အခန်း (၁၂၇) ချူမုန်ယောင် ၏အကျပ်အတည်း
“ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး က အလွန် တန်ဖိုးရှိတယ်။ ကျွန်တော် ကိုယ်တိုင် ရချင်ရင်တောင်၊ ကြီးမားတဲ့ တန်ဖိုးတစ်ခု ပေးဆပ်ရလိမ့်မယ်”
ချင်းလန် က သူမကို သနားသလို ပုံစံပြပြီး၊ ပိုင်ရူယွီ ရှိရာဘက်ကို မော့ကြည့်လိုက်လေသည်။
ပိုင်ရူယွီ အကြည့်ခံလိုက်ရလို့ နည်းနည်း ကြောင်အသွားလေသည်။ ဘာလို့ သူမကို စိုက်ကြည့်နေတာလဲ။
သူမ ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး အကြောင်း တစ်ခါမှတောင် မကြားဖူးပါဘူး၊ အဲ့ဒါက သူမနဲ့ ဘာဆိုင်လို့လဲ။
သူမ မသိတာက ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး ကို ဗီလိန်အမှတ် တွေ သုံးပြီး ကံစမ်းမဲ နှိုက်မှ ရရှိတာ ဖြစ်ပြီး၊ ချင်းလန် အနေနဲ့ သူမ ကြိုးကြိုးစားစား လုပ်ပေးတိုင်း ဗီလိန်အမှတ် ၁၀၀၀ ရရှိတာ ဖြစ်လေသည်။
တကယ်လို့ သူတို့သာ ဒီအကြောင်း သိခဲ့ရင်၊ ချူမုန်ယောင် ကို အတင်းအကျပ် ဆွဲထူမိလောက်ပြီ။
ဈေးကြီးလွန်းတယ်။
ဒါက ကံစမ်းမဲပင် ဗီလိန်အမှတ် ဘယ်လောက် သုံးရမလဲ မသိနိုင်သလို၊ တစ်လုံးရဖို့ ဘယ်နှစ်ခါလောက် ကြိုးစားရမလဲ ဆိုတာလည်း မသိနိုင်ဘူးလေ။
“ကျေးဇူးပြုပြီး ကျွန်မတို့ကို ကူညီပေးပါ။ တကယ်လို့ ရှင့်မှာ ဝယ်လို့ရမယ့်နေရာသိရင် ကျွန်မတို့ ကိုယ့်ဘာသာ ဝယ်ဖို့ ပိုက်ဆံအများကြီး သုံးဖို့ ဆန္ဒရှိပါတယ်။”
ချူမုန်ယောင် ကြမ်းပြင်ပေါ် ဒူးထောက်လိုက်ပြီး၊ ချင်းလန် ရှေ့ကို တိုးသွားကာ၊ သူ့ခြေထောက်တွေကို ဖက်ပြီး၊ မျက်ရည်တွေ တသွင်သွင် စီးကျလာလေသည်။
“ဒါက...”
ချင်းလန် တွန့်ဆုတ်နေလေသည်။
“ကျွန်တော် လမ်းကြောင်း မပေးချင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီ ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး က အလွန် တန်ဖိုးရှိတယ်။ ဟိုအရှင်သခင် တောင် ဒါကို အကြိမ်ကြိမ် ဖော်စပ်လို့ မရနိုင်ဘူး။ သူ ဖော်စပ်ထားတဲ့ အနည်းငယ်ကလည်း တခြားသူတွေကို ပေးပြီးသွားပြီ၊ ပြီးတော့ သူတို့လည်း သုံးစွဲပြီးလောက်ပြီ။ ခင်ဗျား ဝယ်ချင်ရင်တောင် ဝယ်လို့ရမှာ မဟုတ်ဘူး။”
အရှင်သခင်.....
ဘယ်သူလဲ.....
ချင်းလန် လည်း မသိပေ။ သူ လျှောက်ပြောလိုက်တာပင်။
ချန်ဖျင်အန်း က ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး က တန်ဖိုးရှိတယ်လို့ ပြောခဲ့တယ် မဟုတ်လား ဒါဆို သူလည်း လိုက်ပြီး အဆမတန် ပိုတန်ဖိုးရှိအောင် ပြောရမှာပေါ့။
ဒါ့အပြင် သူ့မှာ ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး တစ်လုံးထက် ပိုရှိပေမယ့်၊ ဒါကို ထုတ်ယူဖို့က ယုံနိုင်စရာ မရှိလောက်အောင် ခက်ခဲလေသည်။
တစ်လုံးရဖို့အတွက် ပိုင်ရူယွီ နဲ့ ချူကျူအာ တို့ ဘယ်နှစ်ခါလောက် ဒုက္ခခံခဲ့ရလဲ ဆိုတာ တွေးကြည့်လို့တောင် မရနိုင်ဘူး။
ဒီအရောင်းအဝယ်က ဒေါ်လာ ဘီလီယံနဲ့ချီပြီး တန်ဖိုးရှိတာ၊ ဒီလောက် လွယ်လွယ်နဲ့ ပေးလိုက်လို့ ဖြစ်ပါ့မလား။
ဆက်လက်ပြီး မျက်ရည်စက်လက်နဲ့ အသနားခံမှုတွေ ဖြစ်ပေါ်လာလေသည်။ ချင်းလန် ရှေ့မှာ၊ သခင်မလေး ချူမုန်ယောင် ရဲ့ ဂုဏ်သိက္ခာတွေ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားပြီး၊ အစအနတောင် မကျန်တော့ပေ။
တခြားသူတွေ ရှေ့မှာ သူမက မြင့်မြတ်ပြီး မာနကြီးနိုင်ပေမယ့်၊ ချင်းလန် ရှေ့မှာတော့ သူမက မြေမှုန့် အဆင့်ထိ နှိမ့်ချထားရလေသည်။
ပိုင်ရူယွီ က ချူမုန်ယောင် ကို သနားပြီး ထူပေးဖို့ ကြိုးစားပေမယ့်၊ ချူမုန်ယောင် က ထဖို့ ငြင်းဆန်ပြီး ချင်းလန် ရှေ့မှာ လိမ္မာစွာ ဆက်လက် ဒူးထောက်နေလေသည်။
“အစ်ကိုကြီး၊ ကျေးဇူးပြုပြီး မမ ယောင်ယောင် ကို ကူညီပေးပါ၊ ဟုတ်ပြီလား”
ပိုင်ရှောင်ယွင် က ချင်းလန် ရဲ့ လက်မောင်းကို ဆွဲပြီး အားနည်းစွာ ရေရွတ်လိုက်လေသည်။
သူမ သိပါတယ်၊ ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး က အလွန် တန်ဖိုးရှိတယ် ဆိုတာ သူမ သိပါတယ်။
ဒါကြောင့် သူမ အစတုန်းက ယောင်ယောင် အတွက် ဝင်မပြောပေးခဲ့တာပါ။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ၊ ယောင်ယောင် က ထမလာတဲ့အပြင်၊ ပိုပိုပြီး ဝမ်းနည်းလာတာ တွေ့ရတော့ သူမ နည်းနည်း သနားသွားတာကြောင့်၊ သူမအတွက် ဝင်ပြီး အသနားခံပေးလိုက်လေသည်။
သို့သော် ကောင်မလေးရဲ့ နှလုံးသားထဲမှာ သူမအစ်ကိုကြီးက သေချာပေါက် နံပါတ်တစ်ပင် သူမ သူ့နားနား ကပ်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။
“တကယ်လို့ အစ်ကိုကြီး ကိုယ့်အတွက် သုံးစရာ ရှိရင်၊ ညီမလေး ဘာမှ မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်နော်။”
“အရူးမလေး မင်းက လူတွေကို ဘယ်လို ပျော်ရွှင်အောင် လုပ်ရမလဲ ဆိုတာ အမြဲ သိနေတာပဲ။”
ချင်းလန် သူမရဲ့ ခေါင်းလေးကို ချစ်ခင်စွာ ပွတ်သပ်ပေးလိုက်ပြီး၊ ချူမုန်ယောင် ကို ကြည့်လိုက်လေသည်။
“မူလက ခင်ဗျားတို့ မိသားစု ကိစ္စတွေက ကျွန်တော်နဲ့ ဘာမှ မဆိုင်ပါဘူး၊ ပြီးတော့ ကျွန်တော် ကူညီဖို့လည်း အစီအစဉ် မရှိခဲ့ဘူး။”
“အခု ယွင်ယွင် တောင် ဝင်ပြောလာမှတော့၊ ကျွန်တော်က သူမရဲ့ အစ်ကိုကြီး အနေနဲ့ လျစ်လျူရှုထားလို့ မဖြစ်တော့ဘူး။ ကျွန်တော် ခင်ဗျားကို ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး ပေးနိုင်ပါတယ်၊ ဒါပေမဲ့ အခြေအနေ တစ်ခု ရှိတယ်။”
ချူမုန်ယောင် ဝမ်းသာတာရော စိတ်လှုပ်ရှားတာရော ရောပြွမ်းနေတဲ့ အသံနဲ့ မေးလိုက်လေသည်။
“ရှင် ဘာလိုချင်လဲ”
ချင်းလန် မျက်လုံးကျဉ်းပြီး ချူမုန်ယောင် ရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို စစ်ဆေးကြည့်ရှုလိုက်လေသည်။ ဒါက စိတ်ပိုင်းဆိုင်ရာ အကြံပြုချက်တစ်မျိုးပေမဲ့ သူ တိုက်ရိုက် ထုတ်မပြောခဲ့ပေ။
ချူမုန်ယောင် ရှက်ရွံ့စွာ ခေါင်းငုံ့တော့မယ့် ဆဲဆဲမှာပဲ၊ ချင်းလန် ရုတ်တရက် လေသံပြောင်းပြီး ပြောလိုက်လေသည်။
“ချူ လုပ်ငန်းစု ကို အကြောင်းပြချက် မရှိဘဲ ငွေကြေး ထောက်ပံ့ဖို့ ကျွန်တော် အစီအစဉ် မရှိပါဘူး။ ဒါပေမဲ့ မစ္စတာ ချူ အနေနဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ ငွေချေးလို့ မရဘူး ဆိုရင်၊ သူ့ရဲ့ ရှယ်ယာတွေကို လျှော့ချဖို့ လိုအပ်လာမယ် ထင်တယ်၊ ဟုတ်တယ်မလား”
“ကျွန်တော် မစ္စတာ ချူ ပိုင်ဆိုင်တဲ့ ရှယ်ယာတွေကို အရမ်း စိတ်ဝင်စားပြီး၊ အဲ့ဒီထဲက အစိတ်အပိုင်း တစ်ခုကို ဝယ်ယူချင်ပါတယ်။”
ချူမုန်ယောင် ကို အခွင့်ကောင်း ယူမလို့လား။
မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး.....
သူ လက်ရှိအချိန်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှုပ်ထွေးချင်တဲ့ အစီအစဉ် မရှိပေ အထူးသဖြင့် ပိုင် ညီအစ်မတွေက သူ့ဘေးနားမှာ ရှိနေတာကိုး။
သူမကို တစ်ချက် ကြည့်လိုက်ရုံနဲ့၊ ဘာဖြစ်နေလဲ ဆိုတာ သူမ သိသွားလိမ့်မယ်။
သခင်မလေးရဲ့ ဒေါသနဲ့ ဂုဏ်သိက္ခာတွေက သူ့ရှေ့မှာ လုံးဝ ပျောက်ကွယ်သွားပြီလေ။
ဟွမ်ချန် ရဲ့ အဆက်အသွယ်တွေနဲ့ အခု ချူ လုပ်ငန်းစုရဲ့ ရှယ်ယာတွေကို ဝယ်ယူလိုက်တာကြောင့်၊ နောက်တစ်ခါ ချူမုန်ယောင် ကူကယ်ရာမဲ့ ဖြစ်တဲ့အချိန်ကျရင် သူ ဝင်ပါဖို့ အရည်အချင်း ပြည့်မီသွားလေပြီ။
ချူ မိသားစု ကြီးမားတဲ့ ကပ်ဘေးနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ချူမုန်ယောင် က သူ မေးစရာတောင် မလိုဘဲ သူ့အိမ်တံခါးဝကို လိမ္မာစွာ ရောက်လာမှာပင်။
ပိုင်ရူယွီ က ချင်းလန် ရဲ့ အကြည့်နောက် လိုက်ပြီး ချူထျန်ဖုန်း ကို ကြည့်လိုက်လေသည်။
သူမမှာလည်း ချူ လုပ်ငန်းစုရဲ့ ရှယ်ယာတွေကို ဝယ်ယူဖို့ စိတ်ကူးရှိပေမယ့်၊ တစ်ဖက်လူက လူကြီးတစ်ယောက် ဖြစ်နေတာကြောင့် သူမ မေးဖို့ အမြဲ အားနာနေခဲ့တာပင်။
မမျှော်လင့်ဘဲ၊ အရှက်မရှိတဲ့ ကောင်စုတ် ချင်းလန် က ဒီလို ကိစ္စမျိုးကို တော်တော် စိတ်ဝင်စားနေပုံရလေသည်။ ဒါက သူမရဲ့ ဆန္ဒနဲ့ ကိုက်ညီနေလေသည်။
ချူထျန်ဖုန်း စိုးရိမ်ပူပန်နေပုံရပြီး၊ သူ့ရင်ဘတ်က မကြာခဏ အောင့်နေလေသည်။ သူ ခေါင်းညိတ်ပြီး ပြောလိုက်လေသည်။
“ကျွန်တော်တို့ တတ်နိုင်တာ ဘာမှ မရှိပါဘူး။ ဒီအကျပ်အတည်းကို ကျော်လွှားဖို့ ရှယ်ယာတွေကို လျှော့ချရမှာပါပဲ။ တကယ်လို့ သခင်လေး ချင်း ဆန္ဒရှိရင်၊ သခင်လေးဘက်ကို ဦးစားပေးပါ့မယ်။”
“ကောင်းပြီ”
ချင်းလန် စကား အများကြီး မပြောတော့ဘဲ၊ သူ့အိတ်ကပ်ထဲကနေ အထူး ပြုလုပ်ထားတဲ့ ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး ကို ထုတ်ပြီး ချူမုန်ယောင် ဆီ ကမ်းပေးကာ ရှင်းပြလိုက်လေသည်။
“ဒီဆေးလုံးက အလွန် တန်ဖိုးရှိတယ်၊ အရေးပေါ် အခြေအနေ အတွက် ကျွန်တော် အမြဲဆောင်ထားတာ။ ဒါပေမဲ့ ခင်ဗျားကို သတိပေးရမယ့် အချက် တစ်ချက် ရှိတယ် ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး က တန်ဖိုးရှိပြီး ဆေးစွမ်းထက်တာ မှန်ပေမယ့်၊ ခင်ဗျားဖခင်ရဲ့ ရောဂါကို ကူညီပေးနိုင်တာလည်း အမှန်ပဲ။”
“ဒါပေမဲ့ ဆေးတစ်လုံးတည်းနဲ့ လုံလောက်ချင်မှ လုံလောက်လိမ့်မယ် ဒါပေမယ့် အချိန်တိုအတွင်းမှာ ရောဂါ ပြန်ထနိုင်ခြေက အရမ်း နည်းပါတယ်။ တကယ်လို့ ရောဂါ ပြန်ဖြစ်ရင်တောင်၊ ဒီနေ့လို အခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ဘူး။”
သူ ကြိုသတိပေးလိုက်လေသည်။
တကယ်လို့ ချူထျန်ဖုန်း က သူ့ထက် ပါးနပ်ဖို့ ကြိုးစားရင်ကော။
တစ်ခုခုကို အမြဲ အရန်သင့် ချန်ထားရမယ်လေ။
ဥပမာ ချင်းလန် အခုလေးတင် ပေးလိုက်တဲ့ ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး က အရန်သင့် ချန်ထားတဲ့ နည်းလမ်း တစ်ခုပင်။
ဆေးလုံးရဲ့ တကယ့် ပါဝင်ပစ္စည်း အစစ်က သုံးပုံတစ်ပုံတောင် မပြည့်ပေ။
ဒါက အတု ဒါမှမဟုတ် အရည်အသွေး မမီတာတော့ မဟုတ်ပေမဲ့ သေချာပေါက် အာနိသင်လျော့ထားလေသည်။
ချင်းလန် က စီးပွားရေး လုပ်ဖို့ မွေးဖွားလာသူတစ်ယောက်ပင်။ မဟုတ်ရင် သူ အရင်ဘဝတုန်းက ဘာမှမရှိရာကနေ ဘီလျံနာ တစ်ယောက် ဘယ်လို ဖြစ်လာနိုင်မှာလဲ။
“ကျွန်မ နားလည်ပါတယ်၊ ကျေးဇူးတင်ပါတယ် သခင်လေး ချင်း၊ ကျေးဇူးတင်ပါတယ်”
ချူမုန်ယောင် ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး ကို အမြန် ယူပြီး သူမဖခင်ဆီ သွားကာ တိုက်ကျွေးလိုက်လေသည်။
လူတွေအကုန် ငြိမ်သက်သွားပြီး ချူထျန်ဖုန်း ရှိရာဘက်ကို တိတ်ဆိတ်စွာ ကြည့်နေကြလေသည်။
တစ်မိနစ်......
နှစ်မိနစ်.....
…
ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး သောက်ပြီးနောက် ချူထျန်ဖုန်း ရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်နေကြစဉ်မှာပဲ။
ဘူ......
ချူထျန်ဖုန်း အောင့်ထားရင်း မျက်နှာတစ်ခုလုံး နီရဲလာပြီး၊ မတော်တဆ လေလည်မိသွားလေသည်။
“ကျွန်တော် အိမ်သာ အရင် သွားလိုက်ဦးမယ်”
ချူထျန်ဖုန်း ကပျာကယာ ထွက်ပြေးသွားလေသည်။
လူအုပ်ကြီးက သူ့ရဲ့ ထွက်ခွာသွားတဲ့ ကျောပြင်ကို ကြည့်နေကြပြီး၊ လူကို မမြင်ရတော့ပေမယ့် အသံကိုသာ ကြားနေရလေသည်။
ဘူ...ဘူ...ဘူ....
ချူထျန်ဖုန်း အိမ်သာထဲ ပျောက်ကွယ်သွားတဲ့ တခဏချင်းမှာပဲလေလည်သံတွေ ဆက်တိုက် ထွက်ပေါ်လာလေသည်။
တစ်ခုပြီး တစ်ခု၊ တစ်ခုထက် တစ်ခု ပိုကျယ်လောင်လာပြီး၊ ဘယ်လေလည်သံက အားအကောင်းဆုံးလဲ ဆိုတာ ပြိုင်ပွဲ ကျင်းပနေသလိုပင်။