အခန်း (၁၅၀) ဆုပေးသင့်သူကို ဆုပေးပြီး၊ အပြစ်ပေးသင့်သူကို အပြစ်ပေးရမည်
မူယွီယန် ဒေါသလည်း ထွက်သလို၊ ဘာလုပ်ရမှန်း မသိ အကူအညီမဲ့သလိုလည်း ခံစားနေရလေသည်။ သူမဘေးနားက လင်းယိုချူ ကို ကြည့်ပြီး ဒေါသတွေ ထွက်နေမိသည်။
ငါ ဘယ်လို ကံဆိုးမိုးမှောင်ကျမှုမျိုး ကြုံနေရတာလဲ ငါ တကယ် မသိတော့ဘူး။
ဒီလို အချစ်ဆုံးသူငယ်ချင်းမျိုးနဲ့ တွေ့ရမယ်လို့ ငါ မယုံနိုင်ဘူး။
ဒီလိုမှန်း သိခဲ့ရင်၊ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ချင်းလန် ကို ဒိုင်းကာ အဖြစ် အသုံးချခွင့် မပေးလိုက်သင့်ဘူး။
သူမ တွေးခဲ့တာ၊ သူမ ယုံကြည်ခဲ့တာတွေက သူမ အတွေးသက်သက် ဖြစ်နေခဲ့တာကိုး။
ဒါပေမဲ့ မမျှော်လင့်ဘဲ၊ ရူရုန် ဆိုတဲ့ ဘွားတော်ကြီး ကလည်း ကြားထဲ ဝင်ပါနိုင်ခဲ့သေးတယ်။
ငါ ပေါ့ဆခဲ့မိတာပဲ....
မူယွီယန် ဒေါသထွက်နေတုန်းပဲ ဆိုတာ မြင်လိုက်ရတော့၊ လင်းယိုချူ နှုတ်ခမ်းစူပြီး သူမလက်မောင်းကို သနားစရာ ကောင်းတဲ့ ပုံစံနဲ့ ချက်ချင်း ဖက်လိုက်ကာ၊ သူမရဲ့ အသုံးအဝင်ဆုံး နည်းဗျူဟာကို ထုတ်သုံးလိုက်လေသည်။
“ယွီယန်၊ ကျေးဇူးပြုပြီး၊ ငါ အခုချိန်မှာ ချင်းလန် မရှိဘဲ အသက်မရှင်နိုင်တော့ဘူး”
“ချင်းလန် မျက်မှောင်ကြုတ်လိုက်ရင် ငါ့ကမ္ဘာကြီး တစ်ခုလုံး မည်းမှောင်သွားသလို ခံစားရတယ်။
ငါ မကြာခင် ချင်းလန် ရဲ့ ပြုစားတာ ခံရတော့မယ် ထင်တယ်”
“အဆိုးဆုံး အခြေအနေ ဆိုရင်တောင်၊ နင်က သူဌေး လုပ်၊ ငါက လက်အောက်ငယ်သား လုပ်မယ်လေ၊ ဟုတ်ပြီလား”
ကောင်းတာတွေရော ဆိုးတာတွေရော အများကြီး ပြောပြီးနောက်၊ လင်းယိုချူ သူမကိုယ်သူမ အစေခံမလေး တစ်ယောက် အဆင့်ထိ နှိမ့်ချလိုက်လေသည်။
သို့သော်၊ လင်းယိုချူ ဒီလို နှိမ့်ချခံရတာကို ရှက်ရွံ့ခြင်း မရှိပါဘူး။ ဆန့်ကျင်ဘက် အနေနဲ့၊ သူမ စိတ်လှုပ်ရှားမှု တစ်မျိုးတောင် ခံစားနေရသေးလေသည်။
ဟူး...
မူယွီယန် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး၊ မတ်တပ်ရပ်ကာ၊ လင်းယိုချူ သနားစရာ ကောင်းအောင် ဆက်ပြီး ဟန်ဆောင်မနေခင်မှာပဲ၊ အေးစက်စွာ ပြောလိုက်လေသည်။
“ချင်းလန် ထမင်းမစားရသေးဘူး”
ပြောပြီးတာနဲ့၊ သူမ တံခါးဖွင့်ပြီး ကိုယ့်ဘာသာ ထွက်သွားလေသည်။
လင်းယိုချူ စိတ်သက်သာရာ ရသွားပြီး နောက်ကနေ လိုက်သွားလေသည်။
ပြီးသွားပြီ......
သူမ သူငယ်ချင်းရဲ့ စရိုက်ကို အသိဆုံးလေ။ တကယ်လို့ သူမ ဒီအကြောင်း ပြောလိုက်လို့၊ ဘာတုံ့ပြန်မှုမှ မရှိဘူး ဆိုရင်၊ ကိစ္စတွေက တကယ် အခြေအနေ ဆိုးနေပြီ ဆိုတဲ့ သဘော။
လက်ရှိ အခြေအနေ အရ ဆိုရင်၊ ဒါက နှုတ်ပိတ် သဘောတူညီချက် ရသွားပြီ ဆိုတဲ့ သဘောပဲ။
ဟီး.....
အခုက စပြီး၊ သူမ ခိုးကြောင်ခိုးဝှက် လုပ်စရာ မလိုတော့ဘူး။ သူမ ကောက်ကျစ်တဲ့ မိန်းမ တစ်ယောက် အဆင့်ကနေ ကိုယ်လုပ်တော်အဆင့်ထိ တရားဝင် တက်လှမ်းနိုင်ပြီး၊ အိမ်ထောင်စုရဲ့ တရားဝင် အဖွဲ့ဝင် တစ်ဦး ဖြစ်လာနိုင်ပြီ။
နာရီဝက်ကျော် ကြာပြီးနောက်....
ထမင်းစားပွဲပေါ်မှာ ရိုးရှင်းတဲ့ အိမ်ချက် ဟင်းပွဲတချို့ ရှိနေလေသည်။
ချင်းလန် ဝက်နံရိုး ချိုချဉ်ကြော် တစ်တုံး ယူလိုက်ပြီး၊ ကိုက်စားကြည့်ကာ၊ အာမေဋိတ်သံ ပြုလိုက်လေသည်။
“မဆိုးပါဘူး၊ ပြီးခဲ့တဲ့ တစ်ခေါက်ထက် အများကြီး ပိုအရသာ ရှိတယ်။”
မူယွီယန် ကိုကာကိုလာ ကြက်တောင်ပံ ကို တူနဲ့ ထိုးဆွလိုက်ပြီး၊ နှာမှုတ်လိုက်လေသည်။
“အမေနဲ့ ဗီဒီယို ကောလ် ပြောရင်း ဘယ်လို ချက်ရမလဲ ဆိုတာ မေးပြီး သင်ထားတာလေ။ ရှင်ပဲ ပြောတယ် မဟုတ်လား ကျွန်မအမေ လက်ရာ ကောင်းတယ်လို့ ရှင့်အတွက် သီးသန့် ချက်ပေးထားတာ။”
သူမရဲ့ လေသံက ချဉ်စုတ်နေပြီး၊ ရှာလကာရည်အိုး မှောက်ကျသွားသလိုပင်။
သူမ လင်းယိုချူ ရဲ့ တည်ရှိမှုကို တဖြည်းဖြည်း လက်ခံလာပြီး၊ လင်းယိုချူ ရဲ့ လမ်းမှား ပို့ဆောင်တာလည်း အတိုင်းအတာ တစ်ခုအထိ ခံလိုက်ရသည်။
ဒါပေမဲ့ နောက်ဆုံးကျတော့၊ သူမ နည်းနည်း နေရခက်နေတုန်းပဲ ဖြစ်ပြီး နှစ်သိမ့်မှု လိုအပ်နေလေသည်။
သူမ ကိုကာကိုလာ ကြက်တောင်ပံကို အနည်းငယ် ကိုက်စားလိုက်ပြီး၊ စားပွဲပေါ်က လက်သုတ်ပဝါနဲ့ ပါးစပ်ကို သုတ်ဖို့ ကြိုးစားလိုက်လေသည်။
“မလှုပ်နဲ့။”
ရုတ်တရက်၊ ချင်းလန် လက်လှမ်းပြီး မူယွီယန် ရဲ့ ပါးပြင်ကို အုပ်ကိုင်လိုက်လေသည်။
သူ ရှေ့ကို အနည်းငယ် ကိုင်းလိုက်ပြီး၊ ကြက်တောင်ပံ စားထားလို့ ပေနေတဲ့ နှုတ်ခမ်းထောင့်နားက ဟင်းရည် အနည်းငယ်ကို ညင်သာစွာ နမ်းပြီး သုတ်ပေးလိုက်လေသည်။
ဟုတ်ပေသည် ဒါ နည်းနည်းတော့ သန့်ရှင်းမှု မရှိပေ။
ဒါပေမဲ့ ပရောပရည် လုပ်တာက
မူယွီယန် ရဲ့ မသက်မသာ ဖြစ်မှုတွေကို လျော့ပါးစေဖို့၊ ချင်းလန် ဒီအတိုင်း သည်းခံပြီး ကျော်ဖြတ်လိုက်ဖို့ ဆုံးဖြတ်လိုက်လေသည်။
“ရှင် ဘာလုပ်တာလဲ ဒီမှာ တခြားလူတွေ ရှိနေတယ်လေ”
မူယွီယန် မျက်နှာ ရဲသွားလေသည်။
အကြောင်းပြချက် တစ်ခုခုကြောင့်၊ လင်းယိုချူ နဲ့ ချင်းလန် ရဲ့ ဆက်ဆံရေးကို သိပြီးနောက်၊ သူ့ရှေ့မှာ သူမ တော်တော်လေး ချစ်ခင်ကြင်နာတတ်လာပြီး၊ ဒါက သူမကို နည်းနည်း နေရခက်စေလေသည်။
“မီးဖိုချောင်ထဲမှာ ဟင်းရည် တည်ထားတာ ကျန်သေးတယ်၊ သွားယူလိုက်ဦးမယ်”
သူမ ရိုမန်တစ်ဆန်တဲ့ လေထုကို အလိုအလျောက် လျော့ပါးသွားစေချင်တာကြောင့်၊ မတ်တပ်ရပ်ပြီး မီးဖိုချောင် ဘက်ကို လျှောက်သွားလိုက်လေသည်။
စားပွဲ ဟိုဘက်ခြမ်းမှာ ထိုင်နေတဲ့ လင်းယိုချူ နည်းနည်း မနာလို ဖြစ်မိလေသည်။
သူမရဲ့ လှပတဲ့ မျက်လုံးတွေက ဟိုဟိုဒီဒီ ကြည့်လိုက်ပြီး၊ ထိုင်ခုံကို ချက်ချင်း ဆွဲထုတ်ကာ၊ မီးဖိုချောင်ထဲက မူယွီယန် ကို လှမ်းပြောလိုက်လေသည်။
“ယွီယန်၊ ငါ ဗိုက်နည်းနည်း နာနေလို့၊ ရေချိုးခန်း အရင် သွားလိုက်ဦးမယ်။”
ပြောပြီးတာနဲ့၊ သူမ ထမင်းစားပွဲ အောက်ကို လျှောဝင်သွားလေသည်။
ခဏအကြာမှာ၊ လက်အိတ်ထူထူ နှစ်ဖက် ဝတ်ဆင်ထားတဲ့ မူယွီယန် က ဂျင်ဆင်း ဟင်းရည်ပန်းကန်လုံးကြီး တစ်လုံးကို စားပွဲပေါ် လာချပေးပြီး စိတ်အနှောင့်အယှက် ဖြစ်တဲ့ လေသံနဲ့ ပြောလိုက်လေသည်။
“ယိုချူ၊ နင် ကောင်းကောင်း စားနေပြီးမှ၊ ပြဿနာ ပြန်ရှာနေပြန်ပြီ”
“သူမကို ထားလိုက်ပါ။ ရှင် ဟင်းရည် ပိုသောက်ပြီး အားဖြည့်သင့်တယ်၊ ရှင့်မျက်နှာ နည်းနည်း ဖြူဖျော့နေတယ်။”
ကျွီ.....
ချင်းလန် ထိုင်ခုံကို ကြမ်းပြင်နဲ့ တိုက်ပြီး ဆွဲလိုက်ရာ၊ ကျယ်လောင်တဲ့ အသံ ထွက်ပေါ်လာပြီး၊ တခြား မကြားတကြား အသံလေး တစ်ခုကို ဖုံးလွှမ်းသွားစေလေသည်။
မူယွီယန် ဂျင်ဆင်း ဟင်းရည် တစ်ခွက် ခပ်ထည့်ပေးပြီး၊ စားပွဲနဲ့ ကပ်ထိုင်နေတဲ့ ချင်းလန် ကို ကြည့်ကာ၊ ရှည်လျားတဲ့ စားပွဲခင်းကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး၊ ဘာမှ မူမမှန်တာ မတွေ့ရလို့ စနောက်လိုက်လေသည်။
“သောက်ချင်လွန်းလို့ အဲ့လောက် စိတ်လောနေတာလား”
သူမ ဂျင်ဆင်း ဟင်းရည် တစ်ခွက် ကိုင်ပြီး ချင်းလန် ကို ကမ်းပေးကာ၊ စဉ်းစားဉာဏ်ရှိစွာ သတိပေးလိုက်လေသည်။
“ဖြည်းဖြည်း သောက်နော်၊ နည်းနည်း ပူတယ်။”
ချင်းလန် ဂျင်ဆင်း ဟင်းရည် တစ်ငုံ သောက်လိုက်ပြီး၊ နွေးထွေးတဲ့ ပွေ့ဖက်မှု တစ်ခုထဲ ရောက်နေသလိုမျိုး အရသာခံလိုက်လေသည်။
သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး၊ ခေါင်းမော့ကာ ရိုးသားစွာ အာမေဋိတ်သံ ပြုလိုက်လေသည်။
“အရသာက တကယ် ကောင်းလွန်းတယ်”
“ရှင် ကြိုက်ရင်၊ များများ သောက်။ ကျွန်မ အိုးကြီးကြီး တစ်လုံး ချက်ထားတယ်၊ ဘယ်သူမှ ရှင်နဲ့ လုသောက်မှာ မဟုတ်ဘူး။”
မူယွီယန် ထိုင်ခုံမှာ ထိုင်ပြီး၊ ပျော်ရွှင်တဲ့ မျက်နှာထားနဲ့ ကြည့်နေလေသည်။
ချင်းလန် ဟင်းရည်ကို ဘယ်လောက် နှစ်သက်စွာ သောက်နေလဲ ဆိုတာ မြင်ရတာလောက် သူမကို ပျော်ရွှင်စေတာ ဘာမှ မရှိပေ။
သူမအမေ အမြဲ ပြောလေ့ရှိတယ်၊ ယောကျ်ားတစ်ယောက်ရဲ့ နှလုံးသားဆီ သွားတဲ့ လမ်းက သူ့အစာအိမ်ကတဆင့် သွားတာတဲ့။
အရင်တုန်းက ဒါကို ပေါ့ပေါ့တန်တန် သဘောထားခဲ့ပေမယ့်၊ အခုတော့ အောင်မြင်မှု ခံစားချက်ကို သူမ နောက်ဆုံးတော့ နားလည်သွားပြီ။
အလားတူပဲ၊ လင်းယိုချူ လည်း အတူတူ တွေးနေလေသည်။
မျက်နှာထား မပျက်ဘဲ၊ ဘာမှ ဒုက္ခရောက်တဲ့ ပုံစံ မပြတဲ့ ချင်းလန် ကို ကြည့်ပြီး၊ မူယွီယန် တိုးတိုးလေး ပြောလိုက်လေသည်။
“ဒီနေ့ ရှင့်ကို ခေါ်လိုက်တာက ရှင့်ကို တမင်သက်သက် အနှောင့်အယှက် ပေးချင်လို့ မဟုတ်ပါဘူး။”
“ကုမ္ပဏီက အလှအပဆိုင်ရာ ဆေးလုံးတွေကို စတင် ထုတ်လုပ်နေပြီ။ ရှင် သိတဲ့ အတိုင်းပဲ၊ အလှအပဆိုင်ရာ ဆေးလုံးတွေက ယုံနိုင်စရာ မရှိလောက်အောင် ထိရောက်မှု ရှိတယ်၊ ဈေးကွက်ထဲ ရောက်သွားတာနဲ့၊ သေချာပေါက် ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေ ရလာမှာ။”
“ကျွန်မ စဉ်းစားနေတာက ဒီအခွင့်အရေးကို သုံးပြီး လမ်းခင်းသင့်တယ် လို့။ လုပ်မယ် ဆိုမှတော့၊ ကြီးကြီးမားမား လုပ်ကြတာပေါ့။ ထျန်ဟိုင် မြို့ငယ်လေး တစ်ခုတည်းနဲ့ ကန့်သတ်မထားဘဲ၊ အနီးအနား ပြည်နယ်တွေ၊ မြို့တွေက ဖြန့်ချီသူတွေဆီ၊ ပြီးတော့ တစ်နိုင်ငံလုံး အတိုင်းအတာ အထိ တိုးချဲ့ကြမယ်”
ချင်းလန် ခေါင်းညိတ်လိုက်ပြီး၊ လက်ချောင်းတွေကို စားပွဲပေါ် နှစ်ချက် မြန်မြန် ခေါက်လိုက်ကာ၊ တစ်ခုခု စဉ်းစားနေသလို၊ သို့မဟုတ် တစ်ယောက်ယောက်ကို သတိပေးနေသလို လုပ်လိုက်လေသည်။
“သေချာပေါက်၊ အရှိန်ကို နည်းနည်း တိုးမြှင့်လို့ ရပါတယ်။”
“တကယ်လို့ အလှအပဆိုင်ရာ ဆေးလုံးတွေ ဖြန့်ချိလိုက်ရင်၊ ဈေးကွက် လိုအပ်ချက် မရှိမှာကို ပူစရာ မလိုပါဘူး။ တစ်ခုတည်းသော မေးခွန်းက မုရန် နိုင်ငံတကာ ရဲ့ အရောင်းအပိုင်းက လိုက်မီပါ့မလား ဆိုတာပါပဲ။”
မုရန် နိုင်ငံတကာ ရဲ့ လက်ရှိ ဂုဏ်သတင်း အရ၊ ဈေးကွက် ချဲ့ထွင်ဖို့ ဆိုတာ တော်တော်လေး ခက်ခဲနိုင်လေသည်။
“ထုတ်လုပ်မှု အပိုင်းမှာတော့၊ ကျွန်မတို့ ကြိုတင် စုဆောင်းထားလို့ ရပါတယ်။ ထုတ်လုပ်မှု လိုင်း ကို ဒီလောက် မြန်မြန် တည်ဆောက်လို့ မရဘူး၊ အချိန်ယူရတယ်။ ကျွန်မတို့ အသုတ်လိုက်ခွဲရောင်းလို့ ရတယ်၊ ရန်ပုံငွေ လုံလောက်ပြီ ဆိုမှ၊ ကန့်သတ်ချက် မရှိဘဲ ကြော်ငြာပြီး ရောင်းချကြမယ်။”
မူယွီယန် လေးလေးနက်နက် ပြန်ဖြေလိုက်လေသည်။
“လူကြိုက်များမှု အတွက် ဆိုရင်တော့၊ ကျွန်မတို့ ပြောရေးဆိုခွင့် ရှိသူတစ်ယောက် သေချာပေါက် ရှာဖို့ လိုတယ်၊ ဒါပေမဲ့ နာမည်ကြီးတာ တစ်ခုတည်း ကြည့်ပြီး ရှာလို့ မရဘူး။ တချို့ နာမည်ကြီးတွေမှာ အရှုပ်တော်ပုံတွေအများကြီး ရှိတယ်၊ တကယ်လို့ သူတို့ထဲက တစ်ယောက်ယောက် မတော်တဆ အရှုပ်တော်ပုံ တစ်ခုခု ဖြစ်သွားရင်၊ ကျွန်မတို့ ထုတ်ကုန်တွေကို ထိခိုက်လိမ့်မယ်။”
“ရှီယာ က ရွေးချယ်မှု ကောင်းတစ်ခုပဲ သူမက တရုတ်ပြည်မှာ လူသိများတဲ့ အဆိုတော်တစ်ယောက်လေ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကိုယ်ပိုင် လက်ရာတွေ မရှိခဲ့ပေမယ့်၊ သူမမှာ ပရိသတ်အများကြီးရှိတယ် အများစုက အမျိုးသမီးတွေ ဆိုတော့၊ ကျွန်မတို့ ထုတ်ကုန် နေရာယူထားမှု နဲ့ ကွက်တိပဲ”
“အရေးကြီးဆုံးက၊ ကုမ္ပဏီထဲမှာ ရှီယာ ရဲ့ ကိုယ်စားလှယ်ရဲ့ အစ်မ ဖြစ်တဲ့ အဆင့်မြင့် အမှုဆောင် အရာရှိ တစ်ယောက် ရှိတယ်။ ဒီအဆက်အသွယ်ကနေတဆင့်၊ ကျွန်မတို့ ထုတ်ကုန်ကို ထောက်ခံပေးဖို့ ရှီယာ ကို စည်းရုံးနိုင်လောက်တယ်”
“ထူးချွန်တဲ့ အကျိုးပြုမှုတွေ လုပ်ပေးတဲ့ ဝန်ထမ်းတွေကို ကောင်းကောင်း ဆက်ဆံဖို့ လိုတယ် ဆုချတဲ့ နေရာမှာ လုံးဝ ကပ်စေးနည်းလို့ မဖြစ်ဘူး”
ဒါက ချင်းလန် ရဲ့ တစိုက်မတ်မတ် လုပ်ဆောင်တတ်တဲ့ ပုံစံပင် သူ လူတိုင်းကို တန်းတူ ဆက်ဆံလေသည်။
တစ်ယောက်ယောက်ကို ဆုချရမယ့် အချိန်ရောက်ရင်၊ သူ ဘယ်လိုလုပ် ကပ်စေးနည်းပြီး တွန့်တိုနေမှာလဲ။
ထိုက်တန်တဲ့ သူတွေကို ဆုချရမယ်၊ ပြီးတော့ ဆုပေး ဒဏ်ပေး စနစ်က ရှင်းလင်းပြတ်သားနေရမယ်။