အခန်း (၁၃၂) လင်းယိုချူ၏ ဟန်ဆောင်ရည်းစား
ကျန်းကျစ်လင် အေးစက်စွာ မေးလိုက်လေသည်။
“မစ္စစ် လင်း၊ အောင်သွယ်တော် ပြောတုန်းက ရှင့်သမီးက လှတယ်လို့ပဲ ပြောခဲ့တာ။ သူ့ရဲ့ ပညာအရည်အချင်းက ဘာလဲ အခု ဘာရာထူးတွေ ရထားလဲ ဘာလက်မှတ်တွေ ရထားလဲ ပြီးတော့၊ သူ တခြား ယောကျ်ားတစ်ယောက်နဲ့ အတူနေ ဖူးလား”
မေးခွန်းတွေက တစ်ခုပြီး တစ်ခု၊ ဗုံးကြဲသလို ဆက်တိုက် မေးမြန်းနေလေသည်။
ရူရုန် ယဉ်ကျေးစွာ ပြန်ဖြေလိုက်လေသည်။
“သမီးကအဓိက တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တာပါ။ ရာထူးတွေ အတွက်ကတော့၊ သူ စာမေးပွဲတွေ အများကြီး ဖြေခဲ့တယ်၊ ဒါပေမဲ့ အသေးစိတ်တော့ ကျွန်မ မမှတ်မိတော့ဘူး။ အရမ်းများလို့လေ။”
“အတူနေတာနဲ့ ပတ်သက်လို့ကတော့၊ မစ္စကျန်း ကျေးဇူးပြုပြီး စိတ်ချပါ။ ကျွန်မ သမီးကို ဒီကိစ္စနဲ့ ပတ်သက်လို့ ထိန်းချုပ်ထားပါတယ်၊ သူ လုံးဝ အဲ့လို မလုပ်ဖူးပါဘူး။”
ဘေးနားမှာ နားထောင်နေတဲ့ လင်းယိုချူ ဒေါသထွက်နေလေသည်။
ဘာတွေလဲဟ.....
ရှင်က ဘယ်လိုလုပ် သူမ ကို မေးခွန်းထုတ်ရဲတာလဲ။
သူတို့သားက ဘယ်လို လူစားမျိုးလဲ ဆိုတာ သူတို့ ပြန်မကြည့်ကြဘူးလား။
သူမ စိတ်တိုတိုနဲ့ တိုးတိုးလေး ရေရွတ်လိုက်လေသည်။
“ကျွန်မတက္ကသိုလ်က ဘွဲ့ရတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ အဲ့ဒါက ကျွန်မအဖေ ကျောင်းဆောင် တစ်ဆောင် လှူလိုက်လို့ အထူး ဝင်ခွင့် ရခဲ့တာပါ။ လက်မှတ်တွေ အတွက်ကတော့၊ အများစုက အဖေ့သူငယ်ချင်းတွေက ကျွန်မအတွက် တိုက်ရိုက် ရွေးပေးလိုက်တာ၊ ကျွန်မ စာမေးပွဲတောင် တစ်ခါမှ မဖြေဖူးဘူး။”
“အတူနေတဲ့ ကိစ္စကတော့ အဲ့လို မဟုတ်ပါဘူး။ ကျွန်မ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ကိုယ်ဝန်ဖျက်ချမှု အကြိမ်ကြိမ် လုပ်ဖူးတယ်၊ ဒါကြောင့် နောက်ထပ် ကိုယ်ဝန်ရနိုင်မလား ဆိုတာတော့ မသေချာဘူး။”
ဖူး.......
ကျန်းကျစ်လင် လက်ဖက်ရည် တစ်ငုံ သောက်လိုက်ခါစ ရှိသေး၊ ဒါကို ကြားလိုက်ရတော့ အကုန် ပြန်ထွေးထုတ်လိုက်မိပြီး၊ မျက်လုံးတွေ ပြူးကျယ်သွားလေသည်။
ကျန်းအာဟယ်က သူ့အမေရဲ့ လက်မောင်းကို အမြန် ဆွဲလိုက်ပြီး၊ လက်ကာပြကာ ကပျာကယာ သတိပေးလိုက်လေသည်။
“ကျွန်တော် ဂရုမစိုက်ဘူး၊ ကျွန်တော် ဂရုမစိုက်ဘူး”
လင်းယိုချူ က သူ မြင်ဖူးသမျှ မိန်းကလေးတွေထဲမှာ အလှဆုံးပဲ။
အထူးသဖြင့် သူမရဲ့ ကလေးဆန်တဲ့ မျက်နှာလေးက ၁၆၊ ၁၇ နှစ်အရွယ် ကောင်မလေး တစ်ယောက်လိုပင်။
ဒါပေမဲ့ ဒီနုပျိုတဲ့ မျက်နှာလေးက ရူရုန် ရဲ့ မျိုးရိုးဗီဇ တွေကို အမွေရထားပြီး၊ သူမရဲ့ အားကျစရာ ကောင်းတဲ့ ကိုယ်လုံးကိုယ်ပေါက်က ဖမ်းစားနိုင်လွန်းလေသည်။ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် သူ့ရဲ့ အာရုံကို ဆွဲဆောင်ဖို့ လုံလောက်နေပြီ။
ဒီလောက် လှပတဲ့ အမျိုးသမီး တစ်ယောက်က သူမနဲ့ မသက်ဆိုင်ဘူးဆိုရင်ကော ဘာဖြစ်လဲ။
ကိုယ်ဝန်ဖျက်ချဖူးတာ ဘာဖြစ်လဲ။
သူ ဂရုမစိုက်ဘူး။
“နင် ဘာတွေ ဒီလောက် မာနကြီးနေတာလဲ”
ကျန်းကျစ်လင် သားဖြစ်သူရဲ့ လက်မောင်းကို တွန်းထုတ်လိုက်လေသည်။
“နင်က အပြင်မှာ ရှုပ်ပွေနေတဲ့ ဒီကောင်မလေးကို တကယ် ကြိုက်နေတာလား။ သူက ဘာမို့လို့လဲ သူက ကျန်း မိသားစု တံခါးပေါက်ကို ဝင်ဖို့တောင် မတန်ဘူး”
ဒါကို ကြားလိုက်ရတော့၊ ရူရုန် ရဲ့ သမီးဖြစ်သူကို ဆူပူချင်တဲ့ မူလ ရည်ရွယ်ချက်တွေ ပျောက်ကွယ်သွားလေသည်။
အဲ့ဒီ စကားတွေက သူမသမီး နေရာမှာတင် လုပ်ကြံဖန်တီးလိုက်တာ ဆိုတာ သူမ သိလေသည်။ သူမ မူလက ဒါကို ရှင်းပြဖို့ ရည်ရွယ်ထားတာပေမဲ့ အခု ကျန်းကျစ်လင် က ဒီလောက် ရန်လိုပြီး သူမသမီးကို ဒီအတိုင်းအတာထိ စော်ကားလာမှတော့၊ အမေတစ်ယောက်က ဘယ်လိုလုပ် ကိုယ့်သမီးကို ဝေဖန်နိုင်တော့မှာလဲ။
တကယ်လို့ ကျန်းကျစ်လင် ရဲ့ ယောကျ်ားသာ အစိုးရ အရာရှိ မဟုတ်ရင်၊ သူမ တကယ်ပဲ ရှေ့တိုးပြီး ဒီမိန်းမကြီးကို ပါးရိုက်ပစ်ချင်နေပြီ။
ဟူး.......
ရူရုန် ရဲ့ ရင်ဘတ်က ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး၊ ဘေးနားမှာ ရပ်နေတဲ့ ကျန်းအာဟယ် မျက်လုံးပြူးပြီး စိုက်ကြည့်နေမိလေသည်။
သူ တံတွေး တစ်ချက် မျိုချလိုက်ပြီး သူ့အမေကို အမြန် ဆွဲချကာ ထိုင်ခိုင်းလိုက်လေသည်။
“ရန်ဖြစ်မနေပါနဲ့တော့။ ကျွန်တော်က ဘလိုင်းဒိတ်တွေ့ဖို့ လာတာလား၊ အမေက တွေ့ဖို့ လာတာလား”
“ဘယ်သူက ပြောလဲ ကျွန်မက ဘလိုင်းဒိတ်တွေ့ဖို့ လာတာလို့”
လင်းယိုချူ က သူမ မှန်ကန်နေရင် ဘယ်တော့မှ အလျှော့ပေးမယ့်သူ မဟုတ်ပါဘူး။ သူမ ဘယ်တုန်းက ဒီလို အနိုင်ကျင့်ခံဖူးလို့လဲ။
အထူးသဖြင့် ကျန်းကျစ်လင် ရဲ့ စကားတွေက သူမရဲ့ စည်းဘောင် ကို ပြင်းပြင်းထန်ထန် ကျော်လွန်သွားပြီလေ။ သူမ အေးစက်စွာ နှာမှုတ်လိုက်လေသည်။
“ဒီနေ့ ကျွန်မ ဒီကို လာတာက ကျွန်မရည်းစားကို ကျွန်မအမေနဲ့ မိတ်ဆက်ပေးဖို့။ ရှင်တို့ နှစ်ယောက်လုံးကတော့ ဟန်ပြ သက်သက်ပဲ။”
“မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး ရှင်တို့ တကယ်ပဲ ထင်နေတာလား ကျွန်မ လင်းယိုချူ က ဇနီးသည် ဖြစ်ဖို့ မဖြစ်နိုင်ဘူးလို့”
“ရည်းစားနင့်မှာ ရည်းစား ရှိတယ် သူ ဘယ်မှာလဲ”
ရူရုန် စပ်စုချင်စိတ် ဖြစ်လာလေသည်။ ဖြစ်နိုင်တာက သူမသမီး နောက်ထပ် လှည့်ကွက် တစ်ခုခု ထပ်သုံးနေပြန်ပြီလား။
တစ်ဖက်က ကျန်းကျစ်လင် က ဘာမှ မဟုတ်ပေမယ့်၊ သူမနောက်ကွယ်မှာ ရှိနေတဲ့ သူမခင်ပွန်းက အဆင့်အတန်း အရမ်း မြင့်မားတယ် ဆိုတာ သိထားသင့်သည်။
တကယ်လို့ သူတို့ကို စိတ်ဆိုးအောင် လုပ်မိရင်၊ လင်း မိသားစု ထျန်ဟိုင်မြို့ ကို စီးပွားရေး အာရုံပြောင်းဖို့ ကြိုးစားတဲ့အခါ အတားအဆီးတွေ အများကြီးနဲ့ သေချာပေါက် ကြုံတွေ့ရလိမ့်ပေမည်။
ဒေါက် ဒေါက်....
အဲ့ဒီအချိန်မှာပဲ သီးသန့်ခန်း တံခါးကို ခေါက်သံ ကြားလိုက်ရလေသည်။
ချင်းလန် တံခါးကို တွန်းဖွင့်ပြီး ဝင်လာကာ၊ မျက်နှာပေါ်မှာ နွေးထွေးတဲ့ အပြုံးတစ်ခု ရှိနေလေသည်။
“ခင်ဗျားတို့ အခန်းမှား ဝင်နေတာ မဟုတ်ဘူးလား”
“အစ်ကို ချင်း... ဘာလို့ ရောက်လာတာ ဒီလောက် ကြာနေတာလဲ”
လင်းယိုချူ က ဒရာမာ ဘုရင်မတစ်ယောက်လိုပဲ ချင်းလန် ရောက်လာတာ မြင်တော့ သူမ အလွန် ဝမ်းသာသွားလေသည်။
သူမ ချက်ချင်းပဲ အချစ်စိတ်ဝင်နေတဲ့ ကောင်မလေး တစ်ယောက်လို ပြေးသွားပြီး၊ ချင်းလန် ရဲ့ လက်မောင်းကို ဖက်ကာ၊ သူမခေါင်းကို သူ့လက်မောင်းနဲ့ ပွတ်သပ်ပြီး ချစ်စဖွယ် ပြောလိုက်လေသည်။
“အစ်ကို ကျွန်မကို လုံးဝ ဂရုမစိုက်ဘူး။ ကျွန်မ အဆူခံလိုက်ရတယ်”
ကျန်း သားအမိရဲ့ အံ့ဩမှင်သက်နေတဲ့ အကြည့်တွေအောက်မှာ၊ လင်းယိုချူ က ချင်းလန် ကို ဖက်လျက် ရူရုန် ဘေးနားမှာ ဝင်ထိုင်ပြီး၊ သူမအမေကို မျက်စိတစ်ဖက် မှိတ်ပြလိုက်လေသည်။ အဓိပ္ပာယ်ကတော့ ရှင်းနေတာပေါ့။
“အမေ သမီးရဲ့ ရည်းစားကို ဘယ်လို ထင်လဲ။”
မိသားစု နောက်ခံကို ဘေးဖယ်ထားပြီး၊ ရုပ်ရည်ချင်းပဲ ယှဉ်ကြည့်လိုက်၊ ကျန်းအာဟယ် က အာဖဂန်နစ္စတန်မှာ ကျောက်မီးသွေး တူးနေတုန်း ရှိသေးတယ်၊ ချင်းလန် ကတော့ လေထုထဲ ရောက်နေပြီ။
ဒါက အမေ့မျက်နှာကို တောက်ပစေတယ် မဟုတ်လား။
လင်းယိုချူ က သူမအမေအကြောင်း ကိုမသိလို့လား။
သူမက မျက်နှာရဖို့ကို အရမ်း အလေးထားတဲ့ သူလေ။
မျက်နှာက သူမရဲ့ တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုပဲ။
တကယ်လို့ ချင်းလန် ကို သူမအမေက အပြင်ခေါ်သွားပြီး၊ လင်း မိသားစုရဲ့ သမက် ဖြစ်ကြောင်း လူတွေကို ပြောပြရင်၊ သူမ ဂုဏ်ယူဝင့်ကြွားနေမှာ မဟုတ်ဘူးလား
“ဒါ တကယ်ပဲ နင့်ရည်းစားလား ဒါမှမဟုတ် သူက ဟန်ဆောင်ပေးနေတဲ့ သရုပ်ဆောင်လား”
ရူရုန် က ချမ်းသာတဲ့ မိသားစုက လာတာ မှန်ပေမယ့်၊ သူမက အာဏာရှိတဲ့ အသိုင်းအဝိုင်း ထဲကို ဝင်ရောက်ခွင့် မရှိပေ။ ထို့ပြင် ချင်းလန် ရဲ့ မိသားစုက အဲ့ဒီ အသိုင်းအဝိုင်းရဲ့ ဗဟိုချက်မ တည့်တည့်မှာ ရှိနေတာလေ။
သူမ ချင်းလန် ရဲ့ အထောက်အထားကို မသိပေမယ့်၊ သူ့ကို ပထမဆုံး မြင်လိုက်ရချိန်မှာ အံ့ဩသွားမိသည်။
“ဒါ မဖြစ်နိုင်ဘူး ဒီလောက် ချောမောတဲ့ ကောင်လေးက ဘယ်လိုလုပ် နင့်ကို စိတ်ဝင်စားမှာလဲ ဖြစ်နိုင်တာက နင် ပေကျင်း ရုပ်ရှင် အကယ်ဒမီက ကျောင်းသားတစ်ယောက်ယောက်ကို ပိုက်ဆံပေး ငှားလာတာလား”
“မေမေ၊ ဘာတွေ တွေးနေတာလဲ မဟုတ်ပါဘူး၊ အစ်ကို ချင်း က သမီးရဲ့ ရည်းစားပါ...”
လင်းယိုချူ ချင်းလန် ရဲ့ လည်ပင်းကို ဖက်ပြီး ပါးပြင်ကို နမ်းလိုက်ပေမယ့်၊ စိတ်ထဲမှာတော့ အကြိမ်ကြိမ် ထွေးထုတ်လိုက်မိလေသည်။
တချို့လူတွေက သူတို့အမေတွေရဲ့ အလှအပ ခံစားမှု နဲ့ ပတ်သက်ပြီး တိတ်တဆိတ် ညည်းညူတတ်ကြလေသည်။
သူမမှာ ကောင်းမွန်တဲ့ ကိုယ်လုံးကိုယ်ပေါက်ရော လှပတဲ့ မျက်နှာလေးပါ ရှိတာပဲ၊ သူမက ဘယ်လိုလုပ် ချင်းလန် နဲ့ မလိုက်ဖက်ဘဲ နေမှာလဲ။
မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ကျန်းအာဟယ်က သူ့အိပ်မက်ထဲက မိန်းကလေးက တခြား ယောကျ်ားတစ်ယောက်ရဲ့ ရင်ခွင်ထဲ ကျရောက်သွားပြီး အနမ်းတောင် ပေးလိုက်တာကို မြင်လိုက်ရတော့ ဒေါသကြောင့် မျက်လုံးတွေ နီရဲလာလေသည်။
ဒါက ယောကျ်ားတစ်ယောက် သည်းခံနိုင်တဲ့ ကိစ္စမျိုးလေ။
“အန်တီ၊ ဘာတွေ ဖြစ်နေတာလဲ ဒါတွေ့ဆုံပွဲ မဟုတ်ဘူးလား ဘယ်လိုလုပ် တခြား ရည်းစားတစ်ယောက် ရုတ်တရက် ပေါ်လာရတာလဲ”
ကျန်းကျစ်လင် ပိုပြီး ဒေါသထွက်လာလေသည်။
“ရူရုန်၊ တကယ်လို့ ရှင် ဒါကို ရှင်းရှင်းလင်းလင်း မဖြေရှင်းရင်၊ ရှင်က ကျန်း မိသားစုရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ။ ရှင့်သမီးက မရေရာတဲ့ ယောကျ်ားတစ်ယောက်နဲ့ ဖောက်ပြန်နေပြီးသား၊ ဒါကို ရှင်က ကျွန်မသားနဲ့တွေ့ခိုင်းရဲသေးတယ်။ ဘာလဲ ကျန်း မိသားစုမှာ အားကိုးစရာ လူမရှိဘူးလို့ ရှင် ထင်နေတာလား”
စကားလုံးတွေက ကြမ်းတမ်းပြီး ဖိအားတွေက ပြင်းထန်လွန်းလှသည်။
ဘေးကနေ ကြည့်နေတဲ့ ချင်းလန် အလွန် ပျော်ရွှင်နေလေသည်။
ဘုရားရေ.......
သူ မူယွီယန်ရဲ့ လှည့်စားမှုကြောင့် ဒီကို ရောက်လာရပြီး၊ စကားတစ်ခွန်းပဲ ပြောလိုက်ရသေးတယ်ရင်သားနဲ့ အပွတ်သပ် ခံလိုက်ရပြန်ပြီ။
လင်းယိုချူ သူ့ကို ထပ်နမ်းလိုက်သေးတယ်။
ကြွားဝါပြီး တခြားသူတွေကို အရှက်ခွဲဖို့ခွင့်အရေး ရှိနေသေးတာလား။
ဒါ ရွေးချယ်ခံ တစ်ယောက် ရရှိမယ့် ဆက်ဆံရေးမျိုး မဟုတ်ဘူးလား။
သူလို ဗီလိန်အကြီးစားတစ်ယောက်က ဘယ်တုန်းကများ ဒီလို အခွင့်အရေးမျိုး ရခဲ့ဖူးလို့လဲ။
သူ ဘာမှ မပြောဘဲ ရူရုန် နဲ့ လင်းယိုချူ ကြားမှာ တိတ်ဆိတ်စွာ ထိုင်နေလိုက်ကာ သင်းပျံ့တဲ့ ရနံ့လေးကို ရနေလေသည်။
စိတ်လှုပ်ရှားမှု တစ်ခု ရင်ထဲမှာ ပြည့်တက်လာလေသည်။