အခန်း (၂၀၇) စုရှောင်းရှောင်း ပြန်လာပြီ
“လူယုတ်မာ၊ အရှက်မရှိတဲ့ကောင်၊ ယုတ်မာလိုက်တဲ့ လူကြီး”
ချင်းလန် ထွက်ခွာသွားသည်ကို ကြည့်ရင်း ချူမုန်ယောင်သည် စိတ်ထဲမှနေ၍ အကြိမ်ပေါင်း ရာနှင့်ချီကာ ဆဲဆိုနေမိတော့သည်။
ဘာကြောင့်လဲ။
ဒါဟာ ဒီလူ့ရဲ့ အမှားလေ၊ ဒါကို သူက ဘာမှမဖြစ်သလို လျစ်လျူရှုထားပြီး လူကို အနိုင်ကျင့်နေတာ မဟုတ်လား။ သူမကလည်း သူများတွေ မြင်သွားမှာ စိုးရိမ်လို့ အရှိန်မထိန်းနိုင်ဘဲ ပြင်းပြင်းထန်ထန် ကိုက်မိသွားတာကို သူက ဘာလို့ ဒီလောက်အထိ အေးစက်နေရတာလဲ။
သူမ ပြောတာကို အရေးမလုပ်ရုံတင်မကဘဲ သူ၏ အကြည့်တွေကလည်း တစ်ခါမှ မသိခဲ့ဖူးတဲ့သူလိုမျိုး အေးစက်လွန်းလှသည်။
ဤခံစားချက်ကြီးက သူမကို တကယ်ပင် မသက်မသာ ဖြစ်စေတော့သည်။
ချူမုန်ယောင် တစ်ယောက် ကြောင်စီစီဖြင့် ထိတ်လန့်သွားရသည်။
ငါ ဘာလို့ ချင်းလန်အပေါ် ဒီလို ခံစားချက်တွေ ဖြစ်နေရတာလဲ။ ငါ သူ့ကို တကယ်ပဲ စိတ်ဝင်စားနေမိတာလား။
မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဖြစ်နိုင်တာ။
ချူမုန်ယောင်သည် သူမ၏ အတွေးများကို စိတ်ထဲမှ အလျင်အမြန် ငြင်းပယ်လိုက်ကာ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ငြင်းဆန်နေမိသည်။ ဒါဟာ ဒီလူ့ရဲ့ သဘောထားကြောင့် ဖြစ်မှာပါ၊ အမြဲတမ်း အခွင့်အရေး ယူဖို့ ကြိုးစားနေတဲ့သူက ရုတ်တရက်ကြီး သူစိမ်းတစ်ယောက်လို အေးစက်သွားလို့ ငါ ခံစားရခက်နေတာပဲ ဖြစ်ရမယ်။
ချူမုန်ယောင်လို မိန်းကလေးမျိုးက ချင်းလန်လို လူစားမျိုးကို ဘယ်လိုလုပ် ကြိုက်နိုင်ပါ့မလဲ။
သူက ဘာမှအသုံးမကျတဲ့သူ ဖြစ်သလို မိန်းကလေးတွေကိုလည်း အမြဲ အနိုင်ကျင့်တတ်တဲ့သူလေ။ သူက တကယ်ကို ဆိုးဝါးတဲ့သူ ဖြစ်ပြီး သူမ ကြိုက်တဲ့ အမျိုးအစားလည်း မဟုတ်ပေ။
“ယောင်ယောင် ဘာဖြစ်လို့လဲ။ ဘာတွေ တစ်ယောက်တည်း ရေရွတ်နေတာလဲ။ ဘယ်သူက မင်းကို စိတ်ဆိုးအောင် လုပ်လို့လဲ”
ချူထျန်ဖုန်းသည် ကုလားထိုင်တွင် ထိုင်ကာ အံကြိတ်နေသည့် သမီးဖြစ်သူကို ကြည့်ပြီး မေးမြန်းလိုက်လေသည်။
ချူမုန်ယောင်က ခေါင်းခါပြကာ “ဘယ်သူမှ မဟုတ်ပါဘူး အဖေ။ အဖေပဲ အရင် ပြန်နှင့်လိုက်ပါ၊ သမီး လုပ်စရာလေး ရှိသေးလို့” ဟု ဆိုလိုက်၏။
သူမသည် တစ်ခါမှ ဤကဲ့သို့ မတရားမှုကို မခံစားခဲ့ဖူးပါချေ။
သူမ ကိုက်လိုက်တာ နည်းနည်း ပြင်းသွားတယ် ဆိုရင်တောင် အဲ့ဒါ ချင်းလန်ရဲ့ အမှားပဲလေ၊ သူက တခြားလူရဲ့ ခံစားချက်ကိုမှ ဂရုမစိုက်တာ။
သူမအနေဖြင့် အဆူခံရတာ သို့မဟုတ် အနိူင်ကျင့်ခံရတာကို ခံနိုင်ရည် ရှိသော်လည်း ယခုကဲ့သို့ လျစ်လျူရှုခံရတာကိုတော့ လုံးဝ လက်မခံနိုင်ပါချေ။
မဟုတ်ဘူး၊ ဒါကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ရမယ်။
သူမသည် ထရပ်ကာ အခန်းထဲမှ ထွက်လာခဲ့ပြီး ချင်းလန်၏ ဗီလာဆီသို့ ဒေါသတကြီးဖြင့် ဦးတည်သွားတော့သည်။
…
အခြားတစ်ဖက်တွင်မူ အိမ်သို့ ပြန်ရောက်သွားသော ချင်းလန်သည် အိမ်ထဲ ဝင်လိုက်သည်နှင့် ဟင်းနံ့မွှေးမွှေးလေးကို စတင် ရရှိလိုက်လေသည်။
ထမင်းစားခန်းအတွင်းရှိ စားပွဲပေါ်တွင် စားချင်စဖွယ် ဟင်းပွဲများစွာ ပြင်ဆင်ထားသည်ကို တွေ့လိုက်ရ၏။ ပန်းပွင့်ပုံစံ အေပရွန်လေး ဝတ်ထားသည့် စုရှောင်းရှောင်းမှာ ဇာအနားပါသော အနက်ရောင် ဝတ်စုံလေးနှင့် အလွန်ပင် ကျော့ရှင်းလှပနေကာ သူမ၏ သွယ်လျသော ကိုယ်ဟန်မှာ ပိုမို ပေါ်လွင်နေတော့သည်။
သူမသည် ချင်းလန်ကို ကျောပေးကာ ဟင်းတစ်ခွက်ကို မွှေနေရင်း ပျော်ရွှင်စွာ သီချင်းလေး တစ်ပုဒ်ကို ညည်းနေလေသည်။
ချင်းလန်သည် အနောက်မှ တိတ်တဆိတ် တိုးကပ်သွားပြီး စုရှောင်းရှောင်းကို ဖက်လိုက်တော့သည်။
“အာ”
စုရှောင်းရှောင်းမှာ လန့်သွားရကာ လက်ထဲက ယောက်မလေး လွတ်ကျသွားပြီး ခရမ်းချဉ်သီး ကြက်ဥကြော်လေး တစ်ဖဲ့ လွင့်စင်သွားရသည်။ သူမ လှည့်ကြည့်လိုက်ရာ ချင်းလန် ဖြစ်နေသည်ကို မြင်တော့ ဝမ်းသာအားရ ဖြစ်သွားသလို ရှက်လည်း ရှက်သွားရသည်။ သူမသည် သူ၏ ရင်ခွင်ထဲတွင် ခေါင်းလေး ဝှက်ထားကာ
“သခင်လေး... ကြက်ဥတွေ တူးတော့မယ်”
ဟု တိုးတိုးလေး ပြောလိုက်လေသည်။
“တူးရင်လည်း တူးပါစေပေါ့။ ငါ မင်းကို အရမ်း သတိရနေတာ။ မင်းက အကြာကြီး ပျောက်နေပြီး အခုမှ ပြန်လာတာကိုး။ ငါ့ကို ပစ်ထားပြီလို့တောင် ထင်နေတာ”
ချင်းလန်က သူမ၏ ဆံနွယ်လေးတွေကို ယူကာ နှာခေါင်းနား ကပ်၍ နမ်းလိုက်ရာ သင်းပျံ့သော ရနံ့လေးက သူ၏ အာရုံထဲ တိုးဝင်လာတော့သည်။
ဤချိုမြိန်သော အပြုအမူကြောင့် စုရှောင်းရှောင်း၏ ရင်ထဲတွင် နွေးထွေးသွားရကာ သူမ၏ ပါးပြင်လေးဖြင့် ချင်းလန်၏ မေးစေ့ကို ပွတ်သပ်လိုက်မိသည်။ ခဏအကြာတွင် သူမက
“သခင်လေးကတော့လေ၊ ပါးစပ်ကသာ မပြောတာ၊ ခရမ်းချဉ်သီး ကြက်ဥကြော် ဆိုရင် အမြဲတမ်း အပြောင် စားတတ်တာပဲ မဟုတ်လား။ ဒါကြောင့် ကျွန်မက ဒီဟင်းကို နောက်ဆုံးမှ ကြော်တာ၊ အခု ကျက်တော့မှာပါ”
ဟု ဆိုလိုက်လေသည်။
ခရမ်းချဉ်သီးက ကြာကြာကြော်လျှင် ချဉ်သွားတတ်သည် မဟုတ်ပါလား။
ချင်းလန်က သူမ၏ မျက်ဝန်းထောင့်လေးကို ညင်သာစွာ နမ်းလိုက်ပြီး
“မင်းကတော့လေ၊ တကယ်ကို ပါးနပ်တာပဲ။ ငါ့ကို တမင်တကာ စောင့်ခိုင်းနေတာ မဟုတ်လား”
“မင်း အပြင်မှာ ကြာကြာနေလိုက်တော့ လူလည်လေး ဖြစ်လာတာပဲနော်။ ငါ့ကို အခုလိုမျိုး စောင့်ခိုင်းတတ်နေပြီပေါ့လေ”
စုရှောင်းရှောင်းက အားနာဟန်ဖြင့် “ဘယ်မှာလဲ... ဘယ်မှာ အဲ့လို လုပ်လို့လဲ” ဟု ရေရွတ်လိုက်၏။
ချင်းလန်က သူမ ဝတ်ထားသည့် ဝတ်စုံလေး၏ ကြိုးကို အသာအယာ ဆွဲလိုက်ကာ
“မီးဖိုချောင်ထဲ ရောက်နေတာတောင် မင်းက ဘာလို့ ဒါမျိုး ဝတ်ထားရတာလဲ။ အိမ်မှာ တခြား အဝတ်အစားတွေ မရှိတော့လို့လား”
ကြည့်ရတာ သူမသည် ဂေဟာမှူးကြီးဆီကနေ နည်းလမ်းအချို့ သင်ယူလာခဲ့ပုံရသည်။
စုရှောင်းရှောင်းသည် ဘယ်လောက်ပင် ကြိုးစားပါစေ၊ သူမ၏ ပရိယာယ်များမှာ ချင်းလန်၏ ရှေ့တွင်တော့ ချစ်စဖွယ် အူကြောင်ကြောင်နိုင်မှုများသာ ဖြစ်နေတော့သည်။
တကယ်လို့သာ လင်းယိုချူလို မိန်းကလေးမျိုးဆိုလျှင် ယောဂကျင့်သည့် ပုံစံလေးနှင့်တင် ချင်းလန်ကို ဆွဲဆောင်နိုင်သည် မဟုတ်ပါလား။ စုရှောင်းရှောင်းလိုမျိုး တမင်တကာ လုပ်နေစရာပင် မလိုပါချေ။
ဒါကို ကြည့်ရုံနဲ့တင် သိသာလှပေသည်။
“သခင်လေး...”
စုရှောင်းရှောင်းသည် သူမ၏ လျှို့ဝှက်ချက်လေး ပေါ်သွားသဖြင့် ရှက်ကိုးရှက်ကန်းနှင့် သူ၏ ရင်ခွင်ထဲတွင် ပျော့ခွေသွားတော့သည်။
တစ်ဖက်တွင်လည်း သူမသည် မိဘမဲ့ဂေဟာက ကိစ္စတွေနှင့် အလုပ်များနေသဖြင့် အိမ်သို့ မပြန်နိုင်သည်မှာ ကြာခဲ့ပြီ ဖြစ်လေသည်။
ဂေဟာမှူးကြီး ပြောခဲ့သလိုပင် တစ်ခါတလေ အဝေးမှာ နေခြင်းက ပိုပြီး လွမ်းဆွတ်မှုကို ဖြစ်စေသည် မဟုတ်ပါလား။ ထို့ကြောင့် သူမသည် သခင်လေးနှင့် အချိန်အတော်ကြာအောင် နီးနီးကပ်ကပ် မရှိခဲ့ပါချေ။
ယခုကဲ့သို့ ရုတ်တရက် နီးကပ်လိုက်ရခြင်းက သူမ၏ ငြင်းဆန်ချင်စိတ်များကို အကုန်လုံး ပျောက်ကွယ်သွားစေတော့သည်။
“ဒီအတိုင်းပဲ ဆက်ကြော်ပါ၊ ငါ မင်းကို မနှောင့်ယှက်ပါဘူး”
ချင်းလန်သည် သူမ၏ ပုခုံးပေါ်သို့ မေးစေ့ တင်ထားလိုက်လေသည်။
စုရှောင်းရှောင်းမှာ ဟင်းကြော်နေရင်း လက်များပင် တုန်နေတော့သည်။ အရသာ ရှိလှသော ခရမ်းချဉ်သီး ကြက်ဥကြော်မှာ ခရမ်းချဉ်သီး စွပ်ပြုတ် ဖြစ်တော့မည့် အခြေအနေသို့ ရောက်နေပြီ ဖြစ်လေသည်။
ဟင်းပွဲများကို စားပွဲပေါ်သို့ ပို့သည့် အချိန်တွင်ပင် သူမသည် ကိုယ့်ခြေထောက်နှင့်ကိုယ် လမ်းမလျှောက်ရဘဲ ချင်းလန်၏ ချီပိုးခြင်းကို ခံလိုက်ရတော့သည်။
“ပင်ပန်းသွားပြီ ရှောင်းရှောင်း။ ဒီ ချိုချဉ် နံရိုးကြော်လေး တစ်လုတ် မြည်းကြည့်ပါဦး၊ မင်းရဲ့ လက်ရာက ဘယ်လောက် ကောင်းလဲဆိုတာ သိရအောင်”
ချင်းလန်က နံရိုးကြော် တစ်ဖဲ့ကို ယူကာ စုရှောင်းရှောင်း၏ ပါးစပ်နားသို့ ကပ်ပေးလိုက်လေသည်။ စုရှောင်းရှောင်း၏ မျက်ဝန်းလေးများမှာ နွေးထွေးမှုများဖြင့် တောက်ပသွားရကာ သူမ၏ ရင်ထဲတွင် ပျားရည် စားလိုက်ရသလို ချိုမြိန်သွားရပြန်သည်။
သူမ ပြန်မလာခင်က သခင်လေး စိတ်ဆိုးနေမှာကို စိုးရိမ်ခဲ့သလို သူမကို ပစ်ထားမှာကိုလည်း ကြောက်နေခဲ့မိသည်။
သို့သော် ယခု ပြန်တွေ့သည့် အခါတွင်မူ သခင်လေးမှာ စိတ်မဆိုးသည့်အပြင် သူမအပေါ် အရင်ကထက်ပင် ပို၍ ကောင်းပေးနေသည် မဟုတ်ပါလား။
ဂေဟာမှူးကြီးရဲ့ အကြံပေးချက်ကတော့ တကယ်ကို အစွမ်းထက်လှပေသည်။
“အရမ်း ချိုတာပဲ” စုရှောင်းရှောင်းက နှုတ်ခမ်းလေး ဆူကာ ချွဲနွဲ့စွာ ပြောလိုက်၏။
“တကယ်လား။ ငါလည်း မြည်းကြည့်ဦးမှပဲ”
ချင်းလန်သည် မယုံကြည်သလို ဟန်ဆောင်ကာ သူမ၏ နှုတ်ခမ်းပေါ်က ဆော့စ်လေးများကို နမ်းစုပ်ယူလိုက်တော့သည်။ သူက နှုတ်ခမ်းကို သပ်လိုက်ရင်း
“မဖြစ်နိုင်တာ။ ဒါက အရမ်း ချိုလွန်းနေပြီ”
ဟု အော်ဟစ်လိုက်လေသည်။
စုရှောင်းရှောင်းသည် နံရိုးကြော်များကို ပြန်နွှေးရန် စဉ်းစားနေစဉ်မှာပင် ချင်းလန်၏ နောက်ထပ် စကားတစ်ခွန်းကို ကြားလိုက်ရပြန်သည်။
“မင်းရဲ့ ပါးစပ်လေးက ပျားရည် သုတ်ထားသလိုပဲ။ တစ်ခါ နမ်းလိုက်တာနဲ့ နံရိုးကြော်ရဲ့ အရသာတောင် ပျောက်သွားတယ်”
အင်း။
စုရှောင်းရှောင်းသည် အလိုလို ခေါင်းလေး ငုံ့သွားရကာ ရင်ထဲမှာ တလှပ်လှပ် ဖြစ်သွားရတော့သည်။
တခြားလူသာဆိုလျှင် ဤစကားများကို ကြားရသည်မှာ ရှက်စရာကောင်းသည်ဟု ထင်နိုင်သော်လည်း စုရှောင်းရှောင်းကတော့ ချင်းလန်၏ အချစ်မှာ ကျရှုံးနေသူ ဖြစ်သဖြင့် သူမအတွက်တော့ ဒါဟာ အိပ်မက်တစ်ခုလိုပင် ဖြစ်နေတော့သည်။
ဤချိုမြိန်သော စကားလုံးများက သူမ၏ ဘဝ ရည်မှန်းချက် အောင်မြင်သွားသလို ခံစားရစေခြင်း ဖြစ်လေသည်။
ချင်းလန်သည် သူမ၏ ပြောင်းလဲမှုကို ပထမဆုံး သတိပြုမိလိုက်သည်။
စုရှောင်းရှောင်း တစ်ကိုယ်လုံးမှာ တုန်ရင်နေပြီး သူမသည် ချင်းလန်၏ အပြုအမူများအပေါ် လုံးဝ ကျရှုံးသွားခဲ့ပြီ ဖြစ်လေသည်။