွေကို ခွဲမိတတ်သူမို့ စေတနာရှင် ပြည်သူဆိုတာမျိုးနှင့် တွေ့ဆုံဖို့က မဖြစ်နိုင်ပါချေ။
ဒါဟာ သေချာပေါက် သခင်လေး လုပ်ပေးခဲ့တာပဲ ဖြစ်ရမယ်။ သူက သူမကို မပြောပြဘဲ တိတ်တဆိတ် ကူညီပေးခဲ့ခြင်း ဖြစ်လေသည်။
တကယ်ပါပဲ။
စုရှောင်းရှောင်းသည် သူမကိုယ်သူမ ကံကောင်းသူတစ်ယောက်ဟု တစ်ခါမှ မထင်ခဲ့ဖူးပါချေ။ ကံဆိုးလွန်းသည်ဟုပင် ဆိုနိုင်ပါသည်။ သူမ ဘာလို့ မိဘမဲ့ ဖြစ်ခဲ့ရသလဲ၊ ဘာလို့ မိဘမေတ္တာ မရခဲ့ရသလဲ ဆိုတာတွေကို စိတ်ထဲကနေ အမြဲ ညည်းတွားနေခဲ့မိသည်။
တခြားလူတွေမှာ အရာအားလုံး ရှိနေချိန်မှာ သူမမှာတော့ ဂေဟာမှူးကြီးကလွဲရင် ဘာမှ မရှိခဲ့ပါချေ။
အခုမှသာ သူမ အရာအားလုံးကို နားလည်သွားခဲ့ပြီ ဖြစ်သည်။
သူမက ကံကမဆိုးခဲ့ပေ။။ သူမဘဝရဲ့ ကံကောင်းမှု အားလုံးကို စုပြီး သခင်လေးနဲ့ တွေ့ဆုံဖို့အတွက် သုံးလိုက်ရခြင်းသာ ဖြစ်လေသည်။
သူမ အပြင်မှာ ဂေဟာမှူးကြီးကို ကူညီပေးနေသည့် အချိန်မှာပင် သခင်လေးကို အရမ်း သတိရနေခဲ့မိသည်။
ညလယ်ခေါင်မှာ နိုးလာပြီး ဘေးနားမှာ ဘယ်သူမှ မရှိတာကို သတိပြုမိတိုင်း သူမ ရင်ထဲမှာ ဝမ်းနည်းနေခဲ့ရသည်။
သူမကို အဝေးသို့ လွှတ်လိုက်သည့် ဂေဟာမှူးကြီးကိုတောင် သူမ စိတ်ဆိုးမိမတတ် ဖြစ်ခဲ့ရသည်။
စုရှောင်းရှောင်းသည် မျက်ဝန်းလေးများတွင် မျက်ရည်များ ဝေစီလာကာ ချင်းလန်ကို ငေးကြည့်နေမိသည်။
ချင်းလန်က ရှေ့သို့ လှမ်းလာကာ သူမ၏ ကြည်လင်သော မျက်ဝန်းလေးများကို ညင်သာစွာ နမ်းလိုက်ပြီး နှုတ်ခမ်းလေးကိုလည်း ခပ်ဖွဖွ တို့လိုက်လေသည်။ “ရပါတယ်၊ ငါ ရှိနေသရွေ့တော့ ဘယ်သူမှ မင်းကို အနိုင်မကျင့်စေရဘူး”
စုရှောင်းရှောင်းက “အင်း” ဟု ဆိုကာ ချင်းလန်၏ ရင်ခွင်ထဲတွင် ခေါင်းလေး ဝှက်ထားလိုက်တော့သည်။
ဤစကားက အဓိပ္ပာယ် နှစ်မျိုး ထွက်နေသလိုပါပင်။ သခင်လေး ရှိနေသရွေ့ တခြားလူတွေ သူမကို အနိုင်မကျင့်နိုင်တာ မှန်ပေမဲ့ အမြဲတမ်း သူမကို အနိုင်ကျင့်နေတာက သခင်လေးကိုယ်တိုင် မဟုတ်ပါလား။
ထားလိုက်ပါတော့လေ၊ သူမကလည်း အနိုင်ကျင့်ခံရတာကို ပျော်နေတာပဲ မဟုတ်လား။
“သခင်လေး... တချို့ မိဘတွေက ဘာလို့ ဒီလောက်တောင် အတ္တကြီးကြတာလဲ။ ကိုယ့်သားသမီး အရင်းခေါက်ခေါက်တွေကိုတောင် လူမှုရေး တရားတွေ ကင်းမဲ့ပြီး တွက်ကပ်နေကြတယ်” ဟု စုရှောင်းရှောင်းက မကျေမနပ် ပြောပြလိုက်လေသည်။ သူမ ကြုံတွေ့ခဲ့ရသည့် အချို့သော ကိစ္စများမှာ တကယ်ကို ရွံရှာဖွယ် ကောင်းလှပေသည်။
“ဒါက ဒီတစ်ခေါက် ခရီးစဉ်မှာ ဖြစ်ခဲ့တာလေ တကယ်လို့ ဂေဟာမှူး အဖွားသာ အချိန်မီ မတားဆီးနိုင်ခဲ့ရင် ‘ကျောက်ခဲလေး’ ဆိုတဲ့ ကလေးက သူ့မိဘတွေ လက်ထဲမှာ သေသွားနိုင်တယ်”
ဇာတ်လမ်းကတော့ ရိုးရှင်းပေသည်။ စုရှောင်းရှောင်းက အသေးစိတ် ပြောပြလိုက်လေသည်။ “အရင်တုန်းက လူငယ် ဇနီးမောင်နှံ တစ်စုံမှာ ကျောက်ခဲလေး ဆိုတဲ့ သားလေး ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ ကလေးမှာ မွေးရာပါ ချို့ယွင်းချက် တချို့ ပါလာတဲ့အခါ သူတို့က ကလေးကို စွန့်ပစ်ခဲ့ကြတယ်။ အဲ့ဒီ ကျောက်ခဲလေးကို ဂေဟာမှူးကြီးကပဲ မွေးစားခဲ့တာပါ”
ဒါပေမဲ့ နောက်ပိုင်းမှာ အဲ့ဒီ ဇနီးမောင်နှံက ကျောက်ခဲလေးကို ပြန်လိုချင်တယ် ဆိုပြီး ရောက်လာကြလေသည်။ ဂေဟာမှူးကြီးက လိုက်သွားကြည့်တဲ့အခါ အိမ်နီးနားချင်းတွေဆီကနေ သတင်းအမှန်ကို သိလိုက်ရခြင်း ဖြစ်သည်။
ဒါဟာ မိဘ ဝတ္တရား ကျေပွန်ချင်လို့ ပြန်ခေါ်တာ မဟုတ်ပါချေ။
တကယ်တော့ အဲ့ဒီ ဇနီးမောင်နှံရဲ့ နောက်ထပ် ကလေးတစ်ယောက်က အသည်းအသန် ဖျားနာနေပြီး အသက်ရှင်ဖို့အတွက် ကျောက်ခဲလေးရဲ့ ကျောက်ကပ် တစ်လုံး လိုအပ်နေလို့သာ ဖြစ်လေသည်။
ကျောက်ခဲလေးက မူလကတည်းက ကျန်းမာရေး မကောင်းသူ ဖြစ်ရာ ကျောက်ကပ် တစ်လုံးသာ ထုတ်လိုက်ရင် သူ ဆက်ပြီး အသက်ရှင်ဖို့ မဖြစ်နိုင်ပါချေ။
အဲ့ဒီ ဇနီးမောင်နှံက ကျောက်ခဲလေးရဲ့ မိဘတွေ မဟုတ်ပေ၊ သူတို့က လူသတ်သမားတွေသာ ဖြစ်ကြလေသည်။
တကယ်လို့ ဂေဟာမှူးကြီးသာ ကျောက်ခဲလေးကို အတင်းအကျပ် ပြန်ခေါ်မလာခဲ့ရင် ရိုးသားလှတဲ့ ကျောက်ခဲလေးက သူ့ကို ရက်အနည်းငယ်လောက် ကောင်းကောင်းမွန်မွန် ဆက်ဆံပြလိုက်ရုံနဲ့တင် သူ၏ ကျောက်ကပ်ကို ပေးမိမှာ သေချာလှပေသည်။
ဤနေရာသို့ ရောက်သည့်အခါ စုရှောင်းရှောင်း တစ်ကိုယ်လုံး စိမ့်ခနဲ ဖြစ်သွားရသည်။
ကမ္ဘာပေါ်မှာ ဒီလိုလူမျိုးတွေ တကယ် ရှိတာလား။ သူတို့ရဲ့ နှလုံးသားတွေက ကျောက်ခဲလို အေးစက်နေကြတာလား။
ကိုယ့်သားသမီးကို စွန့်ပစ်တာကပင် အတ္တကြီးလွန်းလှပြီ ဖြစ်သော်လည်း အငယ်ကောင် အသက်ရှင်ဖို့အတွက် အကြီးကောင်ရဲ့ အသက်ကို စတေးဖို့ ကြိုးစားတာကတော့ လူလို့တောင် ခေါ်လို့ မရတော့ပါချေ။
စုရှောင်းရှောင်းသည်လည်း မိဘမဲ့တစ်ဦး ဖြစ်သဖြင့် တစ်နေ့နေ့မှာ သူမကို စွန့်ပစ်ခဲ့တဲ့ မိဘတွေ ပြန်လာမလား ဆိုပြီး စိတ်ကူးယဉ်ခဲ့ဖူးသည်။
ဒါပေမဲ့ အခုလို အခြေအနေမျိုးနဲ့ ကြုံလိုက်ရတဲ့အခါမှာတော့ သူမ၏ မိဘအရင်းတွေနဲ့ တွေ့ဆုံရမှာကိုပင် သူမ ကြောက်လန့်နေမိတော့သည်။