အခန်း (၁၈) စုရှောင်းရှောင်း အရသာရှိလိုက်တာ
စုရှောင်းရှောင်း ထိတ်လန့်တကြားနဲ့ အပေါ်ထပ်ကို ပြေးတက်သွားတာကို ကြည့်ရင်း ချင်းလန်က အတွေးထဲမှာ ပြုံးလိုက်သည်။
ချစ်စရာကောင်းတဲ့ ကောင်မလေး
စုရှောင်းရှောင်းက သူ့နာမည်နဲ့ လိုက်တယ်ဟုတွေးလိုက်မိသည်။
စုရှောင်းရှောင်းအတွက်တော့ ဒီလိုအဆင့်တက်တာ နည်းနည်း မြန်လွန်းလေသည်။
ဒါပေမဲ့ ဒါက ပြဿနာကြီးကြီးမားမား မဟုတ်ပေ၊ ရက်အနည်းငယ်လောက်ကြာ သွားတာနဲ့ စုရှောင်းရှောင်းက အသားကျသွားမှာပင်။
“သခင်လေး၊ ပိုင်မိသားစုဘက်မှာ ပြဿနာနည်းနည်းရှိနေတယ်။”
ကျွင်းဇီက အပြင်ကနေ ဝင်လာပြီး ချင်းလန်ရဲ့ ဘေးမှာ ရပ်လိုက်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး
“မစ္စစု မရှိဘူးလား” လို့ ရှုပ်ထွေးတဲ့ အမူအရာနဲ့ မေးလိုက်သည်။
ကျွင်းဇီက တချို့နေရာတွေမှာ တော်တော် အကင်းပါးလေသည်၊ စုရှောင်းရှောင်းရဲ့ လုံးဝ အသစ်ဖြစ်သွားတဲ့ ပုံစံကို မြင်ပြီးနောက်မှာ သူရဲ့ခေါ်ဝေါ်ပုံတောင် ပြောင်းလဲလာလေသည်။
“အပေါ်ထပ်မှာ။”
ချင်းလန်က အပေါ်ထပ်က အိမ်ဖော်အခန်းကို လက်ညှိုးထိုးပြလိုက်ပြီး
“အဆင်ပြေတယ်၊ ဆက်ပြော ဘာကိစ္စလဲ”
ကျွင်းဇီက ခေါင်းညိတ်ပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
“ကျွန်တော်တို့ ပိုင်မိသားစုဘက်ကနေ ရန်ဖြစ်သံတွေ ကြားရတယ်။ ကျွန်တော်တို့လူတွေက အနားကပ်ပြီး စုံစမ်းကြည့်တော့ ပိုင်မိသားစုရဲ့ အဖေ နဲ့ သမီး ရန်ဖြစ်နေကြတာကိုတွေ့ရတယ်။”
“ဒါ့အပြင် ပိုင်ရူယွီ ဆီကနေ ရတဲ့သတင်းအချက်အလက်တွေအရ ပိုင်မိသားစု ကုမ္ပဏီကနေ မကြာသေးမီကပဲ ငွေအများအပြား ထုတ်ထားတယ်လို့သိရတယ်”
“နားလည်ပြီ။”
ချင်းလန်ရဲ့ မျက်နှာပေါ်မှာ စိတ်ဝင်စားစရာကောင်းတဲ့ အပြုံးတစ်ခု ပေါ်လာလေသည်။
လာပြီ။
ပိုင်ညီအစ်မတွေကို စည်းရုံးဖို့ အခွင့်အရေး နောက်ဆုံးတော့ ရောက်လာလေပြီ။
ပိုင်ရှောင်ယွင် ရဲ့ ကလေးဆန်တဲ့မျက်နှာနဲ့ ကြီးမားတဲ့ ရင်သားတွေကို ခဏထားလိုက်ဦး၊ ပိုင်ရူယွီ ကပင် စီးပွားရေးလောကမှာ တကယ့်ကို နာမည်ကြီးလေသည်။
ပြည်ပကနေ ဘဏ္ဍာရေးနဲ့ ဘွဲ့ရပြီး ပြန်လာတဲ့ ထိပ်တန်းကျောင်းသားတွေထဲမှာ အများစုက အမှတ် ကောင်းကောင်းရဖို့ပဲ အာရုံထားကြ ပေမဲ့ ပိုင်ရူယွီ ကတော့ မတူပေ သူမက တကယ့် အရည်အချင်းနဲ့ စွမ်းဆောင်ရည်ရှိပေသည်။
ဒါ့အပြင် သူမရဲ့စိတ်ဓာတ်ကလည်း အလွန်မာကျောလေသည်။ သူမက စီးပွားရေးလောကရဲ့ အနာဂတ် ဘုရင်မတစ်ပါးပင်။
ဒါကို မူရင်းဝတ္ထုထဲမှာ သက်သေပြပြီးသားဖြစ်လေသည်။
ဒီလို အရည်အချင်းရှိတဲ့သူကို ချင်းလန်က ဘယ်လို လက်လွှတ်ခံနိုင်မှာလဲ။
ပြီးတော့အခု သူက ဒီလောကကို ရောက်လာပြီဆိုတော့ ပိုက်ဆံသုံးဖို့ လိုအပ်လေသည်။ အရာအားလုံးကို ချင်းမိသားစုဆီကနေ အမြဲတမ်း တောင်းနေလို့ မဖြစ်ပေ။
တစ်ခါတလေ တစ်ဘီလီယံ နှစ်ဘီလီယံလောက်တောင်းတာက လွယ်ပေမဲ့ တစ်ခါတည်း အများကြီး တောင်းလိုက်လို့ သူ့မိသားစုက သူအလုပ်မရှိဘူးထင်ပြီး မိသားစု စီးပွားရေးကို အမွေဆက်ခံဖို့
ယန်ကျင်း ကိုပြန်ခေါ်သွားရင် ဘယ်လိုလုပ်မလဲ။
သူ အနှောင်အဖွဲ့ မခံချင်ပေ။
ပျော်စရာကောင်းတဲ့နေ့တွေကအများကြီး ကျန်သေးလေသည်။
သူ ကိုယ်ပိုင်ကုမ္ပဏီထောင်ရင်လည်း
ရုံးခန်းထဲမှာ နေ့တိုင်းအလုပ်ရှုပ်နေရင်
အရင်ဘဝနဲ့ ဘာထူးတော့မှာလဲ။ဒါကြောင့်မလို့ ပိုင်ရူယွီက သူ့အတွက် အကောင်းဆုံး
ငွေရှာပေးမယ့်သူပင်။
ပိုင်ရူယွီ ကိုသာ စည်းရုံးနိုင်ရင် သူမရဲ့ လုံ့လဝီရိယရှိမှု၊ စေ့စပ်သေချာမှု၊ နဲ့ သူမရဲ့ ယောက်ျားအပေါ် အနစ်နာခံတဲ့ သဘာဝအရ ချင်းလန်က အေးအေးဆေးဆေး
နဲ့နေရုံသာဖြစ်လေသည်။
ထို့နောက် ချင်းလန်က ပိုင်မိသားစုကို ချက်ချင်း ဖုန်းခေါ်ပြီး သူတို့ဆီကို အလည်လာချင်တဲ့အကြောင်း ပြောလိုက်သည်။
သူရဲ့ အဆင့်အတန်းအရ ပိုင်မိသားစုတောင်မှ ငြင်းဆန်နိုင်မှာ မဟုတ်ပေ။ ဖုန်းပေါ်မှာ အပြန်အလှန် စကားလေးပြောပြီးတော့ ကိစ္စက အဆင်ပြေသွားလေသည်။
ညစာစားချိန်မှာ ချင်းလန်က သင်္ဘောသီးဟင်းချို သောက်နေတဲ့ စုရှောင်းရှောင်းကို မကြာမကြာ ကြည့်နေလေသည်။
စုရှောင်းရှောင်းကတော့ ခေါင်းငုံ့ထားပြီး တစ်ချက်မှ မော့မကြည့်ပေ။
သူမ ကိုယ်သူမ အရမ်းရှက်မရှိဘူးလို့ ခံစားနေရလေသည်၊ အပေါ်ထပ်မှာတုန်းက
မသောက်ဘူးလို့ ကိုယ့်ကိုယ်ကို အခါတစ်ထောင်လောက် ပြောခဲ့ပေမယ့် တကယ်တမ်းကျတော့ သခင်လေးရဲ့ အကြည့်နဲ့ ဆုံလိုက်တာနဲ့ သူမရဲ့ ကိုယ့်ကိုယ်ကို သတိပေးထားတာတွေအားလုံး
မေ့သွားပြီး ဗိုက်ပြည့်တဲ့အထိ အများကြီး သောက်မိသွားလေသည်။
ပိုင်မိသားစု အိမ်တော်
ဒုတိယထပ်က အိပ်ခန်းထဲမှာ ပိုင်ရှောင်ယွင် ကကုတင်ပေါ်မှာလှဲနေရင်း အသစ်စက်စက် ကာတွန်းစာအုပ်တစ်အုပ်ကို လှန်ဖတ်နေသည်။ ကာတွန်းထဲက ဇာတ်လိုက်တွေအားလုံးက မယုံနိုင်လောက်အောင် ချောမောတဲ့ အမျိုးသားတွေချည်းပဲ။
ဇာတ်လမ်းကတော့ လုံးဝ ပျင်းစရာပေ။
ဒါပေမဲ့ ပိုင်ရှောင်ယွင် ကဂရုမစိုက် သူမက အရမ်းချောတဲ့ ကောင်လေးတွေကို ကြည့်ရဖို့က အဓိကပင် တခြားဟာတွေအားလုံးက အလကားဖြစ်သည်။
ချစ်စရာကောင်းတဲ့ လော်လီပုံစံ ဝတ်ဆင်ထားတဲ့ ပိုင်ရှောင်ယွင် က ကာတွန်းစာအုပ်ကို အာရုံစိုက်ပြီး ဖတ်နေသည်။ အဖြူရောင် ခြေအိတ်ရှည်နဲ့ ဖုံးထားတဲ့ သူမရဲ့ ခြေထောက်တွေက နူးညံ့တဲ့ ကုတင်ပေါ်မှာ ရံဖန်ရံခါ ကန်ကျောက်နေကာ ပါးဖောင်းဖောင်းလေးတွေနဲ့ နှုတ်ခမ်းစူထားတဲ့ သူမရဲ့ ပုံစံက အထူးသဖြင့် ချစ်စရာကောင်းနေလေသည်။
ကျွီ!
တံခါးပွင့်လာပြီး အနက်ရောင်အသားကပ် နဲ့ ရုံးဝတ်စုံကို ဝတ်ဆင်ထားတဲ့ ပိုင်ရူယွီ ဝင်လာကာ ကုတင်ပေါ်မှာ လှဲနေတဲ့ သူမရဲ့ အပြစ်ကင်းစင်တဲ့ ညီမလေးကို မြင်တော့ သူမက သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ချလိုက်သည်။
လေးလံတဲ့ နှလုံးသားနဲ့အတူ သူမရဲ့အပြစ်ကင်းစင်ပြီး အပူအပင်ကင်းတဲ့ ညီမလေးကိုတွေ့ပြီးတော့ သူမ လုပ်နိုင်တာက သူ့ကို ဆက်ပြီး အလိုလိုက်ဖို့ပဲ ရှိတော့သည်။
“ရှောင်ယွင် မှောက်မအိပ်နဲ့လို့ အမ ဘယ်နှစ်ခါ ပြောရမလဲ ကျန်းမာရေးအတွက် မကောင်းဘူးလို့။”
ပိုင်ရူယွီ က ရှေ့တိုးလာပြီး သူမလိုပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ရွယ်တူ မိန်းကလေးတွေထက် ပိုလေးလံတဲ့ ဝန်ကို ထမ်းထားရတဲ့ ညီမလေးကို ကြည့်ရင်း ဂရုစိုက်တဲ့ လေသံနဲ့ သတိပေးလိုက်သည်။
ပိုင်ရှောင်ယွင် က
“အိုး”
လို့ ပြောလိုက်ပြီး ခန္ဓာကိုယ်ကို နည်းနည်း ရွှေ့လိုက်လေသည်။
ပိုင်ရူယွီ က ခါးသက်သက် ပြုံးရင်း ခေါင်းခါလိုက်သည်။ သူမက တကယ်ကို ဝမ်းနည်းစရာတွေနဲ့ ပြည့်နေပေမယ့် ရင်ဖွင့်စရာ တစ်ယောက်မှ မရှိပေ၊ သူမက ကိုယ့်ကိုယ်ကို သတ္တိရှိတဲ့ ပုံစံဖြစ်အောင် အတင်း လုပ်ယူပြီး မေးလိုက်သည်။
“ရှောင်ယွင် မင်း ကြိုက်တဲ့ ကောင်လေး ရှိနေပြီလား”
“မရှိဘူး”
ပိုင်ရှောင်ယွင် က ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။
“ကျောင်းက မိန်းကလေးတွေက ဟိုကောင်လေးက ချောတယ်၊ ဒီကောင်လေးကချောတယ်လို့ ပြောနေကြပေမဲ့ ညီမလေး သွားကြည့်တော့ သူတို့အားလုံးက အရမ်း သာမန်ပဲ လုံးဝ မချောဘူး”
“ညီမလေးရဲ့ ရည်းစားက အရမ်းချောရမယ်။ ပြီးတော့ညီမလေး အပေါ် အရမ်းကောင်းရမယ်။”
“ငတုံးမလေး” ပိုင်ရူယွီက သူမ ညီမလေးရဲ့ နှာခေါင်းလေးကို ချစ်စနိုးနဲ့ ပုတ်လိုက်လေသည်။
ငတုံးဖြစ်တာကလည်း ကောင်းပါတယ်လေ အနည်းဆုံးတော့ ကောင်လေးတစ်ယောက်ကို အလွယ်တကူ စိတ်မဝင်စားတတ်ဘူး။ ဒီလိုဆိုရင် နှစ်အနည်းငယ် ကြာသွားရင်တောင် အဖေ စီစဉ်ပေးတဲ့ အိမ်ထောင်ရေးကို အလွယ်တကူ သဘောတူမှာ မဟုတ်ပေ။
ပိုင်ရူယွီ အသက်ရှင်နေသရွေ့ သူမရဲ့အဖေက သူမ ညီမလေးကို နစ်နာစေမယ့် ဘယ်အရာကိုမှ လုပ်ခွင့်ပေးမှာ မဟုတ်ဘူး။
ဘာပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် လက်မခံနိုင်ပေ။
“အစ်မ အစ်မ စိတ်ဆိုးနေပြန်ပြီလား၊ ညီမ အားလုံး ကြားတယ်။ အစ်မနဲ့ အဖေရန်ဖြစ်ကြပြန်ပြီ မလား”
ပိုင်ရှောင်ယွင် က သူ့အစ်မရဲ့ လက်ကို ဆွဲကိုင်ပြီး
“ကျေးဇူးပြုပြီး အဖေနဲ့ ရန်မဖြစ်ပါနဲ့နော် ဟုတ်ပြီလား။ အဖေက ညီမလေးအပေါ် အရမ်းကောင်းတယ် အစ်မကလည်း ညီမလေး အပေါ် ပိုကောင်းတယ်။ အစ်မတို့ နှစ်ယောက် ရန်ဖြစ်တာကို မလိုချင်ဘူး။”
“ကောင်းတယ်လို့ ပြောတာလား”
ပိုင်ရူယွီ က ကိုယ့်ကိုယ်ကိုပြန် မေးလိုက်လေသည်။
ပုံမှန်စံနှုန်းတွေအရတော့ ပိုင်ရှောက်ချွမ် ရဲ့ သမီးကို ပြုစုပျိုးထောင်တဲ့ပုံက ကောင်းတယ်လို့ ဆိုနိုင်လေသည်။
ကံမကောင်းစွာပဲ ညီမလေးက ငယ်နေတုန်းပဲ။ သူမ နည်းနည်းလေး ပိုကြီးလာတဲ့အခါကြရင် သူမ အဖေရဲ့ မျက်လုံးထဲမှာ မိန်းကလေးတွေက မိသားစုမဟုတ်ဘဲ အကျိုးအမြတ်ရှာဖွေဖို့ သုံးတဲ့အရာ တွေပဲ ဆိုတာကို သိလာလိမ့်မယ်။