အခန်း(၁၃) - မူယွီယန် ဒေါသထွက်ခြင်း
ရိုးရိုးသားသား ပြောရရင် ချင်းလန် ဟာ သူမကို တကယ် သဘောကျတာ ဖြစ်သည်။
ဒီလူဟာ အပြင်မှာ မိုက်မဲဆိုးသွမ်း နေသော်လည်း သူမရှေ့မှာတော့ အမြဲ နူးညံ့သိမ်မွေ့ခဲ့သည်။
အနည်းဆုံးတော့ သူမကို တစ်ခါမှ အနိုင်မကျင့်ဖူး၊ လက်ဖျားနဲ့တောင် မထိဖူးပေ။
ထို့အပြင် ချင်းမိသားစု သည် ယန်ကျင်း တွင် အဓိကနေရာယူထားသောကြောင့် ဒီလက်ထပ်ခြင်းသည် မူမိသားစု အတွက် အဆင့်အတန်း တစ်ခု တက်သွားစေမည်မှာ အသေအချာပင်။
အရေးအကြီးဆုံးမှာ ချင်းလန် အပေါ် သူမခံစားနေ
ရသော ရွံရှာမုန်းတီးမှု မှာ ယခုအခါ များစွာ လျော့နည်းသွားသကဲ့သို့ ဖြစ်နေပြီး သူ့ကို မြင်လေလေ ပို၍ ကြည့်ကောင်းလေလေ ဖြစ်လာသည်။
ဖျန်း! ဖျန်း! ဖျန်း!
စိတ်ကူးထဲမှာ နစ်မျောနေခဲ့သော မူယွီယန် သည် ရုတ်တရက် သတိပြန်ဝင်လာပြီး စိတ်ထဲမှ ကိုယ့်ကိုယ်ကို အကြိမ်များစွာ ဆူပူကြိမ်းမောင်းလိုက်သည်။
အနည်းငယ် နီမြန်းနေသော ပါးပြင်ကို ပုတ်လိုက်ပြီးနောက် သူမပန်းကန်ထဲကိုကြက်တောင်ပံ ထည့်ပေးလိုက်သော ချင်းလန် ကို ဒေါသတကြီး စိုက်ကြည့်ကာ ဆူပူလိုက်လေသည်။
“ရှင် ပေးတဲ့ဟာကို ဘယ်သူက စားချင်လို့လဲ။ ရှင့်
တူမှာ တံတွေး တွေကပ်နေတာ ရှင်ကဘာမှမဖြစ်ပေမယ့် ကျွန်မကတော့မကြိုက်ဘူး”
ချင်းလန် ကို ဝေဖန်နေရင်း မူယွီယန် သည်စိတ်ထဲမှ ကိုယ့်ကိုယ်ကို ဆက်လက် အပြစ်တင်နေခဲ့သည်။
ခုနက သူမ ဘာဖြစ်သွားတာလဲ။ ဘာလို့ ရုတ်တရက် ချင်းလန် က ဘယ်လောက်ကောင်းတယ်ဆိုတာကို တွေးမိနေရတာလဲ။
ချင်းလန် တစ်ယောက်တည်း ထူးဆန်းစွာ ပြုမူနေသည် မဟုတ်ဘဲ သူမကိုယ်တိုင်လည်း သူမ မဟုတ်သလိုမျိုး ဖြစ်နေလေသည်။
ချင်းလန် နှုတ်ခမ်းကို စေ့လိုက်ပြီး လက်ထဲရှိ တူ ကို လှုပ်ပြလိုက်သည်။
“ကိုယ်ကတခြား တူကိုသုံးလိုက်တာ ဒါကြောင့်မလို့သန့်ပါတယ်”
မူယွီယန် ငြင်းဆန်ဖို့ အချိန်မပေးဘဲ သူက
ထိုအရာကို သူမ ပန်းကန်ထဲ ထည့်ပေးလိုက်ပြီး
“မညစ်ပတ်ပါဘူး။ စားချင်ရင် စား၊ မစားချင်ရင်တော့ ပန်းကန်ထဲ ပြန်ထည့်ထားလိုက်”
ဟု ပြောလိုက်သည်။
လင်းဝမ်ချင်း က လူငယ်စုံတွဲကိုဘေးကနေ ကြည့်နေရင်း သူမရဲ့ ဖြူစင်တဲ့ လည်ပင်းကို တစ်ချက်တစ်ချက် ပွတ်ကာ ပျော်ရွှင်စွာ ပြုံးနေခဲ့သည်။
အပြင်လူတွေက ချင်းလန် ဟာ မောက်မာပြီး အနိုင်ကျင့်တတ်တဲ့ သူဌေးသားဘော်ကြော့ ဖြစ်တယ်လို့ ပြောကြပေမယ့် သူများဆီကကြားတာက ကိုယ်တိုင်တွေ့တာလောက် မကောင်းဘူးဆိုတဲ့ စကားအတိုင်း ဒီနေ့ တွေ့ပြီးတဲ့နောက်မှ လင်းဝမ်ချင်း သိလိုက်သည်မှာ အပြင်မှာပျံ့နှံ့နေသော ကောလာဟလများအားလုံးသည် အခြားသူတွေလျှောက်ပြောနေတာဆိုတာကိုပင်။
ဒီလို ကောင်းမွန်တဲ့သားမက်လေးကတခြားသူတွေ ပြောသလိုမျိုး ဘယ်လိုလုပ် ဆိုးသွမ်းနိုင်မှာလဲ။
သူမအမေကို တစ်ချက်ကြည့်ပြီး မူယွီယန် စိတ်ထဲမှ ‘ဒါ မကောင်းတော့ဘူး’ ဟု တွေးလိုက်သည်။
ချင်းလန် က သူမအမေအပေါ် မျက်နှာရ ဖို့အတွက်
ဒီနေ့ သိမ်မွေ့ယဉ်ကျေးစွာ ဟန်ဆောင်နေခြင်း ဖြစ်သည်ဟု သူမ ခံစားရပေသည်။
သူလိုချင်တာက စာချုပ်ဆက်ဆံရေးကို
တကယ့် ဆက်ဆံရေး အဖြစ်လုံးဝ ပြောင်းလဲပစ်ဖို့သာ ဖြစ်သည်။
“အဲဒီ ယုတ်မာတဲ့ လူယုတ်မာ၊သူက အရမ်းကိုကလိမ်ကကျစ်ကျတာပဲ”
မူယွီယန် စိတ်မချမ်းမသာ ဖြစ်ကာ သူမ၏ တူဖြင့် ကြက်တောင်ပံ ကို ထိုးဆွနေရင်း ထို ကြက်တောင်ပံ ကို အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲပစ်ချင်စိတ် ပေါက်နေလေသည်။
“မင်း ကလေးဆိုးလေး၊ မင်း ကောင်းကောင်းမစားတတ်ဘူးလား။ ရှောင်ချင်း ဆီကနေသင် ကြားလား”
အရမ်း ပျော်ရွှင်နေသော လင်းဝမ်ချင်း သည်
ချင်းလန် ကို ပို၍ပင် ချစ်ခင်စွာ ခေါ်ဝေါ်လာတော့သည်။
သူမ ချင်းလန် ကို ကြည့်လေလေ ပို၍ နှစ်သက်လေလေ ဖြစ်သော်လည်း သူမသမီးကို ကြည့်လေလေ ပို၍ စိတ်မသက်မသာ ခံစားရလေလေ ဖြစ်လာလေ သည်။
“ယွီယန်၊ ရှောင်ချင်း က မင်းဆီမှာ ဘာများတွေ့လို့လဲ မသိပါဘူး။ ငါတို့ ခေတ်ဆိုရင် ရှောင်ချင်း လိုလူမျိုးက အရွယ်ရောက်တာနဲ့ နောက်ကနေ လိုက်တဲ့သူတွေက တံခါးကိုရိုက်ချိုးမတတ် လာကြမှာ”
သူမသည် လည်ပင်းကို ထိရင်း စည်းကမ်းမရှိသော သမီး ကို မျက်မှောင်ကြုတ်ကာ ဆူပူလိုက်သည်။
ချင်းလန် တူကို ချလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်၊
“အန်တီလင်း ဒီနေ့ ကျွန်တော် အားနေတာနဲ့ အတော်ပဲ၊ ထမင်းစားပြီးရင် ဆေးရုံ သွားပြီး စစ်ဆေးမှုခံ ရအောင်။”
လင်းဝမ်ချင်း က စိတ်ရှုပ်ထွေးစွာ မေးသည်။
“ဘာလို့ ဆေးရုံ သွားရမှာလဲ”
မူယွီယန် သည် ဒေါသထွက်နေပြီးသား ဖြစ်သောကြောင့် ပိုပြီးဒေါသထွက်လာကာ ချင်းလန်
ကို အော်ဟစ်လိုက်သည်၊
“ရှင် စိတ်မနှံ့တော့ဘူးလား။ကျွန်မအမေက လုံးဝ ကျန်းမာ နေတာကို ဘာလို့ ဆေးရုံ သွားခိုင်းနေတာလဲ။ ကျွန်မကို စိတ်အနှောင့်အယှက် ဖြစ်အောင် တမင် လုပ်နေတာလား။”
ချင်းလန် ၏ စကားများသည် သူမ၏ အမေ
ကျန်းမာရေးမကောင်းဘူးလို့ပြောနေသလိုပင်။
မူယွီယန် စိတ်မကောင်း ဖြစ်နေလျှင်ပင် ချင်းလန်
၏ထိုစကားများကို ကြားရသည်နှင့် စိတ်ဆိုးလာခဲ့သည်။
ချင်းလန် က ငြင်းခုံမနေဘဲ
“ဘာမှ မဖြစ်ရင်တောင် စစ်ဆေးမှု တစ်ခုလို့ပဲ သဘောထားလိုက်လေ။ အန်တီလင်း မကြာသေးခင်က ကျန်းမာရေး စစ်ဆေးဖူးသေးလား”
လင်းဝမ်ချင်း ခေါင်းခါလိုက်သည်။
“ဟင့်အင်း မလုပ်ဖူးဘူး၊ ယန်ကျင်း မှာကကုမ္ပဏီကိစ္စတွေ များလွန်းတယ်။ အစည်းအဝေး၊ ဘုတ်အဖွဲ့ မဲပေးတာတွေနဲ့ အရမ်း အလုပ်များနေတာ။ ဒီ
ထျန်ဟိုင်မြို့ ခရီးတောင်မှ ခဏအနားယူပြီးလာတာလေ ဒါတောင် သုံးလေးရက်လောက်ပဲ နေနိုင်မှာ။ ကျန်းမာရေး စစ်ဆေးဖို့ ဘယ်မှာ အချိန်ရမှာလဲ။”
ထို့အပြင် ဆေးရုံက စိတ်အနှောင့်အယှက် ဖြစ်လွန်းပြီး အနံ့ကလည်း သိပ်မကောင်းလှပေ။
သူမက ထပ်ပြီး
“မင်းက တကယ် စဉ်းစားတတ်တာပဲ၊ ဒါပေမယ့်
အန်တီ တကယ် အဆင်ပြေပါတယ်။”
“ဟုတ်တယ်”
မူယွီယန် က စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြီး
“အမေက အသက်တစ်ရာရှည်ပြီး ထာဝရ နုပျို နေမှာ အသက် ၁၈ နှစ်လေးလို အမြဲဖြစ်နေမှာ” ဟု ချီးကျူးလိုက်သည်။
“ဒီလိုဆိုရင်...”
ချင်းလန် မျက်မှောင်ကြုတ်ကာ တွေဝေ နေခဲ့ပြီး ကြီးမားတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သလိုမျိုး ဖြစ်နေသည်။ သူကအံကို ကြိတ်ကာ
“အန်တီ ပြောတဲ့အတိုင်းဆိုရင် ကျွန်တော်အတင်းမတိုက်တွန်းသင့်ဘူး။ ဒါပေမယ့် ဒီနေ့ ကျွန်တော်က သားသမီးတစ်ဦး အနေနဲ့ လူဆိုး လုပ်ရတော့မယ်။ အန်တီလင်း သွားမသွားကတော့ အန်တီလင်း သဘောပါ။”
(ဖိအားပေးရရင်တောင် ခင်ဗျားကို ဆွဲခေါ်သွားရမှာပဲ) ဟု သူက စိတ်ထဲမှတေးလိုက်လေသည်။
သူသည် သူ၏ အတွေးများကို ယခုရှင်းပြမည်မဟုတ်။သူ လိုချင်သည်မှာ ထိုကဲ့သို့ ရှုပ်ထွေးမှု ပင် ဖြစ်သည်။ သူက မူယွီယန် ကို ဒေါသထွက်စေရန်နှင့် လင်းဝမ်ချင်း ကို စိတ်မသက်မသာ ဖြစ်အောင်
လုပ်နေခြင်းပင်ဖြစ်သည်။
ဤသည်မှာ အငြင်းပွားမှုကို အဆင့်မြှင့်တင်ရန် ပထမဆုံး နည်းလမ်းကို သုံးခြင်းပင်ဖြစ်လေသည်။
ဤသည်မှာ မူယွီယန် ၏ သူ့အပေါ် အမြင်ကို လုံးဝ ပြောင်းလဲပစ်ရန် ပထမဆုံး အဆင့်ဖြစ်သည်။
အရင် ဒေါသထွက်အောင်လုပ်ပြီးမှ
အပြစ်ရှိစိတ်ခံစားရအောင် လုပ်ရန်ပင်။
သေချာသည်မှာ သူမအမေကို ချီးကျူးနေသော
မူယွီယန် ၏ ပြုံးရွှင်နေသည့် မျက်နှာသည် ပျောက်ကွယ်သွားပြီးဒေါသထွက်နေတဲ့ အမူအရာဖြစ်သွားလေသည်။
သူမက ချင်းလန် ကို သွားကြိတ် ပြီး စိုက်ကြည့်လိုက်ကာ
“ချင်းလန်၊ ရှင် ရူး နေတာလား။ ကျွန်မအမေက
လုံးဝ ကျန်းမာ နေတယ်လို့ ပြောထားပြီးပြီလေ ဒါကို ရှင် ဒီမှာ ဘာလာပြီး ဆူပူ နေတာလဲ။ ကျွန်မရှင့်ကို ကန်ထုတ် ခိုင်းမှ ပါးစပ်ပိတ်မှာလား”
“ကိုယ်...”
ချင်းလန် ရဲ့ မျက်နှာ နီရဲလာပြီး တစ်ခုခု ပြောဖို့ ကြိုးစားပေမယ့် ရုတ်တရက် ရပ်တန့်သွားကာ အလွန် စိတ်ပျက် နေပုံရသည်။
လင်းဝမ်ချင်း က ဘေးမှ ကြည့်ပြီး ပြုံးကာ လက်ဝှေ့ယမ်းလိုက်ပြီး
“ယွီယန်၊ ရှောင်ချင်း ကို စိတ်မဆိုးပါနဲ့။ သူ့ရည်ရွယ်ချက်က ကောင်းပါတယ်။ ရှောင်ချင်း
ပြောသလို ဆေးရုံ သွားကြတာပေါ့။ ဘာမှမဖြစ်ပါဘူး မစစ်ဖြစ်တာလည်း ကြာပြီလေ။”
“အမေ”
မူယွီယန် အော်ခေါ်လိုက်သည်။
လင်းဝမ်ချင်း က
“ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ။ ဆက်မအော်နဲ့တော့။ အမေ့ ကျန်းမာရေးကို အမေကိုယ်တိုင်ပဲ ဆုံးဖြတ်မယ်”
ဟုပြတ်သားစွာပြောလိုက်လေသည်။
မူယွီယန်က မျက်လုံးလှန်လိုက်ပြီး
“သူ့ကိုသာ ဆက်ပြီး အလိုလိုက်နေ”
ဟု ရေရွတ်လိုက်သည်။
ထိုသို့ ပြောပြီးနောက် သူမသည် ချင်းလန် ကို ထပ်မံ စိုက်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများတွင် ရွံရှာမှု များ ပြည့်နှက်နေလေသည်။
သူမ၏ မိခင်သည် သူမဘဝတွင် ကျန်ရှိနေသည့် တစ်ဦးတည်းသော ဆွေမျိုးဖြစ်ရာ သူမမိခင်အကြောင်းမကောင်း ပြောဆိုသည်ကို သူမ အလွန် မုန်းလေသည်။ဘယ်သူ့ကိုမှ သူမအမေကို မကောင်းပြောတာကို ခွင့်မပြုနိုင်ပေ။
နေ့လယ်စာသည် စိတ်မချမ်းမသာစွာဖြင့် ပြီးဆုံးသွားလေသည်။
ကျွင်းဇီ ကကားကို မောင်းလာပြီး မူယွီယန် နှင့် သူမ၏ မိခင်ကို ကားဖြင့် လိုက်ပို့ရန် ခေါ်ခဲ့လေ သည်။
သို့သော် မူယွီယန် ကလက်မခံဘဲ သူမ ကားဂိုဒေါင်ထဲက ပန်းရောင် BMW ကား ကို ကိုယ်တိုင် မောင်းကာ သူမ၏ မိခင်ကို ခေါ်ဆောင်သွားခဲ့လေသည်။
ဆေးရုံသို့ ရောက်တဲ့အခါ လင်းဝမ်ချင်း သည် သွေးစစ်ခြင်းနှင့် ဓာတ်မှန်အမျိုးမျိုး ကိုအရိုက်ခံခဲ့ရတာကြောင့် ခေါင်းမူး နေလေသည်။
သူမ မသိစိတ်ဖြင့် လည်ပင်းကို ပိုပြီး မကြာခဏ
ထိနေမိလေသည်။
နောက်ဆုံး ညနေ ၄ နာရီခန့်တွင် စစ်ဆေးမှု ရလဒ်များ ထွက်ပေါ်လာလေသည်။
အဖြူရောင် ဝတ်စုံ ဝတ်ထားသော ဆရာဝန်က
“လင်းဝမ်ချင်း၊ ဘယ်သူက လင်းဝမ်ချင်းလဲ။
ဆေးစစ်ချက် ကို လာယူလို့ရပြီ”
ဟု ခေါ်လိုက်သည်။
မူယွီယန် က သူမအမေ၏ လက်ကို ကိုင်ထားပြီး ချင်းလန် ကို တမင်တကာ တံခါးအပြင်ဘက် တွန်းထုတ်လိုက်ပြီး ဆရာဝန်ကို ကြည့်ကာ
“ဒီမှာပါရှင်။ဒေါက်တာ ကျွန်မအမေရဲ့ ကျန်းမာရေး ဘယ်လိုလဲ။ လုံးဝ ကျန်းမာတယ် မဟုတ်လား။”
ဟု ပြောလိုက်သည်။
ဆရာဝန် က ခေါင်းမော့ကြည့်လိုက်ပြီး မေးခွန်းထုတ်တဲ့ အမူအရာဖြင့်
“ခင်ဗျားက လူနာရဲ့ သမီးလား။ ကိုယ့်အမေရဲ့ ကျန်းမာရေး အခြေအနေကိုတောင် မသိဘဲ ကျန်းမာတယ်လို့ ပြောနေတာလား။ မင်းရဲ့အမေမှာ နှလုံးသွေးကြောကျဉ်းရောဂါ က တတိယအဆင့် ကို ရောက်နေပြီ။ ဒီထက် နောက်ကျရင် ဘယ်အချိန်မဆို ရုတ်တရက် သေဆုံး သွားနိုင်တယ်”
ဗြုန်း!
ဒီစကားတစ်ခွန်းက မူယွီယန် ကို လုံးဝ ထိတ်လန့် သွားစေပြီး သူမ ခန္ဓာကိုယ်သည် အဲဒီနေရာမှာပဲ ရပ်တန့်သွားကာ သူမ၏ စိတ်ထဲမှာ လုံးဝ ဗလာ ဖြစ်သွားခဲ့တော့သည်။