အခန်း (၁၄၅) ဗီလိန်အသေးစားက သူရဲကောင်း လုပ်ပြီး ဒုက္ခရောက်နေတဲ့ မိန်းမလှလေးကို ကယ်ချင်တာလား
နွေဦးလေပြည် စတင် တိုက်ခတ်လာသည်နှင့်အမျှ၊
ကန်ရေပြင်က ဖြည်းညှင်းစွာ လှုပ်ခတ်နေပြီး သစ်သားလှေလေးကို ယိမ်းနွဲ့စေကာ၊ လူကို အိပ်ချင်စိတ် ဖြစ်ပေါ်စေလေသည်။
လင်းရှီးအာ လည်း သစ်သားပျဉ်ပြားပေါ် လှဲလျောင်းလိုက်ပြီး၊ လှေအပြင်ဘက် လက်ဆန့်ထုတ်ကာ လက်ချောင်းကြားကနေ အဝေးက နေဝင်ဆည်းဆာကို ငေးကြည့်နေလေသည်။
အချိန်တွေ ကုန်ဆုံးသွားတာ မြန်လိုက်တာ။
ရုတ်တရက်၊ ဆူညံတဲ့ အသံတစ်သံ ကမ်းစပ်ဘက်ကနေ ထွက်ပေါ်လာလေသည်။
“ဟေး လှေပေါ်က လူတွေ နားထောင်ကြ လှေကို ဒီဘက် လှော်ခဲ့စမ်း ငါဒီလှေကို ဝယ်မယ်။ ဒီမှာ ပိုက်ဆံ”
လင်းရှီးအာ လန့်သွားပြီး မတ်မတ် ထထိုင်လိုက်ကာ ကမ်းစပ်ဘက်ကို လှမ်းကြည့်လိုက်ရာ၊ ရင်းနှီးတဲ့ မျက်နှာတစ်ခုကို တွေ့လိုက်ရလေသည်။
လီမင်ဟွေး......
ထျန်ဟိုင် တက္ကသိုလ် ရဲ့ ထူးချွန်တဲ့ လူငယ် လေးဦးထဲက တစ်ဦး။
သူက အလွန် မာနကြီးပြီး ဗိုလ်ကျလွှမ်းမိုးတတ်သူဖြစ်သည်။
သူ တခါက ကောင်မလေး တစ်ယောက်ရဲ့ ရည်းစားကို ဆေးရုံမှာ တစ်လလောက် နေရတဲ့အထိ ရိုက်နှက်ခဲ့ဖူးလေသည်။
လင်းရှီးအာ က ချင်းလန် ကို ကြောက်ရွံ့မှု တချို့နဲ့ ကြည့်လိုက်လေသည်။
ချင်းလန် သမ်းဝေလိုက်ပြီး၊ ဖြည်းညှင်းစွာ ထထိုင်ကာ ကမ်းစပ်ဘက်ကို ကြည့်လိုက်လေသည်။
လီမင်ဟွေး ကို တွေ့လိုက်ရပြီးတော့ အဝေးက ကန်ရေပြင်နားမှာ လူအုပ်ကြီး စုဝေးနေပြီး ဆူညံပွက်လောရိုက်နေတဲ့ မြင်ကွင်းကို ကြည့်ပြီး သူ အလွန် ဝမ်းသာသွားလေသည်။
ဒါ ဇာတ်လမ်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပေါ်လာတာများလား။
တစ်ယောက်ယောက် ရေထဲ ပြုတ်ကျတာ ဖြစ်ရမယ်။
“လင်းရှီးအာ၊ လှေကို ဒီဘက် လှော်ခဲ့စမ်း၊ ငါ ပိုက်ဆံပေးပြီးပြီလေ၊ မြန်မြန်လုပ်”
လီမင်ဟွေး က ချင်းလန် ဆိုတာ ဘယ်သူမှန်း မသိပေ။ ထျန်ဟိုင် တက္ကသိုလ် က အရမ်း ကြီးမားလွန်းတော့၊ သူ လူတိုင်းနဲ့ တွေ့ဆုံဖူးဖို့ ဆိုတာ မဖြစ်နိုင်ပေ။
သူ အလွန် စိုးရိမ်ပူပန်နေလေသည်။ သူ ခုနကပဲ ကန်ကြီးနဲ့ မလှမ်းမကမ်းမှာ လူတစ်ယောက် ရေထဲ ပြုတ်ကျသွားတာ တွေ့လိုက်ရပေမယ့်၊ သူ အလေးအနက် မထားခဲ့ပေ။
တခြားသူ ရေထဲ ပြုတ်ကျတာ သူနဲ့ ဘာဆိုင်လို့လဲ၊ သူက ဘာကိစ္စ သူများကိစ္စ ဝင်ပါရမှာလဲ။
ဒါပေမဲ့၊ လမ်းတဝက်မှာ၊ အမျိုးသမီး တစ်ယောက်က လူကယ်ဖို့ ရေထဲ ခုန်ဆင်းသွားခဲ့ပြီး၊ အဲ့ဒီ အမျိုးသမီးက ထျန်ဟိုင် တက္ကသိုလ် က ရင်သပ်ရှုမောဖွယ် လှပတဲ့ ပါမောက္ခ တစ်ယောက် ဖြစ်နေတာပင်။
သောက်ကျိုးနည်း.....
ဒါဆို သူနဲ့ ဆိုင်သွားပြီ....
ဒုက္ခရောက်နေတဲ့ မိန်းမလှလေးကို ကယ်တင်တဲ့ သူရဲကောင်း ဆိုတာက အလှလေးရဲ့ နှလုံးသားကို သိမ်းပိုက်ဖို့ အကောင်းဆုံး နည်းလမ်းပင်။
တကယ်လို့ သူသာ ဒီလို အရေးကြီးတဲ့ အချိန်မှာ ကူညီလက်ကမ်းပေးလိုက်ရင်၊ ပါမောက္ခ ကျိုး ရဲ့ နှလုံးသားထဲမှာ သူ့ကို သဘောကျမှု အဆင့်တွေ အများကြီး တက်သွားမှာ မဟုတ်ဘူးလား။
သာမန် ကျောင်းမယ်လေး လင်းရှီးအာ က ထူးဆန်းတဲ့ ယောကျ်ားတစ်ယောက်နဲ့ လှေပေါ် အတူထိုင်နေတာ မြင်ရင်တောင်၊ သူ ဘာမှ မနာလို မဖြစ်ပေ။
သူ လိုချင်တာက လူကယ်ဖို့ လှေတစ်စင်း ရဖို့ပါပဲ။
ချင်းလန် က ပြာပြာသလဲ ခုန်ဆွခုန်ဆွ ဖြစ်နေတဲ့ လီမင်ဟွေး ကို တစ်ချက် ကြည့်လိုက်ပြီး၊ နည်းနည်း ရယ်ချင်စရာ ကောင်းတယ်လို့ ခံစားလိုက်ရသည်။
သူ သစ်သားလှေပေါ်က လှော်တက် တစ်ချောင်းကို ယူလိုက်ပြီး ကမ်းစပ်ဘက်ကို ချိန်ရွယ်လိုက်လေသည်။
“ဒါ ခင်ဗျား လိုချင်တဲ့ အရာလား”
“ဟုတ်တယ် ဒီဘက်ကို လှော်ခဲ့”
လီမင်ဟွေး အဝေးကို မျှော်ကြည့်ရင်း ချင်းလန် ကို လက်ဝှေ့ယမ်းပြလိုက်လေသည်။
ကြောင်တောင်တောင် ဖြစ်နေတုန်း၊ လေတိုးသံ တစ်ခု ကြားလိုက်ရပြီး၊ ကောင်းကင်ကို မော့ကြည့်လိုက်ရာ၊ ကြီးမားတဲ့ လှော်တက်ကြီး တစ်ချောင်း သစ်သားလှေ ရှိရာဘက် ဆီကနေ သူ့မျက်နှာဆီ တည့်တည့် ပျံဝဲလာတာ တွေ့လိုက်ရလေသည်။ အကွာအဝေးက ၇ မီတာ၊ ၈ မီတာလောက်ပဲ ရှိတော့သည်။
ဒုန်း.....
လှော်တက်က မြေကြီးပေါ် ကျသွားပြီး၊ လီမင်ဟွေးက သူ့ဘေးနားက လှော်တက်ကို ကြောက်လန့်တကြား စိုက်ကြည့်နေမိလေသည်။
သူ့မျက်လုံးတွေက မျက်တွင်းထဲက ပြူးထွက်လုနီးပါး ဖြစ်နေလေသည်။
သောက်ကျိုးနည်း......
ငါ အရူးတစ်ယောက်နဲ့ တွေ့နေတာလား......
သူက ချင်းလန် ကို လှေလှော်လာခဲ့လို့ ပြောတာလေ၊ ဒီကောင်က လှော်တက်ကြီး ပစ်ပေးလိုက်တယ်တဲ့
မင်း ငါ့ကို နောက်နေတာလား။
တကယ်လို့ သူသာ ကျိုးဇယ်ချင်း ရဲ့ နှလုံးသားကို သိမ်းပိုက်ဖို့ စိတ်မလောနေရင်၊ ဒီနေ့ သူ ဒီနေရာမှာ သေချာပေါက် ဆက်နေပြီး ပြဿနာ ရှာဖို့ ချင်းလန် ကမ်းပေါ် တက်လာမလား ဆိုတာ သူ စောင့်ကြည့်ချင်သေးလေသည်။
သောက်ကျိုးနည်း.....
လှေနဲ့ လူကယ်ဖို့ မဖြစ်နိုင်တော့ဘူး ဆိုတာ မြင်လိုက်ရတော့၊ လီမင်ဟွေး လူအုပ်ကြီးဆီ အပြေးအလွှား သွားလိုက်လေသည်။ သစ်သားလှေနဲ့ အကွာအဝေး တစ်ခု ရောက်ပြီးနောက်၊ သူ ကန်ရေထဲ ခုန်ချလိုက်လေသည်။
လင်းရှီးအာ ဒီအချိန်ကျမှ ပုံမှန် မဟုတ်တာကို သတိထားမိလိုက်လေသည်။
လူလုပ်ကန်ကြီး တစ်ခုလုံးက အကျယ်ကြီးလေ။
ကန်ရေထဲမှာ ရေလှုပ်ရှားမှု တချို့ တွေ့ရတာ ပုံမှန်ပါပဲ။ တစ်ယောက်ယောက် ရေကူးနေတာ ဖြစ်နိုင်တာကိုး။
ဒါပေမဲ့ အခု၊ လူတစ်စု ကမ်းစပ်မှာ စုဝေးနေပြီး၊ လက်ညှိုးထိုးပြကာ အမူအရာတွေ လုပ်နေကြတာကတော့ ပုံမှန် မဟုတ်တော့ဘူး။
“ချင်းလန်၊ ဟိုဘက်မှာ တစ်ယောက်ယောက် ရေထဲ ပြုတ်ကျသွားပုံရတယ်။”
လင်းရှီးအာ ရေလှိုင်းကြီးတွေ ပျံ့နှံ့နေတဲ့ ကန်ရေပြင် တစ်နေရာကို စိုးရိမ်တကြီး ညွှန်ပြလိုက်ပြီး၊ ကမ်းစပ်က လှော်တက်ကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။
“ဒါပေမဲ့ ရှင်က လှော်တက်ကို လွှင့်ပစ်လိုက်ပြီလေ။ အခု၊ လူကယ်ဖို့ ထားလိုက်ဦး၊ ကမ်းစပ်ကို ပြန်ရောက်ဖို့တောင် အချိန်အကြာကြီး ကြာတော့မယ်။”
“စိတ်မပူပါနဲ့၊ ဒီခေတ်ကြီးမှာ ဘယ်သူက လှေလှော်ဖို့ လှော်တက် သုံးနေတော့လို့လဲ”
ချင်းလန် ပြုံးလိုက်ပြီး၊ သစ်သားလှေငယ်လေးရဲ့ အနောက်ဘက်ကို လျှောက်သွားကာ၊ ကန်ရေပြင်ပေါ် ထောင်ထွက်နေတဲ့ လက်ကိုင်လို အရာဝတ္ထု တစ်ခုကို ၁၈၀ ဒီဂရီ လှည့်လိုက်လေသည်။
လက်တစ်ဖက်က ကုန်းပတ်ကို ကိုင်ထားပြီး၊ ကျန်လက်တစ်ဖက်က လက်ကိုင်ကို လှည့်လိုက်လေသည်။
သစ်သားလှေ နောက်ဘက်မှာ၊ အင်ဂျင်သံ ဟိန်းထွက်လာပြီး၊ ရေလှိုင်းတွေ ထကြွလာကာ၊ လှေတစ်စင်းလုံး ရေထဲ ပြုတ်ကျတဲ့ နေရာဆီ အလွန် မြန်နှုန်းမြင့်မားစွာ ပြေးထွက်သွားလေသည်။
အမြန်ရေယာဉ် နဲ့တော့ မယှဉ်နိုင်ပေမယ့်၊ လူတစ်ယောက် ရေကူးတာထက်တော့ အဆပေါင်းများစွာ ပိုမြန်လေသည်။
သူ လင်းရှီးအာ ကို ကန်ထဲ လှေစီးဖို့ ခေါ်လာတုန်းက၊ လှော်တက်နဲ့ လှော်ခတ်ခဲ့တာက ပိုပြီး ကဗျာဆန်ပြီး သဘာဝကျတဲ့ ခံစားမှုမျိုး ရစေချင်လို့ပင်။
ဒါပေမဲ့ တကယ်လို့ ကျိုးဇယ်ချင်း သာ လူကယ်ရင်း ရေထဲ ပြုတ်ကျခဲ့ရင်၊ ချင်းလန် က ဘယ်လိုလုပ် ကြိုတင် ပြင်ဆင်မှုတွေ မလုပ်ဘဲ နေမှာလဲ။
သုံးမိနစ်တောင် မပြည့်ခင်မှာပဲ၊ သစ်သားလှေက တအုန်းအုန်း မြည်သံနဲ့အတူ အခင်းဖြစ်ပွားရာ နေရာကို ရောက်ရှိသွားလေသည်။
ကျိုးဇယ်ချင်း ရေထဲကို လက်တွေ အတင်း ဆန့်ထုတ်နေလေသည်။ သူမနောက်မှာ၊ အသက်မငယ်တော့တဲ့ မိန်းကလေး တစ်ယောက်က ရေဘဝဲ တစ်ကောင်လို သူမကို ဖက်တွယ်ထားပြီး၊ ကန်ရေအောက်ကို ပိုပိုပြီး နက်ရှိုင်းစွာ နစ်မြုပ်သွားစေလေသည်။
ကျိုးဇယ်ချင်း ရဲ့ အားအင်တွေ ကုန်ခမ်းသွားတာနဲ့၊ သူတို့ နှစ်ယောက်စလုံး သေချာပေါက် ကိစ္စတုံးသွားလိမ့်မယ်။
ချင်းလန် လက်လှမ်းပြီး ကျိုးဇယ်ချင်း ရဲ့ ပခုံးကို ဆွဲကာ၊ အားစိုက်ပြီး ဆွဲတင်လိုက်ရာ၊ သူမနောက်က ကလေးမလေးပါ သစ်သားလှေပေါ် ပါလာလေသည်။
လင်းရှီးအာ အံ့ဩတကြီး အာမေဋိတ်သံ ပြုလိုက်လေသည်။
“ဆရာမ ကျိုး၊ ဘယ်လိုလုပ် ဆရာမ ဖြစ်နေရတာလဲ”
“အဲ့ဒါ အရေးမကြီးဘူး၊ ရှင်းပြဖို့ အချိန်မရှိဘူး”
ကျိုးဇယ်ချင်း မျက်နှာပေါ်က ရေတွေကို သုတ်လိုက်ပြီး၊ ပြန်ဖြေဖို့ အချိန်မရှိဘဲ၊ ချင်းလန် ဘက်ကို စိုးရိမ်တကြီး လှည့်ပြောလိုက်လေသည်။
“သူ့ကို မြန်မြန် ကယ်ပေးပါ! ဒီကောင်မလေး ရေနစ်နေတာ ကြာလွန်းနေပြီ”
“ကောင်းပြီ”
ချင်းလန် ရယ်ချင်နေပေမယ့်၊ အပြင်ပန်းမှာတော့ လေးနက်တဲ့ မျက်နှာထားကို ထိန်းထားလိုက်လေသည်။
သူ ကောင်မလေးကို လက်တစ်ဖက်တည်းနဲ့ ဆွဲမလိုက်ပြီး၊ သစ်သားလှေရဲ့ မြှင့်ထားတဲ့ ကုန်းပတ်ပေါ် ကန့်လန့်ဖြတ် တင်လိုက်ကာ၊ သူမရဲ့ ကျောကို အကြိမ်နည်းနည်းလောက် ဖိချလိုက်လေသည်။
ကောင်မလေး ကန်ရေတွေ အန်ထွက်လာတာ တွေ့ရမှ သူ ရပ်လိုက်လေသည်။
“ကျွန်မ ဘယ်လို ကျေးဇူးတင်ရမလဲတောင် မသိတော့ပါဘူး”
“ကျွန်မ မူလက သူ့ကို ကယ်ဖို့ ရည်ရွယ်ခဲ့တာ၊ ဒါပေမဲ့ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းခဲ့မိတယ်။”
“ ကောင်မလေးဆီ ရေကူးသွားလိုက်တာနဲ့၊ သူ ကျွန်မကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ရေမမြုပ်အောင် နေဖို့တောင် ခက်နေတာ၊ ကမ်းစပ်ရောက်အောင် ပြန်ကူးဖို့ ဆိုတာ ကျွန်မရဲ့ အားအင်တွေ အကုန် သုံးလိုက်ရတယ်။”
“ကျွန်မ သေတော့မယ်လို့တောင် ထင်ခဲ့တာ။”
ကျိုးဇယ်ချင်း တုန်လှုပ်နေဆဲပါပဲ။ ချင်းလန် ရဲ့ မျက်နှာကို ကြည့်ပြီး၊ သူမ ရင်ထဲမှာ ထူးဆန်းတဲ့ ခံစားချက်တွေ ရောပြွမ်းနေလေသည်။
သူမ ကျိုး မိသားစု မွေးနေ့ပွဲကနေ ပြန်ရောက်ခါစ ရှိသေးတယ်။ နောက်ဆုံးတော့ ခဏလောက် အနားယူဖို့ အခွင့်အရေး ရပြီ။ စိတ်လည်း အေးချမ်းသွားပြီ။
ကျိုး မိသားစု အခု ဘယ်လို ဒုက္ခရောက်နေလဲ ဆိုတာ တွေးမိရင်၊ လက်စားချေလိုက်ရသလို ထူးဆန်းတဲ့ ကျေနပ်မှုမျိုး ခံစားရတယ်။
စိတ်ကြည်နူးစွာနဲ့၊ သူမ လမ်းလျှောက်ထွက်ခဲ့ပြီး မသိလိုက်မသိဘာသာ ဒီလူလုပ်ကန်ကြီး အနီးကို ရောက်လာခဲ့လေ သည်။
တိုက်ဆိုင်မှုက ဘယ်လို ဖြစ်သွားလဲ သူမ မသိပေမယ့်၊ ရေထဲ ပြုတ်ကျသွားတဲ့ ကောင်မလေး တစ်ယောက်နဲ့ ရှင်းပြလို့ မရနိုင်အောင် ဆုံတွေ့ခဲ့ ပြီးတော့ သူမ အားအင်ကုန်ခမ်းပြီး၊ အကူအညီမဲ့ မျှော်လင့်ချက်မဲ့နေတဲ့ အချိန်မှာ၊ ချင်းလန် ပေါ်လာပြီး၊ သူမကို သေမင်းလက်ထဲကနေ ဆွဲထုတ်ပေးခဲ့လေသည်။
ဒီလို ကံကြမ္မာမျိုး ဒီလောကကြီးမှာ တကယ် ရှိလို့လား။
ကျိုးဇယ်ချင်း ကိုယ့်ကိုယ်ကို ရိုးသားစွာ မေးကြည့်မိတယ်၊ အရင်ကဆိုရင် ဒီလို အခြေအမြစ် မရှိတဲ့ ကိစ္စမျိုးကို သူမ ဘယ်တော့မှ ယုံမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခု၊ ချင်းလန် နဲ့ တွေ့ပြီးနောက်၊ အရာအားလုံးက ရှုပ်ထွေးလာခဲ့ပြီ။
တကယ်ပင်.....
တကယ်လို့ ချင်းလန် နဲ့ သူမရဲ့ တွေ့ဆုံမှု အရာအားလုံးက ရှုပ်ထွေးပြီး သူမရဲ့ ဘဝတစ်ခုလုံးနဲ့ ယှက်နွယ်မနေဘူး ဆိုရင်၊ တစ်ယောက်ယောက်က နောက်ကွယ်ကနေ အရာအားလုံးကို ဆက်စပ်ပေးဖို့ ကြိုးဆွဲနေသလားလို့ သူမ သံသယ ဝင်မိလောက်တယ်။
မဟုတ်ရင်၊ ဘာလို့ ဒီလို အံ့ဩစရာ ကိစ္စတွေ ဖြစ်ပျက်ရမှာလဲ။
သူမ လမ်းဘေး လူမိုက်တွေနဲ့ တွေ့တုန်းက၊ ကယ်တင်ခဲ့တာက ချင်းလန်ပင်။ လင်းရှီးအာ က သူမရဲ့ တပည့်ရော သူငယ်ချင်းပါ ဖြစ်ပြီး လင်းရှီးအာ ရဲ့ ဘဝကို ပြောင်းလဲပေးနိုင်ခဲ့တာကလည်း ချင်းလန် ပင်။
ကျိုး မိသားစု ဒုက္ခရောက်တဲ့ အချိန်မှာ၊ ဝင်ပါခဲ့တာကလည်း ချင်းလန် သူမ ရေနစ်နေတဲ့ သူကို ကယ်တုန်းက၊ ကူညီလက်ကမ်းပေးခဲ့တာလည်း ချင်းလန် ပါပင်။
သူမတောင်၊ ဒီအချိန်မှာ၊ သူမရဲ့ လှပတဲ့ မျက်လုံးတွေထဲမှာ ထူးဆန်းတဲ့ အကြည့်နဲ့ ချင်းလန် ကို ကြည့်နေမိပြီး၊ ရှင်းပြလို့ မရနိုင်တဲ့ ခံစားချက်တချို့ ပြည့်နှက်နေလေသည်။
ဒီခံစားချက်တွေ မဖွံ့ဖြိုးခင်မှာပဲ၊ ချင်းလန် က ဖြတ်ပြောလိုက်လေသည်။
“အခု ဒီအကြောင်း မပြောကြစို့နဲ့၊ ကမ်းစပ်ကို ပြန်ရောက်ဖို့က အဓိကပဲ။”
ပြောရင်းနဲ့၊ သူ အနောက်ဘက်ကို လျှောက်သွားပြီး၊ လက်ကိုင်ကို ကိုင်ကာ လှည့်လိုက်လေသည်။
လှေနောက်က အင်ဂျင်သံ ဟိန်းထွက်လာပြီး၊ ရေလှိုင်းတွေ ဆက်တိုက် ပက်ဖြန်းလာလေသည်။
လီမင်ဟွေး ကတော့၊ နောက်ဆုံးမှာ သစ်သားလှေ ဘေးနားကို ရေကူးပြီး ရောက်လာခဲ့ပေမယ့်၊ စကားတစ်ခွန်းတောင် ပြောခွင့် မရလိုက်ဘဲ၊ အဖြူရောင် ရေလှိုင်းလုံးကြီး ဝင်ဆောင့်တာ ခံလိုက်ရပြီး ရေမွန်းသွားလေသည်။
ရေလှိုင်းတွေ ငြိမ်သက်သွားပြီး ကန်ရေတွေကို ထွေးထုတ်လိုက်ပြီးနောက်၊ သူ ကန်ထဲမှာ လှည့်ပတ်မောင်းနှင်နေတဲ့ သစ်သားလှေကို၊ အထူးသဖြင့် လှေပဲ့ပိုင်းမှာ ထိုင်နေတဲ့ ချင်းလန် ကို မျက်လုံးတွေ နီရဲလျက် စိုက်ကြည့်နေမိလေသည်။
ငါ့ကို ခုနက လှော်တက် ပစ်ပေးလိုက်တာ အံ့ဩစရာ မဟုတ်တော့ဘူး။
ဒီသစ်သားလှေ သေးသေးလေးထဲမှာ သောက်ကျိုးနည်း အင်ဂျင် ပါနေတာကိုး။
နေဦး....
မင်း စောင့်နေလိုက်......
ဒီကိစ္စ လုံးဝ မပြီးသေးဘူး.......
လီမင်ဟွေး ကို လာရှုပ်ရဲတယ်ပေါ့.....
သူ ပြန်ရောက်ရင်၊ လင်းရှီးအာ ရဲ့ လမ်းကြောင်းအတိုင်း လိုက်ပြီး ချင်းလန် ကို ရှာမယ်။ ငါ့အကြောင်း သူ သိသွားစေရမယ်။