အခန်း (၂၀၃) ချူမုန်ယောင် ကိုယ့်ဒုက္ခကိုယ်ရှာမိခြင်း
သွေးနီရောင် မန်ဒါလာသည် ဤမှန်ချပ်ကြီးရှေ့တွင် သူမ၏ အခြေအနေကို အမြဲ စစ်ဆေးလေ့ရှိ၏။ အလုပ်တစ်ခု မစတင်မီ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် သူမ၏ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်လွင်စေမည့် အားနည်းချက် တစ်စုံတစ်ရာ ရှိမရှိ သေချာစွာ စစ်ဆေးပြီးမှ ဖယ်ရှားလေ့ရှိသည်။
တစ်နေ့တွင် သူမသည် ဤမှန်ရှေ့၌ပင် ဤကဲ့သို့ အားနည်းချက်များ ပြည့်နှက်နေသော အခြေအနေမျိုးဖြင့် ပေါ်လာလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပါချေ။
သူမက လူသတ်သမားတစ်ယောက်လေ။
ထိပ်တန်း လူသတ်သမား သုံးဦးထဲတွင် တစ်ဦးအပါအဝင် ဖြစ်ပြီး သူမ၏ စကားတစ်ခွန်းသည်ပင်လျှင် ရာထူးအာဏာရှိသူများကို ထိတ်လန့်တုန်လှုပ်စေကာ ညဘက် အိပ်မပျော်နိုင်အောင် လုပ်နိုင်စွမ်းရှိသည်။
ဘယ်တုန်းကများ ငါ့မှာ ဒီလို အတွေ့အကြုံမျိုး ရှိခဲ့ဖူးလဲ။
အထူးသဖြင့် ဤမှန်ရှေ့တွင် သူမ၏ လူသတ်သမားတစ်ယောက် ဖြစ်ခဲ့သည့် အတိတ်များမှာ ပြန်လည် နိုးထလာကာ သူမ၏ ကိုယ်ထဲမှ အေးစက်သော လူသတ်ငွေ့များပင် ထွက်ပေါ်လာတော့သည်။
လူသတ်သမားတစ်ဦးကို အရှက်ခွဲ၍ မရပေ။
“ဒေါက်ဖိနပ်ကို ဒီအတိုင်းပဲ စီးထားပါ” ချင်းလန်က ရေရွတ်လိုက်လေသည်။
“အင်း”
သွေးနီရောင် မန်ဒါလာသည် အမိန့်ကို နာခံသောသူတစ်ဦးကဲ့သို့ ရေရွတ်လိုက်ကာ ခါးကုန်းပြီး ကျွတ်လုနီးပါး ဖြစ်နေသော ဒေါက်ဖိနပ်ကို ပြန်လည် စီးလိုက်တော့သည်။
…
ညဉ့်နက်သန်းခေါင်တွင် လခြမ်းကွေးလေးသည် ကောင်းကင်ယံ၌ မြင့်မားစွာ ချိတ်ဆွဲထားလေသည်။
မေဘက်ခ် ကားလေးသည် ဗီလာခြံဝန်းရှေ့တွင် ဖြည်းဖြည်းချင်း ရပ်တန့်သွား၏။
ချင်းလန်သည် သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ရှူလိုက်ကာ ခန္ဓာကိုယ်ထဲတွင် တစ်ခုခု လိုအပ်နေသလို ဟာတာတာ ခံစားချက်ကြီးကို ဖျောက်ဖျက်ရန် ခေါင်းခါလိုက်မိသည်။
ဧည့်ခန်းအတွင်းရှိ မီးဆိုင်းကြီးမှ နူးညံ့သော အလင်းရောင်များ ထွက်ပေါ်နေလေသည်။ ချူမုန်ယောင်သည် ဆိုဖာထောင့်တွင် ထိုင်ကာ လက်တစ်ဖက်ဖြင့် ပါးကို ထောက်လျက် ငိုက်မြည်းနေလေသည်။
ချင်းလန်သည် သူမ၏ အနားသို့ တိတ်ဆိတ်စွာ တိုးကပ်သွားလိုက်၏။
သူမ၏ မျက်တောင်လေးများက တစ်ချက်တစ်ချက် လှုပ်ခတ်နေသလို နှာတံလေးမှလည်း မွှေးပျံ့သော အသက်ရှုသံများ ထွက်ပေါ်နေသည်။ သူမ၏ နီမြန်းသော နှုတ်ခမ်းလေးမှာလည်း ပုလဲရောင်ကဲ့သို့ တောက်ပနေကာ ချူမုန်ယောင်၏ ရင်သပ်ရှုမောဖွယ် အလှတရားကို ပိုမို ပေါ်လွင်စေတော့သည်။
တစ်ခုခုကို သတိပြုမိသွားပုံရကာ သူမသည် မျက်လုံးများကို ဇဝေဇဝါဖြင့် ဖွင့်ကြည့်လိုက်ရာ သူမ၏ မျက်နှာနှင့် အလွန်နီးကပ်နေသော မျက်နှာတစ်ခုကို မြင်လိုက်ရသဖြင့် လန့်ဖျန့်ကာ အနောက်သို့ ဆုတ်လိုက်ပြီး
“ရှင်... ရှင် ဘာလုပ်နေတာလဲ”
ဟု အော်ဟစ်လိုက်လေသည်။
ချင်းလန်က အနောက်သို့ ဆုတ်မသွားဘဲ ထိုနေရာတွင်ပင် ဆောင့်ကြောင့်ထိုင်လျက်
“ဒါက ငါ့အိမ်လေ။ မင်းက အိမ်အကူ တစ်ယောက်ပဲဟာကို၊ ဒီလောက် ညဉ့်နက်တဲ့အထိ အိမ်မပြန်ဘဲ ငါ့ကို ဘာလာလုပ်တာလဲလို့ မေးနေရသလား”
ဟု ခနဲ့လိုက်လေသည်။
သတိပြန်ဝင်လာသည့်အခါ ချူမုန်ယောင်သည် အသက်ကို ပြင်းပြင်းရှူလိုက်ကာ “ကျွန်မ ရှင့်ကို စောင့်နေတာလေ။ လက်ဖက်ရည်ဆိုင်က ထွက်လာပြီးကတည်းက အိမ်ပြန်လာတာ ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ” ဟု ဆိုလိုက်၏။
သူမသည် ချင်းလန်ဆီမှ ထွက်ပေါ်လာသော အနံ့ကို နှာခေါင်းရှုံ့ကာ စစ်ဆေးကြည့်လိုက်ရာ ရုတ်တရက် မျက်မှောင်ကြုတ်သွားတော့သည်။ “ရှင့်ဆီမှာ ရေမွှေးနံ့ ရနေတယ်နော်”
ထိုအနံ့မှာ အလွန်ပင် သင်းပျံ့လှပြီး ဈေးကွက်ထဲတွင် ရောင်းချနေသော ပြင်းရှရှ ပန်းရနံ့မျိုးနှင့် မတူပါချေ။
သို့သော် မိန်းကလေးတစ်ယောက် ဖြစ်သည့်အပြင် အလှအပ ကြိုက်သူ ဖြစ်သဖြင့် ချူမုန်ယောင်သည် ထိုအနံ့ကို အလွယ်တကူ သိရှိလိုက်ခြင်း ဖြစ်လေသည်။
သူမသည် သူမ၏ အဆင့်အတန်းကို သတိရသွားကာ စိတ်တိုနေသည်ကို ဖုံးကွယ်လျက် မျက်စောင်းထိုးကာ “ရှင်က အဲ့လောက်တောင် အလျင်လိုနေရသလား။ စီးပွားရေး ကိစ္စတွေမှာ စိတ်လိုက်မာန်ပါ လုပ်ပြီး ဆုံးဖြတ်ချက်တွေ မှားမသွားအောင် သတိထားဦး” ဟု မကျေမနပ် ပြောလိုက်လေသည်။
“ငါ နည်းနည်း ခေါင်းမူးနေပြီး အားအင်ကုန်နေသလိုပဲ။ ဒီညတော့ ကောင်းကောင်း အနားယူရမယ်” ချင်းလန်က လက်ယမ်းပြကာ “အရေးကြီးတာ မရှိရင် မင်း အခု ပြန်လို့ ရပြီ။ မင်း ဒီမှာ ရှိနေတာ ငါ့အတွက် အနှောင့်အယှက် ဖြစ်တယ်” ဟု ဆိုလိုက်၏။
“အရေးကြီးတာ မရှိဘူး ဟုတ်လား။ ကျွန်မ ရှင့်ကို တစ်ချိန်လုံး စောင့်နေတာလေ”
“လင်းရွှမ်းချွမ် နဲ့ ကိစ္စက ဘာလဲ။ ရှင် ဘာလို့ အဲ့ဒီ အိမ်ခြံမြေ လုပ်ငန်းကို သန်းပေါင်း တစ်ထောင့်နှစ်ရာ ပေးပြီး ဘာရှင်းပြချက်မှ မရှိဘဲ ဝယ်လိုက်ရတာလဲ”
“အိမ်ခြံမြေ လုပ်ငန်းက အရင်လို အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ အချိန် မဟုတ်တော့ဘူးဆိုတာ ရှင် သိရဲ့လား”
“ရှင်က အိမ်တွေကိုလည်း ပြန်မရောင်းဘူးဆိုတော့ အဲ့ဒီ အိမ်ရာဝင်းကြီးကို ဝယ်လိုက်တာက ဘာအတွက်လဲ။ ရှင်ပဲ သွားနေမလို့လား”
“ငွေသား အမြောက်အမြားကို ပိုင်ဆိုင်မှု အဖြစ် ပြောင်းလိုက်ပြီး အိမ်ဈေးတွေကလည်း တက်မလာဘူး ဆိုရင် အချိန်ကြာလေလေ တန်ဖိုး ကျလေလေပဲ ဆိုတာ ရှင် မသိဘူးလား”
“ရှင် ဒါကို တမင် လုပ်တာ မလား။ ကျွန်မ အဖေကို မီးပုံထဲ တွန်းပို့ချင်လို့ မလား။ သူ ချူလုပ်ငန်းစုကနေ ဘယ်လိုမှ ရုန်းမထွက်နိုင်အောင် ရှင် တမင် လုပ်လိုက်တာ မလား”
ချူမုန်ယောင်က ဒေါသတကြီး မေးမြန်းလိုက်တော့သည်။
ငွေသားတွေ ပိတ်မိသွားပြီး တခြားနေရာမှာ သုံးလို့မရတော့တာကို ထားလိုက်ဦး၊ ချင်းလန်၏ ဆုံးဖြတ်ချက်ကို သူမအနေနှင့် လက်ခံနိုင်ရန် ခက်ခဲလှပေသည်။
တကယ်လို့ အများပြည်သူကို ပြန်မရောင်းဘဲ ပိုက်ဆံတွေကို ဒီအတိုင်း ပစ်ထားမည်ဆိုလျှင် အိမ်ဈေးတွေ တက်မလာပါက ဘဏ်ထဲမှာ ထည့်ပြီး အတိုးစားတာကမှ ပိုကောင်းဦးမည် မဟုတ်ပါလား။
ဒါ့အပြင် ဘယ်စီးပွားရေးသမားကမှ ပိုက်ဆံကို ဒီအတိုင်း အိပ်ပျော်နေအောင် မလုပ်ထားကြပါချေ။ ဒီလောက်များတဲ့ ပိုက်ဆံနဲ့ ဘာတွေပဲ လုပ်လုပ် အမြတ်ရနိုင်သည် မဟုတ်ပါလား။
ချင်းလန်သည် သူမ အဖေကို တမင်တကာ ကျော့ကွင်းဆင်နေခြင်း ဖြစ်သည်ဟု သူမ အပြင်းအထန် သံသယ ဝင်နေမိသည်။
ရည်ရွယ်ချက်ကတော့ သူမ အဖေ၏ ငွေသားလည်ပတ်မှုကို ပိတ်ဆို့ထားပြီး ချူလုပ်ငန်းစုမှာသာ သူ့အတွက် ဆက်ပြီး အလုပ်လုပ်ပေးရအောင် လုပ်ခြင်း ဖြစ်ပေလိမ့်မည်။
ချူမုန်ယောင်က စိတ်ပုပ်စိတ်ယုတ် ရှိလို့ မဟုတ်ပါချေ။ ချင်းလန်၏ တုံ့ပြန်ပုံက ပုံမှန်မဟုတ်လွန်းသဖြင့် သူမက ထိုသို့ တွေးမိခြင်း ဖြစ်လေသည်။
“မှန်တာပေါ့” ချင်းလန်က စိတ်ဆိုးမည့်အစား ရယ်မောလိုက်ကာ ချူမုန်ယောင်၏ မေးစေ့လေးကို ဆွဲညှစ်လိုက်ပြီး “မလောပါနဲ့ဦး၊ ဒါက ပထမအဆင့်ပဲ ရှိသေးတာ၊ မင်း အဖေအတွက် နောက်ထပ် လာဦးမှာတွေ ရှိသေးတယ်” ဟု ခနဲ့လိုက်လေသည်။
“မကြာခင်မှာပဲ သူ ရှယ်ယာတွေ ရောင်းလို့ရတဲ့ ပိုက်ဆံတွေ အကုန်လုံးကို ငါ ပိတ်ဆို့ပစ်မှာ”
“အဲ့ဒီအခါကျရင် မင်း အဖေတင် ငါ့လက်ထဲကနေ ရုန်းမထွက်နိုင်မှာ မဟုတ်ဘူး၊ မင်းလည်း ပြေးလို့ လွတ်မှာ မဟုတ်တော့ဘူး”
အမှန်တကယ်တော့ သူ လုပ်ဆောင်နေသည်မှာ ထိုကဲ့သို့ မဟုတ်ပါချေ။
သူသည် ပိုက်ဆံများကို လင်းရွှမ်းချွမ် ဆီတွင် ခဏတာ အပ်နှံထားခြင်းသာ ဖြစ်ပြီး ညွှန်ကြားချက်များကိုလည်း ပေးထားပြီး ဖြစ်လေသည်။
မကြာမီမှာပင် ထျန်ဟွာ အိမ်ရာဝင်း အနီးတွင် ထျန်ဟိုင် အထက်တန်းကျောင်းအသစ် တစ်ကျောင်း ဆောက်လုပ်မည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာပေလိမ့်မည်။
ဒါက ဘာကို ဆိုလိုတာလဲ။
အိမ်ရာဝင်း အနီးမှာ ကျောင်းရှိလာတာက ထျန်ဟွာ အိမ်ရာဝင်းဟာ ကျောင်းနီးရာ ဝန်းကျင် အိမ်ခြံမြေအဖြစ် ပြောင်းလဲသွားခြင်းပင်။
၎င်း၏ တန်ဖိုးမှာ အဆပေါင်းများစွာ မြင့်တက်သွားပေလိမ့်မည်။
အဲ့ဒီ အချိန်ကျရင် မိသားစုအတွင်း ပြဿနာ တက်နေတဲ့ လင်းရွှမ်းချွမ် က ဒီအကျိုးအမြတ်ကြီးကို လက်လွှတ်ခံပါ့မလား။
လုံးဝ မဖြစ်နိုင်ပါချေ။ သူသည် နည်းမျိုးစုံ သုံးပြီး ဤအိမ်ရာဝင်းကို ချင်းလန် နှင့် ချူထျန်ဖုန်း တို့ဆီကနေ ပြန်ဝယ်ဖို့ ကြိုးစားပေလိမ့်မည်။
အဲ့ဒီ အချိန်ကျရင်တော့ ဈေးနှုန်းက သန်း တစ်ထောင့်နှစ်ရာ မဟုတ်တော့တာ သေချာလှပေသည်။
“ရှင်ကတော့ တကယ်ကို ယုတ်မာတာပဲ”
ချူမုန်ယောင်သည် သူမ၏ နှုတ်ခမ်းကို ကိုက်ကာ ဒေါသတကြီး စိုက်ကြည့်နေမိသည်။ သူမ၏ မေးစေ့လေးမှာလည်း အဆွဲခံထားရသဖြင့် ဖြူဖပ်နေပြီ ဖြစ်လေသည်။
သူမက ရုန်းကန်ချင်သလို ချင်းလန်ကိုလည်း တွန်းထုတ်ချင်နေမိသည်။
ဒါပေမဲ့ ချင်းလန်၏ အကြည့်နှင့် ဆုံလိုက်တိုင်း သူမ၏ ယုံကြည်မှုများ ပျောက်ကွယ်သွားရလေသည်။
ဒါဟာ ကြောက်ရွံ့မှု ဖြစ်လေသည်။
လွန်ခဲ့သည့် အချိန်ကတည်းက သူမ၏ စိတ်ထဲတွင် စွဲမြဲနေခဲ့သော နက်ရှိုင်းသည့် ကြောက်ရွံ့မှုကြီးပင် ဖြစ်လေသည်။
“ငါ ပင်ပန်းနေပြီ၊ ငါ့ခြေထောက်ကို နှိပ်ပေးဦး”
ချင်းလန်က ချူမုန်ယောင်၏ မေးစေ့ကို လွှတ်ပေးလိုက်ကာ ဆိုဖာပေါ်တွင် စိတ်ကြိုက် လဲလျောင်းလိုက်ပြီး ခြေထောက်တစ်ဖက်ကို ချူမုန်ယောင်၏ အပေါ် တင်လိုက်လေသည်။ သူက သူမ၏ ဝမ်းဗိုက်ကို တစ်ချက်နှစ်ချက် ပုတ်ကာ နှိပ်ပေးရန် တိုက်တွန်းလိုက်၏။
ချူမုန်ယောင်သည် ငိုချင်စိတ် ပေါက်သွားသော်လည်း မငြင်းရဲပါချေ။
ချင်းလန်သည် မည်မျှ ကြောက်စရာ ကောင်းသည်ကို သူမ သိထားသလို ဤလူတွင် အလွန် ကြီးမားသော နောက်ခံ ရှိသည်ကိုလည်း သူမ သိရှိထားသည်။ ချူလုပ်ငန်းစု၏ ထိန်းချုပ်မှုမှာ သူမ အဖေ၏ လက်ထဲတွင် မရှိတော့သည်မှာ ပြောနေစရာပင် မလိုတော့ပေ။
သူမတွင် ချူလုပ်ငန်းစု၏ အာဏာ ရှိနေဦးမည် ဆိုလျှင်ပင် ချင်းလန်ကို ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်း မရှိပါချေ။
သူမ လုပ်နိုင်တာဆိုလို့ ခါးသက်သက် မျက်နှာထားဖြင့် သူ၏ ခြေထောက်များကို နှိပ်ပေးရုံသာ ရှိတော့သည်။ သူမ အဖေ ပေးခဲ့သည့် ကတိတွေကို ပြန်တွေးမိပြီး သူမကတော့ လောဘကြောင့် မျက်စိကန်းခဲ့ရပြီဟု ခံစားနေရတော့သည်။
သူတို့သည် ချင်းလန်၏ ရည်ရွယ်ချက်ကို လာရောက် မေးမြန်းနေကြခြင်း မဟုတ်ဘဲ အသုံးချခံရဖို့အတွက် မိမိကိုယ်ကို လာရောက် အပ်နှံနေကြခြင်းသာ ဖြစ်လေသည်။
“ဘာလို့လဲ...”
သက်ပြင်း နှစ်ချက်မှာ တစ်ပြိုင်တည်း ထွက်ပေါ်လာတော့သည်။
သူတို့ နှစ်ယောက်၏ မျက်လုံးချင်း ဆုံသွားကြလေသည်။
ချူမုန်ယောင်ကတော့ သူမကိုယ်သူမ ဒီလောက်အထိ ငတုံးဖြစ်ခဲ့လို့ အခုလို ခြိမ်းခြောက်ခံနေရပြီး ဘယ်မှ မသွားနိုင် ဖြစ်နေရတာကို နောင်တရနေမိသည်။
ချင်းလန်ကတော့ သူ၏ စိတ်တွေ ထုံထိုင်းနေပြီး ရင်ထဲမှာ ဟာတာတာ ဖြစ်နေရတာကို တွေးကာ သက်ပြင်းချနေမိတော့သည်။