အခန်း (၁၉၄) ရှီယာ ဒေါသထွက်နေတယ်
“ကျွန်တော် သွားကြည့်လိုက်ဦးမယ်”
ချင်းလန်က ရှီယာကို ပြောပြီးနောက် အုတ်ကြွပ်မိုးထားသည့် အိမ်လေးဆီသို့ လျှောက်သွားလိုက်သည်။ သူက သိချင်စိတ်ဖြင့်
“မှိုအိမ်ကလေးကို ဧည့်သည်အသစ် ရောက်နေပြီလေ၊ အဲ့ဒါ မိန်းကလေးတစ်ယောက်ပဲ။ မင်း ဘာလို့ သူနဲ့ စကားမပြောဘဲ ဒီမှာ ဘာလုပ်နေတာလဲ”
ဟု မေးမြန်းလိုက်လေသည်။
“သမီးလည်း မသိဘူး”
ဇီဖုန်းက ငိုင်တိုင်တိုင်နှင့် ခေါင်းခါပြကာ
“ချင်းလန် ထွက်သွားတော့မယ်ဆိုတဲ့ သတင်းကို ကြားပြီးကတည်းက သမီး စိတ်ထဲမှာ မသက်မသာ ဖြစ်ပြီး ကြောက်နေမိတာ။ သတိပြန်ဝင်လာတဲ့အချိန်မှာ သမီးက ဒီကို ရောက်နေပြီ”
ဟု တိုးတိုးလေး ရေရွတ်လိုက်၏။ သူမသည် ဘေးပတ်ပတ်လည်တွင် လူမရှိသည့်အချိန်၊ ကင်မရာ ရိုက်ကူးခံရမည်ကိုလည်း စိုးရိမ်မနေတော့ဘဲ ချင်းလန်ကို ဖက်ကာ သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်လေသည်။
“အာ... ဇီဖုန်း ဘာလုပ်တာလဲ။ မဟုတ်တာ၊ ဒါမျိုး မလုပ်ပါနဲ့”
ချင်းလန်က ငြင်းဆန်နေသော်လည်း လက်များကမူ သူမ၏ နူးညံ့လှပသော ကျောပြင်လေးကို လှမ်းဖက်ထားမိလေသည်။
ဇီဖုန်း၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားတော့သည်။ ဤအခိုက်အတန့်တွင် သူမသည် အရှက်အကြောက်အားလုံးကို မေ့ပစ်လိုက်၏။ ချင်းလန်ကို ဖက်လိုက်ရသည့် ခဏတာအတွင်း အရာအားလုံးသည် ထိုက်တန်သွားပြီဟု သူမ ခံစားလိုက်ရသည်။
“အစ်ကိုချင်း၊ အစ်ကို့ဆီက ကြားတာတော့ အစ်ကိုက ဝတ္ထုရေးနေတယ်ဆို၊ အဲ့ဒါကို နောက်ကျရင် ရုပ်သံဇာတ်လမ်းတွဲ ရိုက်တော့မှာလား”
ဇီဖုန်းက ချင်းလန်၏ ရင်ခွင်ထဲတွင် မှီတွယ်ရင်း သူမ၏ အရည်လဲ့နေသော မျက်ဝန်းဝိုင်းလေးများဖြင့် မော့ကြည့်ကာ မေးလိုက်လေသည်။
“ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ”
ချင်းလန်က ဘာမှမသိသလို ဟန်ဆောင်ကာ ခေါင်းညိတ်ပြလိုက်၏။
ဇီဖုန်းက စိုးရိမ်တကြီးဖြင့်
“အစ်ကိုချင်းက ဘာလို့ ဝတ္ထုရေးတာလဲ။ ကျိုးကြောင်းဆင်ခြင်ကြည့်ရင် အစ်ကိုက ပိုက်ဆံ လိုအပ်နေတဲ့သူ မဟုတ်ဘူးလေ”
ဟု မေးလိုက်သည်။ သူမသည် ထိုအဖြေကို ကြားချင်လို့ စောင့်မျှော်နေခြင်း ဖြစ်သည်။
ချင်းလန်က သက်ပြင်းချလိုက်ကာ
“ဒါတွေ အားလုံးက ငါ့ရဲ့ စီနီယာအစ်မကြောင့် မဟုတ်လား။ ရှီယာက ဖျော်ဖြေရေးလောကမှာ ဘယ်လို အဆင့်အတန်းရှိလဲ၊ ပရိသတ် ဘယ်လောက်များလဲဆိုတာ မင်းလည်း သိပါတယ်”
ဟု ဆိုလိုက်လေသည်။
သူမကဲ့သို့ ထိပ်တန်းကြယ်ပွင့်တစ်ဦးမှာ အမြင့်ကြီးကို ရောက်နေသဖြင့် အနည်းငယ်မျှ ချော်လဲသွားရုံနှင့်ပင် အကြီးအကျယ် ထိခိုက်သွားနိုင်ပေသည်။
“အစ်မရှီယာမှာ ရုပ်သံဇာတ်လမ်းတွဲအသစ်တွေ၊ ရုပ်ရှင်တွေ မထွက်တာ ကြာပြီလေ။ ဒါကြောင့်သာ မင်း ဒီအစီအစဉ်မှာ သူမကို တွေ့နေရတာပေါ့။ မင်း ယုံမှာ မဟုတ်ပေမဲ့ အစ်မရှီယာက သူမရဲ့ နာမည်ကို ထိန်းထားဖို့အတွက် ရှနယ်လ် အတွင်းခံ ကြော်ငြာကိုတောင် လက်ခံရတော့မလို ဖြစ်နေတာ။ ပရိသတ်တွေ အများကြီးက အစ်မရှီယာရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို မြင်နေရမှာကို ငါ မလိုလားဘူး”
“ဝတ္ထုရေးရတာ ခက်ခဲပြီး ဦးနှောက်သုံးရတာ များပေမဲ့ အစ်မရှီယာအတွက်တော့ ငါ ဒါကို လုပ်ပေးရမှာပဲ”
ချင်းလန်က ပြောရင်းနှင့် သူ၏ ဆံပင်များကို ဆွဲဖွလိုက်ရာ ဇာတ်လမ်းအတွက် အကြီးအကျယ် စဉ်းစားနေရသည့် ပုံစံ ပေါ်သွားလေသည်။
ဇီဖုန်းမှာ စိတ်မကောင်း ဖြစ်သွားရပြီး သူပြောသွားသည့် အစပိုင်း စကားများကို အလိုအလျောက် လျစ်လျူရှုလိုက်မိသည်။
သူက ရှီယာအတွက် ဒီလောက်အထိ လုပ်ပေးနေတာလား။
သူမသည် ရှီယာရှေ့တွင် ထိုစကားများကို မပြောခဲ့ပေ။ အစ်ကိုချင်းသည် သူမ၏ ရှေ့တွင် “သူမအတွက် လုပ်ပေးတာပါ” ဟု ပြောရန် ရှက်နေခြင်းသာ ဖြစ်မည်ဟု သူမ ထင်လိုက်မိသည်။
သူမကိုယ်တိုင်လည်း တစ်ခါတလေ တစ်စုံတစ်ယောက်အတွက် တိတ်တဆိတ် လုပ်ပေးတတ်သော်လည်း ထိုလူနှင့် တွေ့သည့်အခါ စကားတစ်လုံးမှ မပြောရဲလောက်အောင် ရှက်တတ်သည် မဟုတ်ပါလား။ ထိုခံစားချက်ကို သူမ နားလည်ပါသည်။
“ရပါတယ်၊ ဖျော်ဖြေရေးလောကမှာ ဇာတ်ညွှန်းကောင်းတွေ ရှားပေမဲ့ လုံးဝမရှိတာတော့ မဟုတ်ပါဘူး။ ဒါကြောင့်လည်း အစ်မရှီယာက ဒီလို အဆင့်အတန်းကို ရောက်နေတာပေါ့။ အစ်ကိုချင်း ဒီလောက်အထိ ပင်ပင်ပန်းပန်း မလုပ်ပါနဲ့”
ဇီဖုန်းက ဆက်ပြောလိုက်၏။ သူမသည် ချင်းလန်ကို ပင်ပင်ပန်းပန်း မလုပ်ရန်နှင့် ရှီယာအတွက် အများကြီး စိုးရိမ်မနေရန် တိုက်တွန်းနေသော်လည်း အမှန်တကယ်တွင်မူ သူမသည် ချင်းလန်ကို နာမည်ကျော်ကြားမှုအတွက် အလုပ်များနေခြင်းကို မလိုလားကြောင်း သွယ်ဝိုက်ပြောဆိုနေခြင်း ဖြစ်လေသည်။
ချင်းလန်က ထိုပရိယာယ်လေးကို အလွယ်တကူပင် နားလည်လိုက်သည်။
သို့သော် ဘယ်သူ့ကို အပြစ်တင်ရမည်နည်း၊ တစ်စုံတစ်ယောက်က တိတ်တဆိတ် ချောင်းနားထောင်နေပြီ မဟုတ်ပါလား။
သူက ခေါင်းခါပြလိုက်ကာ
“ဒါတော့ မဖြစ်ဘူး။ ဖျော်ဖြေရေးလောကဆိုတာ အပုပ်နံ့နံတဲ့ နေရာကြီးပဲ။ ဇာတ်ညွှန်းကောင်းကောင်းရှိတဲ့ အဲ့ဒီ ဒါရိုက်တာတွေက ဘယ်လို စိတ်ပုပ်စိတ်ယုတ်တွေ ရှိမလဲ ဘယ်သူသိမှာလဲ။ အစ်မရှီယာက အရမ်းလှသလို စူပါစတားလည်း ဖြစ်တော့ သူတို့က နာမည်ကို အသုံးချပြီး အခွင့်အရေး ယူကြမှာပေါ့”
“အဲ့ဒီအပြင် ဒီနှစ်ပိုင်းတွေမှာ အောင်မြင်တဲ့ လက်ရာတွေလည်း မထွက်လာဘူး။ တကယ်လို့ အဲ့ဒီ ဒါရိုက်တာတွေက ဒါကို အခွင့်ကောင်းယူပြီး တစ်ခုခု တောင်းဆိုလာရင် ဘယ်လိုလုပ်မလဲ။ အစ်မရှီယာကို ဇာတ်ညွှန်းလေး တစ်ခုအတွက်နဲ့ သူမ မလုပ်ချင်တာတွေကို အတင်းအကျပ် လုပ်ခိုင်းမှာကို ငါ မလိုလားဘူး”
“ငါ နည်းနည်း ပင်ပန်းရတာ၊ အခက်အခဲ တွေ့ရတာတွေကို ဂရုမစိုက်ပါဘူး၊ သူမအတွက် အထောက်အကူ ဖြစ်ရင် ပြီးတာပါပဲ”
ဇီဖုန်းက ဆက်ပြီး ဖျောင်းဖျနေသလို ချင်းလန်ကလည်း ဆက်ပြောနေလေသည်။ တစ်ယောက်က မိမိအကြောင်း ပြောနေပြီး နောက်တစ်ယောက်က ရှီယာအကြောင်း ပြောနေကြခြင်း ဖြစ်သည်။
လုံးဝ မသက်ဆိုင်သည့် အကြောင်းအရာများကို အတင်းအကျပ် ဆက်စပ်လိုက်ကြခြင်းပင်။ ဇီဖုန်း၏ နားလည်နိုင်စွမ်းကတော့ တကယ်ကို ကောင်းလှပေသည်။
ချင်းလန်သည် စနစ်၏ အသိပေးချက်များကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။
“တင်း၊ ကံကြမ္မာရှင် အမျိုးသမီး ရှီယာသည် မကျေမနပ် ဖြစ်သော ခံစားချက်များ ရှိလာပါသည်။ အိမ်ရှင်အနေဖြင့် ဗီလိန်ရမှတ် +၅၀၀ ရရှိသည့်အတွက် ဂုဏ်ယူပါသည်”
“တင်း၊ ကံကြမ္မာရှင် အမျိုးသမီး ရှီယာသည် အလွန်အမင်း မကျေမနပ် ဖြစ်နေပါသည်။ အိမ်ရှင်အနေဖြင့် ဗီလိန်ရမှတ် +၁၀၀၀ ရရှိသည့်အတွက် ဂုဏ်ယူပါသည်”
“တင်း၊ ကံကြမ္မာရှင် အမျိုးသမီး ရှီယာသည် အလွန်အမင်း မကျေမနပ် ဖြစ်နေရာမှ သူမဘာသာ ပြန်လည် ကုစားနိုင်သွားပါသည်။ အမှန်တကယ်တွင် သူမ၏ အိမ်ရှင်အပေါ် နှစ်သက်မြတ်နိုးမှုမှာ သိသိသာသာ မြင့်တက်သွားပါသည်။ အိမ်ရှင်အနေဖြင့် ဗီလိန်ရမှတ် +၁၀၀၀၀ ရရှိသည့်အတွက် ဂုဏ်ယူပါသည်”
မနီးမဝေးတွင် ချောင်းနားထောင်နေသည့် ရှီယာ၏ ရင်ထဲတွင် မကျေမနပ် ခံစားချက်များ ဝေစီသွားရသည်။
သူမက နာမည်ကျော်ကြားမှုအတွက် ရှနယ်လ် အတွင်းခံ ကြော်ငြာကို လက်ခံမယ် ဟုတ်လား။
ဇာတ်ညွှန်းကောင်းတစ်ခုအတွက် သူမ မလုပ်ချင်တာတွေကို လုပ်ရလိမ့်မယ် ဟုတ်လား။
ချင်းလန်၏ မျက်လုံးထဲတွင် သူမသည် အရှက်အကြောက် မရှိသူတစ်ယောက် ဖြစ်နေသလား။
ချင်းလန်၏ မျက်လုံးထဲတွင် သူမသည် နာမည်ကြီးဖို့အတွက် သူမ၏ အဖြူထည် ဘဝကို စတေးမည့် အမျိုးသမီး အနုပညာရှင်တစ်ယောက် ဖြစ်နေသလား။
ဒေါသထွက်လိုက်တာ။
အဲ့ဒီ ငတုံး ချင်းလန်၊ သူမကို ဘယ်လိုလူလို့ ထင်နေတာလဲ။
ရှီယာ၏ စိတ်ထဲတွင် ချင်းလန်ကို အကြိမ်ပေါင်း ထောင်ချီ၊ သောင်းချီပြီး ဆဲဆိုနေမိသည်။ ဒေါသများကို ဖွင့်ထုတ်ပြီးနောက် သူမဘာသာ ပြန်လည် ရေရွတ်မိတော့သည်။
ကြည့်ရတာ ချင်းလန် တွေးနေတာတွေက အကြောင်းမဲ့တော့ မဟုတ်ဘူး၊ ဒါတွေ အားလုံးက သူမဘာသာ ကြိုတင် ဖန်တီးထားခဲ့မိတဲ့ ကိစ္စပဲလေ။
အင်းလေ။
သူမ ဝန်ခံပါတယ်။ ချင်းလန်ဆီကို ညဉ့်နက်သန်းခေါင်မှာ ထိုဓာတ်ပုံတွေ ပို့ခဲ့မိသလို ရှနယ်လ် ကြော်ငြာ ရိုက်တော့မယ်ဆိုပြီး လိမ်ညာပြောခဲ့မိတာ သူမ အမှားပါ။
ဒါပေမဲ့ ချင်းလန်နဲ့ ဇီဖုန်းတို့က နေ့ဘက်မှာ အမြဲ တတွဲတွဲရှိနေပြီး လယ်ကွင်းပြင်ထဲမှာ သူတို့ရဲ့ အချစ်ဇာတ်လမ်းတွေက ပွင့်လန်းနေကြတာ မဟုတ်ဘူးလား။
မိန်းကလေးတစ်ယောက်အနေနဲ့ ဒီလို အခြေအနေမျိုးမှာ စိုးရိမ်စိတ် မဝင်ဘဲ နေနိုင်ပါ့မလား။
ချင်းလန်အပေါ် ခံစားချက်ရှိနေတဲ့ စီနီယာအစ်မတစ်ယောက်အနေနဲ့ သူမရဲ့ ကိုယ်လုံးကိုယ်ပေါက် လှလှပပ ပေါ်လွင်နေတဲ့ ဓာတ်ပုံလေးတွေ ပြမိတာ ဘာမှားလို့လဲ။
“ဟန်ဆောင်ကောင်းလိုက်တဲ့ လူကြီး”
ရှီယာသည် လက်သီးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သွားကြိတ်ကာ ညည်းတွားလိုက်မိသည်။
ချင်းလန်က ဇီဖုန်းအတွက် ဝတ္ထုတွေရေးပြီး ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ပေးနေတယ်လို့ ပြောခဲ့တာလေ။
အမှန်တကယ်က ဘာလဲ။
သူမ ရှနယ်လ် ကြော်ငြာ ရိုက်မှာကို သူ ကြောက်နေလို့ မဟုတ်ဘူးလား။
ဒါရိုက်တာ ဆိုးဆိုးတွေက သူမကို အခွင့်အရေး ယူမှာကို သူ စိုးရိမ်နေလို့ မဟုတ်ဘူးလား။
ရှီယာက ဘယ်လိုလူလဲ။
သူမ၏ နာမည်ကျော်ကြားမှုတွေ ပျောက်ဆုံးသွားရင်တောင်၊ စူပါစတား ဘဝကနေ ပြုတ်ကျသွားရင်တောင်။
ဘာဖြစ်လဲ။
ချင်းလန်သာ သူမဘေးမှာ ဆက်ရှိနေပေးမယ်ဆိုရင် ဒီနာမည်ကျော်ကြားမှုတွေ ပျောက်ကွယ်သွားလည်း ဘာအရေးလဲ။
မကျေမနပ် ဖြစ်နေရင်းကပင် ရှီယာ၏ ရင်ထဲတွင် ပျားရည်စားလိုက်ရသလို ချိုမြိန်သွားရပြန်သည်။
သူမအပေါ် ဂရုစိုက်ပေမဲ့ စကားကိုတော့ လွှဲပြောတတ်တဲ့ ဂျူနီယာ မောင်လေးတစ်ယောက် ရှိနေတာ မဆိုးပါဘူး။
ဇီဖုန်းကို နှုတ်ဆက်ပြီးနောက် ချင်းလန် လမ်းပေါ်သို့ ပြန်ရောက်လာသည့်အခါ ရှီယာသည် မူလနေရာတွင် စောင့်နေပြီ ဖြစ်သည်။
သူမက မျက်စောင်းလေး ထိုးလိုက်ကာ ခရီးဆောင်အိတ်ကို တွန်းထုတ်လိုက်ပြီး
“ဘာလဲ၊ နှုတ်ဆက်တာက ဒီလောက်တောင် ကြာနေရလား။ မခွဲနိုင် မခွာရက် ဖြစ်နေတာလား။ မခွဲနိုင်ဘူးဆိုရင်လည်း ဒီမှာပဲ နေခဲ့လေ”
ဟု ဆိုလိုက်၏။
“ဘာဖြစ်လို့လဲ။ ခဏလေးပဲ သွားတာကို၊ ကျွန်တော် တစ်ခုခု
အမှားလုပ်မိလို့ အစ်မ စိတ်ဆိုးသွားတာလား”
ချင်းလန်က ဘာမှမသိသလို ခေါင်းကို ကုတ်ရင်း မေးလိုက်သည်။
ရှီယာက နှာခေါင်းရှုံ့လိုက်ကာ အသံလေး တိုးသွားပြီး
“မင်း မှားတယ်”
ဟု ဆိုလေသည်။
“မင်းကို ငါ့အကြောင်းတွေ လျှောက်ပြောခွင့် ဘယ်သူပေးလို့လဲ။ အဲ့ဒီ ဓာတ်ပုံတွေကိုလည်း မင်းတစ်ယောက်တည်းကိုပဲ ပြခဲ့တာလေ...”
နောက်ပိုင်း သူမ၏ ရှင်းပြချက်များမှာ တိုးတိုးလေးသာ ထွက်ပေါ်လာတော့သဖြင့် သူမကိုယ်တိုင်သာ ဘာပြောနေမှန်း သိပေလိမ့်မည်။
“သေချာ မကြားရဘူး၊ ဘာပြောလိုက်တာလဲ”
“ဘာမှမဟုတ်ဘူး၊ သွားစို့”
ရှီယာသည် သူမ၏ ရှည်လျားလှပသော ခြေထောက်များဖြင့် ရှေ့သို့ အားရပါးရ လှမ်းလျှောက်သွားတော့သည်။ သူမသည် အနောက်သို့ လှည့်မကြည့်ဘဲ ရဲရဲဝံ့ဝံ့ လျှောက်သွားနေခြင်း ဖြစ်လေသည်။
ခဏအကြာတွင် သူမသည် အနောက်တွင် ကျန်ခဲ့သည့် ချင်းလန်ကို လှည့်ကြည့်လိုက်ပြီး အရှိန်ကို လျှော့လိုက်လေသည်။ နှစ်ယောက်သား နီးကပ်သွားသည့်အခါ သူမသည် မသိမသာ ချင်းလန်၏ ဘေးသို့ ကပ်သွားပြီး သူ၏ လက်မောင်းကို ချိတ်လိုက်ကာ အနည်းငယ် ရှက်သွေးဖြန်းသွားရလေသည်။
ဒါဟာ သူမအနေနဲ့ ယောကျ်ားတစ်ယောက်ရဲ့ လက်မောင်းကို ပထမဆုံးအကြိမ် စတင် ချိတ်လိုက်ခြင်း ဖြစ်လေသည်။
ခဏအကြာတွင် ချင်းလန်ဘက်က ဘာတုံ့ပြန်မှုမှ မရှိသည်ကို မြင်သောအခါ သူမသည် ပို၍ နီးကပ်စွာ တိုးကပ်လိုက်ပြီး သူ၏ ပခုံးပေါ်သို့ ခေါင်းလေး မှီလိုက်တော့သည်။
သူမသည် မော့ကြည့်ကာ သူ၏ မျက်နှာကို ငေးကြည့်နေမိသည်။
ပရိသတ် သန်းတစ်ရာကျော် ရှိသည့် တရုတ်ပြည်၏ ဧကရီ ရှီယာသည် အချစ်ကျော့ကွင်းထဲတွင် ပိတ်မိနေသည့် မိန်းကလေးငယ်တစ်ဦးကဲ့သို့ သူမ၏ လှပသော မျက်ဝန်းများတွင် ရူးသွပ်မှုများ ပြည့်နှက်နေတော့သည်။
ဤကဲ့သို့သော အချိန်မျိုးတွင် နေရာသာ ကွဲပြားသွားမည်ဆိုလျှင် ချင်းလန် ဘာပဲလုပ်လုပ် သူမအနေနှင့် ငြင်းဆန်မည် မဟုတ်သည်မှာ သေချာလှပေသည်။