အခန်း (၂၀၁) ချူမုန်ယောင်၏ ဇဝေဇဝါဖြစ်မှု
ဒေါက် ဒေါက်
တံခါးခေါက်သံ ခပ်ပြတ်ပြတ်က ချူမုန်ယောင်၏ အတွေးကမ္ဘာကို အဆုံးသတ်လိုက်လေသည်။
တံခါးအပြင်ဘက်မှ သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ရုပ်ရည်သန့်ပြန့်သည့် အမျိုးသားတစ်ဦးသည် ခြေအိတ်အနက်ရောင် ဝတ်ဆင်ထားသည့် အမျိုးသမီး အတွင်းရေးမှူးတစ်ဦးနှင့်အတူ အခန်းထဲသို့ လမ်းလျှောက်ဝင်လာလေသည်။
သူက အားနာဟန်ဖြင့် “မစ္စတာ ချူ... ကျွန်တော် တောင်းပန်ပါတယ်၊ လမ်းမှာ ကိစ္စလေးတစ်ခု ပေါ်လာလို့ နည်းနည်း နောက်ကျသွားတယ်” ဟု ဆိုလိုက်၏။
“မစ္စတာ လင်းကလည်း အားနာနေပြန်ပြီ၊ ကျွန်တော်တို့ ရောက်တာ မကြာသေးပါဘူး။ ထိုင်ပါဦး”
ချူထျန်ဖုန်းက ပြုံးလျက် လက်ယမ်းပြကာ ဧည့်ခံလိုက်လေသည်။ သူက ဝန်ထမ်းအား လက်ဖက်ရည်အိုးထဲ ရေနွေးထပ်ဖြည့်ခိုင်းလိုက်ပြီး သူ၏ ရှေ့တွင် ထိုင်နေသည့် လင်းရွှမ်းချွမ် ကို ကြည့်ကာ “ဥက္ကဋ္ဌလင်းကတော့ အရင်အတိုင်းပဲနော်၊ ကျွန်တော်ကတော့ အိုနေပါပြီ” ဟု စနောက်လိုက်လေသည်။
အမှန်အတိုင်း ပြောရလျှင် ချူထျန်ဖုန်း နှင့် လင်းရွှမ်းချွမ် တို့မှာ အသက်အားဖြင့် တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့်သာ ကွာခြားသော်လည်း အပြင်ပန်း ရုပ်ရည်အရမူ ဆယ်နှစ်ကျော်ခန့် ကွာခြားသလို ထင်ရပေသည်။
လင်းရွှမ်းချွမ် က ရုပ်ရည်သန့်ပြန့်သည့်အပြင် ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ဂရုစိုက်တတ်သဖြင့် အလွန်ပင် နုပျိုနေခြင်း ဖြစ်လေသည်။
ချင်းလန်က ထိုသူကို အေးစက်စွာ တစ်ချက် ကြည့်လိုက်ရင်း “သမီးတွေက အဖေနဲ့ တူတတ်တယ်လို့ ပြောကြပေမဲ့ သွေးနီရောင် မန်ဒါလာ နဲ့ လင်းရွှမ်းချွမ် ရဲ့ ရုပ်ရည်ကို ကြည့်ရတာတော့ အဲ့လို မဟုတ်ဘူးပဲ။ သူမက သူမ အမေနဲ့ ပိုတူပုံရတယ်” ဟု စိတ်ထဲမှ တွေးတောနေမိသည်။
အိမ်ရှင်ဖြစ်သည့် ချူထျန်ဖုန်းက မိတ်ဆက်ပေးလိုက်လေသည်။
လင်းရွှမ်းချွမ် သည် ချင်းလန်ကို မြင်လိုက်ရသည့်အခါ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားပြီး စတင် စကားဆိုကာ အစွမ်းကုန် ဖားတော့သည်။
“ဦးလေးလင်း... ဦးလေးချူ ပြောတာတော့ ထျန်ဟိုင်မြို့မှာ ဆောက်နေတဲ့ အိမ်ရာဝင်းကို ပြန်ရောင်းဖို့ စီစဉ်နေတယ်ဆို။ ဘာကြောင့်လဲ” ချင်းလန်က ပြုံးစစဖြင့် မေးမြန်းလိုက်၏။
လင်းရွှမ်းချွမ် ၏ မျက်နှာတွင် ခါးသီးမှုများ ပေါ်လာပြီး “အမှန်အတိုင်း ပြောရရင် သခင်လေး ချင်း... ကျွန်တော့် မိသားစု တာဝန်ယူထားတဲ့ လုပ်ငန်းမှာ အခက်အခဲလေးတွေ ရှိနေလို့ပါ။ လည်ပတ်ဖို့ ရန်ပုံငွေ လိုအပ်နေလို့သာ အခုလို အလျင်အမြန် ရောင်းချဖို့ ဆုံးဖြတ်လိုက်ရတာပါ” ဟု ဆိုလေသည်။
သူသည် ဥက္ကဋ္ဌချူနှင့် ရှန်ဟိုင်းတွင် တွေ့ဆုံခဲ့စဉ်က မမျှော်လင့်ဘဲ ဤကိစ္စကို ဆွေးနွေးဖြစ်ခဲ့ခြင်း ဖြစ်လေသည်။
ချင်းလန်နှင့် ရင်ဆိုင်ရသည့်အခါ လင်းရွှမ်းချွမ် သည် အနည်းငယ်မျှပင် ပေါ့ဆရဲခြင်း မရှိပါချေ။
သူသည် မိသားစု၏ တိုက်ရိုက် သွေးရင်း မဟုတ်သော်လည်း သူ၏ ဇနီးဘက်မှ အဆက်အသွယ်များကြောင့် မိသားစုအတွင်း ဩဇာအာဏာ အတော်အတန် ရရှိထားသူ ဖြစ်သဖြင့် အခြေအနေအရပ်ရပ်ကို သာမန်လူများထက် ပိုမို နားလည်ထားသူ ဖြစ်လေသည်။
ချင်းလန် ကဲ့သို့သော မျိုးရိုးကြီး မိသားစုမှ သားကြီးတစ်ယောက်၏ အရှိန်အဝါကို သိရှိထားသဖြင့် သူသည် မာနထောင်လွှားခြင်း မရှိသလို လှည့်ဖြားဖို့လည်း မဝံ့ရဲပါချေ။
စီးပွားရေးတွင် အမှားအယွင်း ရှိခဲ့သည်မှာ အမှန်ပင် ဖြစ်သော်လည်း ၎င်းမှာ မိသားစုတစ်ခုလုံးနှင့် မဆိုင်ဘဲ သူ တာဝန်ယူထားသည့် အပိုင်းတွင်သာ ဘဏ္ဍာရေး လိုအပ်ချက် ဖြစ်ပေါ်နေခြင်း ဖြစ်လေသည်။
သူသည် မိသားစု၏ တိုက်ရိုက် အနွယ်ဝင် မဟုတ်သဖြင့် လူအများအပြားက သူ ကျရှုံးမှာကို စောင့်ကြည့်နေကြသလို သူ့နေရာကို လုယူချင်နေကြသည် မဟုတ်ပါလား။
နှစ်ပေါင်းများစွာ တည်တည်ငြိမ်ငြိမ် ရပ်တည်လာခဲ့ပြီးမှ အခုလို အချိန်မျိုးမှာ အမှားအယွင်း အပြခံပြီး ရာထူးကနေ အဖယ်ရှားခံရမှာကို သူ မလိုလားပါချေ။
ပိုင်ဆိုင်မှုတွေကို ရောင်းချပြီးတော့ ဖြစ်ဖြစ် ဤဟာကွက်ကို အမြန်ဆုံး ဖြည့်ဆည်းရမည် ဖြစ်လေသည်။
ချင်းလန်က ခေါင်းညိတ်ပြကာ “စီးပွားရေးသမားဆိုတာ အခွင့်အရေးကို အရယူတတ်ရမှာပေါ့။ အိမ်ခြံမြေ လုပ်ငန်းက တကယ်ပဲ အကျိုးအမြတ် များတဲ့ လုပ်ငန်း ဖြစ်ပေမဲ့ ရန်ပုံငွေ အရေးပေါ် လိုအပ်နေတယ် ဆိုရင်တော့ အချိန်မီမှာ မဟုတ်ဘူး” ဟု ဆိုလိုက်၏။
“ကျွန်တော်လည်း ဒီလုပ်ငန်းကို လုပ်ဖို့ စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ ဦးလေးလင်း တောင်းထားတဲ့ ဈေးက နည်းနည်း များနေသလိုပဲ”
သန်းပေါင်း တစ်ထောင့်ငါးရာ တဲ့လား။
ထျန်ဟွာ အိမ်ရာဝင်းက မြေနေရာ ကျယ်ဝန်းတာ မှန်ပေမဲ့ လက်ရှိမှာ အပိုင်းတစ်ခုပဲ ဆောက်ပြီးသေးတာလေ။ အခု ဈေးကွက်ပေါက်ဈေးနဲ့ ဆိုရင်တော့ ဒီဈေးနဲ့ ဝယ်လိုက်ရင် အမြတ်ရဖို့က သိပ်မသေချာလှပေ။
ချင်းလန်က စာရွက်စာတမ်း တစ်စောင် ထုတ်ပေးလိုက်လေသည်။
ဒါတွေက ထျန်ဟွာ အိမ်ရာဝင်းရဲ့ တန်ဖိုး တွက်ချက်မှုတွေ ဖြစ်ပြီး ချူထျန်ဖုန်းကို ကြိုတင် ပြင်ဆင်ခိုင်းထားခြင်း ဖြစ်လေသည်။
တန်ဖိုးက သန်း တစ်ထောင့်နှစ်ရာ ကျော်ရုံသာ ရှိလေသည်။
လင်းရွှမ်းချွမ် နှင့် ပါလာသည့် အတွင်းရေးမှူးမလေးသည် စာရွက်စာတမ်းများကို သေချာ ဖတ်ရှုပြီးနောက် လင်းရွှမ်းချွမ် ကို ခေါင်းညိတ် အတည်ပြုပြလိုက်လေသည်။
လင်းရွှမ်းချွမ် က သဘောပေါက်သွားပြီး ခါးသက်သက် ပြုံးလျက် “သခင်လေး ချင်း... ကျွန်တော်တို့က တစ်ဖက်တည်းသားတွေပဲမို့ ပွင့်ပွင့်လင်းလင်း ပြောပါ့မယ်။ တောင်းထားတဲ့ ဈေးက နည်းနည်း များနေတာ မှန်ပါတယ်၊ ဒါပေမဲ့ စီးပွားရေး ဆိုတာကတော့ ညှိနှိုင်းလို့ ရတာပဲ မဟုတ်လား” ဟု ဆိုလေသည်။
“သခင်လေး ပြထားတဲ့ ဈေးနှုန်းတွေက မှန်ကန်ပါတယ်။ ကျွန်တော်ကလည်း အမြန် ရောင်းချင်နေတာ ဖြစ်သလို သခင်လေးကလည်း ဝယ်ဖို့ စိတ်ဝင်စားနေတာဆိုတော့ သန်းပေါင်း တစ်ထောင့်နှစ်ရာ နဲ့ပဲ အတည်ပြုလိုက်ကြရအောင်”
“ကောင်းပြီလေ။ ဦးလေးလင်းက ဒီလောက်အထိ လိုက်လျောပေးမှတော့ ကျွန်တော်လည်း ဦးလေးကို အချည်းနှီး မဖြစ်စေရပါဘူး။ သန်း တစ်ထောင့်နှစ်ရာ နဲ့ပဲ အတည်ပြုလိုက်မယ်။ ဦးလေးချူနဲ့ ကျွန်တော် ပူးပေါင်းပြီး ဝယ်ယူလိုက်ပါ့မယ်” ချင်းလန်က ဆုံးဖြတ်ချက် ချလိုက်တော့သည်။
ချူထျန်ဖုန်းမှာမူ လက်ဖက်ရည်ကိုသာ တမြုံ့မြုံ့ သောက်နေမိသည်။
ပူးပေါင်းမယ် တဲ့လား။
ဒါဟာ ပူးပေါင်းတာ မဟုတ်ဘဲ အတင်းအကျပ် ရောင်းခိုင်းတာ ဖြစ်လေသည်။
သန်းပေါင်း တစ်ထောင့်နှစ်ရာ ထဲမှာ သူ စိုက်ထုတ်ရမယ့် ပမာဏက နည်းလှသည် မဟုတ်ပါချေ။ ကုမ္ပဏီထဲမှာ ရှိနေတဲ့ သူ့ရဲ့ ငွေသား အများစုကို အသုံးချရတော့မှာ ဖြစ်သဖြင့် ရင်ထဲမှာတော့ တကယ်ကို မသက်မသာ ဖြစ်နေမိတော့သည်။
ဒါပေမဲ့ သူ မငြင်းရဲပါချေ။
ငွေသားတွေကို ပိုင်ဆိုင်မှု အဖြစ် ပြောင်းလဲလိုက်တာက ဆုံးရှုံးမှု မဖြစ်နိုင်သလို အမြတ်တောင် ရနိုင်ပါသေးသည်။ ဒါ့အပြင် သူက ချင်းလန်ဆီမှာ ကျေးဇူးကြွေး တစ်ခု တင်နေတာ မဟုတ်ပါလား။
ကိစ္စတွေ ပြေလည်သွားပြီးနောက် နှစ်ဖက်စလုံးက လူလွှတ်ပြီး စာချုပ်မူကြမ်း ရေးဆွဲခိုင်းကာ သက်သေများရှေ့တွင် လက်မှတ်ရေးထိုး ကြလေသည်။
ကြိုတင်ပေးငွေ ကိစ္စတွေ အပါအဝင် လုပ်ငန်းစဉ် တစ်ခုလုံးက မွန်းလွဲပိုင်း တစ်ခုလုံးကို အချိန်ယူလိုက်ရသည်။
ကြိုတင်ပေးငွေ ငါးဆယ် ရာခိုင်နှုန်း ဖြစ်သည့် သန်း ခြောက်ရာ ကို နှစ်ကြိမ် ခွဲပေးရမည် ဖြစ်ပြီး ချင်းလန် နှင့် ချူထျန်ဖုန်း တို့က သန်း သုံးရာ စီ စိုက်ထုတ်ရမည် ဖြစ်လေသည်။ ကျန်ရှိသော သန်း ခြောက်ရာ ကိုတော့ လာမည့် ခြောက်လအတွင်း အရစ်ကျ ပေးချေရမည် ဖြစ်သည်။
ရန်ပုံငွေတွေ ရောက်ရှိလာကြောင်း ကုမ္ပဏီက အသိပေးချက် ရရှိပြီးနောက် လင်းရွှမ်းချွမ် က “သခင်လေး ချင်းက တကယ်ကို ပြတ်သားတဲ့ သူပဲ။ ဒီလောက်များတဲ့ ပိုက်ဆံကို တစ်နေ့တည်းနဲ့ အရောက် ပို့ပေးနိုင်တာ တကယ်ကို ချီးကျူးစရာပါပဲ” ဟု ဆိုကာ နှုတ်ဆက် ထွက်ခွာသွားတော့သည်။
ထိုအဖွဲ့ကြီး ထွက်သွားသည်ကို ကြည့်ပြီး ချူမုန်ယောင်က နှုတ်ခမ်းဆူလိုက်ကာ “လူလည်ကြီး၊ အားနည်းတဲ့သူကို နှိပ်စက်ပြီး အင်အားကြီးတဲ့သူကို ကြောက်တတ်တဲ့သူ။ ဒီခရီးမှာ ကိုယ်ရံတော်တွေ အများကြီး ခေါ်လာတာ ကြည့်ရတာ ဒီလောက်တောင် ကြောက်တတ်ရသလား” ဟု ဆိုလေသည်။
သူမသည် လင်းရွှမ်းချွမ် ကို သဘောမကျပါချေ။ ပြီးခဲ့သည့် ဒါရိုက်တာ အဖွဲ့ အစည်းအဝေး ပြီးကတည်းက သူ့လို လူကြီးတွေအပေါ် သူမ၏ အမြင်က ဆိုးရွားနေခဲ့ခြင်း ဖြစ်လေသည်။
အထူးသဖြင့် လင်းရွှမ်းချွမ် က သူမ အဖေအပေါ် ပြုမူပုံနှင့် ချင်းလန်အပေါ် ပြုမူပုံမှာ အလွန်ပင် ကွာခြားလှပေသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် အရိုးတစ်ချောင်း ရလိုက်လို့ အမြီးနံ့နေတဲ့ ချင်းလန်ရဲ့ ခွေးတစ်ကောင်လိုပင်။
တခြားလူတွေ ရှေ့မှာတော့ မာနတွေ ထောင်လွှားနေကြတာ မဟုတ်ပါလား။
“ယောင်ယောင်” ချူထျန်ဖုန်းက သူမကို ဆူလိုက်ပြီးနောက် ချင်းလန်ဘက်သို့ လှည့်ကာ “သခင်လေး ချင်း... ဒီအလုပ်က အရှုံးမရှိနိုင်ပေမဲ့ အခုလောလောဆယ်မှာတော့ အမြတ်ရဖို့ ခက်ဦးမယ် ထင်တယ်” ဟု ဆိုလိုက်လေသည်။
“မကြာသေးမီက ထျန်ဟိုင်မြို့ရဲ့ အိမ်ဈေးတွေက တည်ငြိမ်နေတာလေ။ ကျွန်တော့် အမြင်အရတော့ အခုလောလောဆယ် အိမ်တွေ မရောင်းသေးဘဲ အခြေအနေ ကောင်းလာမှ ရောင်းရင် ပိုကောင်းမယ်”
စီးပွားရေး နယ်ပယ်တွင် ချူထျန်ဖုန်းမှာ အတွေ့အကြုံ ရှိသူ ဖြစ်လေသည်။ သူသည် အမြန် ငွေဖော်ဖို့အတွက် ဈေးလျှော့ရောင်းမည့်အစား ပိုင်ဆိုင်မှုတွေကို ဆုပ်ကိုင်ထားချင်သူ ဖြစ်သည်။
အဆိုးဆုံး အခြေအနေမှာတော့ ပိုင်ဆိုင်မှုတွေကို ခဏလောက် ထိန်းထားရုံသာ ရှိလေသည်။
“ရောင်းမယ် ဟုတ်လား။ အိမ်တွေကို ရောင်းမယ် ဟုတ်လား” ချင်းလန်က ရယ်မောလိုက်ပြီး “ဦးလေးချူ... ဦးလေး တစ်မျိုး တွေးနေတာပဲ။ ကျွန်တော် ဒီအိမ်ရာဝင်းကို ဝယ်လိုက်တာက အိမ်တွေကို သာမန်လူတွေကို ရောင်းဖို့ မဟုတ်ဘူး” ဟု ဆိုလိုက်၏။
“ဗျာ”
ထိုစကားကြောင့် ချူထျန်ဖုန်းမှာ ဇဝေဇဝါ ဖြစ်သွားရသည်။
သာမန်လူတွေကို မရောင်းရင် အိမ်တွေ ဆောက်တာက ဘာအတွက်လဲ။
ဒါက ငှားစားလို့ရတဲ့ စီးပွားရေး အဆောက်အဦးမှ မဟုတ်တာ။
“ဦးလေးချူ မစိုးရိမ်ပါနဲ့၊ ကျွန်တော့်မှာ အစီအစဉ်ကောင်း ရှိပါတယ်။” ချင်းလန်က အသေးစိတ် မပြောဘဲ လျှို့ဝှက်ချက် တစ်ခုလို ထားခဲ့ပြီး အခွင့်အရေး ရသည်နှင့် ထွက်ခွာသွားတော့သည်။
ချူထျန်ဖုန်း နှင့် သမီးဖြစ်သူတို့မှာ ဘာမှ မတတ်နိုင်ဘဲ ကြောင်စီစီဖြင့် ကျန်ရစ်ခဲ့ကြတော့သည်။
“အဖေ... အဖေ အရင် ပြန်နှင့်လိုက်ပါ။ သူ ဘာတွေ လုပ်ဦးမလဲ ဆိုတာကို သမီး သွားမေးလိုက်ဦးမယ်”
ချူမုန်ယောင်သည် သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ကာ သူမ အဖေကို ခဏမျှ ဖျောင်းဖျပြီးနောက် ချင်းလန်၏ အိမ်သို့ ဒေါသတကြီး လိုက်သွားတော့သည်။