အခန်း (၁၅၂) ချူမုန်ယောင် ပစ်မှတ်ထား ခံရခြင်း
“ငါ့ကို မျက်နှာသာ မပေးဘူးလား နင် ချင်းလန် ဆီကနေ သင်ယူလို့ မရဘူးလား ငါက သူနဲ့ ထမင်းစားဖို့ နင့်ကို သုံးကြိမ်တောင် ဖိတ်ရမှာလား”
မူယွီယန် အေးစက်စွာ နှာမှုတ်လိုက်လေသည်။
ခဏလေး အတွင်းမှာပဲ၊ သူမ စာရွက်စာတမ်း တစ်ခု သွားယူလိုက်ပြီး၊ ချင်းလန် က ဂျင်ဆင်း ဟင်းရည် တစ်ခွက် ကုန်အောင် သောက်လိုက်လေသည်။
ဒါက လင်းယိုချူ နဲ့ လုံးဝ ဆန့်ကျင်ဘက်ပင်။
လင်းယိုချူ နှုတ်ခမ်းစူပြီး ရေရွတ်လိုက်လေသည်။
“သေချာပေါက် ချင်းလန် က အစာစားချင်စိတ်ရှိမှာပေါ့”
ဒီစကားတွေက မူယွီယန် ကို မျက်မှောင်ကြုတ်သွားစေလေသည်။
“နင် ဘာကို ဆိုလိုတာလဲ”
“အာ၊ အဲ့ဒါ... အဲ့ဒါက ချင်းလန် က ယောကျ်ားလေးလေ၊ သူက နေ့တိုင်း လေ့ကျင့်ခန်း အများကြီး လုပ်ပြီး ကယ်လိုရီ အများကြီး လောင်ကျွမ်းစေတော့၊ သဘာဝကျကျ အစားများများ စားနိုင်တာပေါ့။”
“ငါ့အတွက်ကျတော့ ကွဲပြားတယ်လေ။ ငါက နေ့တိုင်း လုပ်စရာ သိပ်မရှိဘူး၊ ပြီးတော့ ငါ့အမေက ငါ့ကို ပိုစားဖို့၊ နွားနို့ ပိုသောက်ဖို့ ဖိအားပေးနေတော့၊ ငါ့ရဲ့ အစာစားချင်စိတ်က သဘာဝကျကျ လျော့နည်းသွားတာပေါ့။”
လင်းယိုချူ တခစ်ခစ် ရယ်မောလိုက်ပြီး၊ သူမ တိုးတိုးလေး ရေရွတ်မိတာကို ဆင်ခြေပေးဖို့ ကြိုးစားလိုက်လေသည်။
မူယွီယန် ဂရုမစိုက်တဲ့ အချိန်မှာ၊ သူမ နဖူးပေါ်က ချွေးသီးလေးတွေကို သုတ်လိုက်ပြီး၊ ကြောက်လန့်လို့ ထွက်တာလား၊ ပင်ပန်းလို့ ထွက်တာလား ဆိုတာ မသေချာပေ။
ဆယ်မိနစ်ကျော် ကြာပြီးနောက်၊ သူတို့ သုံးယောက် အတူတူ ထွက်ခွာသွားကြလေသည်။
…
ချူ လုပ်ငန်းစု ဗဟိုဌာနရှိ မိုးမျှော်တိုက်အတွင်း အစည်းအဝေး ခန်းမထဲတွင်.......
ချူထျန်ဖုန်း ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး၊ သူ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ လီကွမ်ကျူး ကို ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်လေသည်။
“လီ အဘိုးကြီး၊ တကယ်တမ်း ဘာတွေ ဖြစ်နေတာလဲ ဒါရိုက်တာ အဖွဲ့ဝင်တွေ အားလုံးကို ဆက်သွယ်ပြီး ဘုတ်အဖွဲ့ အစည်းအဝေး ခေါ်ဖို့ ဘယ်သူ ပြောလိုက်တာလဲ ဒီရက်ပိုင်း ငါ လုပ်စရာ မရှိဘူးလို့ မင်း ထင်နေတာလား”
သူ ဒီရက်ပိုင်း ယုံနိုင်စရာ မရှိလောက်အောင် အလုပ်ရှုပ်နေခဲ့ရတာ၊ ရန်ပုံငွေ ရှာဖို့ ရှယ်ယာတွေကို လျှော့ချရတာတင် မကဘူး၊ ကုမ္ပဏီ အတွင်းက ပြဿနာတွေရဲ့ အရင်းအမြစ်တွေကိုပါ ဖြေရှင်းနေရတာ။
သူ အလွန် အလုပ်ရှုပ်နေတယ် လို့ ပြောရင် လွန်မယ် မထင်ပေ။
အိပ်ရေးပျက်လွန်းလို့ သူ လုံးဝ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ။
ဒီလို အချိန်မျိုးမှာ ဘာ ရယ်စရာကောင်းတဲ့ ဘုတ်အဖွဲ့ အစည်းအဝေးလဲ နှစ်လယ်လား၊ နှစ်ကုန်လား။
လီကွမ်ကျူး လက်ဖက်ရည် တစ်ငုံ အေးအေးလူလူ သောက်လိုက်ပြီး၊ လက်ဖက်ရည်ခွက် အဖုံးကို ဖြည်းညှင်းစွာ ပိတ်လိုက်ကာ၊ သံသယ ဝင်စွာ ပြန်ဖြေလိုက်လေသည်။
“ချူထျန်ဖုန်း၊ မင်း ဘယ်သူ့ကို လီ အဘိုးကြီး လို့ ခေါ်နေတာလဲ”
“လီအဘိုးကြီး...... အဲ့ဒါ မင်း ငါ့ကို ခေါ်လိုက်တာလား မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ အရင်ကနဲ့ အတူတူပဲလို့ ထင်နေတုန်းလား။”
“ဒီနေ့ ဘုတ်အဖွဲ့ အစည်းအဝေးက ပေါ့ပေါ့ပါးပါး စကားပြောဖို့ မဟုတ်ဘူး၊ မင်းကို ဘုတ်အဖွဲ့ရဲ့ အမှုဆောင် အရာရှိချုပ် နေရာကနေ ဖယ်ရှားမယ့် အကြောင်း အသိပေးဖို့”
“ဥက္ကဋ္ဌလီ ကိုကျွန်တော် သဘောတူပါတယ်၊ ချူ လုပ်ငန်းစု ဘုတ်အဖွဲ့ရဲ့ အမှုဆောင် အရာရှိချုပ် ရာထူးကနေ သူ့ကို နုတ်ထွက်ခိုင်းတာကို ထောက်ခံပါတယ်”
“ဥက္ကဋ္ဌ လီ ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် သဘောတူပါတယ်”
“ကျွန်တော်တို့ ဥက္ကဋ္ဌ လီ နဲ့ အတူ အေးအတူ ပူအမျှ ရပ်တည်သွားပါ့မယ်”
ဘုတ်အဖွဲ့ အစည်းအဝေး ခန်းမထဲမှာ၊ အဓိက ဒါရိုက်တာ အဖွဲ့ဝင် အများအပြား လက်ထောင်လိုက်ကြပြီး လီကွမ်ကျူး ဘေးနားမှာ ရပ်ကာ၊ ချူထျန်ဖုန်း ကို ရန်လိုတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေကြလေသည်။
“ချူ လုပ်ငန်းစု ဒီနေ့ ဒီလို အခြေအနေ ရောက်သွားရတာ၊ ဘုတ်အဖွဲ့ အမှုဆောင် အရာရှိချုပ် အနေနဲ့ ခင်ဗျားရဲ့ ပျက်ကွက်မှုကြောင့်ပဲ မဟုတ်ရင်၊ ဒီလောက် ကြီးမားတဲ့ ကော်ပိုရေးရှင်းကြီးက ဒီလောက် ကြီးမားတဲ့ အမှားအယွင်းမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ချူထျန်ဖုန်း ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး၊ ရင်ဘတ်က ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေလေသည်။
သူ ဘုတ်အဖွဲ့ အစည်းအဝေး လာတက်တာက သူ့ကို စွပ်စွဲပြစ်တင်ပြီး အတင်းအကျပ် နုတ်ထွက်ခိုင်းလိမ့်မယ်လို့ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့မိပေ။
သူ့ရင်ထဲမှာ ပွက်ပွက်ဆူနေတဲ့ နာကြည်းမှုတွေက ပိုလို့တောင် ပြင်းထန်လာလေသည်။
“အဖေ၊ စိတ်မလှုပ်ရှားပါနဲ့၊ စိတ်အေးအေးထားပါ”
ချူမုန်ယောင် ရှေ့တိုးလာပြီး သူမအဖေရဲ့ ကျောကို အမြန် ပုတ်ပေးကာ၊ ညင်သာစွာ နှစ်သိမ့်ပေးလိုက်လေသည်။ ပြီးတော့၊ သူမရဲ့ ဦးလေးဟောင်းတွေကို မကျေမနပ် မေးခွန်းထုတ်လိုက်လေသည်။
“ဘယ်သူမှ အဖွဲ့ကြီးကို ဒီလို အခြေအနေမျိုး မရောက်စေချင်ပါဘူး။”
“ဒါပေမဲ့ အဖေက အခြေအနေကို ကယ်တင်ဖို့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်၊ ပြီးတော့ သူက ဦးလေးတို့ရဲ့ ရှယ်ယာတွေကိုတောင် မထိပါဘူး။ လိုငွေကို ဖြည့်ဖို့ ရန်ပုံငွေ ရရှိအောင် သူ့ရဲ့ ကိုယ်ပိုင် ရှယ်ယာတွေကိုပဲ လျှော့ချခဲ့တာ”
“ဦးလေးတို့က သမီးအဖေကို ဒီလို ဆက်ဆံကြတာလား ဦးလေး ဟွမ်ချန်၊ သမီး ငယ်ငယ်တုန်းက ဦးလေး အမြဲ ပြောလေ့ရှိတယ်လေ၊ သမီးအဖေက ဦးလေးရဲ့ အကောင်းဆုံး ညီအစ်ကိုပါလို့၊ အခု ဦးလေးလည်း သူ့ကို ဆန့်ကျင်နေတာလား”
ဟွမ်ချန် မျက်လုံး လှန်ကြည့်လိုက်လေသည်။
ညီအစ်ကို......
မင်းရဲ့ ညီအစ်ကိုတွေ သောက်ဂရုစိုက်နေလိုက်.....
ငါ နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်လာခဲ့တဲ့ သားက ငါ့သားအရင်းတောင် မဟုတ်ဘူး၊ ငါ့မိန်းမက ငါ့တူအရင်းနဲ့ ဖောက်ပြန်နေတာ။
အဲ့ဒီတော့ ညီအစ်ကို သံယောဇဉ် အကြောင်း ပြောနေလို့ ဘာအဓိပ္ပာယ် ရှိဦးမှာလဲ။
ငါ အခု ပိုက်ဆံကိုပဲ ဂရုစိုက်တော့တယ်။
လီကွမ်ကျူး လက်ဝှေ့ယမ်းပြလိုက်လေသည်။
“ချူထျန်ဖုန်း၊ အချည်းနှီး ရုန်းကန်နေတာ ရပ်လိုက်တော့။ မရောက်လာသေးတဲ့ တစ်ယောက်ကလွဲရင်၊ မင်း လျှော့ချလိုက်တဲ့ ရှယ်ယာတွေ အားလုံးကို ငါ ဝယ်ထားပြီးပြီ။”
“ငါ အခု ရှယ်ယာ ၅၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားပြီ၊ ဒါက ငါ့ကို ဘုတ်အဖွဲ့ ခေါင်းဆောင် ဖြစ်တဲ့ မင်းကိုဖြုတ်ချဖို့ အခွင့်အာဏာ ပေးထားတယ် ပြီးတော့ မင်းကို အတင်းအကျပ် နုတ်ထွက်ခိုင်းဖို့ အခွင့်အာဏာလည်း ငါ့မှာ ရှိတယ်”
ချူထျန်ဖုန်း ထိုင်ခုံပေါ် ခွေကျသွားပြီး၊ အချိန်အကြာကြီး စိုက်ကြည့်နေရလို့ မျက်လုံးတွေ ခြောက်သွေ့ပြီး မျက်ရည်ကျလာလေသည်။
သူ မျက်လုံးတွေကို သုတ်လိုက်ပြီး၊ မျက်နှာပေါ်မှာ အေးစက်တဲ့ အပြုံးနဲ့ လီကွမ်ကျူး ကို ကြည့်ကာ ပြောလိုက်လေသည်။
“မင်း တကယ် ဟန်ဆောင်ကောင်းတာပဲ ငါတို့ စီးပွားရေး စကတည်းက မင်း ငါ့ဘေးနားမှာ ရှိနေခဲ့တာ။”
“ငါ လူတိုင်းကို သံသယ ဝင်ခဲ့ဖူးတယ်၊ ဒါပေမဲ့ မင်းကိုတော့ ဘယ်တုန်းကမှ သံသယ မဝင်ခဲ့ဖူးဘူး
ဒီနေ့ ငါ့ကျောကို ဓားနဲ့ထိုးမယ့်သူက မင်း ဖြစ်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့မိဘူး”
လီကွမ်ကျူး သဘောကျသွားလေသည်။
“ချူထျန်ဖုန်း၊ မင်း ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား”
“ချူ လုပ်ငန်းစု တည်ထောင်ခဲ့တဲ့ အနည်းဆုံး တစ်ဝက်လောက်က ငါနဲ့ ထိုက်တန်တယ် ဒါပေမဲ့ အခု၊ ငါ ပိုင်ဆိုင်တာ ရှယ်ယာ ၂၀ ရာခိုင်နှုန်းတောင် မပြည့်ဘူး။”
“မင်း ငါ့ကို နောက်နေတာလား မင်းသမီး အတွက်တောင် ရှယ်ယာ ၁၀ ရာခိုင်နှုန်း ချန်ထားပေးသေးတယ်၊ အဲ့ဒါ တစ်ယောက်ယောက်က မင်းနေရာကို မက်မောလာမှာ စိုးရိမ်လို့ မဟုတ်ဘူးလား”
“ကံမကောင်းစွာနဲ့၊ လူက ကြံစည်ပေမယ့်၊ ဘုရားသခင်က စီစဉ်တယ်။ တစ်နေ့ကျရင် မြေခွေးအိုကြီး ဖြစ်တဲ့ မင်း ချူထျန်ဖုန်း တောင် ထောင်ချောက်ထဲ ကျရောက်လိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ”
ချူထျန်ဖုန်း အပေါ် သူ့ရဲ့ အမုန်းတရားက တစ်ညတည်းနဲ့ ဖြစ်လာတာ သေချာပေါက် မဟုတ်ပေ။
သူတို့ အတူတူ အလုပ်လုပ်တုန်းက၊ ချူထျန်ဖုန်း က အမြဲတမ်း ဦးဆောင်တဲ့သူ ဖြစ်ခဲ့ပြီး၊ သူကတော့ ထိုက်တန်တဲ့ ဆုလာဘ် မရရှိဘဲ တိတ်တဆိတ် အကျိုးပြုခဲ့ရသူပင်။
အရေးကြီးဆုံးက သူက ချူမုန်ယောင် ရဲ့ အမေကို အရင်က အရမ်း ချစ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ နောက်ပိုင်း ဘာဖြစ်ခဲ့လဲ။
သူမအပေါ် သူ့ခံစားချက်တွေကို သိရက်နဲ့၊ ချူထျန်ဖုန်း က သူချစ်တဲ့ အမျိုးသမီးနဲ့ အတူတူ ပေါင်းဖက်ခဲ့တယ်။
အမုန်းတရား......
သူ့ရင်ထဲမှာ မျိုသိပ်ထားခဲ့တဲ့ အမုန်းတရားတွေက ဒီအချိန်မှာ နောက်ဆုံးတော့ ပေါက်ကွဲထွက်လာခဲ့ပြီ။
သူ ချူထျန်ဖုန်း ကို တိမ်တွေပေါ်ကနေ ပြုတ်ကျပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားအောင် လုပ်ချင်နေပြီ။
သူ ချူထျန်ဖုန်း ကို ဘာမှ မကျန်အောင် လုပ်ပြီး၊ သူ့ရှေ့မှာ ဒူးထောက်ကာ သနားဖို့ တောင်းပန်ခိုင်းချင်နေပြီ။
သူ့ကို စိတ်ဆိုးအောင် လုပ်မိတဲ့ အကျိုးဆက်တွေက ဘယ်လောက်တောင် ကြောက်စရာ ကောင်းလဲ ဆိုတာ ချူထျန်ဖုန်း ကို ပြသချင်နေပြီ။
“အခြေအနေက အတည်ပြုပြီးသွားပြီ၊ ချူထျန်ဖုန်း။ ဒီနေ့က စပြီး၊ မင်း ဘုတ်အဖွဲ့မှာ ဘာရာထူးမှ ရှိတော့မှာ မဟုတ်ဘူး။ မင်းရဲ့ ရှယ်ယာတွေက အမြတ်ဝေစု ခံစားခွင့်ပဲ ရှိပြီး၊ ဆုံးဖြတ်ချက်ချနိုင်တဲ့ အာဏာ မရှိတော့ဘူး”
လီကွမ်ကျူး က ကျေနပ်အားရတဲ့ အပြုံးကို ပြသလိုက်လေသည်။ သူ ရှယ်ယာရှင် အများအပြားကို စည်းရုံးထားပြီးပြီ ဖြစ်ပြီး ဘုတ်အဖွဲ့မှာ အကြွင်းမဲ့ အာဏာကို ကိုင်စွဲထားလေသည်။ ချူထျန်ဖုန်း ကို ပစ်မှတ်ထားဖို့ ဆိုတာ သူ့အတွက် ကိတ်မုန့်စားသလောက် လွယ်ကူတဲ့ ကိစ္စပင်။
တကယ်လို့ ချူထျန်ဖုန်း က လျှော့ချလိုက်တဲ့ ရှယ်ယာတွေကို ပြန်ဝယ်မယ် ဆိုရင်တောင်၊ နောက်ကျသွားပြီ။
ကျန်တာတွေကို သူ စီစဉ်ပြီးသားပါ။ သူ ဘုတ်အဖွဲ့ ခေါင်းဆောင် ဖြစ်လာတာနဲ့၊ ချူထျန်ဖုန်း ရဲ့ ရှယ်ယာတွေကို တဖြည်းဖြည်း ဝါးမျိုပြီး၊ သူ့ကို ချောက်ကမ်းပါးထဲ တစ်ဆင့်ပြီး တစ်ဆင့် ဆွဲချသွားမှာ။
ရှယ်ယာ ၁၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသေးတဲ့ ချူမုန်ယောင် အတွက်ကတော့.....
အဲ့ဒါက သူ့သား သဘောကျလား မကျလား ဆိုတဲ့အပေါ် မူတည်လေသည်။
“လေးစားရပါသော ဒါရိုက်တာများ ချူထျန်ဖုန်း ရဲ့ နုတ်ထွက်မှုက မလွဲမသွေ ဖြစ်လာမယ့် ကိစ္စပါ၊ ကျန်တာက ကြေညာချက် ထုတ်ပြန်ဖို့ပဲ ရှိပါတော့တယ်။ အမှုဆောင် အရာရှိချုပ်သစ် နေရာကို လူတိုင်းက ရွေးချယ်တင်မြှောက်ဖို့ လိုပါသေးတယ်။ ကျွန်တော် လူတိုင်းရဲ့ အမြင်ကို သဘောတူပြီး အဲ့ဒီအတိုင်း မဲပေးပါ့မယ်။”
လီကွမ်ကျူး က ဂုဏ်ယူဝင့်ကြွားမှုတွေနဲ့ တောက်ပနေပြီး၊ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ အဖြစ် သူ့ကို ခန့်အပ်လိုက်တဲ့ အတွက် ဩဘာပေးသံတွေကို ကြိုကြားနေရသလိုပါပဲ။
ဟွမ်ချန် အားရပါးရ ရယ်မောလိုက်လေသည်။
“ဥက္ကဋ္ဌ လီ က တကယ်ပဲ သဘောထားကြီးပြီး စစ်မှန်တဲ့ ယောကျ်ားတစ်ယောက်ပါပဲ။ ဥက္ကဋ္ဌ လီ အဲ့လို ပြောမှတော့၊ ကျွန်တော့်မှာ တခြား ရွေးချယ်စရာ မရှိတော့ဘူး...”
လီကွမ်ကျူး နှုတ်ခမ်းစေ့လိုက်ပြီး၊ မျက်လုံးတွေ ကျဉ်းမြောင်းကာ၊ မသိစိတ်ကနေ ခေါင်းညိတ်လိုက်လေသည်။
ဟွမ်ချန် ခေတ္တ ရပ်လိုက်ပြီး၊ ကျယ်လောင်စွာ ဆက်ပြောလိုက်လေသည်။
“ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ရာထူးက ခြွင်းချက်မရှိ ကျွန်တော့်အပိုင်ပါပဲ၊ မစ္စတာ ချင်းလန်”