အခန်း (၂၀၀) ချူမုန်ယောင်၏ အတွေး
ဒါဟာ မာနချင်း ပြိုင်ဆိုင်မှု သက်သက်သာ ဖြစ်လေသည်။
ချူမုန်ယောင်သည် စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်မိပြီး ချင်းလန်သည် အနည်းဆုံးတော့ မျက်လုံးမကန်းသေးသဖြင့် လုံးဝ အသုံးမကျသူတော့ မဟုတ်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
ခုနက ကျန်းမေယု ဆိုသည့် မိန်းကလေးမှာ သူမရှေ့တွင် လာပြီး ကြွားလုံးထုတ်နိုင်မယ်လို့ ထင်နေတာလား။
ကိုယ့်အတိုင်းအတာကိုယ်တောင် မသိတဲ့သူသာ ဖြစ်လေသည်။
ချင်းလန်၏ အကဲခတ်နိုင်စွမ်းမှာ တော်တော်လေး ကောင်းလှပေသည်။
“ရှင် စိတ်ဆိုးနေတာလား”
ချူမုန်ယောင်က ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်လေသည်။
ချင်းလန်က ခေါင်းပင် လှည့်မကြည့်ဘဲ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကာ “မင်း မျက်စိမမြင်ဘူးလား။ ကိုယ့်ဘာသာ မကြည့်တတ်ဘူးလား” ဟု ပြန်ပြောလိုက်၏။
ထိုစကားတစ်ခွန်းက ချူမုန်ယောင်ကို စကားအထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားစေတော့သည်။ သူမသည် အတော်ကြာအောင် အားယူပြီးမှ “ခုနကတင် စကားတွေ ကောင်းကောင်း ပြောနေကြတာ မဟုတ်လား။ ကျန်းမေယုက ကိုယ်လုံးကိုယ်ပေါက်လည်း တော်တော်လှတာပဲလေ၊ ဘာလို့ ရုတ်တရက်ကြီး စိတ်ဆိုးပြီး မောင်းထုတ်လိုက်တာလဲ။ ဘာဖြစ်သွားလို့လဲ” ဟု မေးလိုက်လေသည်။
ချင်းလန်သည် အနောက်သို့ လှည့်မကြည့်သေးဘဲ သူ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းထားဆဲ ဖြစ်လေသည်။
ချူမုန်ယောင်က ဘာလို့ ရုတ်တရက်ကြီး စကားတွေ အများကြီး ပြောနေရတာလဲ။
သူမက သူ့ကို စိုးရိမ်နေတာလား။
အဓိပ္ပာယ် မရှိတာတွေ။
သူ့ကိုယ်သူ ထိုမျှအထိတော့ သိပါသေးသည်။ ချူမုန်ယောင်သည် အမျိုးသမီးချင်း ပြိုင်ဆိုင်မှုတွင် အနိုင်ရလိုက်သဖြင့် ပျော်ရွှင်နေခြင်းသာ ဖြစ်ပြီး ချင်းလန်က သူမအတွက်ကြောင့် ဒေါသထွက်သွားသည်ဟု ကြားချင်ရုံသက်သက်သာ ဤသို့ မေးမြန်းနေခြင်း ဖြစ်ပေသည်။
ဒါက အောင်နိုင်သူတစ်ယောက်က မိမိ၏ စစ်မြေပြင်ကို ပြန်လည် စစ်ဆေးနေသလိုမျိုးပင်။
သူမ၏ ရင်ထဲတွင် တကယ့်ကို ပျော်ရွှင်နေမိခြင်း ဖြစ်လေသည်။
ချူမုန်ယောင်သည် ချင်းလန်ဆီမှ အတည်ပြုချက်ကို အလွန် လိုလားနေသော်လည်း ချင်းလန်ကမူ သူမ၏ ဆန္ဒကို တမင်တကာ ဖြည့်မပေးခဲ့ပါချေ။
သူသည် ဘာမှ ပြန်မပြောဘဲ သူ၏ စိတ်လှုပ်ရှားမှုများကို တည်ငြိမ်သွားစေရန် အသက်ကို မှန်မှန် ရှူသွင်း ရှူထုတ် လုပ်နေမိသည်။
ချူမုန်ယောင်သည် ဘေးတွင် ရပ်နေရင်း ထွက်သွားရမလား၊ ဆက်နေရမလား မဝေခွဲနိုင် ဖြစ်နေလေသည်။
သူမ ကြားချင်သည့် အဖြေကို မရသဖြင့် တော်တော်လေး စိတ်တိုနေမိသည်။
အတော်ကြာမှ ချင်းလန်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ကာ “မင်းအဖေက ဒီရက်ပိုင်း ကုမ္ပဏီကို ရောက်တာ နည်းလာတယ်လို့ ငါ ကြားတယ်နော်” ဟု ဆိုလိုက်လေသည်။
ဒါက လက်ရှိ အခြေအနေကို မကျေနပ်လို့လား၊ ဒါမှမဟုတ် အဖွဲ့အစည်းကြီးက ချူလုပ်ငန်းစုကို စွန့်ပစ်ဖို့ ဆုံးဖြတ်လိုက်ပြီလား။
“ဘယ်သူကများ အရှက်မရှိ ကောလာဟလတွေ လျှောက်ဖြန့်နေပြန်ပြီလဲ” ချူမုန်ယောင်က မကျေမနပ် မေးမြန်းလိုက်၏။
ချင်းလန်က ကုမ္ပဏီကို တစ်ခါမှ မလာဖူးဘဲနှင့် သူမ အဖေ၏ လှုပ်ရှားမှုတွေကို ဘယ်လိုလုပ် သိနိုင်မည်နည်း။
ဒါဟာ ဒါရိုက်တာ အဖွဲ့ထဲက အဖိုးကြီးတွေ ချင်းလန်ကို ဖားချင်လို့ သတင်းပေးလိုက်တာ သေချာလှပေသည်။
ချင်းလန်က တည်ကြည်သော မျက်နှာဖြင့် လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး “ငါ မင်းကို မေးခွန်းမေးနေတာလေ၊ မင်းရဲ့ ညည်းညူသံတွေကို ငါ မကြားချင်ဘူး” ဟု ပြောလိုက်လေသည်။
ချူမုန်ယောင်က “အင်းပါ” ဟု ဆိုကာ မျက်စောင်းထိုးလိုက်ပြီး “အဲ့ဒါက အမှန်မဟုတ်ပါဘူး၊ အဲ့ဒီလူတွေက လျှောက်ပြောနေတာပါ။ တကယ်လို့ အဖေက ချူလုပ်ငန်းစုအပေါ် စိတ်မဝင်စားတော့ဘူး ဆိုရင် ကျွန်မကရော ဘာလို့ ဒီမှာနေပြီး ရှင့်အမိန့်တွေကို နာခံနေရဦးမှာလဲ” ဟု ဆိုလေသည်။
တကယ်လို့သာ သူမ အဖေအတွက် မဟုတ်လျှင်၊ ချူလုပ်ငန်းစုက သူမ အဖေ တစ်သက်လုံး ကြိုးစားခဲ့ရတဲ့ အသီးအပွင့်တွေ မဟုတ်ခဲ့လျှင်။
သူမက ဘာကြောင့် ချင်းလန်ရှေ့မှာ မာနတွေကို အကုန်ချပြီး ကလေးထိန်းတစ်ယောက်လို နှိမ့်ချ ပြုမူနေရပါမည်နည်း။
“…”
ချင်းလန်က တစ်မျိုး တစ်ဖုံ ထင်မြင်ယူဆသွားမှာ စိုးသဖြင့် ချူမုန်ယောင်က သူမ အဖေ၏ မကြာသေးမီက လှုပ်ရှားမှုများကို အမှန်အတိုင်း ရှင်းပြလိုက်လေသည်။
ရှန်ဟိုင်းက သူဌေးတစ်ယောက်က သူမ အဖေနှင့် အိမ်ခြံမြေ လုပ်ငန်းတစ်ခုအကြောင်း ဆွေးနွေးနေခြင်းသာ ဖြစ်ပေသည်။
ချင်းလန်က ဘာမှမသိသလို ဟန်ဆောင်ကာ “အိမ်ခြံမြေလား။ ငါလည်း ဒီနယ်ပယ်မှာ လုပ်ဖို့ အစီအစဉ် ရှိနေတာနဲ့ အတော်ပဲ” ဟု ဆိုလိုက်၏။
“ကြည့်ရတာ မင်းအဖေဘက်က ရင်းနှီးမြှုပ်နှံမှု မလောက်လို့ သိပ်မပါချင်တာ ထင်တယ်။ ငါနဲ့ ပူးပေါင်းဖို့ မင်း ပြောကြည့်ပါလား”
…
နောက်တစ်နေ့ မွန်းလွဲပိုင်း။
ထျန်ဟိုင်မြို့ရှိ အဆင့်မြင့် လက်ဖက်ရည်ဆိုင်….
တိတ်ဆိတ် ငြိမ်သက်လှသော သီးသန့် အခန်းလေးထဲတွင် ချူထျန်ဖုန်းမှာ စိတ်မကောင်းစွာဖြင့် “သခင်လေး ချင်း... အဲ့ဒီလူ မရောက်ခင်မှာ ကျွန်တော် တစ်ခုလောက် ကြိုပြောထားချင်တယ်” ဟု ဆိုလိုက်လေသည်။
“မကြာသေးမီ နှစ်တွေအတွင်းမှာ အိမ်ခြံမြေ လုပ်ငန်းက တကယ်ပဲ လျင်လျင်မြန်မြန် တိုးတက်လာတာ မှန်ပေမဲ့ ထျန်ဟိုင်မြို့က တော်တော်လေး စည်ကားနေပြီဆိုတာ သိသင့်တယ်။ အနည်းဆုံးတော့ အခုလောလောဆယ်မှာ အိမ်ခြံမြေ အသစ်တွေ ထပ်မလိုသေးဘူး။”
“စီးပွားရေးသမား အများကြီးက ဒီဈေးကွက်ထဲကို တိုးဝင်လာကြလို့ အဆောက်အဦးတွေ အများကြီးက ဆောက်လက်စတွေ ဖြစ်နေတာ။ အဲ့ဒါတွေ ပြီးသွားရင်တော့ ဝယ်လိုအားထက် ရောင်းလိုအားက ပိုများသွားလိမ့်မယ်။”
“အိမ်ဈေးတွေ ထိုးမကျသွားရင်တောင် အမြတ်ရဖို့ကတော့ ကန့်သတ်ချက် ရှိသွားမှာပဲ။ အဲ့ဒါတွေ ရောင်းထွက်ဖို့ကတော့ ပြဿနာ အကြီးကြီး ဖြစ်လိမ့်မယ်။”
သူသည် ချင်းလန်ကို စိတ်လိုက်မာန်ပါ မလုပ်ရန်နှင့် ကြားသမျှကို မယုံကြည်ရန် စေတနာဖြင့် အကြံပေးနေခြင်း ဖြစ်လေသည်။
ပိုက်ဆံ ဆိုတာက ဘယ်က လွယ်လွယ်နဲ့ ရမှာလဲ။
လူအများစုက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲပြီး သတင်းအချက်အလက် မစုံလင်မှုကြောင့် ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရတတ်သည် မဟုတ်ပါလား။
ချူမုန်ယောင်သည် သူမ လက်ထဲက လက်ဖက်ရည်ခွက်ကို ကစားနေရင်း သူမ အဖေကို တစ်ချက်တစ်ချက် လှမ်းကြည့်နေမိသည်။
တကယ်လို့ ချင်းလန်သာ ဒီမှာ မရှိလျှင် သူမသည် သူမ အဖေကို ပါးစပ်ပိတ်ထားရန် ပြောမိလိမ့်မည်။
ဘာမှ ထပ်မပြောနဲ့တော့။
သူ့ဘာသာသူ လုပ်ချင်တာ လုပ်ပါစေ။
ချင်းလန်က အိမ်ခြံမြေ လုပ်ငန်းမှာ ချမ်းသာချင်တယ် ဆိုမှတော့ လွှတ်ထားလိုက်ပေါ့။ တကယ်လို့ သူ ဆုံးရှုံးမှုတွေနဲ့ ကြုံရမယ် ဆိုရင်လည်း အဲ့ဒါက သူ့ရဲ့ ကံတရားပဲလေ။
သူမ အဖေက ဘာလို့ ဒီလောက်တောင် စိတ်ထားကောင်းနေရသလဲ သူမ မသိပါချေ။ တကယ်လို့ သူမ ချင်းလန်လက်ထဲမှာ ဘယ်လောက်တောင် ခံစားခဲ့ရလဲ ဆိုတာကိုသာ အဖေ သိခဲ့လျှင် အခုလို သူ့ကို အကြံပေးချင်စိတ် ရှိဦးမည်လား။
“ဦးလေးချူ... ဦးလေးရဲ့ အကြံပေးချက်ကို ကျွန်တော် စဉ်းစားပါ့မယ်။ ဒါပေမဲ့ တချို့သော အရာတွေမှာတော့ ကျွန်တော် ပိုပြီး ယုံကြည်မှု ရှိပါတယ်”
ချင်းလန်က လူငယ်တစ်ယောက်၏ နှိမ့်ချမှုမျိုးဖြင့် ပြုံးလျက် ပြန်လည် ဖြေကြားလိုက်လေသည်။
“အပိုတွေ” ချူမုန်ယောင်က တိုးတိုးလေး ရေရွတ်ကာ နှာခေါင်းရှုံ့လိုက်လေသည်။
“ယောင်ယောင်” ချူထျန်ဖုန်းက လှည့်ကြည့်ကာ သူမကို ဒေါသတကြီး ဆူလိုက်၏။ ထို့နောက် ချင်းလန်ဘက်သို့ လှည့်ကာ အားနာဟန်ဖြင့် “သခင်လေး ချင်း... သူမကို နားလည်ပေးပါဦး။ ဒီကလေးက ငယ်ငယ်ကတည်းက အလိုလိုက်ခံထားရလို့ စဉ်းစားဆင်ခြင်မှု မရှိဘဲ ပြောတတ်တာပါ” ဟု ဆိုလိုက်လေသည်။
ချင်းလန်က ပြုံးလျက် ခေါင်းခါပြကာ ဂရုမစိုက်ကြောင်း ပြလိုက်၏။ ထို့နောက် သူသည် သွေးကြောသန့်စင်ဆေးပြား တစ်ပြားကို ထုတ်ယူကာ ချူထျန်ဖုန်းအား ကမ်းပေးလိုက်လေသည်။ “ဦးလေးချူ... ဦးလေးရဲ့ ကျန်းမာရေးက လုံးဝ ပြန်ကောင်းသေးတာ မဟုတ်ဘူး မလား။ ဒီနေ့ ကျွန်တော့်ဆီမှာ ဒီဆေးပြား ပါလာတာနဲ့ အတော်ပဲ။ ဒါလေးကို သောက်လိုက်ပါ”
“ဒါက... ဒါက အရမ်း တန်ဖိုးကြီးလွန်းပါတယ်”
ချူထျန်ဖုန်းသည် သူ့လက်ထဲက ဆေးပြားကို ကြည့်ကာ မှင်သက်သွားရသည်။ ပြီးခဲ့သည့် အကြိမ်က သောက်ခဲ့ပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ သိသိသာသာ ပေါ့ပါး လန်းဆန်းသွားခဲ့သည် မဟုတ်ပါလား။
အခု နောက်ထပ် တစ်ပြား ရရှိလိုက်သည့် အခါတွင်တော့ သူသည် အားနာစိတ်များဖြင့် လက်ကလေးပင် တုန်နေမိတော့သည်။
ချင်းလန်ဆီကနေ ဒုတိယ အကြိမ်မြောက် လက်ဆောင်ကို ယူဖို့ သူ မဝံ့မရဲ ဖြစ်နေခြင်း ဖြစ်လေသည်။
“ဈေးရောင်းကောင်းဖို့အတွက် တစ်ခုဝယ်ရင် တစ်ခုလက်ဆောင် ပေးတဲ့ သဘောမျိုးမို့လို့ အားမနာဘဲ ယူလိုက်ပါ ဦးလေး”
ချင်းလန်က ချူထျန်ဖုန်း၏ အားနာနေသော မျက်နှာကို ကြည့်ကာ ရှင်းပြလိုက်သလို ချူမုန်ယောင်ကိုလည်း တစ်ချက် မျက်စိမှိတ်ပြလိုက်လေသည်။
ချူမုန်ယောင်က သဘောပေါက်သွားပြီး ချက်ချင်းပင် ခေါင်းညိတ်ပြကာ “အဖေ... ချင်းလန်က စေတနာနဲ့ ပေးတာပဲ၊ ယူလိုက်ပါနော်။ ဒါက အလှကုန်ပစ္စည်း မဟုတ်ဘူး၊ အသက်ကယ်ဆေး ဖြစ်နေတာလေ” ဟု ဆိုလိုက်၏။
“အင်းလေ၊ ဒါဆိုရင်လည်း အဖေ ယူလိုက်ပါ့မယ်” ချူထျန်ဖုန်းသည် အားနာနေသော်လည်း သူ၏ ကျန်းမာရေး အခြေအနေကြောင့် ဆေးပြားကို မတတ်သာဘဲ လက်ခံလိုက်ရတော့သည်။
သူသည် ကျေးဇူးဆပ်ရန် နည်းလမ်း မရှိသဖြင့် ချင်းလန်ကို ကျေးဇူးတင်သည့် အကြည့်ဖြင့်သာ ကြည့်နေမိတော့သည်။ စကားလုံးများ မလိုဘဲ အရာအားလုံးကို နားလည်သွားခဲ့ကြပြီ ဖြစ်လေသည်။
“ဦးလေးချူကလည်း အားနာနေပြန်ပြီ” ချင်းလန်က ရယ်မောလိုက်၏။
ချူထျန်ဖုန်းသည် ပထမ ဆေးပြားအတွက် တန်ဖိုးကို ပေးချေခဲ့ပြီးသား ဖြစ်သဖြင့် ဤဒုတိယ ဆေးပြားသည် သူနှင့် ထိုက်တန်လှပေသည်။ ဤသို့ ပေးလိုက်ခြင်းဖြင့် ချင်းလန်မှာ ဘာမှ ဆုံးရှုံးသွားခြင်း မရှိသည့်အပြင် ချူထျန်ဖုန်း၏ ယုံကြည်မှုကိုလည်း အပြည့်အဝ ရရှိသွားခဲ့ပြီ ဖြစ်လေသည်။
ချင်းလန်သည် သူ့ကိုယ်သူပင် တကယ့်ကို ပါးနပ်တဲ့ လူလည်ကြီး တစ်ယောက်ဟု တွေးမိတော့သည်။
ဘေးတွင် ရပ်နေသည့် ချူမုန်ယောင်မှာမူ သူမ အဖေနှင့် ချင်းလန်တို့၏ သာယာသော စကားဝိုင်းကို ကြည့်ကာ ကြောင်စီစီ ဖြစ်နေမိသည်။
ဒီနေ့ နေက အနောက်ဘက်က ထွက်နေတာလား။
ဘာလို့ ချင်းလန်က လူတစ်ယောက်လုံး ပြောင်းလဲသွားသလို ဖြစ်နေရတာလဲ။
မနေ့ညကလည်း သူမအတွက်ကြောင့် ကျန်းမေယုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို အခုလည်း တန်ဖိုးမဖြတ်နိုင်တဲ့ ဆေးပြားကို ဘာအကျိုးအမြတ်မှ မတောင်းဘဲ ပေးလိုက်ပြန်ပြီလေ။
ဒါဆိုရင် ချင်းလန်က... သူမကို တကယ်ပဲ ကြိုက်နေတာများလား။