အခန်း (၁၂၆) ချူမုန်ယောင် ဒူးထောက်အသနားခံခြင်း
ချူမုန်ယောင် သွားကြိတ်လိုက်ပြီး၊ ချင်းလန် ကို လေးနက်တဲ့ အကြည့်နဲ့ ကြည့်လိုက်ပေမယ့်၊ နောက်ဆုံးမှာ ဘာမှ ထပ်မပြောတော့ပေ။
ပထမအချက်က သူမ ချင်းလန် နဲ့ သိပ်မရင်းနှီးတာကြောင့်၊ သူ့အကူအညီကို တောင်းခံဖို့ နည်းလမ်း မရှိပေ။
ဒုတိယအချက်က ချင်းလန် မှာ ချူ လုပ်ငန်းစုရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး နားလည်မှု တချို့ ရှိနေပြီးသား ဖြစ်လို့၊ သူက ဒီရှုပ်ထွေးတဲ့ ကိစ္စထဲ ပါဝင်ပတ်သက်ချင်မှာ မဟုတ်ပါဘူး။
ချူထျန်ဖုန်း လည်း သက်ပြင်းချလိုက်လေသည်။
သူက မူလကပိုက်ဆံ အနည်းငယ် ချေးငှားဖို့ စီစဉ်ထားပေမယ့်၊ လက်ရှိ အခြေအနေအရ ပိုင်ရူယွီ က အိမ်ပြန်ဖို့ ဆန္ဒမရှိတာ ထင်ရှားနေလေသည်။
ဆုပ်ကိုင်ဖို့ အလွန် ခက်ခဲခဲ့တဲ့ သေးငယ်တဲ့ မျှော်လင့်ချက် ရောင်ခြည်လေးက အဲ့ဒီအခိုက်အတန့်မှာပဲ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။
ရှူး...
ချူထျန်ဖုန်း အသက်ရှူမှားသွားပြီး၊ သူ့အဝတ်အစားတွေကို ရင်ဘတ်မှာ ဆုပ်ကိုင်ထားကာ၊ မျက်နှာ ကြွက်သားတွေ နာကျင်မှုကြောင့် ရှုံ့မဲ့သွားလေသည်။
“ဦးလေး ချူ၊ ဘာဖြစ်လို့လဲ”
ပိုင်ရူယွီ လန့်သွားပြီး မေးမြန်းဖို့ အမြန် ရှေ့တိုးလိုက်လေသည်။
ဘာဖြစ်နေတာလဲ....
သူမ အိမ်ပြန်ဖို့ ငြင်းဆန်လိုက်တာက ချူထျန်ဖုန်း ကို အရမ်း ဒေါသထွက်စေပြီး ရောဂါပြန်ထလာစေတာလား။
“ကိစ္စမရှိပါဘူး၊ ဦးလေး အဆင်ပြေပါတယ်”
ချူထျန်ဖုန်း သွားကြိတ်ပြီး၊ နာကျင်စွာ ခေါင်းခါလိုက်ကာ၊ ရင်ဘတ်ကို လက်တစ်ဖက်နဲ့ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလေသည်။ အဲ့ဒီနေရာက အသားတွေက သူ့အသား မဟုတ်သလိုပါပင်။
ချူမုန်ယောင် သူမရဲ့ လက်နဲ့ ဖခင်ဖြစ်သူရဲ့ ကျောကို ဖြည်းညှင်းစွာ ပုတ်ပေးလိုက်ပြီး၊ ပိုင်ရူယွီ ကို ကြည့်ကာ ဝမ်းနည်းစွာ ပြောလိုက်လေသည်။
“မမ ရူယွီ၊ အဖေရဲ့ ကျန်းမာရေးက ဒီလိုပါပဲ၊ မမနဲ့ မဆိုင်ပါဘူး၊ စိတ်မပူပါနဲ့။”
“လူနာတင်ယာဉ် ခေါ်လိုက်ရမလား ဦးလေး ချူ ရဲ့ အခြေအနေက ကြည့်ရတာ သိပ်မကောင်းဘူး၊”
ပိုင်ရူယွီ စိုးရိမ်တကြီး တိုးတိုးလေး မေးလိုက်လေသည်။
ချူထျန်ဖုန်း လက်ဝှေ့ယမ်းပြလိုက်လေသည်။
“မလိုပါဘူး။ ဆေးရုံသွားလည်း အကိုက်အခဲပျောက်ဆေးတွေ သောက်ရုံပဲ ရှိမှာ၊ အဲ့ဒါက ခန္ဓာကိုယ်ကို ပိုအားနည်းစေရုံပဲ ရှိမယ်။ ဒီအတိုင်း ကြံ့ကြံ့ခံလိုက်တာ ပိုကောင်းပါတယ်။”
ပိုင်ရူယွီ ဘာလုပ်ရမှန်း မသိ ဖြစ်နေလေသည်။ ချူထျန်ဖုန်း ဒီလောက် နာကျင်နေတာ မြင်ရတော့၊ ဂျူနီယာတစ်ယောက် အနေနဲ့ သူမ တော်တော်လေး စိတ်မကောင်း ဖြစ်မိလေသည်။
ချူမုန်ယောင် ခါးသီးနေတဲ့ ပုံစံ ပေါက်နေလေသည်။
“မူလက အဖေ့ကို အပ်စိုက်ကုထုံးနဲ့ ကူညီပေးနိုင်တဲ့ ဆရာဝန် တစ်ယောက် ရှိတယ်၊ အဲ့ဒါက နာကျင်မှုကို တချို့တဝက် သက်သာစေနိုင်တယ်လေ။ ဒါပေမဲ့ အခု အဲ့ဒီလူက တစ်ယောက်ယောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်လို့ အချုပ်ကျနေတယ်၊ အခုထိ ပြန်မလွတ်သေးဘူး။”
“သူသာ ဒီမှာ ရှိရင်၊ အဖေ အခုလောက် နာကျင်နေရမှာ မဟုတ်ဘူး။”
သူမ ရည်ညွှန်းတဲ့ ဆရာဝန်က အချုပ်ထဲ ရောက်နေဆဲ ဖြစ်တဲ့ ချန်ဖျင်အန်း ပင်။ ဘယ်တော့ ပြန်လွတ်မလဲ ဆိုတာကတော့ သူ့အပြုအမူပေါ် မူတည်ပေလိမ့်မည်။
ချူမုန်ယောင် ရဲ့ မျက်လုံးတွေထဲမှာ မျက်ရည်တွေ ဝေ့သီလာပြီး၊ သူမ နှလုံးသား နာကျင်နေလေသည်။
“ဒီထူးဆန်းတဲ့ ရောဂါကို ဘာလို့ အဖေ ခံစားနေရတာလဲ ဆိုတာ သမီး တကယ် မသိတော့ဘူး။ အဖေ့အစား သမီးသာ ခံစားပေးလို့ ရရင် ခံစားပေးချင်တယ်”
ပိုင်ရူယွီ နည်းနည်း စိတ်နူးညံ့သွားပြီး သက်ပြင်းချလိုက်မိလေသည်။ အိမ်တိုင်းမှာ ကိုယ်စီ ဒုက္ခတွေ ရှိကြတာပါပဲ။
ပိုင်ရှောင်ယွင် နည်းနည်း ကြောက်ရွံ့သွားပြီး ချင်းလန် ဘေးနားမှာ ဝင်ပုန်းကာ၊ သူ့လက်မောင်းကို ဆုပ်ကိုင်ထားပြီး မကြည့်ရဲဘဲ ဖြစ်နေလေသည်။
ချူထျန်ဖုန်း ရဲ့ အပြုအမူက တကယ် ကြောက်စရာ ကောင်းနေတာကိုး။ သူက ကြင်နာတတ်တဲ့ ဦးလေးကြီးပါ၊ ဒါပေမဲ့ ရုတ်တရက် သူ့မျက်နှာက ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးတစ်ကောင်လို ပြောင်းလဲသွားလေသည်။
ဒါက လှပတဲ့ အရာတွေကိုပဲ မြင်တွေ့နေကျ ဖြစ်တဲ့ မိန်းကလေး တစ်ယောက်အတွက် သံသယ ဖြစ်စရာ မလိုဘဲ ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခုပင်။
“ဦးလေး ချူ၊ ချူမုန်ယောင် ပြောတော့ ဦးလေးရဲ့ နာကျင်မှုကို သက်သာစေနိုင်တဲ့ ဆရာဝန် တစ်ယောက် ရှိတယ် ဆို၊ သူက အရှင်းပျောက်အောင် မကုနိုင်ဘူးလား”
ချင်းလန် တိုးတိုးလေး ပြောပြီး မေးလိုက်လေသည်။
ချူမုန်ယောင် ရဲ့ ညည်းညူသံတွေကိုတော့ လျစ်လျူရှုထားလိုက်လေသည်။
ဘယ်သူ့အပြစ်လဲ....
မင်းက ကံကောင်းခြင်းတွေ ပိုင်ဆိုင်ထားတဲ့ အမျိုးသမီး ဖြစ်နေလို့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်လိုက် မင်းက ကျန်းမာပြီး ဘာပြဿနာမှ မရှိဘူးလေ။ မင်းအဖေလည်း ကျန်းမာပြီး ဘာဒုက္ခမှ မရှိဘူး ဆိုရင်၊ ကံကောင်းခြင်းတွေ ပိုင်ဆိုင်ထားတဲ့ရွေးချယ်ခံ တစ်ယောက်က မင်းနဲ့ ပတ်သက်ခွင့်ရဖို့ ဘယ်လို အကြောင်းပြချက် ရှိမှာလဲ။
အရာအားလုံးက ချန်ဖျင်အန်း အတွက် လမ်းခင်းပေးဖို့ စနစ်တကျ စီစဉ်ထားတာ ပဲ။
ကံမကောင်းစွာနဲ့ပဲ၊ ချန်ဖျင်အန်း က အခု သူ့ကြောင့် ထိန်းသိမ်းရေးစခန်းထဲ လှည့်စားခံလိုက်ရပြီ။
“ရှောင်ချန် ပြောတာက ဦးလေး ငယ်ငယ်တုန်းက ခန္ဓာကိုယ်ထဲမှာ ဖုံးကွယ်နေတဲ့ ရောဂါတွေ အများကြီး ရှိခဲ့တယ်တဲ့၊ အသက်ကြီးလာတော့ အကုန်လုံး တစ်ပြိုင်နက် ပေါ်လာတာတဲ့။ သာမန် ဆေးဘက်ဆိုင်ရာ နည်းလမ်းတွေနဲ့ ဘာမှ လုပ်လို့ မရဘူးတဲ့။ ဖိနှိပ်ထားပြီး နာကျင်မှုကို သက်သာအောင်ပဲ ကြိုးစားလို့ ရမယ်တဲ့။”
ချူထျန်ဖုန်း ရဲ့ မျက်နှာထား အနည်းငယ် ပြေလျော့သွားပေမယ့်၊ မျက်နှာ ကြွက်သားတွေက မကြာခဏ တုန်ယင်နေဆဲပင်။
တတ်နိုင်တာ ဘာမှ မရှိပေ ငယ်ငယ်တုန်းက စစ်တပ်ထဲမှာ ဘာလို့ ဒီလောက် မကြောက်မရွံ့ နေခဲ့မိတာလဲ။
မစ်ရှင်တွေ ကြုံလာတိုင်း၊ သူက အမြဲတမ်း ရှေ့ဆုံးကနေ ပြေးထွက်ခဲ့တာကြောင့်၊ ကျန်းမာရေး ပြဿနာတွေ အများကြီး ကျန်ရစ်ခဲ့တာပေါ့။
သူ့ရဲ့ ကြီးမားတဲ့ မိသားစု စည်းစိမ်ကြောင့်သာ ဒီနေ့ အသက်ရှင်နေတာပင်။
သာမန် လူတစ်ယောက်သာ ဆိုရင်၊ မသေရင်တောင် အနည်းဆုံးတော့ လေဖြတ်နေလောက်ပြီ။
အသက်ပြင်းပြင်း ရှူသွင်းပြီးနောက်၊ ချူထျန်ဖုန်း ခါးသက်သက် ပြုံးလိုက်လေသည်။
“ဒါပေမဲ့ ရှောင်ချန် ကိုယ်တိုင်လည်း အခုလောလောဆယ် ဦးလေးရဲ့ ရောဂါဟောင်းကို ကုသဖို့ နည်းလမ်း မရှိသေးဘူး။ သူပြောတာက ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို သန့်စင်ပေးနိုင်တဲ့ ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး လို့ ခေါ်တဲ့ ဆေးလုံး တစ်မျိုး လိုအပ်တယ်တဲ့။”
“အဖေ ကျေးဇူးပြုပြီး အဲ့ဒီလူရဲ့ ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး အကြောင်း ထပ်မပြောပါနဲ့တော့၊ ဟုတ်ပြီလား”
ချူမုန်ယောင် မကျေမနပ် ပြောလိုက်လေသည်။
သူမ ချန်ဖျင်အန်း အပေါ် သိပ်ပြီး သံယောဇဉ် မရှိပေ။ သူမ သူ့ကို ယဉ်ကျေးစွာ ဆက်ဆံရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက သူ့အဖေရဲ့ နာကျင်မှုကို သက်သာအောင် ကူညီပေးနိုင်လို့ပင်။
ဒါပေမဲ့ ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး အကြောင်း ပြောလာရင်၊ သူ နေရခက်လာလေသည်။
“သူက ရောဂါပျောက်ကင်းနိုင်တယ်လို့ ပြောတယ်၊ ဒါပေမဲ့ ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး တကယ် ရှိမရှိ ဆိုတာက မေးခွန်းထုတ်စရာ ကြီးကြီးမားမားပဲ။ သူက ကြားဖူးရုံပဲ ရှိတာ၊ သူကိုယ်တိုင် ဘယ်လို ဖော်စပ်ရမလဲ မသိဘူး။ သူက သူ့ဆရာကို သွားရှာမယ်လို့ ပြောပေမယ့်၊ အခု သူ ထိန်းသိမ်းရေးစခန်းထဲ အပိတ်ခံထားရပြီလေ။ သူ ဘယ်မှာ သွားရှာမှာလဲ”
ချန်ဖျင်အန်း ရဲ့ လုပ်ရပ်တွေက ချူမုန်ယောင် ကို မျှော်လင့်ချက် ပေးထားသလို ဖြစ်နေပေမယ့်၊ အခု ဖျားနာနေစဉ် သူ့အဖေရဲ့ နာကျင်မှုကို မြင်လိုက်ရတော့၊ အဲ့ဒီ မျှော်လင့်ချက်တွေ ပျက်စီးသွားပြီလေ။
“ယောင်ယောင်... အဖေ့ရဲ့ နာကြည်းမှု အတွက် ရှောင်ချန် ကို အပြစ်တင်လို့ မရဘူးလေ။ အဖေ့ ရောဂါဟောင်းက ရှောင်ချန် နဲ့ လုံးဝ မသက်ဆိုင်ပါဘူး။ သူက သက်သာအောင် ကူညီပေးနိုင်တာကတင် ကြီးမားတဲ့ အကူအညီ ဖြစ်နေပါပြီ။”
ချူထျန်ဖုန်း ခါးသက်သက် ပြုံးလိုက်လေသည်။
“ရှောင်ချန် ရဲ့ ဖော်ပြချက်ကို ကြည့်ရုံနဲ့၊ အဲ့ဒီ ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး ဘယ်လောက် တန်ဖိုးရှိလဲ ဆိုတာ ခံစားလို့ ရပါတယ်။ တကယ်လို့ ကမ္ဘာပေါ်မှာ တစ်လုံး ရှိခဲ့ရင်၊ လူအများကြီးက ဝယ်ဖို့ ယွမ် သန်းပေါင်းများစွာ ပေးဖို့ ဆန္ဒရှိကြမှာ သေချာတယ်။ ဒါတောင်မှ ဈေးသာ ရှိပြီး ပစ္စည်း မရှိတဲ့အခြေအနေမျိုး ဖြစ်နေမှာ”
“သမီး သူ့ကို အပြစ်မတင်တော့ပါဘူး၊ ဒါပေမဲ့ သမီး နည်းနည်း နေရခက်တယ်”
ချူမုန်ယောင် ရဲ့ အသံ တိုးသွားလေသည်။
ဘေးနားမှာ နားထောင်နေတဲ့ ချင်းလန် ရဲ့ ရင်ထဲမှာ တိတ်တဆိတ် ပျော်ရွှင်မှုတွေ မြင့်တက်လာလေသည်။
ဘုရားရေ.....
သူ့စနစ် ကျောပိုးအိတ်ထဲက ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး က ချူထျန်ဖုန်း ရဲ့ အခြေအနေကို ကူညီနိုင်မယ် ဆိုတာ သူ သိလို့၊ တမင်တကာ မေးမြန်းခဲ့တာပင်။
သူက မူလက ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး ရဲ့ တန်ဖိုးကို မသိမသာ မြှင့်တင်ပြီး၊ ချူမုန်ယောင် နဲ့ သူမအဖေကို သူတို့ ပေးဆပ်ရမယ့် တန်ဖိုး ပမာဏ ဘယ်လောက် ရှိလဲ ဆိုတာ သိစေဖို့ စီစဉ်ထားတာပါ။
ဒါပေမဲ့ အခုတော့၊ ချန်ဖျင်အန်း က သူ့ကို ကြိုတင်ပြီး ကူညီပေးလိုက်သလို ဖြစ်မနေဘူးလား။
ရယ်စရာ ကောင်းလိုက်တာ......
ရွေးချယ်ခံ က ဗီလိန်ကို ကူညီပေးနေတာလား။
ချင်းလန် လက်သီးဆုပ်ပြီး ဖွဖွလေး ချောင်းဟန့်လိုက်လေသည်။
“ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး၊ အဲ့ဒီဆေးလုံး ကျွန်တော့်ဆီမှာ ရှိမယ် ထင်တယ်။”
“ဘာ”
ချူမုန်ယောင် အမြန် လှည့်ကြည့်လိုက်ပြီး အံ့ဩစွာ အော်ဟစ်လိုက်လေသည်။
“ရှင့်မှာ ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး ရှိတယ် ဟုတ်လား အဲ့ဒါ ကျွန်မကို ရောင်းပေးလို့ ရမလား ကျွန်မ ဘယ်လောက်ပဲ ပေးရ ပေးရ ဝယ်ဖို့ ဆန္ဒရှိပါတယ်”
“ဒါက...”
ချင်းလန် တွန့်ဆုတ်နေလေသည်။
ချူထျန်ဖုန်း ရဲ့ မျက်လုံးထဲမှာ အလင်းရောင် တစ်ချက် လက်ခနဲ ပေါ်လာပြီးနောက်၊ နာကျင်စွာ အော်ဟစ်လိုက်လေသည်။
“ယောင်ယောင်၊ သမီး သခင်လေး ချင်း ကို ဘယ်လို စကားမျိုး ပြောလိုက်တာလဲ ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး က အလွန် တန်ဖိုးရှိတယ်။ သခင်လေး ချင်း ဆီမှာ ရှိရင်တောင်၊ အဲ့ဒါက သူ့မိသားစုက သူ့အတွက် ဝယ်ပေးထားတာ နေမှာပေါ့။ သမီးရဲ့ မျက်စိမှိတ် တောင်းဆိုမှုက သူ့ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေရုံပဲ ရှိမယ်”
“သမီး...”
ချူမုန်ယောင် ရဲ့ လှပတဲ့ မျက်နှာပေါ်မှာ နာကျင်မှုတွေ ပြည့်နှက်နေလေသည်။ သူမရဲ့ တောင်းဆိုမှုက အရမ်း လွန်ကဲမှန်း သူမ သိပါတယ်၊ ဒါပေမဲ့ သမီးတစ်ယောက် အနေနဲ့၊ သူမရဲ့ ဖခင်အရင်း နာကျင်စွာ နေထိုင်နေရတာကို သူမ ဘယ်လို လက်ပိုက်ကြည့်နေနိုင်မှာလဲ။
ဘုန်း ဆိုတဲ့ အသံနဲ့အတူ။
ချူမုန်ယောင် ချင်းလန် ရှေ့မှာ ဒူးထောက်လိုက်ပြီး၊ သခင်မလေး တစ်ယောက် အနေနဲ့ သူမရဲ့ ဂုဏ်သိက္ခာတွေ လုံးဝ ပျောက်ဆုံးသွားလေသည်။
“ချင်းလန်၊ ကျွန်မ ရှင့်ကို တောင်းပန်ပါတယ်၊ ရှင့်ကို တောင်းပန်ပါတယ် ရှင် ပိုက်ဆံ မလိုဘူး ဆိုတာ ကျွန်မ သိပါတယ်၊ ရှင်က အဆင့်အတန်း မြင့်မားတယ် ဆိုတာလည်း ကျွန်မ သိပါတယ်၊ ဒါပေမဲ့ ကျွန်မအဖေက ဒီ ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး ကို တကယ် လိုအပ်နေလို့ပါ ကျေးဇူးပြုပြီး ကျွန်မကို ကူညီပေးပါ၊ ဟုတ်ပြီလား ရှင့်ရဲ့ ဘယ်လို တောင်းဆိုမှုကို မဆို ကျွန်မ သဘောတူပါ့မယ်”