အခန်း (၁၉၃) ခန့်မှန်းရလွယ်တဲ့ ပုံသေနည်းလား
ရှီယာသည် သူမ၏ ခေါင်းလေးကို စောင်းလိုက်ပြီး ဝိုင်းစက်နေသော မျက်ဝန်းများဖြင့် ဇဝေဇဝါ ဖြစ်နေလေသည်။
ချင်းလန်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး ရှင်းပြလိုက်၏။ “လစာ အကြောင်း ပြောတာပါ”
“မောင်လေး အဆင်ပြေသလိုပဲ ပေးပါ” ရှီယာက ရယ်မောရင်း “ငါ့မောင်လေးက ဒါရိုက်တာကြီး ဖြစ်တော့မှာပဲလေ၊ စီနီယာအစ်မ တစ်ယောက်အနေနဲ့ ဘယ်လိုလုပ် မကူညီဘဲ နေမှာလဲ” ဟု ဆိုလိုက်လေသည်။
“အစ်မက အဲ့လိုတောင် ပြောမှတော့ ကျွန်တော်လည်း ဒီဇာတ်ညွှန်းကို သေချာ လေ့လာရတော့မှာပေါ့။ အစ်မက ကျွန်တော့်အပေါ် ဒီလောက် စေတနာထားတာကို ကျွန်တော်က ဇာတ်ကားစုတ်ကြီး ရိုက်ပေးလို့ မဖြစ်ဘူးလေ ဟုတ်တယ်မလား”
ချင်းလန်က တည်ကြည်သော မျက်နှာထားဖြင့် “အဲ့ဒါက တကယ်ကို မသင့်တော်ဘူး။ အစ်မရဲ့ သရုပ်ဆောင် မှတ်တမ်းမှာ အမည်းစက် ထင်သွားလိမ့်မယ်” ဟု ပြောလိုက်လေသည်။
“ကောင်းပြီလေ၊ ဒါဆိုရင် အားတဲ့အချိန်ကျရင် နှစ်ယောက်တည်း အခန်းထဲမှာ ဇာတ်ညွှန်းအကြောင်းကို သေသေချာချာ ဆွေးနွေးကြတာပေါ့”
…
နောက်ထပ် ဧည့်သည်အသစ် ရောက်ရှိလာသည့်အခါ ယခင် ဧည့်သည်များ ထွက်ခွာရမည့် အချိန်သို့ ရောက်ရှိလာတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသည့် ပရိသတ်များသည် ချင်းလန် ထွက်သွားမှာကို မလိုလားကြဘဲ စကားပြောခန်းထဲတွင် သူ ဆက်နေရန် တောင်းဆိုသည့် စာများဖြင့် ပြည့်နှက်နေလေသည်။
ဒါရိုက်တာ ချန်ကလည်း သူ ဆက်နေရန် အစွမ်းကုန် ဖျောင်းဖျသော်လည်း နောက်ဆုံးတွင် ချင်းလန်၏ ဆန္ဒကို မကျော်လွန်နိုင်ခဲ့ပေ။
သူသည် ဤအစီအစဉ်သို့ ရောက်လာရခြင်းမှာ ရှီယာ၏ တောင်းဆိုမှုကြောင့် တစ်ပိုင်း၊ သူ၏ နာမည်ကို အနည်းငယ် ထုတ်ဖော်ရန် တစ်ပိုင်းကြောင့်သာ ဖြစ်လေသည်။
ပရိသတ်တွေရဲ့ လူမှုပတ်ဝန်းကျင်မှာ နာမည်ကြီးဖို့လား။
မဟုတ်ပါဘူး။
အရင် အပိုင်းတွေမှာ တွေ့ခဲ့ရတဲ့အတိုင်း ဘယ်လောက်ပဲ နာမည်ကြီးပါစေ အချိန်ကြာလာတာနဲ့အမျှ ပရိသတ်တွေက မေ့သွားကြမှာပင်။
ဒါပေမဲ့ ကျန်ရစ်ခဲ့တဲ့ လက်ရာတွေကတော့ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်း သွားကြမှာပင်ဖြစ်၏။
ဥပမာအားဖြင့် “ကလေးဘဝ” သီချင်းသည် ၂၄ နာရီ မပြည့်ခင်မှာပင် လူမှုကွန်ရက်၏ ထိပ်တန်း ခေါင်းစဉ် ဆယ်ခုထဲသို့ ရောက်ရှိသွားပြီး နာမည်ကြီး တေးဂီတ ဇယားတစ်ခုတွင်လည်း အဆင့် ငါးအထိ ချိတ်ခဲ့လေသည်။
ဒါက အစပဲ ရှိသေးသည်။ နောင်တွင် ပို၍ပင် နာမည်ကြီးလာဦးမည် ဖြစ်လေသည်။
အခြားသော အပြိုင်ကမ္ဘာများတွင် “ကလေးဘဝ” သီချင်းသည် တက္ကသိုလ်ကြီးများ၏ မွန်းလွဲပိုင်း အနားယူချိန်များတွင် မရှိမဖြစ် ဖွင့်ရသော သီချင်းတစ်ပုဒ် ဖြစ်ခဲ့သည် မဟုတ်ပါလား။
ချင်းလန်သည် “သိမ်းငှက်သူရဲကောင်း” ကို ဒါရိုက်တာ ချန်၏ အစီအစဉ် ကဏ္ဍသစ်တစ်ခုတွင် စတင် ဖော်ပြလိုက်ပြီး အမျိုးသမီး ဇာတ်လိုက်မှာ စူပါစတား ရှီယာ ဖြစ်ကြောင်း မှတ်ချက် ရေးသားလိုက်လေသည်။
ရှီယာ၏ ပရိသတ် အရေအတွက်က ဘယ်လောက်လဲ။
သန်းပေါင်း ရာနဲ့ချီ ရှိတာလေ။
ဤဝတ္ထုသည် ခေတ်ဟောင်း လက်ရာကောင်းတစ်ခု ဖြစ်သည်ကို ထားလိုက်ဦး၊ စူပါစတား ရှီယာကိုယ်တိုင် ဤဝတ္ထုမှ ပြန်လည် ရိုက်ကူးမည့် ဇာတ်လမ်းတွဲတွင် ပါဝင်မည်ဟု အတည်ပြုလိုက်ခြင်းက ဝတ္ထုလောကတွင် အကြီးအကျယ် ဂယက်ထသွားစေတော့သည်။
ဖျော်ဖြေရေး လောကအတွက်တော့ ဒါဟာ ပေါက်ကွဲတော့မည့် ဗုံးတစ်လုံးနှင့် တူလှပေသည်။
လူအများ၏ အာရုံစိုက်မှုကို ရရှိသွားတော့သည်။
အရင်က ရှီယာ သရုပ်ဆောင်ခဲ့သည့် ရုပ်သံ ဇာတ်လမ်းတွဲ တိုင်းသည် အင်တာနက်ပေါ်တွင် အကြီးအကျယ် ပေါက်ခဲ့သည် မဟုတ်ပါလား။ နာမည်ကြီးချင်သည့် သရုပ်ဆောင်များသည် ဇာတ်ညွှန်းကောင်း ရဖို့ထက် ဤကဲ့သို့ အောင်မြင်မှု အာမခံချက်ရှိသည့် လက်ရာများတွင် ပါဝင်ပြီး နာမည်ကြီးလာဖို့ကိုသာ အားကိုးကြလေသည်။
ယခုအခါ ရှီယာက အဓိက မင်းသမီးအဖြစ် အတည်ပြုပြီးနောက် “သိမ်းငှက်သူရဲကောင်း” တွင် မင်းသမီး တစ်ယောက်တည်း ရှိသည် မဟုတ်ပေ။ မူနျန့်ချီ၊ ဝါကျိန့် နှင့် မေချောင်းဖုန်း စသည့် နေရာများအတွက်လည်း မင်းသမီးများကြားတွင် ပြိုင်ဆိုင်မှု ပြင်းထန်လာတော့မည် ဖြစ်လေသည်။
နောက်ဆုံးတွင် ဘယ်သူက ဘယ်နေရာမှာ သရုပ်ဆောင်ရမလဲ ဆိုသည့် ဆုံးဖြတ်ချက်မှာ ချင်းလန်၏ လက်ထဲတွင်သာ ရှိနေသည် မဟုတ်ပါလား။
ဘယ်သူ့ကို ရွေးမလဲ ဆိုတာကတော့။
အဲ့ဒီ မင်းသမီးတွေက သူတို့ ရမယ့် နေရာနဲ့ ဘယ်လောက် လိုက်ဖက်လဲ၊ ပြီးတော့ ဇာတ်ညွှန်းအကြောင်း ဆွေးနွေးတဲ့အခါ ဘယ်လောက်အထိ အာရုံစိုက်လဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်ပေလိမ့်မည်။
…
ဖက်လဲတကင်း နှုတ်ဆက်ပြီးနောက် ဖုန်ဖုန်သည် ဘေးတွင် ရပ်နေရင်း သူ၏ နဖူးကို လက်ညှိုးဖြင့် တို့ကာ သိချင်စိတ်ဖြင့် ရေရွတ်လိုက်လေသည်။ “ငါ့ညီမလေး ဘယ်ရောက်နေတာလဲ။ ချင်းလန် ထွက်သွားတော့မှာကို သူက လာတောင် မနှုတ်ဆက်ဘူး”
စားဖိုမှူး ဟွမ်က သက်ပြင်းချကာ ခေါင်းခါပြီး မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားတော့သည်။
ဆရာ ဟယ်က အားနာဟန်ဖြင့် ပြုံးကာ “ကောင်မလေးက ဒီလို ခွဲခွာရတဲ့ မြင်ကွင်းမျိုးကို မကြည့်ရဲဘူးလေ။ နောက်မှ အားတဲ့အခါ အပြင်မှာ ပြန်တွေ့ကြတာပေါ့” ဟု ဆိုလိုက်လေသည်။
ချင်းလန်က ခေါင်းညိတ်ပြပြီး ခရီးဆောင်အိတ် နှစ်လုံးကို ဆွဲကာ ရွာအဝင် လမ်းအတိုင်း လျှောက်သွားလိုက်တော့သည်။
လမ်းတွင် ရှီယာ၏ မျက်နှာမှာ တစ်မျိုး ဖြစ်နေလေသည်။ “တစ်ခုခုတော့ မှားနေပြီ။ ပြီးခဲ့တဲ့ နှစ်ရက်လုံး ဇီဖုန်း ပြုမူပုံကို လူတိုင်း မြင်ကြတာပဲ။ မင်း ထွက်သွားတာကို သူက လာမနှုတ်ဆက်ဘဲ နေမှာတော့ မဟုတ်ပါဘူး”
ဘယ်လောက်ပဲ ရှက်တတ်ပါစေဦး၊ လက်ဆောင်လေး တစ်ခုခုတောင် လာမပေးဘူးလား။
“အဲ့ဒါက ဘာထူးဆန်းလို့လဲ။ သူက မိန်းကလေးငယ်လေးပဲလေ၊ အဲ့ဒီအရွယ်မှာ သူတွေးနေတာတွေ ရှိမှာပေါ့”
ချင်းလန်က ဂရုမစိုက်သလို ပြောလိုက်သည့် အချိန်မှာပင် စနစ်၏ အသိပေးချက် အသံ ထွက်ပေါ်လာလေသည်။
“တင်း၊ ကံကြမ္မာရှင် မိန်းကလေး ဇီဖုန်းသည် စိတ်လှုပ်ရှားမှုများ ခံစားနေရပါသည်။ အိမ်ရှင်အနေဖြင့် ဗီလိန်ရမှတ် +၅၀၀ ရရှိသည့်အတွက် ဂုဏ်ယူပါသည်”
ဤအသံကို ကြားလိုက်ရသည်နှင့် ချင်းလန်သည် ဘာဖြစ်နေသည်ကို ချက်ချင်း သိလိုက်လေသည်။
တကယ်တော့ ဇီဖုန်းသည် သူ့ကို လက်ဆောင် လာပေးချင်သော်လည်း ကင်မရာ ရှေ့တွင် သူမ၏ ခံစားချက်တွေကို မပြချင်လို့သာ ဖြစ်လေသည်။
ဒါဆို သူအနောက်ကနေ လိုက်လာပြီလား။
သူသည် ဘာမှမသိသလို ဟန်ဆောင်ကာ သက်ပြင်းချလိုက်ပြီး “တကယ်တော့ ကျွန်တော် ဒီဝတ္ထုကို ရေးပြီး ဒါရိုက်တာ ချန်ကို အစီအစဉ်မှာ ကဏ္ဍသစ် ဖွင့်ခိုင်းတာက ကျွန်တော့် နာမည်ကြီးဖို့ တစ်ခုတည်းအတွက် မဟုတ်ပါဘူး” ဟု လေးလေးပင်ပင် ပြောလိုက်လေသည်။
“အဓိက ကတော့ စီနီယာအစ်မက ဖျော်ဖြေရေး လောကမှာ တကယ့် စူပါစတား တစ်ယောက်လေ။ ဇာတ်လမ်းက ဘယ်လောက်ပဲ ကောင်းကောင်း အစ်မ ပါဝင်လိုက်တာနဲ့ အဲ့ဒီ ဇာတ်လမ်းက အဆင့်တွေ အများကြီး မြင့်သွားပြီး တစ်နိုင်ငံလုံး ဆွေးနွေးစရာ ဖြစ်လာမှာ။”
“ဇီဖုန်းက ငယ်သေးသလို စိတ်သဘောထားလည်း ကောင်းပါတယ်။ ဒါပေမဲ့ သူ့မှာ ကိုယ်စားပြုတဲ့ လက်ရာကောင်းကောင်း မရှိသေးဘူး။ ဖျော်ဖြေရေး အစီအစဉ် တစ်ခုတည်းကိုပဲ အားကိုးနေလို့ မဖြစ်ဘူးလေ။ ဒီလောကမှာ ရေရှည် ရပ်တည်နိုင်ဖို့ဆိုရင် သူ့ကို ကိုယ်စားပြုနိုင်မယ့် လက်ရာတွေ လိုအပ်တယ်။”
“ဒီဝတ္ထု သိမ်းငှက်သူရဲကောင်း ထဲက ဇာတ်ကောင် တစ်နေရာမှာ ညီမလေးကို ထည့်ဖို့ ကျွန်တော် စီစဉ်ထားတယ်။ စီနီယာအစ်မက သူမကို သင်ကြားပေးနိုင်သလို သူမရဲ့ အနောက်မှာ အစ်မ ရှိနေတယ်ဆိုတာကို ပြလိုက်ရင် ဘယ်သူကများ သူမကို အနိုင်ကျင့်ရဲမှာလဲ”
ရှီယာသည် သူမ၏ လှပသော မျက်ဝန်းများဖြင့် ချင်းလန်ကို မျက်စောင်းထိုးလိုက်ကာ မနာလိုစိတ်များကြောင့် ရင်ခုန်သံများ မြန်လာလေသည်။ သူမသည် ချင်းလန်၏ နဖူးကို လက်ညှိုးလေးဖြင့် တို့လိုက်ကာ စိတ်တိုတိုနှင့် ဆူလိုက်လေသည်။
“မင်းကတော့ တကယ်ကို လူလည်ပဲ ချင်းလန်”
မင်းက ဒီလိုလူစားမျိုးမှန်း ငါ မသိခဲ့ဘူး။
ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းက ငါ့ရဲ့ နာမည်ကျော်ကြားမှုကို သုံးပြီး ဇီဖုန်းအတွက် လမ်းခင်းပေးချင်တာ မဟုတ်လား။
“အဲ့လို မဟုတ်ရင် ဘာဖြစ်ရမှာလဲ” ချင်းလန်က အပြစ်ကင်းစင်သော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။ ဤအချိန်တွင် သူသည် အခြားသော အရိပ်အယောင်များကို လုံးဝ မပြသသင့်ပေ။
အပေးအယူ မပါဘဲ ပေးဆပ်နေတာတွေက ကြာလာရင် တန်ဖိုး မရှိတော့ဘူးလေ။
ဒီလို အခြေအနေမျိုးမှာ လှိုင်းတံပိုးလေးတွေ ဖန်တီးပေးဖို့ လိုအပ်လေသည်။၊ အဲ့လို မဟုတ်ရင်...
အဲ့လို မဟုတ်ရင် စေတနာကို ဝတ္တရား တစ်ခုလို ထင်သွားကြမှာပေါ့။
ဒါ့အပြင် သူက ဒီစကားတွေကို ရှီယာ ကြားဖို့တင် ပြောနေတာ မဟုတ်ပေ။
“တင်း၊ ကံကြမ္မာရှင် မိန်းကလေး ဇီဖုန်းသည် စိတ်လှုပ်ရှားမှုများ ခံစားနေရပါသည်။ အိမ်ရှင်အနေဖြင့် ဗီလိန်ရမှတ် +၅၀၀ ရရှိသည့်အတွက် ဂုဏ်ယူပါသည်”
“တင်း၊ ဇီဖုန်း၏ နှစ်သက်မြတ်နိုးမှု မြင့်တက်လာပါသည်။ အိမ်ရှင်အနေဖြင့် ဗီလိန်ရမှတ် ၅၀၀ ရရှိသည့်အတွက် ဂုဏ်ယူပါသည်”
“တင်း၊ ဇီဖုန်း၏ နှစ်သက်မြတ်နိုးမှုမှာ ဆက်လက် မြင့်တက်နေပါသည်။ အိမ်ရှင်အနေဖြင့် ဗီလိန်ရမှတ် +၁၀၀၀ ရရှိသည့်အတွက် ဂုဏ်ယူပါသည်”
အုတ်အိမ်လေး၏ ဘေးတွင် ပုန်းနေသည့် ဇီဖုန်းသည် ဤစကားများကို ကြားလိုက်ရသောအခါ သူမ၏ ပါးစပ်ကို ပိတ်လိုက်မိပြီး မျက်ဝန်းများမှာ ဖြည်းဖြည်းချင်း နီရဲလာတော့သည်။
သူမ တွေးနေခဲ့တာတွေ၊ ယုံကြည်နေခဲ့တာတွေက နောက်ဆုံးတော့ သူမ စိတ်ထင်တာတွေပဲ ဖြစ်နေခဲ့တာလား။
ချင်းလန်က သူမကို ဂရုမစိုက်တာ မဟုတ်ဘဲ ရှီယာ၏ နာမည်ကို သုံးပြီး သူမကို ဖျော်ဖြေရေး လောကမှာ နေရာရအောင် ကူညီချင်နေတာ ဖြစ်နေတယ်လေ။
ဘယ်လိုလုပ် ဒါမျိုး ဖြစ်နိုင်မှာလဲ။
ဘာလို့ သူမအပေါ် ဒီလောက်အထိ ကောင်းပေးရတာလဲ။
ခွဲခွာရမည့် အချိန် ရောက်နေပြီ ဖြစ်သော်လည်း သူမသည် ချင်းလန် ထွက်ခွာသွားသည့် ပုံရိပ်ကို တိတ်တဆိတ် ကြည့်နေမိပြီး ဤစစ်မှန်သော ခံစားချက်ကို သူမ၏ ရင်ထဲတွင် သိမ်းဆည်းထားလိုက်တော့သည်။
ဒါပေမဲ့ ဒီစကားတွေကို မတော်တဆ ကြားလိုက်ရတဲ့အတွက် သူမအနေနဲ့ ဆက်ပြီး ပုန်းနေဖို့ မဖြစ်နိုင်တော့ပေ။
ဒါပေမဲ့ သူမ အပြင်ကို ထွက်မပြရဲပါဘူး၊ ဘာလို့လဲဆိုတော့ အပြင်မှာ တခြားလူတွေ ရှိနေသလို ရှီယာလည်း ရှိနေတာကြောင့်ပင်။ သူမက တိတ်တိတ်လေးပဲ ရေရွတ်လိုက်လေသည်။ “အစ်ကိုချင်း”
ထိုအသံလေးမှာ ခြင်လေး တစ်ကောင် အော်သံကဲ့သို့ နူးညံ့ပြီး တိုးညှင်းလှပေသည်။