အခန်း (၁၅၅) နှင်းဆီ ခန်းမဆောင် ဒုတိယ ခေါင်းဆောင်၏ အကျပ်အတည်း
ဒေါက် ဒေါက်....
နှင်းဆီ ခန်းမဆောင် ရဲ့ ဒုတိယ ခေါင်းဆောင်က အပြင်ကနေ တံခါးခေါက်လိုက်ပြီး၊ သူ့အသံထဲမှာ ခါးသီးမှုတွေ ပြည့်နှက်နေလေသည်။
“ခေါင်းဆောင်၊ ပြီးခဲ့တဲ့ တစ်ခေါက် ခေါင်းဆောင် ချက်လိုက်တဲ့ ဟင်းတွေက တူးကုန်ပြန်ပြီ။ အဲ့ဒီ စားဖိုမှူးတွေ ကြောက်လွန်းလို့ ထွက်ပြေးကုန်ကြပြီ။ ဒီတစ်ခေါက် ငှားလိုက်တဲ့ စားဖိုမှူး အသစ်တွေက အရည်အချင်း နည်းနည်း နိမ့်တယ်။”
“အရမ်းကြီး စိတ်မပူပါနဲ့။ လုပ်နိုင်တာ ဘာမှ မရှိပါဘူး။ ခေါင်းဆောင်က အဆင့်မြင့်တဲ့ သူတွေကို သေချာ ကိုင်တွယ်ပြီးသွားပြီလေ။ သူတို့ လည်ပင်းကို ဓားနဲ့ ထောက်ထားရင်တောင်၊ သူတို့ ခေါင်းဆောင်ကို ဆက်ပြီး သင်ပေးရဲကြတော့မှာ မဟုတ်ဘူး။”
“ဒါ့အပြင်......”
ဒုတိယ ခေါင်းဆောင် ဆက်ပြီး မညည်းညူနိုင်ခင်မှာပဲ၊ ချူကျူအာ သူ့ကို ချက်ချင်း တားလိုက်လေသည်။
“ငါ သိတယ်၊ ဆက်မပြောနဲ့တော့”
မျက်လုံးတွေထဲမှာ ရယ်မောချင်စိတ်တွေ ပြည့်နှက်နေတဲ့ ချင်းလန် ကို ကြည့်ပြီး၊ ချူကျူအာ ခံစားရတာက သူမရဲ့ ပါးပြင်တွေကို မီးပုံနဲ့ နာရီဝက်လောက် ကင်ထားသလိုပါပဲ။ ခပ်ဖွဖွလေး ထိလိုက်ရင်တောင် ပူလောင်နေလေသည်။
“ကျူအာ...”
ချင်းလန် ရှေ့တိုးလာပြီး၊ သူမဘေးနားမှာ ဝင်ထိုင်ကာ၊ သူမရဲ့ သွယ်လျတဲ့ ခါးလေးကို ဖက်လိုက်ပြီး၊ သူ့အသံထဲမှာ ချစ်ခင်မြတ်နိုးမှုတွေ ပြည့်နှက်နေလေသည်။
ချူကျူအာ မျက်နှာသေ ထားချင်ရင်တောင်၊ ဒါမှမဟုတ် ဂရုမစိုက်သလို ဟန်ဆောင်ချင်ရင်တောင်၊ ဒီလို အခြေအနေမျိုးအောက်မှာ သူမ သတ္တိမမွေးနိုင်တော့ပေ။
ဖက်ထားခံရတဲ့ ခန္ဓာကိုယ်လေးက အနည်းငယ် တုန်ယင်နေပြီး၊ မျက်လုံးတွေက သေဆုံးနေသူ တစ်ယောက်လို ဗလာဖြစ်နေကာ၊ ခါးသီးတဲ့ ရေရွတ်သံ ထွက်ပေါ်လာလေသည်။
“ရယ်ချင်ရင် ရယ်လိုက်ပါ၊ အောင့်မထားပါနဲ့”
တကယ်လို့ ကြမ်းပြင်မှာ စကျင်ကျောက်ပြားတွေ ခင်းမထားရင်၊ ငါ တကယ်ပဲ တွင်းတူးပြီး ခေါင်းဝင်ဝှက်လိုက်ချင်ပြီ။
ဒီအချိန်မှာ၊ ချူကျူအာ သေသွားတာကမှ ပိုကောင်းမယ်လို့ ခံစားလိုက်ရသည်။
ငါ့တစ်သက်လုံး ဒီလောက် အရှက်ကွဲတာမျိုး တစ်ခါမှ မကြုံဖူးဘူး။
ပထမ တစ်စက္ကန့်မှာ ဟိတ်ဟန်ထုတ်နေတုန်း ရှိသေးတယ်၊ နောက်တစ်စက္ကန့်မှာ ကိုယ့်ရဲ့ ဒုတိယ ခေါင်းဆောင်က ဖွင့်ချတာ ခံလိုက်ရတယ်။
ခုနက ပြောလိုက်တဲ့ စကားလုံးတိုင်းက သူမမျက်နှာကို ပါးရိုက်ချက်တွေ အဖြစ် ပြောင်းလဲသွားသလိုပင်။
ချင်းလန် က ချူကျူအာ ရဲ့ ခေါင်းကို သူ့လက်နှစ်ဖက်နဲ့ ကိုင်လိုက်ပြီး၊ မျက်မှောင်ကြုတ်ကာ မပျော်မရွှင် ပြောလိုက်လေသည်။
“ကျူအာ၊ မင်း ဘယ်လိုလုပ် အဲ့လို တွေးနိုင်ရတာလဲ”
“မင်း အတွက် ကိုယ်က အရေးမပါဘူးလို့ ကိုယ် ထင်ခဲ့တာ၊ ဒါပေမဲ့ အခု မင်း ကိုယ့်အတွက် ပြောင်းလဲသွားပြီ ဆိုတာ မြင်လိုက်ရတော့၊ ကိုယ် အတိုင်းမသိ ဝမ်းသာမိတယ်။ ကိုယ်က ဘယ်လိုလုပ် မင်းကို လှောင်ပြောင်တာမျိုး လုပ်နိုင်မှာလဲ”
ချူကျူအာ ရဲ့ ဗလာဖြစ်နေတဲ့ မျက်လုံးတွေထဲမှာ အာရုံစိုက်မှု တချို့ ပြန်ဝင်လာပြီး၊ မယုံကြည်နိုင်စွာ ရေရွတ်လိုက်လေသည်။
“တကယ်လား ရှင် ကျွန်မကို မရယ်ချင်ဘူးလား”
“ကိုယ့်မှာ အဲ့လို ရည်ရွယ်ချက် လုံးဝ မရှိပါဘူး”
ချင်းလန် က လေးနက်တဲ့ မျက်နှာထားနဲ့ ပြောလိုက်လေသည်။
“ဟွန့်၊ ဒါမှ ဟုတ်မှာပေါ့။ ရှင့်ခေါင်းထဲမှာ တစ်နေ့ကုန် အဲ့ဒီလို ကိစ္စတွေပဲ ပြည့်နေတယ်လို့ ကျွန်မ ထင်နေတာ”
“ကျွန်မ မက်ဆေ့ခ်ျ ပို့လိုက်ရင် ပြန်စာရဖို့ တစ်နာရီလောက် ကြာတယ်လေ ရှင် ကျွန်မကို နောက်နေတာလား”
“ရှင် အဲ့လောက် အလုပ်ရှုပ်နေတာလား ဘာတွေ အလုပ်ရှုပ်နေတာလဲ”
ဒီနေ့ သူမ မျက်နှာပျက်စရာတွေ ကြုံပြီးပြီ ဖြစ်လို့ ချူကျူအာ သူမရဲ့ ခံစားချက် အစစ်အမှန်တွေကို ဆက်ပြီး ဖုံးကွယ်ထားဖို့ အစီအစဉ် မရှိတော့ပေ။
သူမ ချင်းလန် ဒီရက်ပိုင်း ဘာတွေ လုပ်နေလဲ ဆိုတာ မေးချင်ရုံ သက်သက်ပါ။
“ချူ လုပ်ငန်းစု က မကြာသေးခင်က ပြဿနာတချို့ တက်နေလို့လေ အဲ့ဒါ ကိုယ်လည်း အခွင့်အရေး ရတုန်း သွားပြီး ဝေစု တစ်ခုလောက် ရမလားလို့ သွားကြည့်တာ။ ဒီခေတ်ကြီးမှာ၊ အစောကြီး သွားပြီး အရယူမှ ရတာ၊ မဟုတ်ရင် နောက်ကျသွားရင်၊ ဟင်းရည်တောင် သောက်ရမှာ မဟုတ်ဘူး။”
ချင်းလန် တခစ်ခစ် ရယ်မောလိုက်လေသည်။ ချူ လုပ်ငန်းစု အတွက် သူ့အာရုံစိုက်မှု ငါးပုံတစ်ပုံတောင် ပေးမထားဘူး ဆိုတာ ထုတ်ပြောလိုက်သလိုပါပဲ။
ဒါပေမဲ့ ချူကျူအာ ရှေ့မှာ၊ သူ ဘယ်လိုလုပ် အရာအားလုံးကို ဒီကိစ္စအပေါ် ပုံချနိုင်မှာလဲ။
ဒါမှမဟုတ် ဘာလဲ ပွင့်ပွင့်လင်းလင်း ပြောရမှာလား။
မင်း ရူးနေလား။
“ချူ လုပ်ငန်းစု ချူထျန်ဖုန်း ရဲ့ကုမ္ပဏီလား ကျွန်မ ကြားတာတော့ မကြာသေးခင်က သူတို့ ငွေကြေး စီးဆင်းမှု ပြဿနာ တက်ပြီး ဒုက္ခရောက်နေတယ် ဆို ရှင်က ဘယ်လိုလုပ် ချူ လုပ်ငန်းစု နဲ့ ထပ်ပြီး ပတ်သက်သွားရတာလဲ”
ချူကျူအာ ရဲ့ မျက်နှာ ဖြူဖျော့သွားပြီး၊ သံသယ ဝင်စွာ မေးလိုက်လေသည်။
“ဖြစ်နိုင်တာက ရှင် ချူထျန်ဖုန်း ရဲ့ သမီးကို ထပ်ပြီး မျက်စိကျနေတာလား”
ချူမုန်ယောင်......
ချူ လုပ်ငန်းစု ရဲ့ အမွေဆက်ခံသူ ချူမုန်ယောင် က အဆင့်မြင့် နေရာတွေကို မကြာခဏ သွားလာတတ်လေသည်။
နဂါးနက် အစည်းအရုံး တရားဝင် ဖြစ်လာပြီးနောက် ကိုယ်စားလှယ် တစ်ယောက် အနေနဲ့၊ ချူကျူအာ က လူမှုရေး ဝတ္တရားတွေကြောင့် စုဝေးပွဲ အတော်များများကို တက်ရောက်ခဲ့ဖူးပြီး ချူမုန်ယောင် နဲ့ အကြိမ်အနည်းငယ် ဆုံဖူးလေသည်။
ချူကျူအာ က ချင်းလန် ရဲ့ အတွေး သေးသေးလေးတွေကိုတောင် သေချာ ပေါက်ရောက်အောင် သိမြင်နိုင်တယ်လို့ ပြောရမယ်။ သူ ပေါ့ပေါ့ပါးပါး ပြောလိုက်တဲ့ မှတ်ချက်တွေမှာတောင် သူမက ဟာကွက်တွေ ရှာဖွေနိုင်ပြီး၊ အဖြေမှန် ရဖို့ အတွက် အဲ့ဒါတွေကို နက်နက်နဲနဲ လေ့လာနိုင်တယ်။
ချင်းလန် လက်သီး ဆုပ်လိုက်ပြီး ဖြည်းညှင်းစွာ ချောင်းဟန့်လိုက်လေသည်။ ချူကျူအာ ရဲ့ စစ်ဆေးမေးမြန်းနေတဲ့ မျက်နှာထားကို မြင်လိုက်ရတော့၊ သူ ကိုယ်ဟန်အနေအထားကို အမြန် ပြင်လိုက်ပြီး ဖုန်းကို ကမ်းပေးကာ ပြောလိုက်လေသည်။
“တကယ်လို့ မင်း သံသယ ရှိရင်၊ ကိုယ့်ဘာသာ ကြည့်လိုက်။”
ချူကျူအာ သူ ဖုန်းကမ်းပေးလိုက်တာကို မြင်တော့ အနည်းငယ် အံ့ဩသွားလေသည်။
လူတစ်ယောက်က ဘယ်လိုလုပ် အဲ့လောက်ထိ အပြစ်ကင်းစင်နေနိုင်ရတာလဲ။
တကယ်လို့ သူမ ကြည့်လိုက်ရင်၊ ချင်းလန် ရဲ့ ထောင်ချောက်ထဲ ကျရောက်သွားမှာ မဟုတ်ဘူးလား။
ဒါ့အပြင်၊ ဒီကောင်လေးရဲ့ နောက်ခံက ဘယ်လိုလုပ် ရိုးသားနိုင်မှာလဲ သူမရဲ့ ပေါ့ပေါ့ပါးပါး ညည်းညူမှုက သူမရဲ့ မကျေနပ်ချက်ကို ဖော်ပြတဲ့ နည်းလမ်း တစ်ခု သက်သက်ပင်။ သူ့ကို တကယ် ထိန်းချုပ်ဖို့ သုံးလို့ မရပေ။
မျက်လုံး လှန်ကြည့်လိုက်ပြီး၊ ချူကျူအာ စိတ်အနှောင့်အယှက် ဖြစ်စွာ ပြောလိုက်လေသည်။
“ဘယ်သူက ရှင့်ဖုန်းကို ကြည့်ချင်လို့လဲ အဲ့ဒီ အချိန်ကို စာရွက်စာတမ်းတွေ ဖတ်ဖို့ သုံးလိုက်တာက ပိုကောင်းဦးမယ်”
“ဒါပေမဲ့၊ တစ်ခုခုတော့ မှားနေတယ်၊ ရှင့်ဖုန်းပေါ်က လက်ဗွေရာတွေက ကျွန်မဖုန်းပေါ်က ဟာတွေနဲ့ မတူဘူး။”
ချူကျူအာ သူမဖုန်းကို ထုတ်လိုက်လေသည်။
ဒေါင်လိုက် ဖုန်းမျက်နှာပြင်ရဲ့ အောက်ခြေမှာ၊ နှိပ်ထားလို့ ဖြစ်ပေါ်နေတဲ့ အဖြူရောင် အရာအနည်းငယ် ရှိနေလေသည်။ ဒါတွေက အများဆုံး သုံးလေ့ရှိတဲ့ ခလုတ်တွေ ဖြစ်ပြီး၊ ဖုန်းကို ပုံမှန် သုံးစွဲရင် ဒီလို အရာတွေ ကျန်ရစ်တတ်လေသည်။
ဒါပေမဲ့ ချင်းလန် ရဲ့ ဖုန်းမျက်နှာပြင်ပေါ်က အမှတ်အသားတွေက ဘာလို့ အလျားလိုက် ဖြစ်နေရတာလဲ။ တစ်တန်းပြီး တစ်တန်း၊ ဒီမှာ တစ်ခု ဟိုမှာ တစ်ခုနဲ့။
“ဘာလို့လဲဆိုတော့ ကိုယ်က သိုင်းလောက ဗီဒီယိုတွေ မကြာခဏ ကြည့်လေ့ရှိလို့လေ”
သူ စကားမဆုံးခင်မှာပဲ၊ အခြေအနေကို အလွန် ရင်းနှီးကျွမ်းဝင်နေတဲ့ ချင်းလန် က ချူကျူအာ ရဲ့ သွယ်လျတဲ့ ခါးလေးကို အဝတ်အစားပေါ်ကနေ သိုင်းဖက်ထားပြီးပြီ ဖြစ်လေသည်။